လင်းထင် - မီးဗုံး အပစ် ခံရတဲ့ ဆင်ခြင်တုံ တရား


လင်းထင် - မီးဗုံး အပစ် ခံရတဲ့ ဆင်ခြင်တုံ တရား
(ခေတ်မောင်း) နိုဝင်ဘာ ၃၀၊ ၂၀၁၄

ဒီဆောင်းပါးကို ရေးလက်စ ကတော့ ကြေးနီတောင် စီမံကိန်းနဲ့ ဆိုင်တဲ့ အချက်အလက်တွေကို အမြစ်လှန်မဟဲ့ ပေါ့။  ညောင်မြစ်တွေ ပေါ်အောင်ထိ ပုတ်သင်ဥတွေ တူးပြလိုက်မဟဲ့ ပေါ့။   စုံစမ်းစစ်ဆေးသမှု အထူးပြုလုပ်တဲ့ စာနယ်ဇင်း ပညာကသာ ရန်သူ ရုပ်လုံး အထင်းသား ပေါ်စေကြောင်း စစ်အရင်းရှင် ဗျူရိုခရေစီ ဆိုတဲ့ အကြိမ်ကြိမ်သုံးမိတဲ့ စကားလုံးကို အချက်အလက်တို့နဲ့ အဋ္ဌကထာ ဖွင့်လိုက်မဟဲ့ပေါ့။

ပြီးတော့မှ မင်းကြိုက်စိုးကြိုက် ပညာတတ် မလည် ရှုပ်များ အကြိုက် ဘယ်ပုံ ဘယ့်နှယ် ညီညွတ် မျှတတဲ့ ဥပဒေ အသွင် ပြဋ္ဌာန်းနိုင်ရင်တော့ ငြိမ်းချမ်းစိုးမိုး နိုင်ငံရေး နည်းနာ ကောင်းရယ်လို့ ဒီမိုကရေစီ ခေါင်းကိုင် ဖအေ ဂိုက် ထုတ်လိုက်မဟဲ့ပေါ့။

ဘာအဓိပ္ပာယ်ရှိလဲ...၊   မီးဗုံးနဲ့ အထုခံရတဲ့နောက် ဘာ အဓိပ္ပာယ်များ ရှိတော့မှာလဲ။  သပိတ်စခန်း ကျဆုံးသွားသည့်နှယ် စကားလုံးများရဲ့ အနှစ်သာရ ကျဆုံးသွားတယ်။  ဘူဇွာ အကျင့်အကြံ ဆင်ခြင်ခြင်းနဲ့ တက္ကဗေဒဟာ မီးသတ်ပိုက်အောက်မှာ ခေါင်းမထူနိုင်၊ ကိုယ်ကျိုးစီးပွားဆိုတဲ့ ငရဲမီးပန်းပွင့်ခဲ့ပြီ။ 

စစ်အရင်းရှင် စနစ်အပေါ် ဆင်ခြင်ခြင်း သက်သက်၊ တက္ကဗေဒ သက်သက်၊ စကားလုံး သက်သက်ဖြင့် ချဉ်းကပ်လို့မရဘူး။  အားကြီးသူရဲ့ ပုဂ္ဂလိက အကျိုး စီးပွားဟာ အားနည်းသူတို့ရဲ့ တကိုယ်ရေ ဘ၀ တခုချင်းစီကို  “အောင်သေအောင်သား” စားသုံးကြတဲ့ အနှစ်ထောင်သောင်း အစဉ်အလာ။

ဗိုလ်သိန်းစိန် အစိုးရ ကာကွယ်နေတာ ဝမ်ပေါင်မှတ်နေကြသလား။  ဗိုလ်သိန်းစိန် အစိုးရ ကာကွယ်နေတာ ဒီအနှစ် ထောင်သောင်း အစဉ်အလာကို ကာကွယ်နေတာ။  ဗိုလ်သိန်းစိန် အစိုးရ ကာကွယ်နေတာ လူ့သမိုင်းမှာ လူတွေ အကျွမ်းကျင်ဆုံး တတ်မြောက်ခဲ့တဲ့ လူနဲ့လူချင်း သွေးစုပ်ခြင်း အစဉ်အလာကို ကာကွယ်နေတာ။

လူနဲ့လူချင်း သွေးစုပ်နိုင်ခွင့်က လျော့ပါး မသွားအောင် ကာကွယ်တဲ့ နေရာမယ် မီးလောင်ဗုံးက လက်နက် တရပ် ဖြစ်သည့်နှယ်၊ ဥပဒေ ဟာလည်း သူတို့လက်နက်၊ လွှတ်တော် ဟာလည်း သူတို့လက်နက်၊ စက္ကောမ တဖြစ်လဲ ဒေါ်အောင်ဆန်းစုကြည် ဟာလည်း သူတို လက်နက်၊ အိုဘားမား ဟာလည်း သူတို့လက်နက်။  သူတို့ ဥပဒေဟာ မီးလောင်ဗုံးပဲ၊ လွှတ်တော် စက္ကောမ အိုဘားမားဟာ မီးလောင်ဗုံးပဲ။   ဘိုင်လမ်းလိုက်တော့ စစ်အုပ်စုရဲ့ လွှတ်တော်ထဲ လာဘ်ခေါ်ကောင်းအောင် တွဲလွဲ အဆွဲခံဖို့ ဇီးကွက်ရုပ်လမ်း လိုက်တာပဲလို့ ရေးဖူးတာ ဘယ်လုံလောက်မလဲ။  နပမ်းဗုံးလမ်း လိုက်တာပါ့ ကလား။

ဝမ်ပေါင်ဆိုတာ ဘာလဲ။

ဝမ်ပေါင်ဆိုတာ China North Industries Co (NORINCO) ဆိုတဲ့ တရုတ် နိုင်ငံပိုင် လက်နက် ကုမ္ပဏီကြီးရဲ့ လုပ်ငန်းခွဲ သတ္တုတွင်းတူးတဲ့ မိုင်းကုမ္ပဏီ။  မုံရွာမှာ ကြေးနီ တူးတာ မတိုင်ခင်ကတည်းက ချင်းပြည်မှာ တခြား တရုတ် ကုမ္ပဏီတွေနဲ့ စုပေါင်းစပ်ပေါင်း နီကယ်တူးတယ်၊ တရုတ်က ဗမာပြည်ကို ချေးတဲ့ ငွေ Preferential Buyer Loan တွေကို သုံးတဲ့ စက်မှု ဓာတုပရိုဂရမ်မှာ ပါဝင်ပတ်သက်တယ်။

ဝမ်ပေါင် မုံရွာကို ဘယ်လို ရောက်လာသလဲ။

၂ဝ၁ဝနှစ်လည်မှာ ဆွေမျိုး ပေါက်ဖော် ဆက်ဆံရေး နှစ် (၆ဝ) ပြည့် အထိမ်းအမှတ်ဆိုပြီး တရုတ်ဝန်ကြီး ချုပ် ဝမ်ကျားပေါင် ဗမာပြည်လာတယ်၊ ဆွေမျိုး ပေါက်ဖော် ဆက်ဆံရေး နှစ် (၆ဝ) ပြည့် အခမ်းအနားမှာပဲ ဝန်ကြီးချုပ် ဝမ်ကျားပေါင်နဲ့ အဲဒီ့တုန်းက ဝန်ကြီးချုပ် သိန်းစိန်တို့ ရှေ့မှောက် ဝမ်ပေါင့် မိခင်ကုမ္ပဏီ China North Industries Co (NORINCO) နဲ့ ဦးတကယ်မပိုင်ဘဲ ဗမာ စစ်တပ်ပိုင်တဲ့ မြန်မာ့ ဦးပိုင်တို့ မုံရွာ စီမံကိန်းကြီးကို အောင်ပွဲခံ လက်မှတ်ထိုး ခဲ့ကြလေသတည်း။

ဝမ်ပေါင် မရှိခင် ကရော မုံရွာမှာ နိုင်ငံခြားသားတွေ ကြေးနီ တူးသလား။

တူးတာပေါ့။  မြန်မာ့ သတ္တုတွင်းလုပ်ငန်းနဲ့ ဖက်စပ် ကနေဒါပိုင် အိုင်ဗင်ဟို။  တူးလို့ ထွက်သမျှ ကမ္ဘာပတ် ရောင်းပေးတာက ဂျပန်ကုမ္ပဏီ Marubeni Co.။  (၂ဝဝ၇) အစောပိုင်းမှာတော့ ကနေဒါ ပြည်သူတွေ ဖိအားနဲ့ ရှယ်ယာတွေကို ရောင်းပြီး အိုင်ဗင်ဟို ဗမာပြည်က ထွက်သွားပါတယ်။

မုံရွာ စီမံကိန်းမှာ စံပယ်တောင်၊ ကြေးစင်တောင်နဲ့ လက်ပံတောင်း (လက်ပဒေါင်း) တောင် ပရောဂျက်တွေ ပါဝင်ရာမှာ အိုင်ဗင်ဟိုနဲ့ တုန်းကတော့ လက်ပံတောင်းတောင် မစရသေး။  ဝမ်ပေါင် ဝင်လာမှ အခုနာမည်ဆိုးနဲ့ ကျော်တဲ့ လက်ပံတောင်းတောင် ပရောဂျက် စတယ်။  လက်ပံတောင်း မစခင် ကတည်းက ဒေသခံတွေ ယာတွေ အသိမ်းခံရတာ၊ ပျက်ကုန်တာ၊ လျော်ကြေး မရတာ၊ တောတွေ ပြုန်းကုန်တာ၊ တောင်ကတုံး ဖြစ်ရုံမက တောင်လုံးကွယ် တောင်လုံးပျောက် ဖြစ်ကုန်တာ အသံတွေ ထွက်နေနှင့်ပြီး ဖြစ်တယ်။

ဒါပေမဲ့ ဒီအသံတွေဟာ ငတ်နေသူတွေ၊ မျက်နှာမွဲတွေ၊ နင်းပြားတွေ၊ ဓားမနောက်ပိတ် ခွေး တွေဆီက ထွက်လာတဲ့ အသံတွေ ပီပီ အားနည်းတယ်၊ တိုးလျ တယ်။  အားနည်းပြီး တိုးလျတဲ့ အသံတွေဖြစ်ပေသည့် နားစိုက် ထောင်ရင်တော့ ကြားရမပေါ့။  အဓိက ပြဿနာက နားစိုက်ထောင်ရ ကောင်းမှန်း မသိတဲ့ ပြဿနာ၊ နားစိုက် မထောင်လိုတဲ့ ပြဿနာ။  သိန်းစိန် အောင်မင်း စကမ စစ်အုပ်စုနဲ့ ကြံရာပါတွေကို မဆိုလို။  အခု ကျနော်ရေးတဲ့ ဒီစာကို အင်တာနက် သုံးပြီး အွန်လိုင်းက ဖတ်ကြမယ့် ကိုယ့် ကိုယ်ကိုယ် ပညာတတ် လူလတ်တန်းစား အလွှာထဲ ဇွတ် အတင်း သွတ်သွင်း ယုံမှတ်မှားတဲ့ လူတန်းစားပျက်တွေကို ဆိုလိုတာ။

အသိဉာဏ်ရှိ ပြည်ချစ်ပြီး တိုးတက် ကြီးပွားလိုစိတ် ပြင်းပြကာ တိုင်း နိုင်ငံ ကောင်းစားပါစေကြောင်း ရည်သန်တဲ့ လူမှန်ရင် အားနည်း တိုးလျတဲ့ အသံတွေကို ကိုယ်စားပြု ပဲ့တင် ထပ်ပေးရမယ့် တာဝန်ရှိတယ်။  အဲ့ဒါမှ ပညာတတ် လူလတ်တန်းစား ဂုဏ်အင်နဲ့ ကိုက်ညီမယ်။  မိုဘိုင်းဖုန်းမှာ အင်တာနက်သုံးခ ဈေးကြီးသွားမှာ ဘဝရဲ့ ဝဋ် ဒုက္ခ အသွင် ထင်မှတ်နေရုံလောက် နဲ့ကတော့ (၂ဝဝ၇) မှာ မျက်ရည်ကျလိုက် စစ်အုပ်စုရဲ့ သရုပ်သကန် ရုပ်အမှန်ကို မေ့သွားလိုက်၊ နောက်ပြန်လှည့်မှာ ကြောက်ချင်ယောင် ဆောင်လိုက်၊ (၂ဝ၁၂) မှာ အငိုပွဲဖွဲ့လိုက် ဥပဒေ စိုးမိုးချင်လိုက်နဲ့၊ စစ်နောက်မြီးဆွဲဝါဒီ သူဌေး ကြေးပဝါဒီ တွေအဖြစ် စိတ် ကစဥ့်ကလျား ဘဝက တက်နိုင်မှာ မဟုတ်ဘူး။

မြစ်ဆုံမှာ ဆည်ဆောက်တာကို ကချင်တွေ အော်တာ (၂ဝဝ၇) မတိုင်ခင်ကတည်းက၊ ဧရာဝတီ အသံကြားမှ ဖင့်လေးတဲ့ အမျိုးသားရေးတွေ (၃) နှစ်လောက် နောက်ကျ နိုးကြားတယ်။   မုံရွာကြေးနီ ကိစ္စလည်း ငတ်တဲ့သူက ငတ်နေပါပြီ အော်တာ နှစ်များ အတော်ပေါက်မှပဲ ကြားတော်မူတယ်။  ကြားတဲ့အချိန်မှာ မီးလောင်တိုက် အသွင်းခံခဲ့ရပြီ။  ကျနော်တို့ လူအများစုကြီးဟာ တကယ့်ကို Ignorant တွေပဲ၊ သတိမမူတတ်ဘူး... လျစ်လျူ ရှု တတ်တယ်။   ဒီလိုနဲ့ နိုင်ငံရေး နလပိန်းတုံး ဘဝ သက်ဆင်းပြီး သမ္မတကြီးက သမ္မတကြီးကနဲ့ ဆီမန်းမန်းသလို တတွတ်တွတ် ရေရွတ်ကြတော့တာပဲ။

မထူးဆန်းဘူး၊ ဘာမှ မထူးဆန်းဘူး။  အကြောင်းရင်းခံ အမျိုးမျိုးနဲ့ ဆန္ဒပြပွဲ သပိတ်တိုက်ပွဲတွေ အုံကြွ ဖြစ်ထွန်းနေချိန်မှ ပြက်ရယ်ပြုတဲ့ မနှစ်လိုတဲ့ ဒီမိုသောက ရောက်နေသူတွေ စိုးမိုးတည်ငြိမ်ရောဂါ တက်နေသူတွေ ရှိသေးသရွေ့ အသတ်ခံရ၊ အဖမ်းခံရ၊ တိရစ္ဆာန် လို အဆက်ဆံခံရတာ မထူးဆန်းဘူး။ ပိုပြီး ဖောက်ပြန်တဲ့ လူတန်းစားသစ် ထုနဲ့ ထည်နဲ့ကို ဖြစ်ထွန်းလာလိမ့် ဦးမယ်ဆိုတာ ကြိုပြောလိုက်ချင်ပါရဲ့။  

အစဉ်အဆက် စစ်အုပ်စုကို မျက်မွှေးတော် ထော်လို့မှ မကြည့်ဝံ့သူ အလွှာ အတန်းစားက ဆင်းသက် ပေါက်ဖွားလာကြသူတွေ အခွင့်သာတာနဲ့ စစ်သွေးနှောလိုက်ပြီး ကိုကာကိုလာ ယဉ်ကျေးမှုမှာ အလိုက်သင့် ပိုက်ဆံ ဆထက်တပိုး တိုးရှာနိုင်မယ့် ဒီမိုကိုငွေတိုးတွေ၊ ပညာတော်သင် အလွှတ်ခံရမယ့် ဒီမို ပိဋကတ်အိုးကွဲတွေ ဖြစ်လာကြပြီး လူထုနိုင်ငံရေးကို သရော် စော်ကားကြဦးမယ်။

လူထု နိုင်ငံရေးကို မလိုတမာ စိတ်ရှိတဲ့ လူတန်းစားပျက်ရဲ့ ဖွံ့ဖြိုးမှုဆိုတာ အခြေအနေ တည်ငြိမ်ရေး ဆိုတာအပေါ် အခြေခံတယ်ဆိုတဲ့ ဆင်ခြင်တုံတရားကို ဆန်းစစ် ကြည့်ရအောင်။  အခြေအနေ တည်ငြိမ်တယ် ဆိုရာမှာ ပြောခွင့် ဆိုခွင့်မသာ ကြောက်လို့ ငြိမ်နေရတဲ့ အဖြစ်ကို တည်ငြိမ်တယ် ဆိုနိုင်ပါ့မလား။ လူမှုဘဝ ဖူလုံသမို့ လူ့ဘောင်အတွင်း ဟန်ချက် မျှခြေ ဖြစ်ထွန်းပြီး တောင်သူက တောင်သူ အလုပ်လုပ်၊ ကျောင်းသားက ကျောင်းသားအလုပ် လုပ်နေနိုင်တဲ့ ဝန်းကျင် အခြေအနေကိုသာ တည်ငြိမ်တယ် မဆိုအပ်ပေဘူးလား။

လူမှုဘဝ မဖူလုံရုံမက အထိပါး အဖျက်စီး ခံနေကြရသမို့သာ တောင်သူနဲ့ ကျောင်းသား သူပုန် ဖြစ်ကြရတာ မဟုတ်လား။  တည်ငြိမ်ရေး ဆိုတာကို လိုလားသူတွေဟာ ဘယ်အရာကိုပါ တွဲပြီး ယုံကြည်ကိုးစား ရှိအပ်သလဲ၊ ယူမှတ်တတ်သေးသလဲဆို အင်အား တောင့်တင်းမှု တရပ်က ချုပ်ကိုင် လွှမ်းမိုးမှု အပေါ်ကို ငံ့လင့်တယ်။  အကာအကွယ် ခံယူလိုတယ်။  စကားရိုးရိုးနဲ့ ပြောရမယ်ဆို ခိုင်မာ တောင့်တင်းတဲ့ အစိုးရကို အလိုရှိတယ်ပေါ့ဗျာ။  လှုပ်လှုပ် လှုပ်လှုပ် ဖြစ်လိုက် ပြုတ်ကျ သွားလိုက်ဆိုတဲ့ အစိုးရမျိုး မလိုချင်ဘူးပေါ့ဗျာ။  ဒီလို အစိုးရမျိုးနဲ့မှ တည်ငြိမ်မှု ဖြစ်ထွန်းပြီး ဖွံ့ဖြိုးမယ်ပေါ့ဗျာ။

ဒီအယူလွဲဟာ တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အား ရှိမယ်ဆိုတဲ့ အနှစ်ငါးဆယ်မှိုင်းရဲ့ တိုက်ရိုက် အမွေခံပဲ။  နာရတာကို အကြိုက်တွေ့ အရသာ ခံတတ်တဲ့ စိတ်ရောဂါပဲ။  ဘယ်နိုင်ငံရေးသမားမှ  အသုံးမကျလို့ တပ်မတော်က အမျိုးသားရေး တာဝန်အနေနဲ့ တိုင်းပြည် အာဏာ ရယူရပါတယ်၊ အရင် အနှစ်ငါးဆယ် မက လာမယ့် အနာဂတ်မှာလည်း နိုင်ငံရေးထဲ တိုက်ရိုက်ပါဝင် စွက်ဖက် ရပါဦးမယ်ဆိုတဲ့ အရင်းခံ အယူပဲ။

တကယ်ပဲ အင်နဲ့ အားနဲ့ အဓမ္မ စွက်ဖက် ချုပ်ကိုင်လို့ တည်ငြိမ်မှုဆိုတာ ဖြစ်ထွန်း တည်ရှိခဲ့ လေသလား ဖွံ့ဖြိုးမှု နောက်က ပါလာသလား ဆိုတာ ဗမာ့ နိုင်ငံရေးကို ကျောနဲ့ရင်း နားလည်ကြရတဲ့ လူတွေ အသိပဲ။  ကျန်ခဲ့တဲ့ အနှစ် ငါးဆယ်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမျိုးရေး အနယ်နယ် အပယ်ပယ်မှာ ဘယ်သော အခါမှ မတည်ငြိမ်ခဲ့ဘူး။  ဒီလို မတည်ငြိမ်မူကိုပဲ အခွင့်ကောင်းယူ အသုံးချပြီး အာဏာကို လက်မလွှတ် အာဏာ ပဋိစ္စသမုပ္ပါဒ် လည်စေခဲ့တာပဲ။  ဒီအာဏာ စက်ဝန်းကြီးက ဖန်ဆင်း မွေးမြူထားတဲ့ စစ်အရင်းရှင် စနစ်ကြီးရဲ့ ဓနအင်အားဟာ မုံရွာ နယ်တဝိုက် တူး အထုတ်ခံရတဲ့ မြေသား ပမာဏနဲ့ တိုက်ရိုက် အချိုးကျပါတယ်။   ဒီအာဏာ စက်ဝန်းကြီး ကျိုးပျက်သွားအောင် ဖျက်မှ ဖြစ်ပေတော့မယ်။   အာဏာကို၊ ဓန ဥစ္စာ နဲ့ အခွင့်အရေးတို့ကို ပြန်လည် လု ယူရုံက အပ ဒီ့ပြင့် နည်း မရှိဘူး။

လင်းထင်

Lin Htin Facebook:


လက်ပံတောင်းတောင် ဒေသခံ ရဟန်း သံဃာ လူထု မီးဗုံးပစ် ဖြိုခွဲခံရခြင်း (၂) နှစ်ပြည့် အထိမ်းအမှတ် ခေတ်မောင်း စာစောင် ၊ အတွဲ (၁) ၊ အမှတ် (၇)၊ နိုဝင်ဘာ လ၊ (၂၀၁၂) ကနေ ပြန်လည် ကူးယူ ဖော်ပြ လိုက်ပါသည်။  


ခေါင်းစီး ဓာတ်ပုံ  - ရန်နောင် (ဗိုလ်တထောင်) / မိုးမခ။  လက်ပံတောင်း သပိတ်စခန်း (၂) နှစ် ပြည့် အဖြစ် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ရန်ကုန် ဆန္ဒပြပွဲ။


××××××

လင်းထင် (လင်းအေးထင်) စာ ဟောင်းများ ဖတ်ရန် -

ငရဲလမ်းလိုက်မှ ဘာ မျှော်လင့်ရဦးမလဲ

ဘာလဲဟဲ့ ရင်ကြားစေ့ရေး

အလကား မတ်တင်း အမျိုးသား ကဗျာဆရာကြီး ကိုချော

ဘာသာရေးဟာ လောကီကြောင်းမှာ စပ်ယှက် သင့်မသင့်

ဂိုဂင်နီ