မောင်ဥက္ကလာ - ဗုဒ၊္ဓ ခရစ်တော် ၊ဖားကံကောင်း နဲ့ ဘိန်းစားများ

မောင်ဥက္ကလာ - ဗုဒ၊္ဓ ခရစ်တော် ၊ဖားကံကောင်း နဲ့ ဘိန်းစားများ
ထွေထွေရာရာ ဤကမ္ဘာ  (စက်တင်ဘာလ ၃၀၊ ၂၀၁၄)

ဤမြေကမ္ဘာ လူထဲကလူတွေရဲ့  မှတ်သားစရာ ထွေရာလေးပါး၊ ဗြုတ်စဗျင်းတောင်း သတင်းအပိုင်းအစ ဖတ်မိသမျှကို မိတ်ဆွေစာချစ်သူများဖတ်ဖို့ မျှဝေတင်ပြလိုက်ပါတယ်။ ဖော်ပြပါ သတင်းများသည် တကယ့်ဖြစ်ရပ်မှန် သတင်းများကို ကောက်နုတ်တင်ပြထားခြင်း ဖြစ်ပါတယ်။

 
ဗုဒ္ဓတန်းခိုး
အမေရိကန်အနောက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ်၊ ဥက္ကလံ (Oakland) မြို့  ရာဇဝတ်မှု ထူပြောလှတဲ့ အရှေ့ ပိုင်းရပ်ကွက်မှာ နေထိုင်တဲ့ ဒေဗစ် စတီဗင်စင် (David Stevenson) က ဘာသာတရား မယုံကြည်တဲ့ ဒိဌိ။ ဒီလိုနဲ့ ရာသီဥတုကောင်းတဲ့တနေ့ သူ့အိမ်အရှေ့ဖက်ခြံဝန်းကိုရှင်း၊ သစ်ပင်ပန်းပင်တွေစိုက်၊ အုတ်ကျောက်တွေ ခင်းကျင်းပြီးနောက် အိမ်ဆောက်ပစ္စည်းများရောင်းတဲ့ ဆိုင်တဆိုင်မှာ ဥာဏ်တော် နှစ်ပေလောက်ရှိတဲ့ ကျောက်ဆင်တု ဗုဒ္ဓရုပ်ပွားတော် တဆူကို တွေ့လို့ဝယ်လာပြီး ခြံဝနားမှာ ဒီအတိုင်း ချထားလိုက်တယ် (ဒီလို ဗုဒ္ဓဆင်တုတော်တွေကို အမေရိကန်လူမျိုးတွေရဲ့  ခြံဝင်းတွေ၊ အိမ်ရှေ့ မျက်နာစာ၊ ဧည်ခန်းအိပ်ခန်းတွေ၊ စားသောက်ဆိုင်တွေမှာ အလှဆင်ရုပ်ထုသဘော ထားရှိတာကို တွေ့ရတတ်တယ်)။

ရက်အနည်းငယ်ကြာတော့ ဒေဗစ် တအံ့တသြဖြစ်မိတာက ဒီအတိုင်း မြေကြီးပေါ်ချထားတဲ့ ဗုဒ္ဓရုပ်ပွားတော်တဝိုက်မှာ ပန်းတွေ၊ သစ်သီးတွေ၊ ဖရောင်းတိုင် အမွှေးတိုင်တွေကို တွေ့ရတယ်။ အဲဒီနောက်ပိုင်း တဆင့်စကား တဆင့်ကြားနဲ့ အနီးတဝိုက် ပတ်ဝန်းကျင်မှာ နေကြတဲ့ ဗုဒ္ဓဘာသာဝင် ဗိယက်နမ်၊ ထိုင်းလူမျိုးတွေ ဗုဒ္ဓရုပ်ပွားတော်ကို လာရောက်ဖူးမျှော်ကြတယ်။ သစ်သီးဝလံ၊ ပန်း၊ အမွေးတိုင် ဖရောင်းတိုင်တွေကို နေ့စဉ် လာရောက်ကပ်လှူကြတယ်။ အဲဒီအချိန်ကစပြီး ဘုရား လာရောက် ဝတ်ပြုကြသူတွေ၊ တရားထိုင်ကြသူတွေနဲ့ စည်းကားလာတယ်။ ဗုဒ္ဓဘာသာဝင်တွေ တရိုတသေ လာရောက်ကြည်ညိုတဲ့ ဗုဒ္ဓဆင်တုတော်ကို ဘာသာတရား အယုံအကြည်မရှိတဲ့ ဒေဗစ် အထူးအဆန်းဖြစ် ခံစားရပြီး၊ တရိုတသေ လာရောက်ကြည်ညို၊ ဝတ်ပြုကြသူတွေရဲ့  ယုံကြည်မှုကို လေးစားတန်းဖိုးထားတဲ့အနေနဲ့ ခြံဝင်းကို ပိုမိုရှင်းလင်း ပြင်ဆင်လုပ်ဆောင်ပေးတယ်။

အထူးအဆန်းဖြစ်ဆုံးက တချိန်က ခိုးဆိုးလုယက်မှုတွေ၊ မူးယစ်ဆေးဝါး အရောင်းအဝယ်၊ ပြည်တန်ဆာစတဲ့ မကောင်းမှုတွေနဲ့ အန္တရာယ်များလှတဲ့ ရပ်ကွက်လေးက ဗုဒ္ဓတန်းခိုးနဲ့ တည်ငြိမ်အေးချမ်းလာပြီး၊ ရာဇဝတ်မှုတွေ နေ့ချင်းညချင်း ၈၀ ရာခိုင်နှုန်းလောက် ကျဆင်းပျောက်ကွယ်လာတယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုတယ်။ အခုတော့ ဒေဗစ် တစ်ယောက် ရည်ရွယ်ချက် ဘာဆိုဘာမှမရှိ၊ ဘာသာရေးတန်းဖို့ နားမလည်၊ မျက်စိကျလို့ ဝယ်ယူလာပြီး ဒီအတိုင်း ခြံဝပစ်ထားတဲ့ ဗုဒ္ဓဆင်တုတော်မှ ရရှိလာတဲ့ ကောင်းကျိုးအတွက် အထူးဝမ်းမြောက်ကြောင်း ဝန်ခံပြောဆိုတယ်။ နားလည်းသူများနဲ့ တိုင်ပင်ပြီး ဗုဒ္ဓဆင်တုတော်အတွက် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးတယ်။ အခုဆိုရင် ဗုဒ္ဓဘာသာဝင်တွေနဲ့ အလွန်စည်းကား၊ အေးချမ်းလှတဲ့ နေရာလေးတစ်ခု ဖြစ်လာတယ်။ ဒီအကြောင်း ပိုသိချင်ရင်တော့ ဥက္ကလံမြို့  နဲ့ ဆန်ဖရန်စ္စကိုမြို့ မှာနေကြတဲ့ မိုးမခဆရာသမားများ မေးကြည့်ပေါ့။ (သတင်း - ABC)

 
ခရစ်တော် မခိုက်

အသက်အရွယ်၊ ကျန်းမာရေးကြောင့် ပင်စင်စားပြီး အေးအေးဆေးဆေး အနားယူနေတဲ့ ဂုဏ်ထူးဆောင် ရိုမန်ကတ်သလစ် ဘုန်းတော်ကြီး ဟိုဇေ မာရီရာ မီဟာ (Jorge Maria Mejia) ရဲ့  စီးတော်ယာဉ် အင်ဂျင်စစ်ဆေးဖို့အတွက် သူ့ကိုယ်ရေးအရာရှိမင်းက တောက်တိုမယ်ရ ခိုင်းနေကြ အီတလီနိုင်ငံသား နှစ်ယောက်ကို မုန့်ဖိုးပေးပြီး ကားပြင်ဖို့ ခိုင်းလိုက်တယ်။ အရိပ်ပြ အကောင်မြင်၊ ချက်ဆို နားကွက်က မီးတောက် ဒီလို အခွင့်အရေးမျိုး စောင့်နေကြတဲ့ ဆရာသမားတို့က အခွင့်အရေးဆိုတာ တစ်ခါပဲရတယ်ဆိုပြီး ဗာတီကန် (Vatican) သံတမန် လိုင်စင်နံပတ်နဲ့ ဘုန်းတော်ကြီးကားကို ကားပြင်ရုံကို ယူမသွားဘဲ၊ ဗာတီကန်ကနေ အီတလီနယ်စပ်ဖြတ်ကျော် စပိန်နိုင်ငံကို မောင်းသွားပြီး သူတို့ လိုချင်ဝယ်ချင်တာတွေ သွားဝယ်ကြတယ်။

သူတို့ ဥာဏ်စူးချက်က ဗာတီကန် ရိုမန်ကတ်သလစ် ကျောင်းတော်ကြီးပိုင် သံတမန်ကားကို  ဘယ်ရဲဘယ်သရဲမှ တားဆီးစစ်ဆေးမှာ မဟုတ်ဘူးပေါ့။ ဒီလို စိတ်ကူးကောင်းနဲ့ ဝယ်စရာရှိတာဝယ်ပြီး လာလမ်းအတိုင်း အီတလီနိုင်ငံကို ပြန်မမောင်းဘဲ ပြင်သစ်နိုင်ငံထဲကို ဝိုက်ဝင်သွားခဲ့တယ်။ ဗာတီကန် သံတမန်နံပတ်နဲ့ဆိုတော့ နိုင်ငံနယ်နမိတ်ဖြတ်ကျော်ဖို့ အထွေအထူး ခွင့်ပြုချက်မလို။ သူတို့တွက်ကိန်းအရတော့ အာလုံး အိုကေစိုပြေပေါ့။

ဒါပေမဲ့ ပြင်သစ်နယ်စပ်ဂိတ်ရောက်တော့ သံတမန်နံပတ်နဲ့ ဘုန်းတော်ကြီးကား အမှန်အကန် ဖြစ်ပေမဲ့ မောင်းတဲ့စီးတဲ့လူတွေ ပုံမကျပန်းမကျ ဖြစ်လို့လား၊ တစ်ဦးတစ်ယောက် သတင်းပေးလို့လားမသိ၊ ပြင်သစ်နယ်ခြားစောင့် ရဲတပ်ဖွဲ့က တားဆီးစစ်ဆေးလိုက်တော့ ကိုယ်တော်တွေ စပိန်နိုင်ငံမှ ဝယ်လာတဲ့ပစ္စည်းတွေက ကိုကိန်း နဲ့ ဆေးခြောက် မူးယစ်ဆေးဝါးတွေ ဖြစ်နေတယ်။ ဒီလို မဟုတ်မဟတ် မကောင်းမှုကို ဘုရားသခင် (ခရစ်တော်) က မကြိုက်မခိုက်၊ ပူးပေါင်းကြံစည်း မစွမ်းဆောင်ပေးတော့ ကိုယ်တော်နှစ်ယောက် ဂိန်တော့တာပေါ့ - တရားမဝင် မူးယစ်ဆေးဝါးသယ်ဆောင်မှု၊ ဘုန်းတော်ကြီးရဲ့  သံတမန်ကားကို အလွဲသုံးစားလုပ်မှု၊ ဟန်ဆောင်လိမ်ညာမှုစတဲ့ အမှုများစွာနဲ့ ဖမ်းဆီးခံရတော့တယ်။

 ဒီပြစ်မှုကျူးလွန်မှုနဲ့ ပတ်သက်ပြီး ကျန်းမာရေးကြောင့် အနားယူနေတဲ့ အသက် (၉၁) နှစ်အရွယ် ဘုန်းတော်ကြီးဟိုဇေနဲ့ မပတ်သက်ကြောင်း ဗာတီကန် ပြောရေးဆိုခွင့်ရှိသူက ပြောဆိုတယ်။ ဒီလူပြိန်းနှစ်ကောင် မသိတာက ဘယ်ရဲဘယ်သရဲမှ မတားရဲ၊ မဖမ်းရဲတာ ရွှေမြန်မာပြည်က ဝန်ကြီးတွေ၊ ဗိုလ်ချုပ်တွေ၊ ငြိမ်းချမ်းရေးယူထားတဲ့ ပုဂ္ဂိုလ်တွေရဲ့  ကားတွေပဲရှိတယ်ဆိုတာ။ (သတင်း - Telegraph, UK)

 
ဖားကံကောင်း

ရွှေမြန်မာတွေ ဖေကံကောင်းကို သိကြတယ်။ ဖားကံကောင်းတော့ အခုမှ ကြားဖူးမှာပေါ့။ အမေရိကန်အနောက်ဖက် တက္ကဆက် (Texas) ပြည်နယ်၊ ဝက်စ်ဝို့ထ်ရွာ (Westworth Village) မှာ အိမ်တစ်အိမ် မီးလောင်လို့ မီးသတ်သမားတွေ အပြေးအလွှာ သွားရောက်ပြီး သက်စွန့်စံဖြား မီးငြိမ်သတ်ကြတယ်။ မီးလောင်နေတဲ့အိမ်ထဲကို ဝင်ရောက်ပြီး အိမ်သူအိမ်သားများကို ကယ်ဆယ်ဖို့ ကြိုးစားကြတယ်။ ကံဆိုးလို့ မီးလောင်တယ်။ ကံကောင်းတော့ အိမ်ထဲမှာ ဘယ်သူမှမရှိ - အိမ်သူအိမ်သားတွေက အလုပ်သွား အပြင်ရောက်နေကြတယ်။

တဟုန်းဟုန်းလောင်ကျွမ်းနေတဲ့ မီးအရှိန်ကို ငြိမ်သတ်နေချိန်မှာ အိမ်ပိုင်ရှင် ဂျမိုင် ဝဲလ်ဆန် (Jamie Wilson) ပြန်ရောက်လာပြီး မီးသတ်တပ်ဖွဲ့ကို သူ့သမီးလေး မွေးထားတဲ့ ဖားကလေးကို ကယ်ဆယ်ပေးဖို့ တောင်းဆိုတယ်။ တချက်မငြင်းဆို မီးသတ်သမားတွေ မီးတောက်မီးလျှံကြားတွေကို ဖြတ်ကျော်ပြီး အိမ်ထဲကိုဝင်ရောက် အရှင်လတ်လတ် ပြုတ်ကျော်ခံရတော့မယ် ဖားငယ်ကလေး နဲ့ သူ့စံနန်းရေကန်ကို ရှာဖွေပြီး ဖားကလေး အသက်ကို ကယ်ဆယ်လိုက်တယ်။ ဒီ မီးကြောင့် တန်းဖိုးငွေ ခြောက်သောင်းကျော် ပစ္စည်းဥစ္စာများ ဆုံးရှုံးသွားပေမဲ့ ကုသိုလ်ထူးတဲ့ ဖားကံကောင်အတွက် အားလုံးဝမ်းသာကြတယ်။

ဓားတောင်ကိုကျော် မီးပင်လယ်ကို ဖြတ်ကျော်ပြီး လူတွေ၊ ခွေးကြောင်တွေရဲ့  အသက်တွေကို ကျနော်တို့ မီးသတ်သမားတွေ မကြာခဏ ကယ်တင်ရတယ်။ ဖားကိုတော့ ဒီတကြိမ် ပထမဦးဆုံး ကယ်တင်ရခြင်းဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့ အကြီးအကဲ ရှစ်ချက် ဟာရစ်ဆန် (Richard Harrison) က ပြောဆိုတယ်။ ရွှေမြန်မာပြည်မှာတော့ အိမ်တွေပြာကျ၊ လူတွေ ကယ်ဆယ်ရေးစခန်းရောက်မှ ရေမပါဘဲ ရောက်လာတတ်တဲ့ မီးသတ်တပ်ဖွဲ့ကတော့ ဘယ်သူမှ ကယ်စရာမလို။ တော်လိုက်တာ။

စက်တင်ဘာ ၁၁ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်ချိန် မီးလောင်ပြိုကျနေတဲ့ နယူးရော့ခ် မြို့ လယ်ခေါင်ရှိ ကမ္ဘာ့ကုန်သွယ်ရေး ညီနောင်အဆောက်အဦးကြီးထဲကို စွန့်စွန့်စားစား ဝင်ရောက်ပြီး ပိတ်မိနေတဲ့ လူတွေကို ကယ်ဆယ်ဖို့ ကြိုးစားကြချိန် မီးသတ်သမား ၃၄၁ သေဆုံးခဲ့တယ်။ အမေရိကန်နိုင်ငံမှာ  တနှစ်ကို မီးသတ်သမား ၁၀၀ နီးပါး မီးသတ်ကယ်ဆယ်ရေး လုပ်ငန်းများအတွင်း အသက်ဆုံးရှုံးကြတယ်။ (သတင်း - Houston Chronicle)


စွဲနေပြီ

ရွှေမြန်မာအစိုးရ ကျေးဇူးရှင် တရုတ်နိုင်ငံမြောက်ပိုင်း ရှန့်ချီ (Shaanxi) ပြည်နယ်မြို့ တမြို့ ရဲ့  ရဲတပ်ဖွဲ့က လျှို့ ဝှက် ရာဇဝတ်မှုတစ်ခုကို ဖော်ထုတ်နိုင်လိုက်တယ်။ အဲဒီမြို့ လေးမှာ အတော်လေး အရောင်းသွက်တဲ့ ခေါက်ဆွဲဆိုင်တဆိုင်ရှိတယ်။ တနေ့ ခေါက်ဆွဲစားပြီး ပြန်လာတဲ့  အသက် (၂၆) နှစ်အရွယ် ကားသမားကို ယာဉ်စည်းကမ်း ချိုးဖောက်လို့ဆိုပြီး ရဲက ဖမ်းဆီးစစ်ဆေးတဲ့အခါ မူးယစ်ဆေးဝါး သုံးစွဲထားတာကို တွေ့ရှိလို့ အရေးယူ ဖမ်းဆီးလိုက်တယ်။  (၁၅) ရက်အကြာမှာ သူ့မိသားစုက အယူခံ လျှောက်လဲချက်တင်ပြီး သူတို့တွေလည်း မူးယစ်ဆေးဝါး မသုံးစွဲဘဲနဲ့ ဆေးစစ်တဲ့အခါမှာ ဆေးဝါးသုံးစွဲထားတယ်လို့ ဆေးမှတ်တမ်းမှာ တွေ့ရှိတယ်။ ဒီအတွက် သူတို့ စိတ်အထင် မိသားစု ပုံမှန်စားသောက်တဲ့ ခေါက်ဆွဲဆိုင်ကို သင်္ကာမကင်းဖြစ်ကြောင်း ထွက်ဆိုကြတယ်။

 ဒါနဲ့ ရဲတပ်ဖွဲ့က ရောင်းအားကောင်းတဲ့ ခေါက်ဆွဲဆိုင်ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးတဲ့အခါ ခေါက်ဆွဲထဲမှာ ဘိန်းဖြူဆေးဓါတ် ပါရှိနေတာကို တွေ့တယ်။ ဆိုင်ပိုင်ရှင်ရဲ့  ဆင်ခြေဆင်လက်က စားသုံးသူတွေ အရသာတမူထူးခြား ခံစားရပြီး၊ ပြန်လာစားဖြစ်ဖို့အတွက် ဘိန်းဖြူပေါင်ဒါမှုန့် အနည်းငယ်ထည့်ပြီး ချက်ပြုတ်ကြောင်း ထွက်ဆိုတယ်။ ဘယ်လောက် ပိုးစိုးပက်ဆက်ကောင်းတဲ့ ချက်ပြုတ်နည်းလဲ။ ဒီလို အစားအစာတွေထဲကို (ဘိန်းဖြူ) ဆေးဝါးတွေထည့်ပြီး လုပ်ဆောင်ခဲ့တာတွေ ဝတို့တလုတ်ပြည်ကြီးမှာ အရင်ကလည်း ရှိခဲ့ပါတယ်။ ကြက်သား ကာလသားဟင်းထဲ ဆေးခြောက်ထည့် ချက်စားပြီး ကောင်းချင်ကြတဲ့ ရွှေမြန်မာတွေတော့ ကြိုက်ချင်ကြိုက်မှာပေါ့။

ဘာလိုပဲဖြစ်ဖြစ် ဒီသတင်းနဲ့ ဆက်စပ်ပြီး ပြောချင်တာက ပေါက်ဖော်ကီးတွေ အီကျိုးဆောင် မြန်မာနိုင်ငံတော် အီစိုးရကီးအနေနဲ့ ကိုယ့်နိုင်ငံသူနိုင်ငံသားများ ကျန်းမာရေးအတွက် အလျှံအပယ် တံခါးမရှိ ဓါးမရှိ ဝင်ရောက်နေတဲ့ တီလုတ်ပစ္စည်းတွေကို တချက်လောက်တော့ ငဲ့ကြည့်စီစစ်နိုင်ရင် ကောင်းလေစွ။ (သတင်း - CNN)