အောင်ဝေး - ရ န် ကု န် ချီေ ကျာ င်း သား သ ပိ တ် တ ပ် ကြီး ဘွဲ့  ( အ ပို င်း - ၄ ၊ နိ ဂုံး )
STUDENT LONG MARCH- 4
အောင်ဝေး - ရ န် ကု န် ချီေ ကျာ င်း သား သ ပိ တ် တ ပ် ကြီး ဘွဲ့ ( အ ပို င်း - ၄ ၊ နိ ဂုံး )
(မိုးမခ) ဇန်န၀ါရီ ၃၀၊ ၂၀၁၅
( ၄ )
ဘော ... အို ရဲသွေး
လာမယ့်ဘေး ပြေးတွေ့ 
အမေကမွေး ထောင်ကကျွေး
ညီတယ်ဟေ့ ညီတယ်ဟေ့ တဲ့
ချီလေတဲ့ ချီလေ
(ကန်မြဲကိုအေးကျော်ရေ ...)
ကျုပ်မောင်တွေ တောင်သာကိုကျော်ခဲ့ပေါ့ 
တောင်သာကို ဆရာဂျမ်း(ဦးတင်မိုး)စောင့်တယ်
နပျင်း(နွားပျင်း)တောင်ကြားဆိုတဲ့
ဟောဒီ သူရဲကောင်းတောင်ကြားကို
နောင်များဖြင့် မောင်သွားရင်
မရှောင်မရှား ဒေါင်းများမသွေမဖောက်
ကျောင်းသားခြေထောက်နဲ့ 
နင်းလျှောက်ခဲ့တဲ့ ကတ္တရာလမ်း
မင်းအရင်အလေးပြုပြီးမှ ဖြတ်သန်းရတော့မယ်
ငါ့ ညီ ကြည်ဇော်အေးရဲ့
ရွှေပြည်တော် မျှော်တိုင်း မဝေးပြီလ
ရေကန်သာ ကြာတိုင်း အေးရမပေါ့ 
တို့ ကဗျာသမိုင်း မကွေးရအောင်လေ
ဟေး ... ရဲခေါင်တွေလာချေပေါ့ 
ဝဲလောင်မှာ ၀ဲလောင်မှာ
ဗိုလ်ရာညွန့် က ကြိုသတဲ့
လက်မရွံ့ အသက်စွန့် မောင်တွေကိုလေ
အောင်ပါစေ အောင်ပါစေ သပြေပန်းတွေနဲ့ 
နောင်တာရှည် မသွေတမ်းပေါ့ 
လမ်းဆက်လျှောက်မယ် လမ်းဆက်လျှောက်မယ်
ပုပ္ပား
ကျောက်ပန်းတောင်း
ရေနံချောင်း
အို ... ဒေါင်းနေချောင်းမှာ
ဒေါင်းတွေ ပေါင်းဆုံကြမတဲ့
ကောင်းကျိုးအထွေထွေရယ်နဲ့  ချွန်စေမြစေစော
ဒေါင်းအိုးဝေရယ်လို့ တွန်စေကစေသောဟဲ့
ဟော ... ပခုက္ကူ စစ်ကူသံရွမ်းပြန်ပေါ့ 
ခေတ်က တွန်းဆော်နေမှတော့
မြစ်ဝကျွန်းပေါ် ရဲဘော်တွေကလည်း
တိုက်ပွဲခေါ်သံပေးပြီပေါ့ 
သြော် ... အောင်မှိုင်းဆန်းတို့ 
နန္ဒစစ်အောင်တို့ ရေ ...
နေပြည်တော်မှာ ဆွေးနွေးတာလည်း
ဆွေးနွေးတာပေါ့ ကွာ
ဆွေးနွေးရုံနဲ့ တော့
သွေးကြွေး မကုန်နိုင်ဘူးကွ
အရေးတော်ပုံ
ယုံကြည်ရင် ရဲရဲဖြတ်
ရန်- ငါ မပြတ်လို့ 
သံဃာလည်း အသတ်ခံရပြီးပြီ
(ရဲဘော်ကြီး မင်းသွေးသစ်ရေ ...
ရဲဘော်လေး မပိုပိုရေ ...)
အပစ်ရပ်လို့ လည်း
အပြတ်ရစ် ခံကြရပြီ
တို့ တော်လှန်ရေးခရီး
အရေးကြီးပြီပေါ့ 
သွေးစည်းကြ သွေးနီးကြ
အဝေး အနီးက ရဲဘော်အပေါင်း
ခွပ်ဒေါင်းတွေ ညီညာလှမ်းကြတော့
အောင်ပွဲသို့ ချီရာ
မန္တလာ- ဒဂုံ
ကန္တာ ရဂုံ
ဟောဒီ ခေတ်သစ်စုံမြိုင် တောလားခရီးကြမ်းမှာ
မညည်းစတမ်း
အပြီးလှမ်းကြဖို့ 
ညီညွတ်ရေး စည်းကမ်းတွေ
တစ်နည်းတစ်လမ်း တိုးတိုးပြီး
(မျိုးတေဇာမောင်ရေ ...)
မုဆိုးချုံကလည်း လချောင်းတည်း
(နွယ်ဦးလှိုင်ရေ ...)
သီးမျိုးခိုင်ညှာလည်း လပြွတ်တည်း
(ညီလေးစံညိမ်းဦးရေ ...)
ဘီလူးသွားကိုလည်း လဖြဲတည်း။     ။
( ပြီးပါပြီ )
ေ အ ာ င္ ေ ၀ း
ဇန္န၀ါရီ ၂၈- ၂၀၁၅။
Illustration - Than Htay Maung