ငြိမ်းချမ်းအေး - ရှက်လို့ရေးတဲ့စာ
(မိုးမခ) ၃၁ ဇန်နဝါရီ၊ ၂၀၁၅
“ဆင်းရဲသား တဲဖျက်ရေးကို ဘူဒိုဇာထိုး၍ တည်ဆောက်အံ့” ဆိုပြီး သရော်ဟန် စရေးမိပေမဲ့ ငိုကြွေးနေတဲ့ လူသားတွေရဲ့ ဓာတ်ပုံထဲက လျှံကျလာတဲ့ မျက်ရည်တွေက ကိုယ့်လိပ်ပြာကို လှုပ်နှိုးနေတယ်။ ကိုယ့်နှလုံးသားကို စိုစွတ်စေတယ်။ ကိုယ့် အသိ ကျင့်ဝတ်ကို အခြေကနေ ကိုင်လှုပ်နေတယ်။ ဒါဟာ သရော်စရာမဟုတ်ဘူး။
လူအများရဲ့ အသိုက်အမြုံ၊ အိုးအိမ်စည်းစိမ်နဲ့ အသက်သွေးတွေဟာ ဒီစနစ်ဆိုးအောက်မှာ နေ့စဉ် စတေးနေရတယ်။
ကျောတနေရချစာလေးမျှကို မပိုင်နိုင်၊ အမိုးအကာမဲ့ သွားရှာလို့ ငိုကြွေးနေရတဲ့ မိန်းမငယ်ဟာ သူ့ခွေးကလေးကို ထွေးပွေးဖို့ ပျက်ကွက်လောက်အောင်တော့ မေတ္တာ မမဲ့ခဲ့ဘူး။ နတ်တင်ထားတဲ့ အုန်းသီးက မိစ္ဆာ နတ်ဆိုးတွေရဲ့ စက်ယန္တရား ဒဏ်ကို အကာအကွယ် မပေးနိုင်ခဲ့ဘူး။
ဒါတွေကိုမြင်တော့ စနစ်ဆိုးကို နာကြည်းမိတယ်။ ဘာမှလုပ်မပေးနိုင်တဲ့ ကိုယ့်ဘဝကို ရှက်မိတယ်။
“အားပြည့်သူ ဝါထည်ထည်က အားငယ်ကိုနိုင်ရာစားတယ် ဖားမျိုသည့် မြွေပမာ” တောရိုင်းဥပဒေဟာ မြို့ပေါ်မှာ၊ လယ်ကွင်းမှာ၊ မိုင်းတွင်းမှာ၊ စာသင်ခန်းထဲမှာ နေရာတိုင်းမှာ ရှင်သန်နေတယ်။ ဆရာတာရာရဲ့ သာတူညီမျှ လောကအမွန် ကို စကားလုံးတွေနဲ့ တည်ဆောက်လို့မရဘူး။
ဆောင်းပါးလေး တပုဒ်ကောက်ရေး လူတွေရဲ့ ကောင်းချီးခံ၊ ကဲ့ရဲ့ခံ၊ စကားလုံးသက်သက် ဖြစ်နေရတဲ့ ဘဝ ဘာ အဓိပ္ပာယ် ရှိသလဲ။ နေ့စဉ်နဲ့အမျှ ဒီစနစ်ဆိုးမှာ လူတွေက အတိ ဒုက္ခရောက်နေမြဲ။
အကျိုးအကြောင်းတွေ ဆက်စပ်ပြ၊ ဆင်ခြင်တုံ တရားတွေ ထုတ်ပြတတ်ရုံလောက်နဲ့ လူနဲ့လူချင်း အနိုင်ကျင့် ဗိုလ်ကျခွင့်သာနေတဲ့ တဖက်စောင်းနင်း လူ့ဘောင်စနစ်ကြီးကို မတော်လှန်နိုင်ဘူး။
လူမှုရေးသမား အမေက ကျူးကျော်တဲတွေဆီ အလှူ တခေါက်သွားတိုင်း မျက်ရည်တခါကျရတယ်။
ဖျားနာနေတဲ့ လူ့အဖွဲ့အစည်းကို စာရေးခြင်းဖြင့် ကယ်တင်အံ့ ဆိုပြီး စိတ်ကြီးဝင်တတ်တဲ့ ကျနော်က ဒါမျိုးဖြစ်စဉ် တခါမြင်တိုင်း တခါ မျက်ရည်ကျရုံမက လိပ်ပြာ မသန့်နိုင်၊ စာရေးချင်စိတ် ကုန်ရတယ်။
လူတစု အတွက်ကွက် ဒီမိုကရေစီ ပေါက္ခရ ဝဿမိုး ရွာနေတဲ့ စနစ်ဆိုးမှာ လူမှုရေး ကုထုံးက အလုပ်မဖြစ်ဘူး။ ဆေးမြီတို တပွဲတိုး အကူအညီပေးရုံမျှနဲ့ လူအများစု စနစ်ဆိုးရဲ့ ဖိနှိပ်နင်းချခံဖြစ်နေရတဲ့ဘဝကို ကယ်တင်နိုင်မှာမဟုတ်ဘူး။
အလာတူးပဲ သီအိုရီတွေ၊ စကားလုံးတွေ၊ တက္ကဗေဒ ဆင်ခြင်ခြင်းတွေနဲ့ စာရေးခြင်းအတတ်ပညာကနေ ပလ္လင်ပေါ်က လူတစုကို ကန်ချမပစ်နိုင်ဘူး။
ကလောင်သွားထက်ဖို့မလို ဓားသွားထက်ဖို့ပဲ လိုချင်မိတယ်။
နိုင်ငံရေး ကုထုံး အောင်မြင်အောင် မလုပ်နိုင်သရွေ့၊ စနစ်ဆိုးကို အမြစ်တိုင် တော်လှန် ဖုတ်ကြည်း သင်္ဂြိုဟ် မမြှုပ်နိုင်သရွေ့ ကလောင်သွားထက်ဖို့ထက် ဓားသွားထက်ဖို့ ဆုတောင်းတယ်။
ဒီစာကတော့ ရှက်လို့ ရေးတဲ့ စာပေါ့။
ငြိမ်းချမ်းအေး
၃၁ ဇန်နဝါရီ၊ ၂၀၁၅