ငြိမ်းချမ်းအေး - လောကကြီးရဲ့မောင်းနှင်အားများ


ငြိမ်းချမ်းအေး - လောကကြီးရဲ့မောင်းနှင်အားများ

(မိုးမခ) ဧပြီ ၂၉ ၊ ၂၀၁၅

Baltimore ဆိုတာက "The land of the free and the home of the brave.'' မွေးဖွားခဲ့ရာပေါ့။

ဒါပေမဲ့ လူမည်း အသက်လည်း တန်ဖိုးရှိကြောင်း အခုထက်ထိ ဟစ်အော်နေရတုန်းပါပဲ။

လမ်းပေါ်ရောက် ဆေးသမားဘဝတွေကို အရင်းရှင်စနစ်စက်ရုံက စွန့်ပစ်ပစ္စည်းအနေနဲ့ ထုတ်ပေးလိုက်တယ်။  ကမ္ဘာ့အချမ်းသာဆုံး၊ အင်အားအရှိဆုံး တိုင်းပြည်မှာ လူမှု၊ ကျန်းမာ၊ ပညာ လူတမ်းမစေ့တဲ့ ဘဝတွေကို ရခဲ့တယ်။  နောက်ဆုံးတော့ အချုပ်ထောင်မှာ သေရတယ်။

ပုလိပ်အကြမ်းဖက်မှု၊ အင်အားအလွန်အကျွံသုံးမှု ဆိုတာ ကမ္ဘာတဝှမ်း ဒီမိုကရေစီ ရေချိန်စနစ် မျိုးစုံမှာ ဖြစ်ပျက်နေတာပါ။

ဒါကြောင့် ဗမာပြည်က စစ်ဗိုလ်ချုပ်တွေက အမေရိကားမှာ ဆိုရင် ဘယ်လို လုပ်တာ၊ ပစ်တာ၊ သတ်တာ ဆိုပြီး အရှက်မရှိ အကြောင်းပြလို့ ရတာပေါ့။  ဒါပေမဲ့ သူတို့မျက်ကွယ်ပြု မမြင်ချင်ယောင်ဆောင်နေတဲ့ အကောင်း အတုယူစရာ အချက်တွေကတော့ အများကြီးပါပဲ။  မကောင်းတာကိုမှ ကွက် နမူနာပြု နိုင်ငံတကာနဲ့ တူချင်၊ ဒီမိုကရေစီ အမည်တပ်ချင်နေကြတာကတော့ ကျားကျား မီးယပ်အော်ကာ ဖိနှိပ်လိုသူ အာဏာရှင် စိတ်ဓာတ်၊ အကျင့်စရိုက်များပါပဲ။

ဘယ်စနစ်အဖွဲ့အစည်းမဆို ချို့ယွင်းချက်တွေ အပြည့်ပါ။  လိုနေတာက မတရားမှုတွေအတွက် အမြဲမပြတ် တောင်းဆိုလှုပ်ရှား တိုက်ပွဲဝင်နေဖို့နဲ့ ဝင်နေနိုင်ခွင့် ရအောင် ဖန်တီးထားတဲ့ နောက်ခံ အခြေအနေ တခု ဖန်တီးနိုင်ဖို့ပါပဲ။

လူမည်း၊ လူနီ၊ လူဝါ၊ လူညို၊ လူဖြူ အားလုံးမှာ အသက် ရှိကြောင်း၊ တူညီတဲ့ တန်ဖိုးနဲ့ အခွင့်အရေးရှိကြောင်း ပြောဆိုထောက်ပြ တောင်းဆို အခြေအနေတွေ အများကြီး ရှိနေပါတယ်။  အရင်းရှင်စနစ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွား ဆေးတောင်ဝှေ့ အစွမ်းနဲ့ ကမ္ဘာပြားပြီလို့ အကောင်းကွက်ကြည့် ဆိုနေကြရတဲ့ လူမှု၊ စီးပွား တဖက်စောင်းနင်း အဖုအထစ် အနိမ့်အမြင့် ချိုင့်ခွက်များနဲ့ အပြည့် မျက်မှောက် လက်ရှိ ပကတိ ကမ္ဘာကြီး အမှန်တကယ် ပိုမိုကောင်းမွန် လူသားတိုင်းအတွက် ရေပြင်ညီတဲ့ အနာဂတ်ပိုင်ဆိုင်နိုင်ဖို့ အဖိနှိပ်ခံ လူအများအတွက်၊ အဓမ္မအမှုတွေ အတွက် ကျင့်ဝတ်တာဝန်သိ ကမ္ဘာ့ လူသားတိုင်း တနိုင် အသံတွေ ပိုထွက်ကြရပါမယ်။

လက်ပံတောင်းမှသည် ကမ္ဘာအနှံ့က စီးပွားလုပ်ငန်းကော်ပိုရေးရှင်းကြီးများရဲ့ အဓမ္မအမှုတွေ အတွက် ကြွေးကြော်ရပါမယ်။

လက်ပံတန်းမှသည် ဘောလ်တီးမိုး အထိ ပုလိပ်အကြမ်းဖက်မှုတွေကို ရှုတ်ချကြရပါမယ်။

အလားတူပဲ မုဆိုးခေတ်ကုန်ပြီမို့ လေးမြားတွေသိမ်း လူတွေပို ယဉ်ကျေးကြောင်း ပြဖို့ လိုပါတယ်။ လူ့သိက္ခာ၊ လူ့အခွင့်အရေး၊ လူသားတန်ဖိုးတွေ တောင်းဆို ဟစ်ကြွေးရာမှာ ငြိမ်းချမ်းတဲ့နည်းသာ ကျင့်သုံးအပ်ပါတယ်။  ရန်ကိုရန်ချင်း တုံ့ပြန်လို့ မရ၊ အကြမ်းဖက်မှုကို တန်ပြန် အကြမ်းဖက်ချင်လို့ အလုပ်မဖြစ်ပါ။  အဓမ္မအမှုတွေ အတွက် ဓမ္မအလုပ်ကသာ အောင်နိုင်ရာပါ။

ဒါကြောင့် ပြည်သူ့ရေးရာ အခွင့်အရေးနဲ့ လူမှုတရားမျှတမှုတွေကို တိုက်ပွဲဝင်ရာမှာ၊ လူထုလှုပ်ရှားမှုတွေ ဖော်ဆောင် ဆန္ဒပြရာမှာလည်း မဟတ္တမ ဂန္ဒီကြီး ထုံး နှလုံးမူ ကောင်းဖို့လုပ်စေဦးတော့ အကြမ်းဖက်မှုကို လုံးဝ ဥဿုံ  ရှောင်ကြဉ် အကြမ်းမဖက် ငြိမ်းချမ်းရေးလမ်းစဉ်ကိုပဲ ရွေးချယ်ရပါမယ်။  အကြမ်းဖက်မှုတွေကို ကန့်ကွက်ရပါမယ်။

စိတ်ကူးယဉ်ဝါဒပဲ ဆိုကြပါစို့။

ဒါပေမဲ့ ကမ္ဘာကြီးကို ကောင်းမွန်တဲ့ အပြောင်းအလဲဆီ သယ်ဆောင်သွားခဲ့သူတွေ အားလုံးဟာ စိတ်ကူးယဉ်သူတွေချည်းပါပဲ။

ချစ်ရတဲ့ ငှက်ရဲ့ ငြိမ်းချမ်းရေး သီချင်းလေးနဲ့ပဲ အဆုံးသတ်ပါမယ်။

လူတွေရဲ့.. နှလုံးသားတိုင်းမှာ..
ငြိမ်းချမ်းရေးပါပဲ..
သာယာတဲ့.. လောကကြီးမှာ..
စစ်မက်များ.. မလိုဘူး..

နေထိုင်ရာ.. ဒေသနဲ့..
အသားအရောင်တွေ..
မတူလည်းဘဲ..

ရင်ခုန်နေတဲ့..
နှလုံးသားက.. တရောင်တည်း..

ငြိမ်းချမ်းရေးငှက်က ဒါကို “လောကကြီးရဲ့မောင်းနှင်အား” လို့ ဆိုခဲ့ပါတယ်။

ကမ္ဘာမြေရဲ့ မျှော်လင့်ချက်၊ မိခင်တွေ ချစ်ခြင်းနဲ့ ရှင်သန်လည်ပတ် သွားမယ့် ဒို့ကမ္ဘာမှာ “လောကကြီးရဲ့မောင်းနှင်အားများ” ကတော့ ဉာဏ်ပညာ၊ ချစ်ခြင်းတရား၊ ငြိမ်းချမ်းရေးနဲ့ လူသားဆန်မှုများသာ ဖြစ်ပါတယ်။

အကြမ်းဖက်ဝါဒ ကျဆုံးပါစေ။

ငြိမ်းချမ်းအေး
ဧပြီ ၂၈၊ ၂၀၁၅

ရည်ညွှန်း ဖြစ်စဉ်များ -- Death of Freddie Gray and Baltimore Riots (April, 2015)


(ဆောင်းပါးပါ အာဘော် ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com  သို့လည်း စာရေးနိုင်ပါသည်။)