မောင်စွမ်းရည် - “ ဖက်ဆစ်သမိုင်း နှင့် တော်လှန်သမိုင်း ”


မောင်စွမ်းရည် - “ ဖက်ဆစ်သမိုင်း နှင့် တော်လှန်သမိုင်း ”
(မိုးမခ) ဧပြီ ၂၉ ၊ ၂၀၁၅

ဖက်ဆစ်ပါတီ
မူဆိုလိုနီ၊ အီတလီကစ
ဒမြအလံထူးခဲ့တာတဲ့။

ဟစ်တလာ ဂျာမနီ
နာဇီဖက်ဆစ်၊ 
အမျိုးသား ဆိုရှယ်လစ်
လက်သစ်နယ်ချဲ့၊
ချဲ့စရာ နယ်မကျန်လို့
နှစ်နိုင်ငံရိုင်းပင်း ၊ အိမ်နီးချင်းနဲ့
ပြည်တွင်းပြည်ပ၊
ဣသရေလ၊ ရှိစေသမျှ
ဂျူးတသန်း- နှစ်သန်း
အထူးခန်းမှာ အဆိပ်ခိုးနဲ့
မျိုးဇာတ်ခွဲ၊ အမျိုးဖြတ်တဲ့ လူသတ်ပွဲမှာ
အသားထဲက အဆီထုတ်
ဆပ်ပြာခဲ လုပ်သတဲ့။

အရုပ်ပါတဲ့ ကျောပြင် ၊ဆေးမင်တက်တူး
ဂျူးတို့အရေပြား ၊ ပိုးသားအုပ်ဆောင်း
မီးစလောင်းလုပ်၊ယုတ်မာခဲ့ပြီ ။

ကျည်ဆံ၊ လှံစွပ်၊သေနတ်နဲ့ဓါး
အားမရလို့ ၊ကျား၊မ၊ကလေး
အဘေးအဘိုး ၊ဂျူးလူမျိုးကို
သတ်ရိုးမသတ်၊စုပုံသတ်ခဲ့
အဆိပ်ဓါတ်လွှတ်၊ မွန်းကျပ်အခန်း
သတ်နည်းဆန်းကြောင့်
သိန်းသန်းကုဋေ ၊ ဦးထုပ်တွေပုံ
ဖိနပ်တွေပုံ ၊ အရိုးတွေပုံ
လူသေဦးခေါင်း ၊ အထောင်အသောင်း
ဟောင်းလောင်းအပေါက်၊ ကျီးကန်းဖေါက်လျက်
ပိုးလောက်တက်ခဲ့ ၊ကြွက်ယင် လင်းဒ
စခန်းချလို့ ၊ခွေးအအူအူ
လူရှင်တို့ရဲ့ သချိုင်းကြီး။

“ ပန်- နီ-အိ” တဲ့၊
အီတလီ၊ဂျာမနီ၊ဂျပန်
သုံးနိုင်ငံ “ ဝင်ရိုးတန်း ”
ကမ္ဘာ့အရှေ့ခြမ်း ၊နေနနတ်နန်းတဲ့
ကျွန်းတန်းအရပ်၊ နေနတ်နွယ်မျိုး
“ ငပု ”ဆိုးတို့ ၊ကမ်းရိုးတန်းပေါ်
ပင်လယ်ကျော်လွှား၊ ကိုရီးယား၊တရုတ်
မျိုးပြုတ်မတတ်၊ စုပြုံသတ်ခဲ့
တောင်အထပ်ထပ် ၊မြစ်အထပ်ထပ်
ပင်လယ်ပတ်ပြီး ၊ကျော်ဖြတ်ဒုန်းစိုင်း
ထိုင်းခေါ်ယိုးဒယား ၊ ဘားမားခေါ်ဘိရုမာ
“ အာရိဂတော ” ၊ နွားရော ကျွဲရော
ကြက်ဝက်ရော ။ ဆိတ်ရော လူရော
သစ်ဝါးရော၊ ကျောက်မျက်ရော၊ ရွှေငွေရော၊
ယောရောရှိရော၊ မရှိရော။ ရှိသမျှယူ ။

ရှင်လူ ကျားမ ၊ပါးချဟောက်ဟိန်း
မုဒိမ်းဓါးပြ ၊ဒလဒဂုန်
မုံရွာနမား ၊မြစ်ကြီးနားတိုင်
မနားစတမ်း ၊ကြမ်းတမ်းရက်စက်
ဖက်ဆစ်လူရိုင်း၊ “ ဘန်ဇိုင်း ”သေမင်း
သေလမ်းခင်း ၊ ဒင်းလဲသေဖို့ပြင် ။

အီတလီမှာ ၊ နာဇီစစ်ဗိုလ် ၊
အမြစ်ပြိုပြီ။
ဂျာမနီမှာ ၊နာဇီဖက်ဆစ်၊ မျိုးပြုတ်ရစ်ပြီ။
ဗမာပြည်မှာ ၊ပန်-နီ-အိမျိုး ၊ဖက်ဆစ်မျိုးကို 
ရှေ့မတိုးအောင်၊ မျိုးဖြုတ်အံ့။

ဖက်ဆစ်ကျူးကျော်
ခေါ်ခေါ် မခေါ်ခေါ် ၊ ကျူးကျော်လမ်းစဉ်
ကြိုတင်မြင်ခဲ့၊
သခင်စိုး ၊သခင်သန်းထွန်း၊
သခင်နု၊ သခင်မြ၊
သခင်တင်မြ၊ သခင်ဗဟိန်း
သခင်သိန်းဖေ၊ သခင်တင်ရွှေ
သခင်ဗဆွေရော ၊သခင်မတွေရော၊
သခင်တွေ၊ သခင်တွေ
မြေအောက်ကိုဝင် ၊တော်လှန်ရေးပြင်ကြ
နိုင်ငံရေးသင်တန်း ၊စစ်သင်တန်း
လေထီးသင်တန်း ၊ဗုံးသင်တန်း နဲ့
တော်လှန်စခန်းကြီး ဖွင့်လိုက်ပြီ။

တော်လှန် လမ်းပြ ၊ဘုံဘဝဖြင့်
မူချမာန်ပျိုး ၊ “ ထမ်းပိုးတည့်တည့်ထမ်း ” ကြတဲ့
“ စိုး ” နဲ့ “ သန်း ” ကို ၊ “ ဆန်း” က ချိတ်ဆက်
ဖက်ဆစ်တိုက်ဖျက်ရေး ၊ပြည်သူ့လွတ်လပ်ရေး ။

စစ်ရေးမူချ ၊ “ ဖတပလ ” မှာ
ဗကပ ခေါ် ဘီစီပီ
ယူဂျီခေါ် ယူနစ်
စစ်တပ်က ဘီဒီအေ၊ ဘီအိုင်အေ
မြေလျှိုးမိုးပျံ ၊အနီခံတဲ့ ကြယ်ဖြူပွင့်
လွှင့်ထူလိုက်ပြီ ၊ရဲရဲနီ။

ဗမာပြည်က ပြောက်ကျား
ပြည်သူ့သမီး ၊ပြည်သူ့သား
ပြောက်ကျား မော်ကွန်းတင်လိုက်ပြီ ။

ဗမာပြည်ရဲ့ ၊ယာယီမဟာမိတ်
အင်္ဂလိပ်က ၊လေထီးနဲ့ချ
ဗမာ့ ပြောက်ကျား
ချောက်ကြားခြုံကြား ၊ တောင်ချိုင်ကြားက
ခါးမှာသေနတ် ၊လက်ပတ် “ ကြယ်နီ ”
ဝပ်တွားချီတက်၊ လျှပ်စည်းပြက်သို့
လက်ပစ်ဗုံး ၊မီလောင်ဗုံး
မြေမြှပ်ဗုံး၊ ရေငုပ်ဗုံး
ဗုံးတွေကျည်တွေ ၊ဓါးရှည်လှံစွပ်
ချဉ်းကပ်ရန်သူ ၊ အသက်ယူပြီ
ပြည်သူကြားက ပြောက်ကျားစစ်။

ပြည်သူတကာ ၊ ရှင့်လူ- ပါဝင်
စာသင်ကျောင်းသား၊ အလုပ်သမား၊ 
လယ်သမား ၊ဘိုးဘွား မြေးမြစ် ပြည်သူ့စစ် ။

ရှင်ရဟန်းက သင်္ဃန်းချခဲ့ ၊
သီလရှင်က ဗျပ်ဗန်းချခဲ့၊
လယ်သမားက တံစဉ်းချခဲ့၊
အလုပ်သမားလဲ တူကိုထားခဲ့ ၊
ဒို့ကျောင်းသားက စာအုပ်ထားခဲ့၊
ဓါးရှိသူက ဓါးကိုပိုက်၊
လှံရှိသူတွေက လှံနဲ့တိုက်၊
လှံလဲမရှိ၊ ဓါးမရှိရင်
သွားရှိတယ်ဟေ့။
သွားနဲ့ကိုက်။
အားလုံး ခါးတောင်းကျိုက်။
အားလုံး စစ်ထဲလိုက် ။

ပြောက်ကျားဆင်နွှဲ ၊
တိုက်ပွဲ တသောင်း ၊အောင်ပွဲတသောင်း
ထောင်သောင်းဖက်ဆစ်၊ သုတ်သင်ပစ်ခဲ့
ထွန်းသစ်ကြယ်နီ ၊မိုးသောက်ဆီ။

ညီညွှတ်ခြင်း ၊သွေးစည်းခြင်း၊
ယုံကြည်ခြင်း၊ ရဲရင့်ခြင်း
သစ္စာရှိခြင်း ၊ခိုင်မြဲခြင်း၊
စွန့်စားခြင်း၊ ဝံ့ကြွားခြင်း
သွေးနဲ့ ရင်းတဲ့တော်လှန်ရေး၊
ပြည်သူ့တော်လှန်ရေး ၊ ငါတို့တော်လှန်ရေး
တော်လှန်ရေးရဲ့ အဓိဌာန် ၊ဖက်ဆစ်ရန်မှန်သမျှ
ပြည်တွင်းပြည်ပ တော်လှန်ကြ။

ဗမာ့မော်ကွန်း၊ အသစ်ထွန်းခဲ့ ။မော်ကွန်းကဗျာသီပါကြောင်း ။  ။

မောင်စွမ်းရည်
မတ်လ ၂၅

၂၀၁၅