ကိုသန်းလွင် - တောအလှု


ကိုသန်းလွင် - တောအလှု
(မိုးမခ) မတ် ၃၁၊ ၂၀၁၅

(၁)
တနေ့ကကျွန်တော့်တူတော်မောင် ရွာသို့ပြန်သည်ကို ကျွန်တော်တို့ စင်္ကာပူ လေဆိပ်သို့ လိုက်ပို့လိုက်ရပါသည်၊ သူသည် ရွာသို့ပြန်၍မြေးကိုရှင်ပြုမည်ဖြစ်သည်၊ သူ့ကိုကြည့်ရသည်မှာမြူးတူးရွှင်ပြ ၀မ်းမြောက်ဝမ်းသာ ဖြစ်နေပုံ ရသည်။

သူ့မိဘများသည် တောမှာ နေသည့် တောင်သူကြီးများဖြစ်ကြ၏၊ သူသည် စက်မှုတက္ကသိုလ် မှ ဘွဲ့ရခဲ့သည်၊ သူတို့ရွာမှာ နိုင်ငံခြားသို့ ပထမဦးဆုံးသွားရသည့်သားရတနာဖြစ်သည်၊ အလုပ်တာဝန်၊ ပရိယေသန၀မ်းစာရေး အတွက် နိုင်ငံခြားမှာနေရသော်လည်း သူသည် မိဘနှစ်ပါး နှင့် သူပညာသင်ခဲ့ရာ သူ့ကျေးရွာကို မေ့၍  မသွား ပေ၊ သူ့တွင် သမီးတယောက်သာရှိသည်၊ သမီးဖြစ်သူက သားတယောက်၊ သမီးတယောက် မွေးသော် သူသည် မြေး နှစ်ယောက်ကို ပုံပြီးချစ်လေသည်၊ ယောင်္ကျားလေး အကြီးကောင်က (၆) နှစ်သား အရွယ်ဖြစ်နေပြီ၊  ဤမြေးကို ရှင်ပြုရမည့် အကြောင်းပြောနေသည်ကိုလေး၊ ငါး ကြိမ် ကြားရဘူးပြီ။

(၂)

ယမန်နှစ် ၂၀၁၄ ဇန်န၀ါရီလဆန်းလောက်တွင် ရှင်ပြုရန် သူသည် ၂၀၁၃ ကတည်းက ပြင်ဆင်ခဲ့သည်၊ သူ့  မိဘနှစ်ပါးက  ရွာကျောင်းဘုန်းကြီးကို လျှောက်သော် ဘုန်းကြီးက သူတို့ဇာတာတွေကိုချပြီးရက်ကိုစစ်ဆေး  လေသည်၊ ဘာကြောင့် ရယ်မသိ ထိုနှစ်အလှူကို မလုပ်စကောင်း၊ နောက်နှစ် မှ လုပ်ရမည် ဟုအဟောထွက်  လိုက်သည်။

ကျွန်တော်က မိမိနှင့် ဆိုင်သည် မဆိုင်သည်ကိုမတွေးဘဲ သူ့မိဘတွေကိုတွေ့သော် ဘာ့ကြောင့် အလှူမလုပ်ရ သလဲ ဟုမေးခွန်းထုတ်လေသည်၊ “ဘုန်းကြီးက သဘောမကျဘူးတဲ့ နောက်နှစ်မှကောင်းမှာတဲ့’’  ဟုပြောသည်၊ သူတို့သည် ဆရာတော် ဘုန်းကြီးစကားကို ပယ်လှန်ဘို့ ဝေးစွ၊ မေးခွန်းထုတ်သူကျွန်တော် ကိုပင်ရှုံ့ချနေပုံရ  သည်၊ ကျွန်တော်သည်  “ သြော်’’  ဟုသာ ဆိုနိုင်တော့၏၊ ခေတ်ပညာတတ်သူတွေ လည်း ရွာဦးကျောင်း က   ဘုန်းကြီး၏ ဆန္ဒကို မကျော်လွှားနိုင်။

သူတို့သည် သူတို့ မြစ်၏ အလှူတွင်သုံးရန် အတွက် ပဲဆီ ပိဿာ (၁၀၀) ကိုစဥ့်အိုးတွေနှင့် သိုလှောင်ပြီးကြပြီ၊  ဆန်ကတော့ ထူးပြီးလှောင်ရသည်မရှိ၊ ရောင်းမည့် စပါးထဲမှ ချန်ထားလိုက်ရုံသာ၊ ပူပင်စရာမရှိ  ထိုနှစ်က အလှူမလုပ်ဖြစ်သောကြောင့် ဘုန်းတော်ကြီးကျောင်း အုတ်တံတိုင်းခတ်ရာတွင် အခန်း (၁၀) ခန်းလောက် အလှူငွေထည့်လိုက်လေသည်။

ယခုနှစ် ၂၀၁၅ ခုနှစ် အလှူ လုပ်ရန် ပြန်သောအခါ စောင့်ရကျိုးနပ်သည့် အလှူဖြစ်အောင် ကျိုးစားရပေတော့  မည်၊ သူ အလှူလုပ်မည်ဆို၍ စင်္ကာပူမှ မိတ်ဆွေသူငယ်ချင်းတွေက ၀ိုင်းပြီး လှူကြသည်မှာဒေါ်လာထောင်ချီ၍ ရသည်၊ သူ့ရုံးမှ ဆရာကလည်း ဒေါ်လာ ၅၀၀၀ ထက်မနည်း ဘောနပ်(စ)  ပေးလေသည်၊ သူက ထိုဘေးကလှူဒါန်းကြသော ငွေတွေကို ဘုန်းကြီး အလှူပွဲထဲသို့ ထည့်လိုက်သည်ဟုဆိုသည်၊ စင်္ကာပူမှာ ဆယ်နှစ်ကျော်အောင်နေသော် သူသည် ရန်ကုန် သာကေတ မှာ အိမ်တလုံးဝယ်နိုင်ခဲ့သည်၊ အခုရွာပြန်ပြီး အလှူပေးခြင်းကိစ္စမှာလည်း အိမ်ဝယ်သည့်ကိစ္စတုံးကလို အိတ်ထဲရှိတာတွေကို   အကုန်ထည့်ပြီးလှူခြင်း ဖြစ်ပါ လေသည်။

ပထမ အကြိုညမှာ ရေဦး မင်္ဂလာရာမ  စာသင်တိုက်မှ ပဓါန နာယကဆရာတော်ကြီးက တရားချီးမြှင့်မည်၊ အလှူမဏ္ဍပ်ဝင်သည့်နေ့တွင် ရေဦး  “မျိုးဆက်သစ်”  ဆိုင်းအဖွဲ့က ဆိုင်းကို ဌားထားသည်၊ အလှူနေ့ ညနှင့်  နောက်တနေ့ညတွင်  မန္တလေးက  ‘ဒါဒို့ရွှေ’ ဇတ်အဖွဲ့က ကပြမည်။

အလှူတွင် ဇာတ်ပွဲထည့်ခြင်းမှာ လွယ်လွယ်ကူကူ ကိစ္စ မဟုတ်၊ ပွဲမိန့်ရဖို့က  ခင်ဦးမြို့နယ်အထိ သွားရ သည်၊ နယ်မြေအေးချမ်းမှုရှိပါမှ လူမိုက်လူဆိုးတွေကို ထိမ်းသိမ်းနိုင်ပါမှ မြို့နယ်က ပွဲမိန့်ချပေးသည်၊ အခုဇာတ်ပွဲမှာ  သူတို့က ထည့်ချင်သည်မဟုတ် ကာလသားတွေက သူတို့ အလှူလုပ်မည်ဆိုတော့ လာရောက် ချဉ်းကပ် ပြော ဆိုကြခြင်းဖြစ်သည်၊ သူတို့ဇာတ်ပွဲ မကြည့်ရသည်မှာ ကြာပြီ၊ နှစ်ချီ ၍ကြာနေပါပြီ၊ ကျွန်တော့် တူသည် ဇာတ်ပွဲ ဌားရမ်းခသိန်း(၆၀) ကိုတတ်နိုင်သည်၊ လူဆိုးတွေ ငမူးတွေကို သူတို့ ထိမ်းပါမည်၊ ပွဲမိန့်ကိုလည်း သူတို့ပင်မြို့ကို တက်ပြီး လျှောက်ယူပါမည်ဟု ကာလသားတွေက တာဝန်ခံကြခြင်းဖြစ်သည်၊ အလှုတကာ က  ခေါင်းငြိမ့်သော ကြောင့်  ဇာတ်ပွဲမှာဖြစ်မြောက်သွားခြင်းဖြစ်သည်။

ပွဲမိန့်ခံရသည့်နည်းတူ အသံချဲ့စက်ဖွင့်ရန် အခွင့်ကခံရသေးသည်၊ မနက်ပိုင်းတွင် ဒေါ်မာမာအေး၏ ဗုဒ္ဓ၀င် သီချင်းတွေဖွင့်မည်၊ နေ့လည် ညနေ များတွင် တွံတေးသိန်းတန် နှင့် ဟင်္သာတထွန်းရင်တို့၏ သီချင်းတွေ ဖွင့်ရ မည်၊ အခုအလှူမှာ မြစ်တော်ရွာဘက်က သီချင်းသံ မကြားရပါဟု လာပြီးမေတ္တာရပ်ခံသည်နှင့် သူတို့ ရွာဘက် ကို လှည့်ပြီး လော်စပီကာ တစ်လုံးကို ဆင်ပေးလိုက်ရသည်ဟုဆိုသည်။

အလှူမဏ္ဍာပ်ဝင်သောနေ့တွင်သူတို့ ‘ရှင်မင်းတွေ’တရွာလုံးသာမကမြစ်တော၊် ကံသစ်၊ ဂွေးကုန်း၊ တဲစု၊ ကံတရာ  ဗအိုး စသည်ဖြင့် ရွာနီးစပ်ချုပ်ရွာတွေက မီးခိုးတိတ် လာကြမည်၊ အိမ်တွင်မီးမဖို၊ ထမင်းဟင်းမချက်ကြတော့ပေ၊  ငါးခြောက်ကြော်၊ သရက်သီးသုတ်၊ ပဲဟင်းဆိုလျှင် အလှူထမင်းဟင်းက မြိန်လှပြီ၊ ဟိုတုန်းကတော့ အလှူမှာ ထမင်းချက်ရသည်ကို ထမင်းရေချောင်းစီးအောင်ချက်ရသည်ဟု ဆိုသည်၊ အခုခေတ်မှာတော့ အိုးကြီးတွေ နှင့်  ထမင်းမချက်ကြတော့ပေ၊ ထမင်းပေါင်းအိုး ဆိုတာပေါ်နေပြီး မြင်းဒေါင်းရွာက အဌားလိုက်သည်၊ သံစည်ပိုင်း နှင့် လုပ်ထားသော စဉ်အဆင့်ဆင့်တွင် ရေစိမ်ပြီးသားဆန်ကို ထည့်ပြီး အောက်မှ မီးနှင့် ရေငွေ့ကို ဖြတ်ခါ ထမင်းပေါင်းကြရခြင်းဖြစ်သည်၊ ထမင်းရေကိုမတွေ့ရတော့ပေ၊ တခါပြင်လျင်လင်ဗန်း (၁၂)ချပ်ခန့်စီပြီး  ပေါင်းအိုး  အတွင်းသွင်းကြရသည်။

အလှူလုပ်အားပေးတွေကလည်း မြိုင်မြိုင်ဆိုင်ဆိုင်၊ ကွမ်းတောင်ကိုင်ကိုလည်း ရွေးပြီးပြီ  သူသည်ရပ်ရွာမှာ  ရုပ်ချောဆုံးသူဖြစ်ရမည်၊ မိမိဆွေမျိုးကို ကွမ်းတောင်ကိုင်ခိုင်းချင်၍ မရ၊ အပျိုခေါင်းတွေက သဘောတူ သူကို ရွေးရသည်၊ အပျိုတွေကို အလှူလှည့် လိုက်ဖို့ လက်ဆောင် တမျိုးမျိုးကိုပေးပြီးဖိတ်ရသည်၊ ပေးသည့်      လက်ဆောင်တန်ဖိုးကိုကြည့်၍ အလှူတကာ၏ ကြွယ်ဝမှု အဆင့်ကို ခန့်မှန်းကြရသည်။

ကျွန်တော်၏ တူတော်မောင်သည် စင်္ကာပူက အသွားတွင် ဖိနပ်က (၅) ရံ၊ မျက်မှန်က (၆)လက်လောက် ပါသွား သည်၊ သူသည် မြေးတွေသုံးမည့် သပိတ်ကိုလွယ်ခါ အလှူလှည့်ရာတွင် ရှေ့ဆုံးက လိုက်ရမည် မဟုတ်ပါ သလော၊ မျက်မှန်အမျိုးမျိုး၊ ဖိနပ်အမျိုးမျိုးဖြင့် ရှိုးထုတ်ပေလိမ့်မည်။

သူတို့အလှူမှာ မဏ္ဍပ်က မထွက်ရသေး၊ ကျွန်တော်တို့ က  Facebook  မှာ သူတို့ရုပ်ပုံတွေကိုမြင်နေရပေပြီ၊  အလှူအမ နှင့် ရင်းနှီးသူ အမျိုးသမီး တသိုက်ကို အလှပြုပြင်ရန် မိတ်ကပ်ဆရာကို ရေဦးက ခေါ်ထားရလေ  သည်၊ အလှူ့အမကြီးက သူ့ကို အရင်ပြင် မပေးရကောင်းလား ဆိုကာ ကြိမ်းမောင်း ငြူစူ နေသံကို ကြားလိုက် ရသည်၊ တိုက်ပုံအင်္ကျီ၊ မောင့်ကျက်သရေခေါင်းပေါင်းနှင့် ကျွန်တော့တူမှာ ပျော်တပြုံးပြုံး။

သူအလှူလုပ်မည်ဆို၍ သူ့သူငယ်ချင်းတစုကလည်း  အညာကိုလိုက်ဖို့ ရန်ကုန်မှာစောင့်နေခဲ့ကြသည်၊ သူ့ရွာသည် ရန်ကုန်မှ မိုင် (၅၀၀)ခန့် ဝေးသည်၊ သူသည် ကားတစီးကို တလပြတ်ဌားထားပြီးပြီ၊  သူ့သူငယ်   ချင်း တစုနှင့် ကား ၃ စီးနှင့် ရန်ကုန်က ထွက်ကြရသည်၊ ရန်ကုန်တိုင်မှူး ခရီးထွက်မည်ဆိုလျင်ပင် သူ့လို  အသိုင်း အ၀ိုင်းများပါမည်လားဟု ကျွန်တော်တွေးမိသည်။

မြန်မာတို့ အလှူလှည့်သည်ဆိုသည်မှာ ဘုရားလောင်းသိဒ္ဓိတ္တ မင်းသား တောထွက်စဉ်အခါက မြင်းမှီးဆွဲ မောင်ဇံ နှင့် အတူ မြင်းစီး၍ တောထွက်သည်ကို အကြောင်းပြု၍  မြင်းနှင့် လှည့်ကြခြင်းဖြစ်သည်ဟု ကြားသိရဘူးသည်၊ နောက်ပိုင်း မြင်း စီစဉ်ရသည်က  ကရိကထ များလွန်းသဖြင့် မောင်ရင်လောင်းသည်  ထမ်းစဉ်ပေါ်တွင် ထိုင်ကာ  မင်းဝတ်မင်းစားအပြည့်  ဖြင့် အလှူလှည့်လိုက်ကြရခြင်းဖြစ်သည်၊ ဘုရား အလောင်း တော်သည် တောထွက်ပြီးမှ သဗ္ဗင်ညုတ၊ ဥာဏ်တော်ကို ရခဲ့ခြင်းဖြစ်ရာ မိမိတို့ သူတို့သားမှာ လည်း ဘုရားအလောင်းတော်နည်းတူ  ရဟန်း ဘောင် သို့ တက်ပါတော့မည်ဟု စိတ်က ရည်မှန်း၍ အလှူလှည့်ကြ ရခြင်း ဖြစ်သည်။

အလှူတွင် ၀င်းခင်းသည် ဆိုခြင်းမှာ ရှေးဘုရင် ထီးဖုရားများ ထွက်တော်မူရာတွင် ရှေ့မှ နောက်မှ လိုက်ပါကြ ရမည့် ၀န်ကြီး၊ ၀န်ကလေး၊ စစ်သူကြီး၊ မြင်းစီးသူရဲ စသည်ဖြင့် နန်းဝတ် နန်းစား ချပ်ဝတ်တန်ဆာ အစုံအညီဖြင့် လိုက်ကြရသလို  မောင်ရင်လောင်းကို ၀တ်စုံပြည့် ၀န်းရံကြရခြင်းဖြစ်သည်၊ အခုခေတ်မှာတော့ ၀တ်စုံဌာရမ်း ရသည်က  ခက်ခဲသွားပါပြီ၊ ခင်ဦးတမြို့လုံးမှာ ၀င်းခင်းသည့် အလှူဟူ၍ တကြိမ်သာ ကျွန်တော်တို့ ကြုံရဘူး သည်၊ ထို အလှူကို ပေးသူမှာလည်း မြို့တွင် အချမ်းသာဆုံး ဆန်စက် လေးငါးလုံး ပိုင်ဆိုင်သူ သူဌေးကြီး ပင်ဖြစ်သည်၊ 

ဗြော ဆိုသည်မှာ အလှူလှည့်သည်ဆိုသည်နှင့်  “ ကြန်ကြန် ဗြုန်း’’  အသံထွက်အောင် လင်းကွင်း အလိုက်နှင့်  တီးရသော ဗြောကို ခေါ်ပါသည်၊ ထို အသံကို ခပ်လှမ်းလှမ်းက ကြားရပြီဆိုသည်နှင့် မိမိအိမ်ရှေ့က လမ်းသို့ ဖြစ်စေ အိမ်အနီးအနားက လမ်းသို့ဖြစ်စေ အလှူလှည့်ရာ အတန်း၏ ရှေ့ မှရောက်အောင် နေရာယူပြီး အလှုလှည့်ကိုကြည့်ကြရပါသည်၊ ဒီအလှူ မှာ ကွမ်းတောင်ကိုင်က ဘယ်သူ ဘယ်ဝါဟုမေးကြ ကြည့်ကြ မှတ်ချက်ပြုကြသည်၊ အခုအလှုမှာကွမ်းတောင်ကိုင်သူမှာ မေမြို့အနီးက အိုင်တီ တက္ကသိုလ်ကျောင်းသူကလေး ဟုဆိုသည်၊ ဖုံ တထောင်းထောင်း၊ ချွေးသံတရွှဲရွှဲ၊ လမ်းလျှောက်ရသည့်တိုင် ကွမ်းတောင်ကိုင်သူ၏ အလှ မှာ ပျက်ပြယ်မသွားပေ၊ ကိုမြကြီးက ဒီသူငယ်မ အလှဆုံးဟု သီချင်းစပ်ဆိုခဲ့ရသည်မဟုတ်ပါလော။ ၊အလှူ့အမကြီး က ဘယ်လို ၀တ်စားထားတာဟုလည်း ပြောကြဆိုကြသည်၊  

အလှုကိုမိမိတဦးတည်းက လှုချင်၍မရ၊ ရပ်ရွာကလည်းစုပေါင်းစပ်ပေါင်းထည့်ကြ ကူကြသည်၊ ထိုငွေများကို စံနစ်တကျ လက်ခံစာရင်းပြုစုရန်မှာ စာရေးကြီးငှားရသည်၊ ကျွန်တော့်တူတွင် ဦးလေးအရင်းမှာ မဆလခေတ် က သမ၀ါယမလူကြီးဖြစ်သည်၊ သူသည်စာရင်းကျွမ်းကျင်သူဖြစ်ရာ အလှုမလုပ်ခင်ကတည်းက “ ငါကတော့ စာရေးကြီးဟေ့” ဟုပြောထားသည်၊ အလှုနေ့တွင် ဘယ်သူမျှ မရောက်လာမီ၊ တိုက်ပုံ၊ မောင့်ကျက်သရေ ခေါင်းပေါင်းဖြင့် သူ့နေရာသို့ရောက်နေလေပြီ၊ သူ့အလှုကို အရပ်ကကူလိုက်ကြသည်မှာ သိန်းတရာ တော့ အေးအေးဆေးဆေး ဘဲဟုပြောသည်၊

မိမိတို့ရွာကိုပါ အလှူလှည့်ပေးပါဟု ရွာနှစ်ရွာက လာပြီး မေတ္တာရပ်သောကြောင့် ထိုရွာတွေအရောက် အလှူလှည့်ပေးရသည်၊ ရွာတရွာမှ တရွာကူးသော် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့်သာ လမ်းလျှောက်လိုက်ရသည်၊ ရှေ့က  ကြန်ကြန်ဗြုန်း ဆရာတို့မှာ  ရွာချင်းကူးသည့် လမ်းခုလပ် တွင်သာ အနားရသည်၊ တခြား အချိန်တွေ မှာတော့ လူသာလဲသွားသည်၊ အသံက မစဲရပေ။

ကျွန်တော် တူ၏ အလှူမှာ ပြီးစီးအောင်မြင်ခဲ့ပေသည်၊ စုဆောင်းထားသမျှ မှာလည်း ကုန်ခဲ့ပြီထင်၏၊  သိန်း ၂၀၀  အနည်းဆုံး ကုန်မည့်အလှူဖြစ်ပေသည်၊ အလှူပြီးသော် အလုပ်ခွင်ဝင်ဘို့  စင်္ကာပူသို့ ပြန်လာရလေ၏၊ ပိုက်ဆံက ရှာလျင်ရသည်၊  အလှူကြီးပေး၍ ရေစက်ချရခြင်းက ချက်ခြင်း ဖြစ်နိုင်သည် မဟုတ်၊ မိဘတွေလည်း  ရှိတုံး၊ မိမိက လည်းပေးနိုင်သည့် အခြေအနေရှိတုံး အကြောင်းပေါင်းစုံ မှ ဖြစ်နိုင်သည် မဟုတ်ပါလား၊ 

အလှူ တွင် Record  လုပ်ထားသော စီဒီခွေမှာချက်ခြင်းရောက်လာသည်၊ ကျွန်တော်တို့က အကြောင်း ကြောင်းကြောင့်အလှူကိုမလိုက်နိုင်စေကာမူ အလှူပွဲ၏ အစအဆုံး ကိုံစီဒီထဲမှာမြင်တွေ့ရသည်၊ ဘိသိတ်ဆရာ က ခွန်းထောက်ဆို ၍ နောက်က လိုက်ပေးသော ဆိုင်းနှင့် လိုက်ဖက်ပုံမှာ ငေးပြီးနားထောင်နေရသည်၊ ရွာပေါင်းစုံက အလှူကို လာပြီး အားပေးပုံကို မြင်ရသည်၊ ဟိုတုံးက နွားကသော လှည်းတွေနှင့် လာကြသော်လည်း အခု သူတို့အလှူမှာ  ကားတွေ၊ ထော်လာဂျီတွေ ဆိုင်ကယ်တွေကို တွေ့ရသည်၊  အလှူ၏ စားပွဲရုံ မှာ လူတွေ တသုတ်ပြီး တသုတ် လာကြ စားကြ အားပေးကြပုံ မှာ ယခင်ရှေးနှစ်တွေက နှင့် ဘာမှ မခြားနားပါ၊ ရှေးက မြန်မာတို့ ထုံးစံ အတိုင်း အလှူ ဆိုသည်နှင့် ပရိတ်သတ်က စည်ကားလှသည်။

ကျွန်တော့တူတော်မောင်၏ အလှူမှာ ဝေသန္တရာ မင်းကြီးကပင် အားကျလောက်သည့် အလှူဖြစ်သည်။

(၃)

သီရိဓမ္မာ အသောက ဘုရင်ကြီး၏ မင်းဆရာမှာ ရှင်မဟာ မောဂ္ဂလိပုတ္တတိဿမထေရ် ဖြစ်သည်၊ ဧကရာဇ် မင်းမြတ်က ဆရာတော်နှင့်အတူ   ဗုဒ္ဓမြတ်စွာ ဘုရား၏ သံဝေဇနိယဌာန၊ အဝေဇနိယ ဌာနတွေ အားလုံးသို့ ဘုရားဖူးကြွချီကာ ဘုရားကျောင်းကန်ဇရပ်တွေကို ဆောက်လုပ်လှူဒါန်းခဲ့သည်၊ အရေအတွက်   ၈၄၀၀၀  ကျော်သည်ဟုစာရှိခဲ့သည်၊ သို့တိုင် အောင် သာသနာ့ အမွေခံမင်းဟူ၍ကား မဖြစ်သေး မိမိသားသမီး ကို သာသနာ့ဘောင်အတွင်းသို့  သွတ်သွင်းပေးနိုင်မှသာ သာသနာ့အမွေခံထိုက်သူဖြစ်နိုင်သည်ဟု ဆရာတော်က ဘုရင် ကို မိန့်ခဲ့ဘူး သည်။

ကျွန်တော့်ဘ၀တွင်  အလှူပေးခြင်းကို နှစ်ကြိမ်ကြုံခဲ့ဘူးသည်၊ ပထမ တကြိမ်က ကျွန်တော့်ရှင်ပြုပွဲ ဖြစ်ပြီး နောက်တကြိမ်က အမေက သူ့မြေးတွေကို ရှင်ပြုတုံးက ဖြစ်ပါသည်။

ကျွန်တော်သည် လူကောင်ကြီးပြီး ခုနှစ်တန်း ရှစ်တန်းရောက်မှ ထမ်းစင်စီး၍ ရှင်ပြုခဲ့ရခြင်းဖြစ်ပါသည်၊ ဝေဘူ ဆရာတော်ကြီး၏ ကျောင်းမှာ ခင်ဦး နှင့် ၇  မိုင်ခန့်ဝေးသည်၊ ဆရာတော်ကျောင်းသို့  ညအိပ် ၂ ရက်သွား ကာ   ကျောင်းတွင်းမှာပင် အလှူလှည့်  သင်္ကန်းဝတ်ခဲ့ရခြင်းဖြစ်ပါသည်၊ ထိုစဉ်က ဆရာတော်ကျောင်းသို့ တတ်နိုင် သမျှ လှူရသည် ဘယ်ရွှေ့ ဘယ်မျှ သတ်မှတ်ချက်မရှိ လှူသမျှကို လက်ခံခါ အလှူပွဲ ဖြစ်အောင် ဆရာတော် ကြီး လက်ထောက်တွေက စီစဉ်ပေးခြင်းဖြစ်ပါသည်၊ ကျွန်တော်သည် ထမ်းစင်စီးခဲ့ရသည်၊ ကျောင်းသားတွေက  ရှိုးလိုက်ကြသည်၊ ကျွန်တော် မမှတ်မိတော့ သော ခွန်းတောက်၊ သံပေါက် တွေကို ရှေ့လူက တိုင်ပေးခါ နောက်က လူတွေက ရှိုး…ရှိုး ဟု အော်ကြရသည်ကို ရှိုးလိုက်သည်ဟုခေါ်သည်၊ 

ဆရာတော်ကြီးက “ လှလိုက်တာဗျာ”  မင်းသားလေးတွေလိုဘဲဗျ ”  ဟုပြောသံကို မှတ်မိ နေ  သည်၊ မောင်ရင် လောင်း အ၀တ်အစားနှင့် ဆရာတော်ကြီး တရားပွဲ မှာ ရှေ့ဆုံးက ကျွန်တော်တို့ ထိုင်ကြရခြင်း ဖြစ်ပါသည်။ ထိုစဉ်က ၀မ်းသာပီတိဖြစ် တတ်သည့်အရွယ်မဟုတ်သေး၊

နောက်တကြိမ် အမေကအလှူ ပေးသော် ကျွန်တော်တို့သည် အိမ်ရှေ့ မှာ မဏ္ဍာပ်  ထိုးရသည့်အလှုဖြစ်နေပါပြီ၊ ကျွန်တော် မမေ့နိုင်ဘဲ အမှတ်ရနေသည်မှာ အလှူလှည့်ဘို့ လူတွေပြင်ဆင်နေကြစဉ် ဗြောတီးသည့် အဖွဲ့က  ရှေ့မှ လိုက်ရန် ပြင်ဆင်ပြီး ဗြောကို စမ်းတီးနေကြစဉ် အမေသည် ၀မ်းသာကြည်နူးမှုဖြင့် မျက်ရည်တွေ တွင်တွင်ကျနေတာကို ကျွန်တော် စွဲနေအောင် မှတ်မိနေပါသည်။

ရှင်တော် ဗုဒ္ဓက ပေးလှူခြင်း အကျိုးကြီးမားပုံကို သူသိသလိုသာ လူတွေသိကြလျင် လူတွေသည် မိမိစားမည့် အစားအစာကိုပင်  သူများတွေကို ပေးလိမ့်မည်ဟု ဟောကြားခဲ့ဘူးသည်။

(၄)

ဘုရားလက်ထက်တော်က ၀ိသာခါ ကျောင်းအမကြီး၏ အလှူပေးပုံ အကြောင်း စာများတွင်ဖတ်ရဘူးသည်၊  ဘာသာခြား မိဘနှစ်ပါးမှ မွေးဖွားလိုက်သော သူဌေးမ ၀ိသာခါသည် အသက် ၇ နှစ်အရွယ်တွင် ဗုဒ္ဓဘုရားကို ဖူးတွေ့ ရပြီး သောတပန် တည်ခဲ့သည်၊ သူ၏ ၉ကုဋေမျှ အဖိုးထိုက်တန်သော ၀တ်ရုံကိုရောင်းချပြီး ဥယျာဉ် မြေကိုဝယ်၊ ကျောင်းတွေဆောက်ခါ  ၂၇ ကုဋေ  အကုန်ခံ၍ သံဃာတော်များကိုလှူဒါန်းခဲ့သည်၊ ပုဗ္ဗာရုံ ကျောင်းတော်ကြီး ကိုလှုဒါန်းသူ ဒကာမကြီး ၀ိသာခါသည် အသက် ၁၂၀ ရှည်ခဲ့သည်၊ ထိုအလှူများ ကျေးဇူးကြောင့် လူတို့သက်တမ်း နှစ်ရှစ်ရာတွင် နတ်သက် တစ်ရက် မျှသာ ဖြစ်သော နိဗ္ဗာနာရတိ နတ်ဘုံ ၌ နတ်သမီး သွားဖြစ်ရဘူးသည်။
ဝိသာခါ ကျောင်းအမကြီးသာ ထိုနတ်ဘုံမှ ကျွန်တော်တူ၏ အလှူကို လှမ်း၍ ကြည့်မြင်နိုင်သည်ဆိုလျင် ၀မ်းသာ ပီတိ ဖြစ်နေမည်ထင်သည်။       

ကိုသန်းလွင်