နီဝန်း - စင်္ကာပူမှာ … ရှိတယ်


နီဝန်း - စင်္ကာပူမှာ … ရှိတယ်
(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၁၄

မီးဘယ်တော့မှ မပျက်ဘူးလို့တော့ ပြောကြတယ်။ ဒါပေမယ့် ဆက်ဆံရေးတွေ ပျက်ကုန်တာ ရှိတယ်။ အဲဒါ စင်္ကာပူမှာပါ။ လူထုဟစ်တိုင်ရှိတယ်။ ဒါပေမယ့် အသံတွေကို အပြင်ထွက်မလာအောင် ညက်ညက်ကြေ ၀ါးစားထားကြတယ်။ “စင်္ကာပူမှာ xxxxx” “စင်္ကာပူမှာ xxxx” လို့ စင်္ကာပူကို အမျိုးတော်ချင်သူတစ်ချို့က မှတ်ချက် ရဲရဲကြီးတွေ ပေးကြတယ်။ အချက်အလက် ဘာတစ်ခုမှ မပြဘဲ ခပ်တင်းတင်း ရင်းရင်း ဆိုကြတယ်။ စင်္ကာပူကတော့ သူတို့ကို ဂရုမစိုက်နိုင်အားပါဘူး။ စင်္ကာပူ ဂရုစိုက်တာက money လေ။  သူတို့ကလဲ ပြောစရာရှိတာတော့ ပြောရမှာဘဲလို့ ပြောတာပါဘဲ။ အဲဒါ စင်္ကာပူမှာ တကယ်ရှိတယ်။

စင်တိုဇာ၊ bird park၊ shopping mall တွေ နဲ့ ဘယ်နေရာက ဘယ်အစားအသောက် ကောင်းတယ်ဆိုတာ သိတဲ့ နိုင်ငံခြားသား စင်္ကာပူ ဂျိုး တွေ ရှိတယ်။ ဒါပေမယ့် မေမြို့လို့ ပြောရင် ပြင်ဦးလွင်မှန်း မသိကြတော့တဲ့ လူတွေ ရှိတယ်။ မန္တလေး နန်းတော်ထဲမှာ ဓာတ်ပုံရိုက်ပြီး Facebook တင်ဖို့ အားခဲထားတဲ့ သူတွေ ရှိတယ်။ ကုန်းဘောင်ခေတ် နောက်ဆုံးမင်းကို မသိပေမယ့် လီကွမ်ယုကို အဘိုးတော်တယ်လို့ ပြောသူတွေ ရှိတယ်။ အင်ဒိုနီးရှားက နိုင်ငံသေးသေးလေးနော် ဆိုတဲ့ လူတွေ ရှိတယ်။ ကနေဒါနဲ့ အမေရိကန် အတူတူဘဲလို့ ဆိုသူတွေရှိတယ်။ လင်ကွန်းက ကိုလံဘတ်နဲ့ အမျိုးလို့ ခပ်တည်တည် ဖိန့်သူတွေ ရှိတယ်။ အဲဒါ စင်္ကာပူမှာပါ။

စင်္ကာပူမှာ Facebook နဲ့ မျက်နှာသစ်တဲ့ လူတွေ ရှိတယ်။ နေမကောင်းလို့ ဆေးခန်းသွားရင် Time Line က စတေးတပ်ကို ဆရာဝန်ကို ပြသူတွေ ရှိတယ်။ အစားအသောက်ပုံ၊ အ၀တ်အစားပုံ၊ လက်လှလှလေးတွေ နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတွေကို နေ့တိုင်း နံရံကပ်စာစောင် လုပ်ကြတဲ့ လူတွေ ရှိတယ်။ ဦးကြင်ဥနဲ့ ရှင်မဟာရဌသာရက နိုင်နိုင်းစနေလောက် မမိုက်ပါဘူးလို့ ထင်သူတွေရှိတယ်။ “မင်းလူ က ငါ့လူ မဟုတ်ဘူးပေါ့” ဆိုတဲ့ ဟာသတွေ ရှိတယ်။ မြသန်းတင့်က ဖိုးချစ်ရဲ့ အဖိုးလားလို့ ပြောတဲ့ သူတွေ ရှိတယ်။ လက်လှုပ်မှ ပါးစပ်လှုပ်ရတယ်ဆိုတဲ့ အလွန်ရိုးရှင်းတဲ့ လူတွေလဲ ရှိတတ်တယ်။ ဒါပေမယ့် အဲဒီလူတွေကို ပုခုံးခြင်းယှဉ်သွားဖို့ ရှက်နေသူတွေလဲ ရှိတယ်။ အဲဒါ စင်္ကာပူမှာပါ။

စင်္ကာပူမှာ အလုပ်မရှိဘဲ ပိုက်ဆံရည်တွက်ဖို့ လူငှားထားရတဲ့ သူတွေရှိတယ်။ ဗိုလ်မှူးကြီး ကွန်ဒိုက၊ ဦးတေဇ ကွန်ဒိုက မရီနာဘေးမှာ ရှိတယ်လို့ မြိန်မြိန်ကြီး ပြောကြတဲ့ သူတွေရှိတယ်။ သူတို့က အခန်းလေးတစ်ခန်းထဲမှာ နှစ်ယောက် စပ်တူ ငှားနေရတာကို မေ့နေတတ်ကြတယ်။ အဲဒါ စင်္ကာပူမှာပါ။ 

ငါစားတဲ့ အစားအစာက မင်းစားတာထက် ပိုကောင်းတယ်လို့ အားမနာတမ်း ပြောသူတွေလည်း ရှိတယ်။ ငါဝတ်တဲ့ အ၀တ်အစားက ဘရန်းဒက်လို့ ပြောကြသူတွေလဲ ရှိတယ်။ ငါစီးတဲ့ ဖိနပ်က discount ချထားတာတောင် ဈေးမနည်းဘူးလို့ ဆိုသူတွေ ရှိတယ်။  canon DSLR စီးရီးလိုက် တန်းစီရွတ်ပြနိုင်သူတွေ ရှိတယ်။ အင်္ဂလိပ်စကားကို May I, I would နဲ့ စကားစပြောတဲ့ လူတွေ ရှိတယ်။ ဒါပေမယ့် မြန်မာစကားပြောရင် အသံအလိုလို ကျယ်လာကြတယ်။ ပင်နီစူလာ ပလာဇာက ငပိစော်နံတယ်လို့ ပြောကြတယ်။ မြန်မာများရင် ခေါင်းမူးတယ်လို့ ဆိုသူတွေလဲ မနည်းရှိတယ်။ မုန့်ဟင်းခါးမှာ ဘာအာဟာရဓာတ်မှ မပါဘူးလို့ ဆိုသူတွေ ရှိတယ်။ ဒါပေမယ့် စင်္ကာပူကတော့ သူတို့ကို တစိမ်းတရံလိုဘဲ အမြဲ ဆက်ဆံတယ်။ အဲဒါ စင်္ကာပူမှာ တကယ်ရှိတယ်။

KFC စားတယ်။ Mac Burger ကြိုက်တယ်။ ကက်ပချီနိုဆို စတားဘတ်ကမှ ပိုကောင်းတယ်။ အဲဒီလူတွေ အလည်ပြန်ရင်း ၀မ်းတွေပျက်ကုန်ကြတယ်။ မြန်မာနိုင်ငံက အစားအသောက်တွေ မသန့်ဘူးလို့ ပြောရင်း စင်္ကာပူကို ဒစကောင့်ရတဲ့ လေယာဉ်ပျံကြီးစီးပြီး အမြန် ပြန်လာကြတယ်။ စင်္ကာပူမှာ ပျော်ကြတယ်။ အဲဒါ စင်္ကာပူမှာပါ။

တစ်ပါတ်ကို တစ်ရက်ပိတ်ရက် ၊ တစ်ချို့ လဲ နှစ်ရက်ရတဲ့ သူတွေ ရှိတယ်။ ဘုရားကျောင်းသွားမယ်။ ဘုန်းကြီးကျောင်းသွားမယ်။ အွန်လိုင်း ဒီမိုကရေစီ တက်ကြွသူများ အစည်းအရုံးတွေ့ဆုံပွဲတွေ သွားမယ်။ အွန်လိုင်း စာရေးသူများ၊ ကဗျာရေးသူများ တွေ့ဆုံပွဲ သွားမယ်။ အိမ်မှာ အင်တာနက် သုံးမယ်။ အင်တာနက်ဆိုတာ Facebook နဲ့ ဂျီမေးလ် ကလွဲလို့ ဘာမှ မသုံးတတ်ဘူးလို့ ရိုးသားတဲ့ လူတွေ ရှိတယ်။ စင်္ကာပူရောက်မှ Facebook စသုံးရင်း ဆရာမနိုင် နှစ်ဆောင်မြိုင် ဆကာကြီးတွေ ရှိတယ်။ ဒါပေမယ့် စာပေဟောပြောပွဲ အချိန်ကုန်တယ်ဆိုတဲ့ လူတွေလဲ ရှိတယ်။ တရားပွဲကအပြန် ဘီယာဝိုင်း ချိန်းနေသူတွေလဲ ရှိတယ်။ အဲဒါ စင်္ကာပူမှာပါ။ 

ပန်းသီး တံဆိပ်တွေ အကုန်ရှိတယ်။ ပရာဒါ ကြိုက်တယ်။ SK II ၀ယ်ရအုံးမယ်။ ဘော်ဒီလိုးရှင်း တံဆိပ်ကောင်းတာ နှစ်နာရီလောက်အချိန်ပေးဝယ်မယ်။ ခေါင်းလျှော်ရည် အွန်လိုင်းက မှာထားတယ်။ ဆန့်ကျင်ဘက်လိင်ကို အူယားအောင် လုပ်ရတာ ပျော်နေတဲ့ သူတွေရှိတယ်။ ဂျီရှော့ခ် စီးရီးထဲမှာ နှစ်ခုဘဲ မရှိတာလို့ ပြောသူတွေ ရှိတယ်။  စင်္ကာပူက လုံခြုံတယ်လို့ဆိုပြီး ညဆယ့်နှစ်နာရီအထိ လမ်းပေါ် ထွက်ချင်သူတွေ ရှိုတယ်။ အမေ နားမလည်ပါဘူးလို့ ဖုန်းပြောသူတွေ ရှိတယ်။ ညနေတိုင်း ဂျင် ဆော့သူတွေရှိတယ်။ အသားအရေ ပျက်ဆီးမှာစိုးလို့ နေရောင်ကို အပြင်ထွက်ကြည့်ပြီးမှ အပြင်ထွက်လည်သူတွေ ရှိတယ်။ နေရောင်နဲ့ မတည့်သူတွေရှိတယ်။ မန္တလေးသင်္ကြန်တွင်းမှာ မွေးသူက စင်္ကာပူ နိုဝင်ဘာနေကို ပူတယ်လို့ ပြောသူရှိတယ်။ အဲဒါ စင်္ကာပူမှာပါ။

အိမ်က မိသားစုဝင်တွေကို ထမ်းပိုးထားရလို့ မလှုပ်ရဲတဲ့ သူတွေလဲ ရှိတယ်။ ပခုံးအောင့် နားပူပေမယ့် ကျားဘမ်း ပရုတ်ဆီလူး၊ ခေါင်းအုံးအောက်ခေါင်းထိုးပြီး အိပ်ပျော်အောင် အိပ်ရသူတွေ ရှိတယ်။ လေးပေမယ့် မလေးချင်ယောင် ဆောင်နေရတဲ့ သူတွေလဲရှိတယ်။ ပြစ်ချလို့ မရတဲ အထုပ်တွေကို ပုခုံးပေါ်မှာတင်ရင်း မတ်တပ်အိပ်သူတွေရှိတယ်။ ၂၀၁၅ ကို စောင့်နေတဲ့ သူတွေလဲ ရှိတယ်။ အနှိပ်ခန်း ဖွင့်မယ်လို့ ကြံရွယ်သူတွေလဲ ရှိတယ်။ အချစ်ဆိုတာ သွေးသားဆန္ဒရာခိုင်နှုန်း အများကြီးပါတယ်လို့ ထင်သူတွေလဲ ရှိတယ်။ မွတ်ဆလင်တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံ ပြန်ဖို့ စဉ်းစားရပြီဆိုတဲ့ မြန်မာပြည်ဖွား မွတ်ဆလင်တွေလဲ ရှိတယ်။ ဒါပေမယ့် အခန်းဖော် ရခိုင်နဲ့ ညီရင်း အစ်ကိုလို ချစ်ကြသူတွေလဲ ရှိတယ်။ 

တစ်ဖက်သားကို အပြစ်တွေ ပြောပြီး ကိုယ်ကျင့်တရားဆိုတာ ဘာ၊ ညာဆိုပြီး အွန်လိုင်း တရားပွဲ ဟောနေသူတွေ ရှိတယ်။ အဲဒါ စင်္ကာပူမှာ ရှိတယ်။ ပြီးတော့ စင်္ကာပူမှာ ကျွန်တော် ရှိနေသေးတယ်။