ဂါမဏိ - ဖေဖော်ဝါရီ ၁၂ ရက်မှာ လက်မှတ်ထိုးစရာ ...
(မိုးမခ) ဇန်န၀ါရီ ၂၉၊ ၂၀၁၅
(မိုးမခ) ဇန်န၀ါရီ ၂၉၊ ၂၀၁၅
လာမယ့် ၂၀၁၅ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ တပြည်လုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ဆိုတာကို စုပေါင်းလက်မှတ်ထိုး ကြဖို့ သမတဦးသိန်းစိန်နဲ့ ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့က တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ တွေကို ဆော်သြ မြှူဆွယ် ဖိအားပေးနေတာ တွေ့ရပါတယ်။
တကယ်တော့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ဆိုတာ ပင်လုံစာချုပ်နဲ့ဘဲသက်ဆိုင်ပြီး လက်ရှိပြည်ထောင်စုနိုင်ငံဖြစ်လာအောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရှမ်း ကချင် ချင်းတိုင်းရင်းသားခေါင်းဆောင်တွေ ပန္နက်ရိုက်ခဲ့တဲ့ ပြည်ထောင်စုနေ့အဖြစ် သတ် မှတ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် တန်ဖိုးမြင့်မားလှတဲ့ ပင်လုံစာချုပ်ကို နိမ့်ကျတဲ့ ကလိမ်ကကျစ်တပြည်လုံး အပစ်ရပ် စာချုပ်နဲ့ အစားထိုးတော့မှာလား၊ ရည်ရွယ်ချက်ကြီးမားခန့်ညားတဲ့ ပင်လုံစာချုပ်ကို ဖျောက်ဖျက်ဖို့ကြံစည်တာလား မေးစရာ ဖြစ်လာပါတယ်။
ရှင်းရှင်းပြောရရင် တိုင်းရင်းသားတွေ လက်နက်ကိုင်တော်လှန်တာဟာ ပင်လုံစာချုပ် ဖောက်ဖျက်ခံရလို့သာ ဖြစ်ပါတယ်။ ဒါကြောင့် ပင်လုံစာချုပ်ကို ပြန်လည်အသက်သွင်းဖို့ဟာ အရေးအကြီးဆုံးကိစ္စဖြစ်ပါတယ်။ ၁၉၄၇ ခု ပင်လုံစာချုပ်ချုပ်ပြီး ကတည်းက စာချုပ်အတိုင်း တိတိကျကျလိုက်နာခဲ့ရင် ဘယ်တိုင်းရင်းသားမှ လက်နက်ကိုင်ထကြွခဲ့မှာ မဟုတ်ပါဘူး။
ဒါကြောင့် အခုလာမယ့် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ အလုပ်သင့်ဆုံးကိစ္စက ပင်လုံစာချုပ်ကို အသစ်တဖန် ပြန်လက် မှတ် ထိုးကြဖို့ဘဲ ဖြစ်တယ်။ တခြားဘယ်စာချုပ်နဲ့မှ ပင်လုံစာချုပ်ကို အစားထိုးမရပါဘူး။ တချိန်က ပင်လုံစာချုပ်ကို ဗမာပြည်မ၊ ကချင်တောင်တန်း၊ ချင်းတောင်တန်း၊ ရှမ်းပြည်ဆိုတဲ့ သီးခြားနယ်မြေ ၄ ခု ကိုယ်စားပြု အာဏာပိုင်တွေ လက်မှတ် ထိုးခဲ့သလို ဒီကနေ့ ဗမာအစိုးရနဲ့ တိုင်းရင်းသားနယ်မြေကိုယ်စားပြု တော်လှန်ရေးအာဏာပိုင်တွေ လက်မှတ်ထပ်ထိုးဖို့ဘဲ လိုနေပါတယ်။
ပင်လုံစာချုပ်ချုပ်တဲ့ ၁၉၄၇ ဖေဖော်ဝါရီ မတိုင်မီ ၁၉၄၅ ဇူလိုင် ရန်ကုန်မှာလုပ်တဲ့ ဗကပ ဒုတိယကွန်ဂရက်၊ ၁၉၄၆ ဇန်နဝါရီ ရွှေတိဂုံအလယ်ပစ္စယံမှာလုပ်တဲ့ ဖဆပလ ပထမညီလာခံတို့မှာ ပင်လုံစာချုပ်အတွက် အခြေခံမူတွေကို ဆွေးနွေးချမှတ်ခဲ့ပြီး ဖြစ်တယ်။ ဒီအခြေခံမူတွေဟာ အနှစ်သာရအားဖြင့် ဖက်ဒရယ်မူတွေဘဲဖြစ်တယ်။ ဥပမာအားဖြင့် ...
၁၉၄၅ ဗမာပြည်ကွန်မြူနစ်ပါတီ ဒုတိယကွန်ဂရက်မှာ သခင်သန်းထွန်းက ..
• လူမျိုးရေးပြဿနာ အပြီးသတ်ဖြေရှင်းရေး။
၃။ တပြည်လုံးဆိုင်ရာကိစ္စများကို ဗဟိုကိုယ်စားလှယ်အဖွဲ့ကစီမံပြီး ဒေသန္တရဆိုင်ရာကိစ္စများကို ဒေသန္တရကိုယ်စားလှယ် အဖွဲ့က စီမံရန်။ ဥပမာ၊ ကာကွယ်ရေး၊ ဘဏ္ဍာရေး - ဗဟိုကစီမံရန်။ ပညာရေး၊ ကျန်းမာရေး - ဒေသန္တရ (ကရင်၊ ရှမ်း၊ ဗမာ၊ ရခိုင်၊ မွန်၊ ကချင်) ကစီမံရန်။
၎။ ဗဟိုမှာ လွှတ်တော်နှစ်ရပ်ထားရန်။
၅။ လွှတ်တော်နှစ်ရပ်ကို လူမျိုးရေးလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ဟုသတ်မှတ်ရန်။
၆။ လူမျိုးရေးလွှတ်တော်ကို လူမျိုးချင်းတန်းတူထား၍ လူမျိုးတမျိုး ၁ဝ ယောက်စီ ကိုယ်စားလှယ်မြှောက်ရန်။ ဥပမာ၊ ဗမာ ၁ဝ၊ ကရင် ၁ဝ၊ ရှမ်း ၁ဝ၊ ရခိုင် ၁ဝ၊ ချင်း ၁ဝ၊ ကချင် ၁ဝ စသည်။
၇။ ပြည်သူ့လွှတ်တော်ကို ဒေသအလိုက် ရွေးကောက်ရန်၊ သို့သော် လူမျိုးချင်းရောနေသော ဒေသများ (ဥပမာ၊ မြစ်ဝကျွန်း ပေါ်) မှာ လူမျိုးအလိုက်ရွေးကောက်ရန်။
၈။ လွှတ်တော်နှစ်ရပ် အာဏာတူရန်။
၉။ လွှတ်တော်နှစ်ရပ်ပေါင်းပြီး အစိုးရအဖွဲ့ ရွေးကောက်ရန်။
၁ဝ။ လူမျိုးရေးဆိုင်ရာဝန်ကြီးတွေပါခန့်ရန်၊ လူမျိုးအောက်ခြေထုအားလုံး၏ ကိုယ်စားလှယ်တွေကို ရွေးကောက်ပွဲနဲ့တင်၍ အုပ်ချုပ်ရန်။
၁၉၄၆ ဖဆပလ ပထမညီလာခံမှာ ဒီးဒုတ်ဦးဘချိုက-
“တိုင်းရင်းသားလူနည်းစုအရေး”
၁။ ဘာသာတရား လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုရမည်။
၂။ ယဉ်ကျေးမှု လွတ်လပ်မှုရှိရမည်။
၃။ စီးပွားရေးအခွင့်အရေး တန်းတူရမည်။
၎။ ဗမာနိုင်ငံအသင်း တည်ထောင်ရာ၌ လူမျိုးတိုင်း သဘောတူလွတ်လပ်စွာ တည်ထောင်ရမည်။ ဤသို့ တည်ထောင်ရာ၌ မိမိတို့ကံကြမ္မာ မိမိဖာသာ ဖန်တီးနိုင်ခွင့် အားပေးရမည်။ ခွဲလိုတဲ့အခါ ခွဲခွင့်ရှိကြောင်း ကတိပြုရမည်လို့ အဆိုတင် ဆုံးဖြတ်ခဲ့ ကြတယ်။
ဒါတွေကိုကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်းဟာ ပင်လုံစာချုပ် ချုပ်ရာမှာ ဗမာလူမျိုးကြီးဝါဒီတွေ စစ်ဝါဒီတွေပြောသလို အင်္ဂလိပ် နယ်ချဲ့သမားရဲ့ ဖိအားပေးမှု၊ ရှမ်း-ကချင်ခေါင်းဆောင်တွေရဲ့ အကြပ်ကိုင်မှုတွေကြောင့် ပင်လုံစာချုပ်ကို မလွှဲမရှောင်သာ သဘောတူလက်ခံခဲ့ရတာမဟုတ်ဘဲ ဗိုလ်ချုပ်ကိုယ်တိုင်က လိုလိုလားလားနဲ့ ရှေ့ဆောင်ခဲ့တာ ထင်ရှားနေပါတယ်။
ပင်လုံစာချုပ်ရဲ့ အဓိကသဘောတူညီချက်တွေက
- လွတ်လပ်ရေးကို နယ်မြေ ၄ ခု ပူးပေါင်းယူဖို့
- တိုင်းရင်းသားကိုယ်စားလှယ်တယောက်ကို ဌာနလက်ကိုင်မရှိ တိုင်းရင်းသားရေးရာဝန်ကြီးခန့်ဖို့
- အဲ့ဒီဝန်ကြီးနဲ့လူမျိုးမတူတဲ့ တိုင်းရင်းသားရေးရာ ဒုဝန်ကြီး ၂ ယောက်ခန့်ဖို့
- အဲ့ဒီဒုဝန်ကြီး ၂ ယောက်က အစိုးရအဖွဲ့အစည်းအဝေးတွေမှာ သက်ဆိုင်ရင်သက်ဆိုင်သလို တက်ခွင့်ရှိဖို့
- တိုင်းရင်းသားဒေသတွေရဲ့အတွင်းရေးမှာ အပြည့်အဝကိုယ်ပိုင်အုပ်ချုပ်ရေးရှိဖို့
- ဗမာနိုင်ငံထဲမှာ မြစ်ကြီးနားခရိုင်နဲ့ ဗန်းမော်ခရိုင်တို့ပါဝင်တဲ့ကချင်ပြည်နယ်ထူထောင်ဖို့
- ဒီမိုကရေစီနိုင်ငံတွေမှာ သတ်မှတ်ထားတဲ့အတိုင်း တိုင်းရင်းသားတွေ အခွင့်အရေးခံစားဖို့
- ရှမ်းပြည်ရဲ့ ဘဏ္ဍာရေးကိုယ်ပိုင်လွတ်လပ်ခွင့်ရှိဖို့
- ချင်းတောင်နဲ့ ကချင်တောင်တန်းဒေသများအတွက် ဘဏ္ဍာရေးအထောက်အပံ့ဆက်ရဖို့နဲ့ နောင်မှာ ရှမ်းပြည်လို ဘဏ္ဍာ ရေးကိုယ်ပိုင်လွတ်လပ်ခွင့်ရဖို့
ပင်လုံစာချုပ်မှာ အဓိကပြဿနာတက်တာ တခုဘဲရှိခဲ့ပြီး အဲဒါက ရှမ်းနီဒေသတွေကို ကချင်ပြည်နယ်ထဲထည့်ရေး မထည့် ရေးဘဲ အဖုအထစ်ဖြစ်ခဲ့တယ်။ ဒီပြဿနာကလဲ ဖဆပလပြင်ဆင်မှုညီလာခံကချတဲ့ အခြေခံဥပဒေမူကြမ်းပါ ပြည်နယ်သတ် မှတ်ချက်တွေကျင့်သုံးရင် ပြေလည်နိုင်တဲ့ကိစ္စဖြစ်တယ်။
စာချုပ်ထဲ ထည့်မချုပ်ပေမဲ့ Agreement အဆင့်ဖြစ်တဲ့ ပင်လုံစာချုပ်ကို အခြေခံဥပဒေအဖြစ်ထည့်သွင်းပြီး ခွဲထွက်ခွင့် အပါ အဝင် ပြည်နယ်အဆင့်အမျိုးမျိုးရဲ့ အခွင့်အရေးတွေကို ပြည့်ပြည့်စုံစုံပြဋ္ဌာန်းမှာဖြစ်တဲ့အကြောင်း ဗိုလ်ချုပ်က နှုတ်ကတိပေး သွားခဲ့တယ်။ နှုတ်ကတိအတိုင်းလည်း ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံမှာ စနစ်တကျထည့်သွင်းရေးဆွဲခဲ့တယ်။ ၁၉၄၇ တိုင်းပြုပြည်ပြုလွှတ်တော် မတိုင်ခင် မေလ ၁၉ ရက်မှာကျင်းပတဲ့ ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံမှာ ခွဲထွက်ခွင့်ရပြည် ထောင်စုပြည်နယ်၊ ခွဲထွက်ခွင့်ရကိုယ်ပိုင်အုပ်ချုပ်ရပြည်နယ်၊ ခွဲထွက်ခွင့်မရလူမျိုးစုပြည်နယ်၊ ခွဲထွက်ခွင့်မရ တိုင်းရင်းသား လူနည်းစုအခွင့်အရေးဆိုပြီး အဆင့်လေးဆင့် သတ်မှတ်ခဲ့တယ်။ ပြည်နယ်သစ်တည် ထောင်ခွင့်၊ ပြည်နယ်အဆင့်ပြောင်း လဲခွင့်တွေလဲ သတ်မှတ်ခဲ့တယ်။ ဒါပေမဲ့ ဇွန်လ ၁၆ ရက် တိုင်းပြုပြည်ပြုလွှတ်တော် စတင်ကျင်းပခဲ့ပြီး ဇူလိုင် ၁၉ ရက်မှာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် ဖဆပလ ပဏာမညီလာခံက ချမှတ်တဲ့ ဖက်ဒရယ်စနစ်အခြေခံဥပဒေမူကြမ်းဟာ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် အကြီးအကျယ်ပြင်ဆင်ခံလိုက်ရပြီး စက်တင်ဘာလကုန်ခါနီးမှာ တပြည်ထောင်စနစ်အနှစ် သာရ ၁၉၄၇ အခြေခံဥပဒေအဖြစ် ထွက်ပေါ်လာခဲ့တယ်။
တကယ်တော့ ရွေးကောက်ခံတိုင်းပြုပြည်ပြုလွှတ်တော်အမတ် ဖဆပလခေါင်းဆောင်များဖြစ်တဲ့ ဦးနု၊ ဦးကျော်ငြိမ်းတို့က ရွေးကောက်ခံတိုင်းပြုပြည်ပြုလွှတ်တော်အမတ်မဟုတ်ဘဲ ဥပဒေအကြံပေးအဆင့်သာရှိတဲ့ ဝတ်လုံဦးချန်ထွန်း၊ ဦးမြင့်သိန်း၊ ဦးဘဦး (ဆရာစံကိုကြိုးပေးခဲ့တဲ့ တရားသူကြီး၊ နောင်မှာ ဗမာပြည်သမတတောင် ဖြစ်လိုက်သေး)၊ ဒေါက်တာဘဟန် (ဒေါက်တာဘမော်ရဲ့အစ်ကို) တို့ရဲ့အကူအညီနဲ့ ပြောင်းလဲပစ်ခဲ့တာဖြစ်တယ်။ ဒီလိုနဲ့ ပင်လုံစာချုပ် Agreement ဟာ အခိုင် အမာဥပဒေ Contract သို့မဟုတ် Treaty သို့မဟုတ် Constitution အဖြစ်ရောက်မလာခဲ့ဘဲ ဒီနေ့ တိုင်းရင်းသားအခွင့်အရေးဆိတ်သုဉ်းမှုအခြေအနေကို ရောက်လာခဲ့တာဖြစ်တယ်။
ဖက်ဒရယ်ဆန့်ကျင်ရေးသမားအဖြစ် ဦးကျော်ငြိမ်းက နာမယ်ဆိုးကျော်ခဲ့ပေမဲ့ တကယ်တော့ ဦးနုကိုယ်တိုင် နောက်ကွယ်က နေ ပါးပါးနပ်နပ်နဲ့ လူမျိုးကြီးဝါဒ ကျင့်သုံးခဲ့တာဖြစ်တယ်။ ဦးနုရဲ့ ဖက်ဒရယ်ဆန့်ကျင်ရေးသဘောထားဟာ ၁၉၆၉-၇၀ ခုနှစ်ကာလက ထိုင်းနယ်စပ်မှာ ပါလီမန်ဒီမိုကရေစီပါတီအဖြစ် လက်နက်ကိုင်တော်လှန်ရေးလုပ်တော့ ဗိုလ်ချုပ်မြနဲ့ တိုင်းရင်း သားခေါင်းဆောင်တွေနဲ့ သဘောထားကွဲလွဲမှုမှာ ဘွားဘွားကြီးပွင့်ကျခဲ့တယ်။
ဦးနုတို့ဟာ ပင်လုံစာချုပ်ကို လုံးဝဖျက်သိမ်းပစ်လို့ မရနိုင်သေးတဲ့အတွက် ရှမ်း ကချင်နဲ့ ချင်းကို ပင်လုံစာချုပ်အတိုင်း ကိုယ် ပိုင်အုပ်ချုပ်ရေး တစုံတရာပေးပြီး ရှမ်းပြည်ကို ၁၀ နှစ်ကြာရင်ခွဲထွက်ခွင့် ပြဋ္ဌာန်းပေးခဲ့ရတယ်။ ဒါကြောင့် ရှမ်း ကချင် ချင်းတို့ ပုန်ကန်မှု မရှိခဲ့ပေမဲ့ ပင်လုံစာချုပ်နဲ့မဆိုင်တဲ့ ကရင် ကရင်နီ မွန် ရခိုင် ပအိုဝ်းတို့ရဲ့ လက်နက်ကိုင် ပုန်ကန်မှုတွေ ပေါ်လာ ခဲ့တယ်။ လွတ်လပ်ရေး ၁၀ နှစ်ကြာပြီးနောက် ရှမ်း ကချင် ချင်းတို့အပေါ် ပင်လုံစာချုပ်ပါ ကိုယ်ပိုင်အုပ်ချုပ်ရေး အခွင့်အရေး တွေကိုလည်း တစတစဖျက်သိမ်းလာတဲ့အတွက် ရှမ်း ကချင် ချင်းတွေလည်း လက်နက်ကိုင်ပုန်ကန်လာကြတယ်။ ဒါတင်မ က ပလောင် ကယန်း ဝ လားဟူ နာဂတို့လို တိုင်းရင်းသားလူမျိုးစုငယ်တွေပါ လက်နက်ကိုင်ပုန်ကန်လာကြတယ်။
ဒါကြောင့် အဓိကပြဿနာဖြစ်တဲ့ မူလလက်ဟောင်းပင်လုံစာချုပ်ကို နယ်မြေအာဏာရှိအားလုံး (ရုပ်သေးများမပါ) က ပြန် လက်မှတ်ထိုးကြဖို့၊ ဒါ့အပြင် နှုတ်ကတိနဲ့တင်မဟုတ်ဘဲ ဒီပင်လုံစာချုပ်ရဲ့ ရည်ရွယ်ချက်အတိုင်း ခိုင်မာတဲ့ဥပဒေ အဖြစ် အသွင်ပြောင်းနိုင်အောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံ အခြေခံဥပဒေမူကြမ်းပါ တိုင်းရင်းသားရေးရာဥပဒေပုဒ်မတွေကို ပြဋ္ဌာန်းကျင့်သုံးဖို့ အရေးတကြီးလိုအပ်နေတယ်။ ပင်လုံစာချုပ်ပါ အခြေခံမူတွေ ကတိက ဝတ်တွေကို စိတ်ရင်းစေတနာမှန်နဲ့ ပြန်လည်ချမှတ် ကျင့်သုံးလိုက်ရင် အပစ်အခတ်ရပ်စဲရေးတင်မက ထာဝရငြိမ်းချမ်းရေးပါ ချက်ခြင်းရသွားမှာဖြစ်တယ်။
ဒါကိုမလုပ်ဘဲ မယောင်ရာဆီလူးတဲ့ တနိုင်ငံလုံးအပစ်ရပ်စာချုပ်တို့၊ နိုင်ငံရေးဆွေးနွေးပွဲတို့ကို ဖေဖော်ဝါရီ ၁၂ ရက်မှာ မတန် မရာလုပ်နေရင်တော့ အနူလက်နဲ့ရွှေခွက်နှိုက်တာဘဲ ဖြစ်နေပါလိမ့်မယ်။ ဘာငြိမ်းချမ်းရေးမှလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။
ဂါမဏိ