၂၀၁၅ နှစ်သစ်ကို လက်ပတောင်းအရေးအခင်းနဲ့ ကြို

၂၀၁၅ နှစ်သစ်ကို လက်ပတောင်းအရေးအခင်းနဲ့ ကြို
(Yangon Globe News) သတင်းများမှ ကောက်နုတ်ဖော်ပြသည်၊ ဒီဇင်ဘာ ၃၁၊ ၂၀၁၄


လက်ပတောင်းတောင် ကြေးနီးစီမံကိန်းတိုးချဲ.ရန် ခြံစည်းရိုးခတ်မှုကြောင့် လယ်ယာမြေများဆုံးရှုံးသွားသောဒေသခံများက ဆည်တည်းရွာအနီး ၂၄ နာရီပတ်လုံး သပိတ်စခန်းဖွင့်လှစ်၍ ၄င်းတို့၏လယ်ယာမြေများပြန်လည်ရရှိရန် ဆန္ဒပြတောင်းဆိုနေကြောင်း ဒေသခံဘုန်းတော်ကြီးဦးစန္ဒာသီရိက ပြောကြားသည်။ 

ယမန်နေ့က အစိုးရသတ္တုတွင်း ၀န်ကြီးဌာန ၀န်ကြီးဦးသန်းထွန်းအောင်သည် ၂၀၁၂ လက်ပတောင်းသပိတ် စခန်းဖြိုခွင်းမှုတွင် ဒဏ်ရာရရှိခဲ့သော ဆရာတော်ဦးတိက္ခအား မုံရွာတွင်လာရောက်တွေ.ဆုံခဲ့သော်လည်း ဆန္ဒပြဒေသခံများနှင့် တွေ့ဆုံမှုမရှိခဲ့ကြောင်းသိရသည်။

(ဓာတ်ပုံ။ ဆရာတော်ဦးစန္ဒာသီရိနှင့် လုံထိန်းအဖွဲ.တို့ လက်ပတောင်းတောင်ဒေသတွင် လွန်ခဲ့သည့်ရက်သတ္တပတ်က ရင်ဆိုင်နေပုံကိုတွေ.ရစဉ်။)


တစ်ကျော့ပြန် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ပဋ္ဋိပက္ခတွင် ဒေသခံတောင်သူဒေါ်ခင်ဝင်း သေဆုံးခဲ့မှုအား တရားဥပဒေအတိုင်း ထိရောက်စွာအရေးယူပေးရန် အစိုးရအာဏာပိုင်များကို အမျိုးသားရေးဒီမိုကရေစီအဖွဲ.ချုပ်ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုလိုက်သည်။
"လက်ပံတောင်းတောင်ကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုရှောင်လွှဲလို့မှမရတဲ့ တစ်ခုကတော့ အမျိုးသမီးတစ်ယောက် သေဆုံးသွားတယ်။ လူတစ်ယောက်ရဲ့ အသက်ဆိုတာက တန်ဖိုးဖြတ်လို့မရဘူးလေ။ အဲဒီတော့ဒီကိစ္စ နဲ့ပတ် သက်ပြီးတော့ အာဏာပိုင်တွေဘက်ကတော့ မှန်မှန်ကန်ကန် တရားမျှမျှတတနဲ့ ခံခဲ့ရတဲ့သူတွေကျေနပ် အောင်လို့ အရေးယူပေးဖိုလုပ်ပေးရမယ်" ဟု၎င်းက ယနေ့ရန်ကုန်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
မုံရွာခရိုင်ဆားလင်းကြီးမြို.နယ်ရှိ လက်ပတောင်းတောင်စီမံကိန်းအား ဆန့်ကျင့်သည့် ဆန္ဒပြသပိတ်များကို လွန်ခဲ့သည် နှစ်နှစ်ကျော်က အစိုးရကအကြမ်းဖက်ဖြိုခွင်းပြီးနောက် သမ္မတဦးသိန်းစိန်ဖွဲ.ပေးလိုက်သော ကြေးနီစီမံကိန်းစုံစမ်းရေးကော်မရှင်တွင် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဌတာဝန်ယူခဲ့သည်။
သို့သော် ထိုကော်မရှင်၏ အကြံပြုချက်များအား အစိုးရသတ္တုတွင်းဝန်ကြီးဌာန တာဝန်ရှိသူများ၊ စီမံကိန်းအား တရုတ်နိုင်ငံဝမ်ပေါင်ကုမ္ဗဏီနှင့် ဖက်စပ်လုပ်ကိုင်သော စစ်တပ်ပိုင်မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ အရာရှိများဖြင့် ဖွဲ့ထားသော စီမံကိန်းဖော်ဆောင်ရေး ကော်မတီသည် လိုက်နာမှုမရှိသောကြောင့် ယခုကဲ့သို့ ပဋ္ဋိပက္ခဖြစ်ပွားရခြင်းကြောင်း၊ ထို့ကြောင့် ပဋိပက္ခများဖြစ်ပေါ်လာရခြင်းသည် အစိုးရအာဏာပိုင်များတွင်သာ တာဝန်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။


ယမန်နေ့က ပြုလုပ်ခဲ့သည့် လက်ပတောင်းတောင် ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြမှုအား ဦးဆောင်သူ ကိုနေမျိုးဇင်၊ ဒေါ်နော်အုန်းလှ၊ ဒေါ်စိန်ထွေးတို့အား ရန်ကုန်အနောက်ပိုင်းခရိုင် ဒဂုံရဲစခန်းတွင် စစ်ဆေးမေးမြန်းပြီးနောက် ပုဒ်မ အနည်းဆုံး ၈ ခုဖြင့် တရားစွဲဆိုပြီး အင်းစိန်ထောင်တွင်ချုပ်နှောင်လိုက်သည်။ 

ရန်ကုန်မြို.တော်ခန်းမမှ ဒဂုံမြို.နယ်ရှိ တရုတ်နိုင်ငံသံရုံးအား ဆန္ဒပြချီတက်မှုတွင် ပါဝင်ခဲ့သည့် ၄င်းတို့ ၃ ဦးအား ယနေ့မနက်တွင် ရဲများကလာရောက်ခေါ်ယူခဲ့ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ၊ တာဝန်ဝတ္တရားနှောက်ယှက်မှု၊ တရားမ၀င်စီတန်းလှည့်လည်မှု၊ ပုတ်ခတ်ဆဲဆိုမှုအများအပြင် စုစုပေါင်း ပုမ်မ ၈ ခုဖြင့် အမှုဖွင့်ပြီး ဒဂုံမြို.နယ်တရားရုံးတွင် ယနေ့နေ့လည်တွင် တရားစွဲဆိုခဲ့သည်။ 

တရားစွဲဆိုမှုအား နေ့လည် ၁ နာရီခွဲခန့်တွင်ပြုလုပ်ရာ မီဒီယာများနှင့်လာရောက်ကြည့်ရူသူများကို ဒဂုံမြို့နယ်တရားရုံးအတွင်းသို့ ဝင်ရောက်ခွင့် မပြုသောကြောင့် ဒေါ်နော်အုံးလှက တရားရုံးရှေ့တွင် မိနစ် အတော်ကြာ လှဲအိပ်ဆန္ဒပြတောင်းဆိုခဲ့သည်။ ရဲတပ်ဖွဲ.က သူ၏တောင်းဆိုချက်ကို လိုက်လျောပြီးမှသာ ဒေါ်နော်အုံးလှက တရားရုံးတွင်းသို့ ၀င်ရောက်သွားခဲ့သည်။ 

စွဲဆိုထားသည့်အမှုများမှာ ၎င်းတို့အမှန်တကယ် ကျူးလွန်ခဲ့ခြင်းမရှိသည့် ဆဲဆိုခဲ့ခြင်း၊နိုင်ငံတော်အကြည်ညိုပျက်စေခြင်း၊ကိုယ်ထိလက်ရောက်လုပ်ခဲ့ ခြင်းများလည်းမရှိခဲ့ကြောင်းတရားရုံးသို့ ရှင်းပြခဲ့ပြီးဖြစ်ကြောင်း တရားခွင်မှထွက်လာပြီှး ၄င်းတို့ ၃ဦးအား အင်းစိန်ထောင်သို့မပို့မီ ကိုနေမျိုးဇင်ကပြောသည်။

“ကျွန်တော်တို့ ဆိုတာ တစ်ခုပဲရှိပါတယ်။နိုင်ငံတော်သီချင်းပါ။နိုင်ငံတော်သီချင်းဆိုတာ နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြစ်လား၊မဖြစ်လားမေးတော့ တရားသူကြီး မင်းစဉ်းစားပါဆို တော့ ဘာမှမပြောဘဲ လှည့်ပြန်သွားပါတယ် ” ဟု ၎င်းကပြောသည်။ 

အလားတူ ဒေါ်နော်အုန်းလှကလည်း ဆန္ဒပြခဲ့သည့်အကြောင်းနှင့်ပတ်သက်၍ 
“ ကျွန်မတို့နိုင်ငံသားကိုသေနတ်နဲ့ပစ်သတ်တာမကျေနပ်လို့ ကျွန်မတို့ကဆန္ဒပြတာ။ဒါကို မကျေနပ်တဲ့ အစိုးရသည် ကြိုက်သလိုလုပ် သေဒဏ်လဲပေးနိုင်တယ်ခံမယ်” ဟု၎င်းက ပြောသည်။ 

တရားတွင်စွဲချက်တင်ပြီးနောက် ၄င်းတို့ ၃ ဦးအား ရမန် ၂ ပတ်ပေး၍ ရန်ကုန်အင်းစိန်ထောင်သို့ ချုပ်နှောင်ရန်ခေါ်ဆောင်သွားခဲ့သည်။ 

နိုင်ငံရေးအမှုများကိုရှေ.နေလိုက်ပေးသူ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ဒေါ်နော်အုန်းလှနှင့် ကိုနေမျိုးဇင်တို့၏အမှုများအားလိုက်ပေးမည်ဖြစ်ပြီး ယနေ့၎င်းတို့ကိုစွဲဆိုလိုက်သောစွဲချက်များအရ ဥပဒေကြောင်းအရ ထောင်ဒဏ် ၈ နှစ်ထိချနိုင်ကြောင်း သူကဆိုသည်။ 

ဒီမိုကရေစီအမျိုးသမီးကွန်ရက်မှ ဒေါ်နော်အုံးလှကို ရန်ကုန် စမ်းချောင်းမြို့နယ်ရှိနေအိမ်တွင် ယနေ့ နံနက်ပိုင်းက လာရောက်ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး မြန်မာ့လူမှုဘဝဖွံ့ဖြိုးရေးအသင်းမှ ကိုနေမျိုးဇင် ကိုမူ ၄င်းနေထိုင်ရာ တောင်ဒဂုံမြို.နယ်တွင် ရဲများက ခေါ်ဆောင်သွားခြင်းဖြစ်သည်။ အလားတူ ယမန်နေ့ဆန္ဒပြမှုတွင် အနီရောင်အလံကိုကိုင်လျက် ရဲများ၏ပိတ်ဆို့မှုကို ကျော်ဖြတ်၍ တရုတ်သံရုံးရှေ.သို့သွားရောက်ကြိုးပမ်းသူ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ.မှ ဒေါ်စိန်ထွေးအား ရန်ကုန်မြို.လမ်းမတစ်နေရာတွင် ရဲများကဖမ်းဆီးခဲ့သည်။ 

ယမန်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သော ဆန္ဒပြပွဲတွင် စစ်ကိုင်းတိုင်မုံရွာခရိုင် ယင်းမာပင်မြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဖျက်သိမ်းရေးအပြင် “သိန်းစိန်အစိုးရဖြုတ်ချရေး” လူသတ်အစိုးရအလိုမရှိဟူသော ကြွေးကြော်ချက်များ ဟစ်ကြွေးခဲ့သည်။ 

လူအင်အားရာချီရှိသည့်ဆန္ဒပြပွဲတွင် ကိုနေမျိုးဇင်ဦးဆောင်သော မြန်မာလူမှုဘ၀ဖွံ့ဖြိုးရေးအသင်း၊ ဒေါ်နော်အုန်းလှ၏ ဒီမိုကရေစီနှင့် အမျိုးသမီးကွန်ယက် နှင့် ဦးဘမြင့်ဦးဆောင်သော ဒီမိုကရေစီမြှင့်တင်ရေးအဖွဲ.တို့အပြင် အကျဉ်းကျခံနေရသူ ဦးထင်ကျော်၏ ဒီမိုကရေစီစဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ.နှင့် Generation Youth အဖွဲ့တို့လည်းပါဝင်ခဲ့သည်။ 

ဆန္ဒပြရာတွင်ပါဝင်သူအချို.ကိုလည်း ဒဂုံမြို.နယ်တရားရုံးတွင် အဝေးရောက် တရားစွဲဆိုခဲ့ကြောင်းသိရပြီး၊ ယနေ့ညနေတွင် ဆန္ဒပြခဲ့သူတစ်ဦးဖြစ်သည့် ကိုတင်ထွဋ်ပိုင်ကို ရဲများက ရန်ကုန်တွင်ဖမ်းဆီးခဲ့သည်။ ထို့ပြင် ဒေါ်နော်အုန်းလှနှင့်တွဲ၍ နိုင်ငံရေးလှုပ်ရှားသူ ကိုမင်းနေထူး၏အိမ်ကိုလည်း ရဲများကလာရောက်စုံစမ်းခဲ့သော်လည်း ၄င်းတို့ကို အိမ်တွင်မတွေ့ရှိခဲ့ကြောင်းသိရသည်။ 


“ လူသတ်အစိုးရ ဖြုတ်ချရေး" ကြွေးကြော်သံဖြင့် တရုတ်သံရုံးသို့ချီတက်ဆန္ဒပြ

ရန်ကုန် ၂၉ ဒီဇင်ဘာ ။ လင်းသစ်

လက်ပတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရန် ငြိမ်းချမ်းစွာဆန္ဒပြနေသော သံဃာတော်နှင့်လူများကို အစိုးရကအကြမ်းဖက်နှိမ်နှင်းခဲ့သည့် ၂ နှစ်၊ ၁ လ တိတိပြည့်သည့် နေ့တွင် ရာနှင့်ချီသောလူများက ရန်ကုန်မြို.တော်ခန်းမရှေ.မှ တရုတ်သံရုံးရှေ.သို့ ချီတက်ဆန္ဒပြခဲ့ကြသည်။ 

သံဃာတော်အချို.နှင့် နိုင်ငံရေးတက်ကြွသူတစ်ချို.ဦးဆောင်သော ဆန္ဒပြအဖွဲ.သည် ရန်ကုန်မြို.တော်ခန်းမရှေ.တွင် ယနေ့နေ့လည် ၃ နာရီ၌ စုရုံးခဲ့ကြပြီး၊ ထိုမှတဆင့် ဒဂုံမြို.နယ် ပြည်ထောင်စုရိပ်သာလမ်းရှိ တရုတ်သံရုံးသို့ချီတက်ရာ လမ်းတစ်လျှောက်တွင် ဆန္ဒပြသူများက စစ်တပ်ပိုင်ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့သည့်အပြင် “သိန်းစိန် အစိုးရဖြုတ်ချရေး” “ လူသတ်အစိုးရ ဖြုတ်ချရေး” စသည့်ကြွေးကြော်သံများကိုပါသံပြိုင်အော်ဟစ်ခဲ့ကြသည်။ 

ဒီဇင်ဘာ ၂၂ ရက်နေ့က တစ်ကျော့ပြန်ဖြစ်လာသော လက်ပတောင်းပဋိပက္ခတွင် မြေယာသိမ်းဆည်းခံရသည်ကို မကျေနပ်၍ဆန္ဒပြနေသော ဒေသခံတောင်သူ ဒေါ်ခင်ဝင်း ရဲတပ်ဖွဲ.၏ပစ်ခတ်မှုကြောင့် သေဆုံးသွားသည်ကိုညွှန်းဆိုသောအားဖြင့် ယခင်စစ်အစိုးရလက်ထက် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဖြစ်လဲ သမ္မတဦးသိန်းစိန်၏ အစိုးရအား လူသတ်အစိုးရဟု ဆန္ဒပြသူများက သမုတ်ခဲ့ကြခြင်းဖြစ်သည်။ 

သေနတ်ကျည်ဆန်ဖြင့် ဦးခေါင်းပွင့်ထွက်ပြီး သွေးအိုင်ထဲတွင် လဲလျက်သေဆုံးနေသည့် ဒေါ်ခင်ဝင်း ပုံပါရှိသည့်ပိုစတာများ၊ စစ်ကိုင်းတိုင်းမုံရွာခရိုင်ရှိကြေးနီစီမံကိန်းလုပ်ကိုင်နေသော တရုတ်နိုင်ငံပိုင် ၀မ်ပေါင်ကုမ္ဗဏီ မြန်မာပြည်မှထွက်သွား၊ မြန်မာပြည်သည် တရုတ်နိုင်ငံ၏ ထိန်းချုပ်မှုအောက်တွင် ရောက်ရှိနေပြီဟု အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသော စာတမ်းများပါရှိသည့် ပိုစတာများကို ကိုင်ဆွဲထားသည့် ဆန္ဒပြလူအုပ်အား လမ်းတစ်လျှောက်တွင် ရန်ကုန်မြို့ခံများက လက်ခုပ်တီး အားပေး ကြိုဆိုခဲ့ကြပြီး၊ ရပ်ကွက်နေပြည်သူတစ်ချို့လည်း ဆန္ဒပြသူများနှင့်ပူးပေါင်း၍တရုတ်သံရုံးသို့ချီတက်ခဲ့ကြသည်။ 

ရာနှင့်ချီသောရဲတပ်ဖွဲ.များက တရုတ်သံရုံးတည်ရှိရာ ပြည်ထောင်စုရိပ်သာလမ်းမတ၀ိုက်အား သံဆူးကြိုးများချ၍ ပိတ်ဆို့ထားရာ ဆန္ဒပြသူတစ်ချို.မှ ထိုပိတ်ဆို့မှုအားကျော်ဖြတ်ပြီး တရုတ်သံရုံးရှေ.သို့ ရောက်ရှိရန်ကြိုးစားခဲ့ကြသည်။ သို့သော်လည်း ဒိုင်းများ၊နံပတ်တုတ်များ ကိုင်ဆောင်ထားသည့် ရဲများက လူတံတိုင်း သုံးထပ်အပြင် ရဲကားများဖြင့်ပါ လမ်းကိုပိတ်ဆို့ထားလိုက်သည်။

နိုင်ငံရေးတက်ကြွသူ ဒေါ်နော်အုန်းလှနှင့် ဆန္ဒပြသမားများက တရုတ်သံရုံးရှေ့သို့ သွားရောက်ဆန္ဒပြခွင့်ရရန် ထပ်မံတောင်းဆိုကြရာ ခွင့်ပြုချက်မရသဖြင့် ည ၇နာရီ ခန့်တွင် သေဆုံးသူ ဒေါ်ခင်ဝင်း အမှတ်တရ လွမ်းသူ့ပန်းခွေကို ရဲတပ်ဖွဲ့ဝင်များ ရှေ့တွင်ချိတ်ဆွဲ၍ ကမ္ဘာမကြေနိုင်ငံတော်သီချင်းကို ဖွင့်ကာ ငြိမ်သက်ဂုဏ်ပြုပြီး ဆန္ဒပြပွဲအခမ်းအနားကို အဆုံးသတ်ခဲ့ကြသည်။ 

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နှင့် တရုတ်နိုင်ငံပိုင်ဝမ်ပေါင်ကုမ္ဗဏီတို့ မုံရွာကြေးနီ သတ္တုတွင်းလုပ်ငန်းများ လုပ်ကိုင်ရန် စစ်အစိုးရလက်ထက် ၀န်ကြီးချုပ်ဖြစ်သူဦးသိန်းစိန်နှင့် တရုတ်ဝန်ကြီးချုပ်ဝမ်ကျားပေါင်တို့ ၂၀၁၀ ဇွန်လတွင် စာချုပ်ချုပ်ဆိုခဲ့သည်။ 

၂၀၁၂ ခုနှစ်တွင်စ၍ လုပ်ငန်းများစတင်လုပ်ကိုင်ရာ စီမံကိန်းကြောင့် မြေယာဆုံးရှုံးသွားသူများ၊ စီမံကိန်းတိုးချဲ.ရန် အစီအစဉ်ကြောင့် မြေယာဆုံးရှုံးမည့်အရေးကြုံနေရသော စီမံကိန်းအနီးရှိရွာများမှ ဒေသခံများက ဆန္ဒပြပွဲများပြုလုပ်ခဲ့ရာ အစိုးရက ၂၀၁၂ နိုဝင်ဘာ ၂၉ ရက်နေ့မနက်တွင် အကြမ်းဖက်ဖြိုခွင်းခဲ့သည်။ ထိုဖြိုခွင်းမှုတွင် သံဃာတော် ၉၉ ပါးနှင့် လူ ၉ ဦးမီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။ 

ထိုအချိန်မှစ၍ ဆန္ဒပြမှုများ လက်ပတောင်းဒေသတွင် အဆက်မပြတ်ဖြစ်ပေါ်နေရာ လွန်ခဲ့သည့်အပတ်က စီမံကိန်းတိုးချဲ.မှုကြောင့်မြေယာဆုံးရှုံးသူဒေသခံများနှင့် လုံခြုံရေးယူသော ရဲတပ်ဖွဲ.တို့ ထပ်မံပဋိပက္ခဖြစ်ပြီး ဒေါ်ခင်ဝင်းသေဆုံးကာ လူ ၁၀ ဦးထက်မနည်းထိခိုက် ဒဏ်ရာရရှိခဲ့သည်။ ထိုဖြစ်စဉ်နှင့်စပ်ဆက်၍ ဆန္ဒပြမှုများလွန်ခဲ့သည့် အပတ်မှစ၍ မန္တလေး၊ ရန်ကုန်မြို.ကြီးများတွင် ဆက်တိုက်ဖြစ်ပေါ်နေခြင်းဖြစ်သည်။ 


(ဓာတ်ပုံများ- Yangon Globe)