အရှင်ကုသလသာမိ (အတည်မဲ့) - စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁၁)
(မိုးမခ) နိုဝင်ဘာ ၂၉ ၊ ၂၀၁၄
ယခင်အပတ်မှ အဆက်
(၅ဝ)
နော်ဝေအခြေခံဥပဒေတွင် ခရစ်ယာန်ဘာသာဦးထိပ်ထားသည့်အချက်ဟု ယူဆနိုင်စရာများ ပါရှိသော်လည်း ဥရောပနိုင်ငံများအနက် နော်ဝေနိုင်ငံသည် ထာဝရဘုရားအပေါ် မယုံကြည်တော့သူများ အများဆုံးဟုပင် ဆိုကြသည်။ ထာဝရဘုရားရှိသည်ဟု ယူဆသူ ၂၉ ရာခိုင်နှုန်းခန့်သာရှိတော့သည်။ “အရှင်ဘုရားရယ် … ကိုယ်လုပ်လို့ ကိုယ်စားရတယ်၊ ကိုယ်ကြိုးစားလို့ အရာရာ ပြည့်စုံလာတယ်၊ နေဖို့မပူရ၊ စားဖို့မပူရ၊ ဆေးကုဖို့ မပူရဆိုတော့ ဘယ်သူက ထာဝရဘုရားကို ကျေးဇူးတင်စကား သွားပြောနေတော့မလဲ”ဟု ကိုမိုးမောင်မောင်က နော်ဝေသားတို့၏ ဘာသာရေးအခြေအနေကို ပြောပြသည်။ ထို့ကြောင့် နော်ဝေတွင် ဘာသာမဲ့ဦးရေက ၇၂ ရာခိုင်နှုန်းအထိ များပြားလာခဲ့ပြီဟု စစ်တမ်းများအရ သိရသည်။ ဥရောပနိုင်ငံအတော်များများမှာလည်း ဘာသာမဲ့ဦးရေက တဖြည်းဖြည်း များသထက် များလာနေသည်ဟု စစ်တမ်းများက ဆိုကြသည်။
မကြာခဏ ကြားရတတ်သော သီချင်းတစ်ပုဒ် အတွေးထဲဝင်လာသည်။ သီချင်းစာသားများကို ရှာကြည့်သောအခါ သီချင်းက သီချင်းသက်သက်မဟုတ်၊ ကဗျာတစ်ပုဒ်လို အသက်ဝင်သည်။ အဓိပ္ပာယ်ရှိသည်။ ရေးစပ်သီကုံးသူ၏ လွတ်လပ်မှု၊ ပေါ့ပါးမှုနှင့် (စိတ်ကူးယဉ်ထားသော) စေတနာတရားကို မြင်ရသည်။ ကမ္ဘာကြီးတွင် ဖြစ်ပေါ်နေသော အယူဝါဒရေးရာ စစ်ပွဲများ၊ အငြင်းပွားမှုများ၊ စိတ်နှလုံးမချမ်းမြေ့ဖွယ် ပြိုင်ဆိုင်မှုများ၊ ဝိသမလောဘဖြင့် ကမ္ဘာကြီးကို အရုပ်ဆိုးအကျည်းတန်စေသော ပဋိပက္ခများကို မမြင်လို၊ မကြားလိုဘဲ ငြိမ်းချမ်းအေးမျှသော နေချင့်စဖွယ်ကမ္ဘာကြီးကို တမ်းတပြီး ရေးဖွဲ့ထားသည်ဟု ခံစားရသည်။
………………………………
စိတ်ကူးကြည့်စမ်းပါ
မင်းကြိုးစားကြည့်ရင် အလွယ်လေးပဲ
ငါတို့အောက်မှာ ငရဲဆိုတာ မရှိ
ငါတို့အထက်မှာလည်း ကောင်းကင်ပဲ ရှိတယ်
လူတွေဟာ ဒီနေ့အတွက်ပဲ အသက်ရှင်နေကြတယ်လို့
စိတ်ကူးကြည့်စမ်းပါ။
စိတ်ကူးကြည့်စမ်းပါ
တိုင်းပြည်တွေဆိုတာလည်း မရှိဘူး
ဒါလည်း ကြိုးစားရင် မခက်ပါဘူး
တစ်စုံတစ်ရာအတွက်
သူများကို သတ်ဖို့ မရှိ
ဘာအတွက်နဲ့မှ အသက်စတေးစရာ မလို
ဘာသာရေးဆိုတာတွေလည်း မရှိတော့ဘူး
ငြိမ်းချမ်းစွာ နေထိုင်နေတဲ့လူတွေကို
စိတ်ကူးကြည့်စမ်းပါ။
ငါ့ကို စိတ်ကူးယဉ်သမားလို့ ပြောချင်ပြော
ဒါပေမဲ့ ဒီလိုစိတ်ကူးယဉ်တာ
ငါတစ်ယောက်တည်း မဟုတ်ဘူး
တစ်နေ့ မင်းလည်း ငါ့လိုလူ ဖြစ်လာမှာ
အဲဒီအခါ ကမ္ဘာကြီးက တစ်ခုတည်း ဖြစ်သွားပြီ။
စိတ်ကူးကြည့်စမ်းပါ
လူတွေမှာ ဘာပိုင်ဆိုင်မှုမှ မရှိကြတော့ဘူး
မင်း လုပ်နိုင်မှာပါ
လောဘတက်စရာမရှိ
ဆာလောင်မွတ်သိပ်ဖို့လည်း မလို
အားလုံး ညီအစ်ကိုမောင်နှမစိတ်တစ်ခုတည်း
ကမ္ဘာကြီးတစ်ခုလုံး သာတူညီမျှစိတ်တွေနဲ့
စိတ်ကူးကြည့်စမ်းပါ။
ငါ့ကို စိတ်ကူးယဉ်သမားလို့ ပြောချင်ပြော
ဒါပေမဲ့ ဒီလိုစိတ်ကူးယဉ်တာ
ငါတစ်ယောက်တည်း မဟုတ်ဘူး
တစ်နေ့ မင်းလည်း ငါ့လိုလူ ဖြစ်လာမှာ
အဲဒီအခါ ကမ္ဘာကြီးက တစ်ခုတည်း ဖြစ်သွားပြီ။
John Lennon ၏ Imagine ဟူသော သီချင်းဖြစ်သည်။ နော်ဝေစသော ဥရောပနိုင်ငံများရှိ လူများ တွေးနေကြ၊ စိတ်ကူးနေကြပြီဖြစ်သည်။ (စိတ်ကူးနေကြပုံပေါ်သည်)။ ထာဝရဘုရားမရှိ၊ ပြုလုပ်သူ ဖန်ဆင်းသူမရှိ၊ ကောင်းကင်ဘုံမရှိ၊ ငရဲမရှိ … လူသားသည်သာ အရှင်သခင်၊ လူသားသည်သာ ပဓာန၊ လူသား၏အထက်တွင် ဘာဆိုဘာမျှ မရှိ။ လောကကြီးတစ်ခုလုံးကို လူသားများက ဖန်တီးနေသည်။ တည်ဆောက်နေသည်။ ပုံဖော်နေသည်။
သူတို့၏ ဘာသာမဲ့ပုံရိပ်များ၊ အတွေးအခေါ်များသည် ဗုဒ္ဓဟောကြားထားသည့် အယူအဆများနှင့် နီးကပ်လာသည်ဟု ဆိုနိုင်သည်။ John Lennon ၏ သီချင်းတွင် ပါဝင်သော Religion ဟူသည် ထာဝရဘုရား၊ ဖန်ဆင်းခြင်း၊ ကောင်းကင်ဘုံ၊ ငရဲဘုံများနှင့်သာ သက်ဆိုင်သည့်ဘာသာတရားကို အဓိက ဆိုလိုရင်း ဖြစ်သည်ဟု ယူဆနိုင်သည်။ ဗုဒ္ဓဒဿနများက ထိုအချက်များ၏ အပြင်က အယူအဆ(Concepts)များသာ ဖြစ်သည်။
အစမ်းသပ်ခံနိုင်သောဘာသာတရားသည်သာ ရေရှည်တည်တံ့လိမ့်မည်၊ ထိုဘာသာက ဗုဒ္ဓဘာသာပင်ဖြစ်လိမ့်မည်ဟူသော အဲလဗက်အိုင်စတိုင်း၏စကားဆီကို ကမ္ဘာကြီးက တဖြည်းဖြည်း ရွေ့လာခဲ့လေပြီ။ (ဟု ယူဆ၏)။
(၅၁)
နေ့ဆွမ်းစားပြီးသောအခါ ကိုမိုးမောင်မောင်နှင့်ကိုလှမင်းတို့ဦးဆောင်ပြီး အော်စလိုမြို့ အထင်ကရ နေရာများကို လိုက်ပြသည်။ ရှေးခေတ်က ခံတပ်ကြီးများနှင့် နိုဘယ်ဆုရှင်များ၏ ရုပ်တုများကို ပြသထားသော ခန်းမကိုလည်း ရောက်သည်။ ခန်းမက ပိတ်ထားသဖြင့် အပြင်ကနေသာ ကြည့်ရှုခဲ့ရသည်။ မြန်မာနိုင်ငံ၏ ဂုဏ်ယူစရာအကောင်းဆုံးသော သက်ရှိတစ်ယောက်၏ ရုပ်တုကို မကြည့်ခဲ့ရသဖြင့် စိတ်တော့ မကောင်းခဲ့။ အဟောင်းကြီးအတိုင်း ထားရှိသော အဆောက်အအုံက ဆွဲဆောင်မှုမရှိလှသော်လည်း အထဲတွင် ထားရှိသော ပုဂ္ဂိုလ်များနှင့် သူတို့နှင့်သက်ဆိုင်သောအဖြစ်အပျက်များ၊ သမိုင်းကြောင်းများကတော့ ရင်သိမ့်စရာများ၊ ရင်ခုန်စရာများ၊ ကြည်နူးစရာများ၊ ဂုဏ်ယူစရာများဖြင့် အဓိပ္ပာယ်ပြည့်ဝနေပေသည်။
“Where there is injustice, I always believe in fighting - မတရားမှုတွေ ရှိနေသမျှကာလပတ်လုံး အမြဲတမ်း တိုက်ခိုက်နေရမှာပဲ”ဟူသော ဂန္ဒီ၏ စကားကို အမှတ်ရသည်။ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်များသည်လည်း ထိုကဲ့သို့ လက်ခံထားကြပုံရသည်။ သူတို့ ယုံကြည်သော၊ သူတို့ဖြစ်စေချင်သော တရားမျှတမှု၊ သူတို့ လိုလားသော ငြိမ်းချမ်းရေးကို မရမချင်း အသက်သာ သေသွားမည်၊ ဘယ်တော့မှ လက်မြှောက်အရှုံးပေးမည့်သူများ မဟုတ်ကြ။ သူတို့သည် ငွေကြေးကြောင့်လည်း လမ်းကြောင်း ပြောင်းမသွား၊ အာဏာကြောင့်လည်း ခြေလှမ်းကောက်မသွား၊ အသက်အိုးအိမ်စည်းစိမ်အန္တရာယ်ကြောင့်လည်း နောက်မတွန့်သွား … ငြိမ်းချမ်းရေးချိုးဖြူငှက်ကလေးကို ရင်ခွင်ပိုက်ရင်း ကမ္ဘာလောကကြီးမှာ နေထိုင်ပြီး အသက်ဆုံးခံသွားမည့်သူများ ဖြစ်ကြသည်။
မြန်မာနိုင်ငံ၏ တစ်ကောင်တည်းသော ချိုးဖြူငှက်ကလေး လွတ်လပ်စွာ ပျံသန်းနိုင်ဖို့နှင့် အတောင်ညောင်းလို့ မြေသို့ မခခင် မြန်မာနိုင်ငံကို အမြင့်ပျံစေချင်လွန်းလှသည်။ အမိနိုင်ငံ အမြင့်ပျံဖို့ အတိတ်က ဒဏ်ရာများကို ဘေးဖယ်ထားကြဖို့တော့ အထူးလိုအပ်လှပေသည်။ အတိတ်က ဒဏ်ရာတွေကို တဖွဖွ ရွတ်ဆိုနေလျှင်တော့ ရွှေပြည်တော်က မျှော်လင့်တိုင်း ဝေးနေပါဦးမည်။
(၅၂)
ကိုမိုးမောင်မောင်နှင့် ကိုလှမင်းတို့က မြန်မာတွေအခေါ် ကိုယ်တုံးလုံးပန်းခြံသို့ လိုက်ပို့သည်။ မရောက်ခင်က သူတို့ ပြောနေကြသည့် ကိုယ်တုံးလုံးပန်းခြံဆိုတာကို စိတ်ထဲမှာ ဇဝေဇဝါဖြစ်နေခဲ့သေးသည်။ လူတွေ ကိုယ်တုံးလုံးကြီးတွေနှင့် လျှောက်သွားနေသည့် ပန်းခြံလားပေါ့။ အင်း အဲဒီလို ပန်းခြံဆိုရင်လည်း ရွှေညဝါဆရာတော်နဲ့ မိမိတို့ကို လိုက်မပို့လောက်ပါဘူး ... စသဖြင့် တွေးနေမိသေးသည်။ ဤသို့ဖြင့် ကိုယ်တုံးလုံးပန်းခြံဆိုသည်သို့ ရောက်လာခဲ့သည်။ ပန်းခြံက ကမ္ဘာလှည့်ခရီးသည်များနှင့် ပြည့်နှက်နေသည်။ ပန်းခြံအတွင်း၌ အဝတ်အစား ဗလာကျင်းနေသော ကြေးရုပ်တုများ၊ ကျောက်သားကို ထွင်းထုထားသည့် ရုပ်တုများကို စိတ်ဝင်စားဖွယ်ရာ တွေ့ရသည်။
ကိုမိုးမောင်မောင်ကတော့ သူသိသမျှ ရှင်းပြနေသည်။ စာရေးသူက စိတ်ဝင်စားရာ လိုက်ကြည့်နေသဖြင့် သူ ရှင်းပြသည်ကို ကြားလိုက်၊ မကြားလိုက်။ ရုပ်တုများက မာန်ပါသည့်ပုံများ၊ အားအင်ချည့်နဲ့နေသည့်ပုံများ၊ အမျိုးသားချင်း အားပြိုင်နေသည့်ပုံများ၊ ဇနီးမောင်နှံနှင့်သားသမီးများ စုဖွဲ့နေသည့်ပုံများ၊ ပြုံးနေသည့်ပုံများ၊ မဲ့နေသည့်ပုံများ၊ ငိုကြွေးနေသည့်ပုံများ၊ စိတ်ဆင်းရဲနေသည့်ပုံများ၊ ပျော်ရွှင်ချမ်းမြေ့နေသည့်ပုံများ ... စသဖြင့် စုံလင်လှသည်။ တကယ်လည်း အသက်ဝင်လှပါပေသည်။
အမှန်အားဖြင့် မြန်မာတွေ ကိုယ်တုံးလုံးပန်းခြံဟု ခေါ်နေသော ဝတ်လစ်စလစ်ရုပ်တုများ တည်ရှိရာ ပန်းခြံအမည်မှာ The Vigeland Sculpture Garden ဟု ခေါ်သည်။ ထူးခြားအံသြဖွယ်ကောင်းသော ပန်းပုလက်ရာများကို Vigeland ဆိုသည့်ပုဂ္ဂိုလ်က ဖန်တီးထုလုပ်ခဲ့ခြင်း ဖြစ်သည်။ ၁၉၃၉ ခုနှစ်နှင့် ၁၉၄၉ ခုနှစ်ကြားကာလတွင် ထွင်းထုခဲ့ခြင်း ဖြစ်သည်။ ပန်းပုရုပ်ပေါင်း ၂၁၂ ခုရှိသည်ဟု ဆိုသည်။ နည်းပညာများ မထွန်းကားသေးသော ထိုခေတ်အခါကာလနှင့် ပန်းပုရုပ်တုများ၏ လက်ရာပြောင်မြောက်ပုံတို့ကို ကြည့်ရသည်မှာ လက်ဖျားခါလောက်သည်။ ကြည့်ရှုသူတိုင်း ငေးမောသွားလောက်သည်အထိ အသက်ဝင်သည့်ပုံများက များလှသည်။
အထူးခြားဆုံးက မွေးကင်းစကလေးများမှသည် အသက်ကြီးရင့်သည့် အဘိုးအို၊ အဘွားအိုအရွယ်ထိရှိသော ယောက်ျားမိန်းမ ကိုယ်တုံးလုံးလူသားများ အလုအယက်တိုးဝှေ့ပြီး၊ ပူးကပ်ပြီး၊ ကျော်ခွပြီး၊ တွန်းတိုက်ပြီး၊ ဖိနင်းပြီး အထက်ထက်သို့ရောက်အောင် တက်နေကြသည့် ကိုယ်တုံးလုံးလူသားအစုအပုံကြီး ဖြစ်သည်။ ရုပ်တုပေါင်း ၁၂၁ ခုပါဝင်သည်ဟု ဆိုသည်။ ထိုအစုအပုံကြီးကို ပေ ၆ဝ ခန့်ရှိသော ကျောက်တိုင်ကြီးဘေးပတ်လည်တွင် ထွင်းထုထားသည်။ ထိုကျောက်တိုင်ကြီးကို စက်ကိရိယာများ မပါဘဲ မည်သို့များ ဖန်တီးထားပါသနည်း။ စိတ်ဝင်စားဖွယ်ရာ မေးမြန်းနေကြဆဲပင် ဖြစ်သည်။ ထိုကျောက်တိုင်ကြီးကို ငြမ်းဆင်ပြီးများ ထွင်းထုသလား၊ ဒါမှမဟုတ် လဲနေသောကျောက်တိုင်တွင် ထွင်းထုပြီးမှ အခုလို တည့်မတ်ထားခြင်းလား။ ပဟေဠိတစ်ပုဒ်ပမာ အဖြေညှိနေကြဆဲပင် ဖြစ်သည်။
တစ်ချက် စိတ်ဝင်စားဖွယ်တစ်ခုမှာ လူသားများသည် အထက်ရောက်ဖို့အတွက် တစ်ဦးကိုတစ်ဦး ဖိနင်းရသည်။ တွန်းတိုက်ရသည်။ ကျော်ခွရသည်။ အလုအယက်တိုးဝှေ့ရသည်။ သို့ကလို လူသားတို့၏ အားမာန်၊ လူသားတို့၏ ရုန်းကန်လှုပ်ရှားမှုများကို ကိုယ်စားပြုထားခြင်း ဖြစ်သည်ဟု ဆိုသည်။ တကယ်လည်း Vigeland ၏ ရည်ရွယ်ချက် အထမြောက်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကြည့်ရှုသူတိုင်း အံ့သြမှုနှင့်အတူ လူသားတို့၏ ပကတိအားမာန်နှင့် သဘာဝများကို ခံစားသိရှိလိုက်ကြခြင်း ဖြစ်ပါသည်။
(၅၃)
ဆရာတော်၏ ဥရောပခရီးစဉ်တစ်လျှောက် လိုက်ပါလာသော ပျော်ဘွယ်သား ဒကာကြီး ဦးသန်းဆွေနှင့် ဒကာမကြီး ဒေါ်အေးအေးတို့က ကိုမိုးမောင်မောင်တို့ အိမ်တွင် နေရစ်ခဲ့သည်။ အော်စလိုမှတစ်ဆင့် သူတို့နေထိုင်ရာ အီတလီသို့ ပြန်ကြမည်ဖြစ်သည်။ နိုင်ငံခြားတွင် နှစ်ပေါင်း ၃ဝ ခန့်နေသော်လည်း ရိုးရိုးအေးအေး နေထိုင်ကြသည့် ချစ်စရာ ဇနီးမောင်နှံဖြစ်သည်။ ဥရောပ၏ Socialist စနစ်အကြောင်း၊ အခွန်ကိစ္စများအကြောင်းကိုလည်း မသိရှာကြပေ။ ဒိန်းမတ်၊ နော်ဝေနိုင်ငံများရှိ မြန်မာများက သူတို့အစိုးရများ အထောက်အပံ့ပေးကြပုံများကို ပြောပြသည့်အခါ ဒကာကြီးက “တောက်”တစ်ခေါက်ခေါက်ဖြင့် မသိရလေခြင်းဟု ညည်းတွားနေပုံမှာ ရယ်ဖွယ်ကောင်းသလို ခင်မင်ဖွယ်လည်း ကောင်းလှသည်။
ဆက်လက်ဖော်ပြပါမည် …
အရှင်ကုသလသာမိ (အတည်မဲ့)