Cartoon Saw Ngo |
ထင်အောင် - အဘလို့ အခေါ်ခံချင်နေသော လူတန်းစားများ
(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၁၄
မြန်မာနိုင်ငံတွင် သက်ဦးဆံပိုင်မင်းတရားကြီးများ အုပ်ချုပ်မင်းလုပ်နေကတည်းက မင်းမှုတော်ထမ်းရာထူးအဆင့်ဆင့် ရှိနေခဲ့ပြီးဖြစ်ပါတယ်။ ဘုရင်ကလဲ သူ့ကို အရှင်ဘုရားမင်းတရားကြီးဘုရား လို့  သုံးမှ သဘောကျ တော်မူပါတယ်။ မိဖုရားကြီးကလဲ မိဖုရားခေါင်ကြီး အလယ်နန်းမတော်မကြီး ခေါ်မှ ရွှေဘောတော်ကျပါတယ်။ သူရဲ့ ရာထူးအဆင့်ကိုဖေါ်ပြပြီး ခေါ်ဆိုတာက အစဉ်အလာဖြစ်ပါတယ်။ အိမ်ရှေ့ မင်းကိုလဲ အိမ်ရှေ့ ဥပရာဇာ ကိုယ်တော်လေးလို့ ခေါ်မှသာ စိတ်တော်ကြည်လင်ပါတယ်။ မှူးမတ်ရာဇာတွေကလဲ သူတို့ ရဲ့ ရာထူးအလိုက် ခေါ်မှမျက်နှာတော် ရွှင်လန်းကြတာပါ။ ဝန်ရှင်တော်မင်းကြီး လှေသင်းအတွင်းဝန် စသဖြင့်ပေါ့ဗျာ။
သီပေါမင်းပါတော်မူပြီးနောက် ဗြိတိသျှမျက်နှာဖြူတွေအုပ်စိုးတော့လဲ မဟာဝန်ရှင်တော်မင်းကြီး၊ နောင်တော့ တိုင်းမင်းကြီးကို မင်းကြီး၊ ခရိုင်ဝန်ကိုတော့ ဒီစီ၊ နယ်ပိုင်ကို ဒီအို၊ မြို့ ပိုင်ကို တီအို စသဖြင့် ရာထူးအလိုက် ခေါ်ကြပါ တယ်။ အခေါ်အဝေါ်ကိုကြားတာနဲ့ လူတွေကထိုပုဂ္ဂိုလ်ရဲ့ ရာထူး တာဝန်ကို တန်းသိပါတယ်။ အဖိုးအိုကလဲ အသက်ငယ်တဲ့မြို့ ပိုင်ကို တီအိုကြီး ခေါ်လိုက်ရင် အဆင်ပြေသွားပါတယ်။ တီအိုကလဲ အဖိုးအိုကို အဖိုးဘာကိစ္စရှိလို့  ရုံးကိုလာတာလဲလို့  ရင်းရင်းနီးနီး မေးတတ်ပါတယ်။
ဒီအသုံးအနှံးတွေဟာ လွတ်လပ်ရေးရပြီးတဲ့အထိ ဆက်သုံးနေပါတယ်။ အတွင်းဝန်ဆိုရင်လဲ ဝန်မင်းလို့  ခေါ်လေ့ရှိပါတယ်။ ရုံးဝန်ထမ်းအချင်းချင်းကတော့ ရာထူးကြီးသူကို ငယ်တဲ့သူက လေးစားသောအားဖြင့် ဆရာလို့  ခေါ်ပါတယ်။ တခါတလေမှာတော့ အသက်အရွယ်အရ ဦးလေး ခေါ်တာရှိပါတယ်။ တပ်မတော်ကပိုဆိုးတာပေါ့ဗျာ။ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဗိုလ်မှူးကြီး၊ ခေါ်မှ ကျေနပ်တာပါ။ ပါတီတွေဆိုလဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး ခေါ်မှ သဘောကျကြပါတယ်။ ဘယ်သူမှ အဘလို့ အခေါ်မခံကြပါဘူး။ တော်ရုံလူတယောက်ကို မင်းကြီးလို့ ခေါ်လိုက်ရင် အင်မတန်သဘောကျတာပေါ့။ ကျွန်တော်အဖွားက အိမ်ကိုလာလည်တဲ့ သူမှန်သမျှကို မင်းကြီးလို့ ခေါ်ပါတယ်။ အဖိုးက ... မင်းအဖွားကတော့ စာရေးကိုလဲ မင်းကြီးခေါ်တာကွလို့ ပြုံးပြုံးကြီး ပြောတတ်ပါတယ်။
နောက်ပိုင်းကျတော့ ဆရာခေါ်တဲ့ဓလေ့ ဖြစ်လာပါတယ်။ ရာထူးအမည်တပ်ခေါ်တာ ဗြူရိုကရက်ဆန်တယ်ပေါ့ဗျာ။ လူတန်းစားခွဲခြားတယ်ဆိုပြီး အားလုံးကို ဆရာခေါ်ပါတော့တယ်။ အဲဒီမှာတင် ဆိုက်ကားဆရာ၊ ဗေဒင်ဆရာ၊ ဆံသဆရာ ဆိုတာတွေ ဖြစ်လာပါတယ်။ သူတို့ လဲ သူတို့တတ်တဲ့ပညာနဲ့  အသက်မွေးတာဆိုတော့ ဆရာခေါ်တာမမှားပါဘူး။ ဆိုရှယ်လစ်ခေတ်ရဲ့ နောက်ဆုံး သမ္မတကိုတောင် သမ္မတလို့ပဲ ခေါ်ဝေါ်သုံးစွဲကြပါတယ်။
၁၉၈၈ အာဏာသိမ်းပြီး ရာထူးအသစ်ကို ပထမဆုံးယူခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်တောင် တပ်ချုပ်ကြီးဆိုတာကို ကျေနပ်နေတာပါ။ သူကိုယ်သူ ပထမဆုံးဗိုလ်ချုပ်မှူးကြီးလို့  ထင်နေတာပါ။ တကယ်တော့ မြန်မာသမိုင်းမှာ ပထမဆုံးဗိုလ်ချုပ်မှူးကြီးအမည်ခံခဲ့တာက မြန်မာပြည်ကွန်မြူနစ်ပါတီက ဥက္ကဋ္ဌသခင်သန်းထွန်းပါ။ ဒုတိယမြောက်ဖြစ်လာတဲ့ ဗိုလ်ချုပ်မှူးကြီးလက်ထက်ကစပြီး အဘဆိုတာ ခေတ်စားလာတာပါ။ကြည့်ရတာ သူက သူကို အဘလို့ခေါ်တာ ကြိုက်တဲ့ပုံပါ။ အားလုံးက သူ့ကို အဘလို့ ခေါ်ရင်း သူတို့ကိုလဲ အဘလို့ ခေါ်စေပါ တော့တယ်။ တပ်ရင်းမှူးအဆင့်ကစပြီး အဘတွေ ဖြစ်လာပါတော့တယ်။ အဘလို့ မခေါ်ရင် မျက်နှာတော်က အလိုမကျတဲ့ပုံ ပေါ်လာပါတယ်။
အဘအဆင့်မဝင်တဲ့သူတွေကလဲ ဈေးသွားလက်ဖက်ရည်ဆိုင်ထိုင်ရင်း သူတို့ကိုယ်သူတို့  အဘလို့  သုံးလာပါတယ်။ မြှောက်ပင့်တတ်သူတွေကလဲ သူတို့ ကိုတွေ့ တာနဲ့ အဘ၊ အဘလို့ မရပ်မနားခေါ်နေကြတော့ အဘအဆင့်အတန်းက အနည်းငယ်ကျဆင်းသွားပါတယ်။
ဒါကြောင့် ရာထူးကြီးတဲ့အဆင့်၊ နိုင်ငံတော်အဆင့် ဗိုလ်ချုပ်အဆင့်တွေကို အဘကြီးလို့  တိုးမြှင့်ခေါ်လာကြပြန်ပါတယ်။ ဒီရောဂါက ခရိုနီတွေဆီပါ ကူးလာပါတယ်။ ပိုက်ဆံရှိတဲ့သူတွေက စကားပြောရင် သူတို့ကိုယ်သူတို့ အဘကလေ ... လို့ ပြောတတ်လာပါတယ်။ ရုပ်မြင်သံကြားက သတင်းထောက်မလေးတွေကလဲ အလှူရှင်ခရိုနီကို အဘက ဒီအလှူကို ဘာကြောင့်လုပ်ပါသလဲ လို့  မေးတတ်ပါတယ်။ ဖြေတဲ့သူကလဲ အဘက လှူချင်နေတာကြာလှပါပြီ ... လို့ ပြန်ဖြေနေပါတယ်။ အလှူလုပ်တဲ့ဘုရားက ဂေါပကလူကြီးကလဲ အဘတို့ရဲ့ဘုရားသမိုင်းကို ပြောရ မယ်ဆိုရင်လို့ စကားစကာ အဘအခွန်းတရာခန့် ပြောပါတော့တယ်။ တပ်မတော်က ထွက်လာတဲ့သူတွေတွေထောင်ထားတဲ့ လိုင်းကားကို မောင်းတဲ့ယာဉ်မောင်းကလဲ စပယ်ရာတွေကို "အဘအတွက်ကွမ်းယာဝယ်လိုက်ကွာ" လို့  အမိန့် ပေးနေတာကို ကြားလိုက်မိပါတယ်။
အားလုံးကအဘဖြစ်ချင်နေကြတဲ့ရောဂါကို မသိမသာဖြစ်နေကြတာ သနားစရာကောင်းနေပါပြီ။ အဘဆိုတဲ့ စကားလုံးကလဲ လေးစားသူကို ခေါ်တဲ့စကားမဟုတ်တော့ပဲ အခွင့်အရေးရရန် မြှောက်ပင့်ပြောဆိုတဲ့ စကားလုံး ဖြစ်နေပါပြီ။ အဘလို့  အခေါ်ခံချင်တဲ့ရောဂါဟာ လူကို မသိမသာရူးစေတယ်ဆိုတာကို လက်မခံနိုင်ကြသေးပါ။
ပုထုဇဉ်လူသားတွေက လောဘစိတ်ကြောင့် အဘအခေါ်ခံချင်နေတာကို လက်ခံနိုင်ပေမဲ့ သာသနာနွယ်ဝင်ပုထုဇဉ်သံဃာတော်များက အဘအခေါ်ခံချင်နေတာက ဆိုးဝါးလှပါတယ်။ ကျွန်တော်တို့ ငယ်စဉ်က ဘုန်းကြီးကျောင်းကိုသွားရင် ဆရာတော်ကြီး(ဇတော်ကြီး)ကို သွားဖူးကြအုံးလို့  တိုက်အုပ်ဦးပဇ္ဈင်းက သတိပေးပါတယ်။ ယနေ့ ဘုန်းကြီးကျောင်းသွားလိုက်ရင်တိုက်အုပ်က ဘဘုန်းကို သွားကန်တော့ (တချို့ က ကန်တော့လို့ တောင်မပြောတော့ပဲ သွားတွေ့လိုက်ဦး ... လို့ ပြောနေပါတယ်။) လိုက်ပါဦး လို့ ရှေ့ က စကားလမ်းခင်းပေးထားပါတယ်။ ဘဘုန်းလို့ ခေါ်ပါလို့  သတိပေးတာပေါ့ဗျာ။ အထူးသဖြင့် ဗေဒင်အဟောကောင်းတယ်လို့ အမည်ကျော်တဲ့ သံဃာတော်တွေ၊ ကိန်းဂဏန်းအပေါက်များတယ်လို့  ထင်ပေါ်သူများက အဘဆိုတာကို ရေရေလည်လည်သုံးကြပါတယ်။ စာသင်တိုက်တွေမှာဝိနည်းနဲ့ အညီပြောဆိုနေထိုင် ကြတာ အများကြီးရှိပါတယ်။ ကန်တော့ပွဲတွေပေး၊ သတင်းစာရှင်းလင်းပွဲတွေလုပ်ပြီး ထင်ပေါ်ကျော်ကြားချင်သူများက အဘကို ပါးစပ်ဖျားက မချတန်း သုံးကြပါတယ်။
တကယ်က အဘဆိုတာ အသက်အရွယ်အရ အခေါ်ခံသင့်သူများကို ခေါ်သောအသုံးအနှုံးဖြစ်ပါတယ်။ သူဋ္ဌေးကြီးကလဲ သူထက်အသက်ကြီးတဲ့ဆင်းရဲသားကို အဘခေါ်ပါတယ်။ ဗိုလ်မှူးကြီးကလဲ တပ်ထဲ လာလယ်တဲ့ရဲဘော်ရဲ့ အဖေကို အဘနေကောင်းလားလို့ နုတ်ဆက်တာ ယဉ်ကျေးမှုတရပ်ပါ။ အခုတော့ လာလယ်တဲ့အဖိုးအိုက လူငယ်လေးတပ်မှူးကို အဘလို့ ပြန်ခေါ်နေရတာ မသင့်တော်တဲ့ဖြစ်ရပ်ပါ။
လုပ်စားနေတဲ့သူတွေကတော့ ဝန်ကြီးလို့ တောင်မခေါ်ပဲ အဘဝန်ကြီးလို့ ရိုရိုသေသေခေါ်ကာ အခွင့်အရေးယူကြပါတော့တယ်။ အချို့ သောဝန်ကြီးများက ဋ္ဌာနပြောင်းသွားတဲ့အချိန်မှာ တဘထဲ ဘနေသူများက အဘလို့ ခေါ်ဘို့ မဆိုထားနဲ့  မမြင်ချင်ယောင်တောင်ဆောင်သွားကြတယ်ဗျာလို့ မခံနိုင်တဲ့ဝန်ကြီးတပါးက ထုတ်ဖေါ်ပြောသွားပါတယ်။ အဘ အခေါ်ခံချင်တဲ့ ရောဂါသည်အကြီးစားကြီး ပေါဗျာ။ အခု နောက်ဆုံးပေါ်အဘကတော့ ရွှေအိုရောင်နဂါးကြီးနဲ့ စကားပြောနိုင်တဲ့ ခေါင်းလောင်းဦးစံလင်း ဖြစ်ပါတယ်။ သူကိုလဲ အဘဦးစံလင်းလို့  ခေါ်တာကို ဂျာနယ်တွေမှာ ဖတ်လိုက်ရပါတယ်။
အဘက ကွမ်းစားတော့ အဘအကြိုက်ကွမ်းလိုက်စားတဲ့ လူတန်းစားပေါ်လာပြန်ပါတယ်။ သူကြိုက်လို့ သူစားတာကို ပြောစရာမလိုပေမဲ့ အချို့နေရာတွေမှာ အင်မတန်ရုပ်ဆိုးနေတာ ပိုတွေ့နေရပါတယ်။ လတ်တလော ကျင်းပနေတဲ့ အင်ချွန်းက အာရှအားကစားပွဲမှာ မြန်မာနည်းပြဆရာတစ်ယောက်က ကွမ်းတွေဝါးနေတာကိုကြည့်လိုက်ရတော့ စိတ်ပျက်မိပါတယ်။ အုပ်ချုပ်သူတွေက သတိပေးဘို့လိုသွားတယ်ထင်မိပါတယ်။ အဘက အရက်ကြိုက်တုန်းကလဲ အရက်လိုက် သောက်ကြတာရှိခဲ့ဘူးပါတယ်။ အဘအခေါ်ခံတဲ့သူတွေက အဘမပီသပဲ ပေါက်ကရတွေလုပ်ပြနေရင် အဘလို့ အင်မတန်ခေါ်ခံချင်သူတွေက ဒီပေါက်ကရကို အမှတ်ရအောင်လိုက်လုပ်၊ ဘာမှန်းမသိ အဘဖြစ်ချင်သူတွေက လိုက်တုနဲ့  မကောင်းတဲ့အပြုအမူတွေက လူတွေကြားမှာ ဂုဏ်ရှိသလိုဖြစ်လာပါတော့တယ်။ ဒါကြောင့် လူတိုင်း ပညာဉာဏ်နဲ့ ဆင်ခြင်ပြီး အဘခေါ်ထိုက်တဲ့သူတွေကိုသာ အဘခေါ်ကြပါလို့ သတိပေး ရေးသားလိုက်ရပါတယ်။