ရန်နောင် (ဗိုလ်တထောင်) - မိုးသူနှင့် မိုးသောက် ပန်းချီပြပွဲ ပြုလုပ်ကျင်းပလျက်ရှိ



ရန်နောင် (ဗိုလ်တထောင်) - မိုးသူနှင့် မိုးသောက် ပန်းချီပြပွဲ ပြုလုပ်ကျင်းပလျက်ရှိ
(မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၁၅
 
စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ၊ ပန်းချီဆရာ ဦးမိုးသူ (ဘကြီးမိုး) သည် မြေးဖြစ်သူ မောင်မိုးသောက်နှင့်တွဲဖက်၍ ပန်းချီပြ ပွဲတခုကို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၅ လမ်း အလယ်ဘလောက်ရှိ River Ayerawaddy ပန်းချီပြခန်းတွင် ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလ (၂၇) ရက်နေ့မှစတင်၍ ကျင်းပပြုလုပ်လျက်ရှိသည်။


ဘကြီးမိုးသည် ၂၀၀၀ခုနှစ် ထောင်က လွတ်မြောက်လာပြီးနောက် ပန်းချီကားများကို အဆက်မပြတ်စတင်ရေးဆွဲခဲ့သည်။ ပထမအကြိမ်ပြပွဲကို အဇဋာ ပန်းချီပြခန်းတွင် တစ်ကိုယ်တော် ပြုလုပ်ခဲ့ဖူးပြီး ယခုအကြိမ်မှာ ဒုတိယအကြိမ်မြောက်ဖြစ်သည်။ မြေးဖြစ်သူ မောင်မိုးသောက်မှာ အသက်ကိုးနှစ်သာ ရှိသေးပြီး ILBC တွင် ကျောင်းတက်နေသူဖြစ်သည်။ အသက်ရှစ် ဆယ်ကျော် ဘကြီးမိုးနှင့် ကိုးနှစ်သားမြေးဖြစ်သူ မိုးသောက်တို့ပွဲတွင် ပန်းချီကားပေါင်း ငါးဆယ်ကျော် ကိုချိတ်ဆွဲပြသ ထားသည်။ 


ယနေ့နံနက်ပိုင်း (၁၀) နာရီတွင် ဖွင့်ပွဲကိုပြုလုပ်ခဲ့သည်။ ဘကြီးမိုးရေးဆွဲသောပန်းချီကားများသည် အခရိုင်းလစ်ဖြင့် ရေးဆွဲထားခြင်းဖြစ်သည်။ မော်ဒန်ပန်းချီကို နိုင်နင်းသော ဘကြီးမိုး၏လက်ရာများကို ဖေဖေါ်ဝါရီ (၂၇) ရက်နေ့မှ စတင်ကာ မတ်လ (၁) ရက်နေ့အထိ မနက် (၉)နာရီ မှ ညနေ (၅)နာရီ အထိ ချိတ်ဆွဲ ပြသထားမည်ဖြစ်ပြီး စိတ်ပါဝင်စားသူမည်သူမဆို အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းလည်းသိရှိရပါသည်။


ဘကြီးမိုး၏ ပန်းချီကားများတန်ဖိုးမှာ တကားလျှင် အနည်းဆုံး ဒေါ်လာ (၁၀၀) မှ ဒေါ်လာ (၅၀၀) အထိ ဖြစ်သည်။ လောလောဆယ် ကားတော်တော်များများ ရောင်းချပြီးစီးပြီး ဖြစ်နေသည်ကိုလည်းတွေ့ရှိရပြီး ထိုပြသထားသော ကားများ ထဲမှ ဘကြီးမိုး ပုံတူပန်းချီကားကိုတော့ ရောင်းချမည်မဟုတ်ကြောင်းလည်း ထပ်မံသိရှိရသည်။ ဘကြီးမိုး နာယက အဖြစ် ထုတ်ဝေသော မိုးမခမဂ္ဂဇင်းများကိုလည်း ပွဲတက်ရောက်သူများအား မေတ္တာလက်ဆောင်အဖြစ် ဘကြီးမိုးကိုယ်တိုင် လက်မှတ်ထိုး၍ ပေးနေသည်ကိုလည်း တွေ့ရှိခဲ့ရသည်။