ကိုသစ် (သီတဂူ) - ရေသန့်၊ လူသန့်၊ စိတ်မသန့်တသန့်

ကိုသစ် (သီတဂူ) -  ရေသန့်၊ လူသန့်၊ စိတ်မသန့်တသန့်
(မိုးမခ) မေ ၂၈၊ ၂၀၁၅

(တစ်)
လက်ထဲက ရေသန့်ပုလင်းကို ကိုင်နေရင်းက လွန်ခဲ့သောဆယ်နှစ်ကျော်လောက်က အဖြစ်အပျက်ကလေးတခုကို ကြံကြံဖန် ဖန်ပြန် သတိရနေမိသည်။

အဲသည်အချိန်တုန်းက နိုင်ငံခြားကပြန်ရောက်လာသော မိတ်ဆွေတယောက်နှင့် စားသောက်ဆိုင်တဆိုင်မှာ ဆုံဖြစ်ခဲ့ပါ သည်။  “လာခဲ့ဦးဗျာ၊ မတွေ့ရတာ ကြာပြီ၊ စကားလေး ဘာလေး အေးအေး ဆေးဆေး ပြောကြတာပေါ့”ဟုဆိုသောကြောင့် ရန်ကုန်မြို့ထဲက နာမည်ကြီး ထမင်းဆိုင်တဆိုင်တွင် ဆုံဖြစ်ခဲ့ကြပါသည်။ အစားအသောက်တွေကိုလည်း ‘သည်ဟာ ကောင်းတယ်၊ ဟိုဟာက စားလို့မကောင်းဘူး” စသည်ဖြင့် သူကပဲ မှာပေးတာ။ အဲသည်တုန်းက ကျနော်က နိုင်ငံခြားကို တခါမှ မရောက်ဖူးသေးသည့်အချိန်။ ဆိုင်ထဲရောက်ရောက်ချင်း သူက ရေသန့်နှစ်ပုလင်းကို အရင်မှာပါသည်။ ရေသန့်တ ပုလင်းကို ကျနော့်ကို လှမ်းပေးရင်း “သောက်ဗျာ၊ ကျနော်ကတော့ ရေသန့်ပဲသောက်လို့ရတော့တယ်။ မြန်မာပြည်က ရေကိုသောက်ရင် ၀မ်းပျက်တယ်ဗျ’ ဟုပြောချလိုက်တော့ ကျနော်သူ့ကို ပြုံးပြီး စိုက်ကြည့်နေမိသည်။ ဘာစကားမှတော့ ပြန်မပြောဖြစ်ခဲ့။ စိတ်ထဲကတော့ သည်လူ ဘယ်လိုဖြစ်သွားတာပါလိမ့်ပေါ့။

သည်မြေသည်ရေဖြင့် လူလားမြောက်ခဲ့သော သူကို အခုတော့ ဗမာပြည်ကရေက သူ့ကို ၀မ်းပျက်သွားစေပြီတဲ့လား။ ရေ သန့်မှတဲ့လေ။ နည်းနည်းဇီဇာကြောင်သူ၊ အောက်သက်မကျေသူအဖြစ် ကျနော်က သူ့ကို စိတ်ထဲမှာတေးထားလိုက်မိ သည်။ သူဗမာပြည်ကထွက်သွားတာ ဘာကြာသေးတာမှတ်လို့။ ပြီးတော့ သူထွက်သွားတဲ့တိုင်းပြည်က တကယ်တော့ ကျနော်တို့နဲ့ ဘာမှအလှမ်းမဝေးလှတဲ့ အရှေ့တောင်အာရှထဲက တိုင်းပြည်။ နှစ်နှစ်ဆိုသော အချိန်က လူတယောက်ကို သည်လောက်ပဲ အပြောင်းအလဲဖြစ်စေနိုင်သလားလို့ သံသယတော့ ဖြစ်မိသား။ အပြောင်းအလဲက နည်းနည်းများ မြန်နေ သလားလို့ပါ။

သည်လူက လူကဲခတ် မညံ့ဘူးဗျ။ ကျနော့်စိတ်ကို ဖတ်မိပုံရပါသည်။ ‘တကယ်တော့ မြန်မာပြည်ကရေက ထုံးဓာတ်သိပ် များတာဗျ။ ရောက်ခါစဆိုတော့လည်း ဂရုစိုက်ရတာပေါ့။ နောက်ဆိုရင်တော့လည်း အသားကျသွားမှာပါဗျာ’ ဟု ရယ်ကျဲကျဲ ဖြင့် သူက စကားဆိုပါသည်။

သည်တော့မှ ကျနော်ကလည်း ‘အေးဗျာ ကျနော်တို့လူမျိုးတွေရဲ့ ခန္ဓာကိုယ်တွေထဲမှာ ထုံးဓာတ်တွေ ဘယ်လောက်တောင် များနေပြီလဲ မသိတော့ပါဘူး။ ကြာရင် ကျနော်တို့အကုန်လုံး ထုံးခဲကြီးတွေ ဖြစ်ကုန်မှာတောင် စိုးရိမ်ရတယ်ဗျာ’ ဟု အရွှန်းဖောက်ပစ်လိုက်ပါသည်။

ထမင်းစားကြရင်းသူက “ ကျနော်တို့ လူမျိုးတွေသောက်နေတဲ့ရေက ရေသန့် အလွန်နည်းတယ်ဗျ။  ကျနော်တို့ဟာ မသန့်တဲ့ ရေတွေကိုပဲ နေ့တိုင်းသောက်နေရတယ်။ အစားအသောက်တွေဆိုရင်လည်း ကြည့်ပါဦး။ အကုန်လုံးနီးပါးက ဓာတုဆိုးဆေး အမျိုးမျိုးကို သုံးနေကြတယ်။ ရောင်းပန်းလှဖို့ အပင်သန်ဆေးတွေ သုံးတယ်။  အသီးသန်ဆေးတွေ သုံးတယ်။ မျှစ်ရဲ့ မူလ ဘူတအရောင်က အဖြူရောင်လေဗျာ။ အခုကျနော်တို့ ထမင်းဝိုင်းထဲမှာရောက်နေတဲ့ မျှစ်ကလေးတွေက ၀ါဖန့်ဖန့် က လေးတွေ၊ နီကျင်ကျင်ကလေးတွေ ဖြစ်နေတယ်။ အသားတွေကို ကြာရှည်ခံအောင် ရေခဲစိမ်တယ်။ ငါးတွေလည်း သည်အ တိုင်းပဲ မဟုတ်လား။ သည်အတိုင်းသာ ဆက်သွားမယ်ဆိုရင်ဖြင့် ကျနော်တို့လူမျိုးတွေ မကြာခင် ဒုက္ခလှလှ တွေ့ကြရ တော့မယ်’ ဟု ရှည်လျားစွာ ပြောပါသည်။ သူ့စကားနားထောင်ရတာ စားရင်းသောက်ရင်း ကျနော် ကျောချမ်းလာမိသည်။ ကောင်းစေချင်တဲ့စိတ်အခံနဲ့ ပြောနေတဲ့သူ့စေတနာကို ကျနော်လေးစားမိပါသည်။

ကျနော်တို့မှာ ကျန်းမာရေးအသိအားနည်းတာကိုတော့ ၀န်ခံရပါလိမ့်မည်။ ကိုယ့်ခေါင်းပေါ်က ဆံပင်ကိုတောင် အရောင် အမျိုးမျိုးဆိုးနေကြပြီဖြစ်ရာ ဆေးဆိုးပန်းရိုက် သံသရာကြီးထဲမှာ တ၀ဲလည်လည်။ အခုချိန်ထိ ရုန်းမထွက်နိုင်ကြသေး။ တချို့ဆိုရင် အန္တရာယ်ရှိမှန်းတောင် မသိကြတော့။
နောက်တလလောက်ကြာတော့ ရေသန့်ရောဂါရနေသော အခြားမိတ်ဆွေတယောက်နှင့် ဆုံဖြစ်ပြန်ပါသည်။ သူ့လက်ထဲက ရေသန့်ဗူးကလေးကို ထောင်ပြရင်း သူက ‘ကျနော်အခု ရိုးရိုးရေ မသောက်တော့ဘူးဗျ။ ရေသန့်ပဲ မှာသောက်တော့တယ်’ဟု ရိုးရှင်းစွာ ပြောပါသည်။ သူရေသန့်သောက်ခြင်းမှာ ဘာအကြောင်းပြချက်မှမရှိ။ သူနှင့်ကျနော်က အသက်ချင်းကလည်း သိပ်မကွာ၊ ဘော်ဒါရင်းတွေလည်းဖြစ်နေလို့ စိတ်ပေါက်ပေါက်နှင့် ကျနော်ပြောချပစ်လိုက်ပါသည်။ ရေသန့်သောက်တိုင်း လည်း လူသန့်ဖြစ်တာမဟုတ်ပါဘူးဗျာ...။
                      
(နှစ်)
ပုပ္ပါးအကွာဆိုသော သောက်ရေသန့်က တီဗီဖန်သားပြင်ပေါ်မှာ နေ့စဉ်လိုလို ကြော်ငြာနေသည့် အချိန်။ အဲသည်အချိန်တုန်းက ရေသန့်ရောဂါထနေသူများကို ကျနော် တော်တော်အမြင်ကတ်ပါသည်။ နောက်ပိုင်း ကိုယ်တိုင်အပြင်ထွက်ကြည့်မိတော့မှ ကျနော့်မိတ်ဆွေတွေပြောတာ မလွန်ပါလားဟု သဘောပေါက်သွားသည်။

ဘရာဇီးဘောလုံးသမားတွေ အရှေ့တောင်အာရှဘက်ဆီ ချစ်ကြည်ရေးပွဲတွေလာကစားကြတုန်းက ဘရာဇီးနိုင်ငံက သောက်ရေသန့်တွေ ယူလာခဲ့ကြပါသတဲ့။ ဘရာဇီးအစားအစာကိုလည်း လေယာဉ်နဲ့မှာယူပေးရပါသတဲ့။ ဥရောပဘောလုံး ကလပ်တွေ လာတုန်းကလည်း ထိုနည်းလည်းကောင်း။ ဥရောပသောက်ရေသန့်၊ ဥရောပ အစားအစာ။ သည်တခါတော့ သူတို့ကို သိပ်ကိန်းခမ်းကြီးတာပဲ ဟု ကျနော် မပြောရဲတော့။ ဘာပဲဖြစ်ဖြစ် သူတို့က ကျနော်တို့ထက် ကျန်းမာရေး ဗဟုသုတ ကြွယ်ဝကြသူတွေ မဟုတ်လား။

ကျနော်တို့ ပြည်မက လူတွေတောင် တောင်ကြီးလို၊ ပူတာအိုလို တောင်တန်းဒေသတွေဆီ အလည် အပတ်သွားကြသည့်အခါ ရေပြောင်းမြေပြောင်းဒဏ်ကို ခံကြရသေးသည်ဖြစ်ရာ အနှီဥရောပသားတွေ၊ အမေရိကသားတွေကို အပြစ်မမြင်ရက်တော့။ ယခုအခါ ရေသန့်ဗူးအမျိုးမျိုးကို နေရာဒေသတော်တော်များများမှာ တွေ့မြင်နေကြရပြီဖြစ်ရာ ကျနော်တို့လူမျိုးတွေ ကျန်းမာ ရေးအသိ ကြွယ်ဝလာကြပြီဟုတွေးပြီး ၀မ်းသာမဆုံးဖြစ်မိပါသည်။ ပေါလိုက်သည့် ရေသန့်ဗူးတွေ။ အရွယ်အစား အမျိုးမျိုး၊ တံဆိပ်အဖုံဖုံ။ ကျနော့်မိတ်ဆွေတချို့ပင် ရေသန့်ဗူးထုတ်လာကြသည်ကို တွေ့ရပါသည်။ ကျနော့်အမေ တောသူမကြီး ကိုယ်တိုင်ပင် ‘သား အမေကတော့ နည်းနည်းဖျားချင် နာချင်သလိုဖြစ်လာတဲ့အခါ ရေသန့်ဗူးဝယ်သောက်လိုက်တာပဲ။ နှစ်ဗူးလောက်ကုန်ရင် ပျောက်ပြီ’ဟု ပြောခဲ့ဘူးပါသည်။ သြော်.. ရေသန့်ဆိုသည်မှာ ဆေးတမျိုးပဲမဟုတ်ပါလား။

လွန်ခဲ့သောတပတ်လောက်က  သောက်သုံးရန်မသင့်သော ရေသန့် ၁၉ မျိုးကို နာမည်နှင့်တကွ စာရင်းပြုစုပြီး ထုတ်ဖော် ကြေငြာလိုက်သသောအခါ ကျနော်လန့်ဖြတ်သွားပါသည်။ ထိုစာရင်းပါသော ဂျာနယ်ကြီးကို လက်ကကိုင်းရင်း အမေ့ အိပ်ရာဘေးမှာ ထောင်ထားသော ရေသန့်ဗူးကလေးနှင့် ကျနော့်လက်ထဲမှာရှိနေသော ရေသန့်ဗူးကလေးကို ငုံ့ကြည့်ပြီး ကျနော်တို့ ရယ်ပွဲဖွဲ့ခဲ့မိပါတော့သည်။ ကျနော်တို့ ပြည်သူတွေက ရေသန့်ဟု ယုံကြည်၍ ပိုက်ဆံပေးပြီးသောက်ခဲ့သော ရေသန့်တွေက အခုတော့ ရေသန့်အစစ်မဟုတ်ဘူးတဲ့။ သောက်သုံးရန် မသင့်တော့ဘူးတဲ့ဗျာ။ ရေသန့်တွေခေတ်စား လာသောအခါ မှန်မှန်ကန်ကန် အဆင့်မီမီ ထုတ်လုပ်ကြသူတွေရှိသလို မရိုးမသား အကြံအဖန်ထုကြသူတွေလည်း ရှိပါ သည်။

အစားအစာတွေက မသန့်၊ နေ့စဉ်သောက်သုံးနေရတဲ့ သောက်ရေတွေက မသန့်နဲ့ပြည်သူတွေရဲ့ဘ၀က နေရထိုင်ရ စားရ သောက်ရတာ ကျောချမ်းစရာကြီးပါလား။
                  
(သုံး)
ပူပြင်းချောက်သွေ့သော နွေရာသီကိုရောက်ပြီဆိုမှဖြင့် ပြည်သူတွေ မရှိမဖြစ်လိုအပ်သော အရာကတော့ ရေပဲဖြစ်ပါသည်။ လျှပ်စစ်မီးမရှိလည်း သိပ်ကိစ္စမရှိ။ ကျနော်တို့က မှောင်နဲ့ မည်းမည်းထဲမှာ နေသားကျပြီးသား။ တီဗွီမရှိလည်း ကိစ္စမရှိ၊ အဲယားကွန်းမရှိလည်း ပြဿနာမဟုတ်။ မော်တော်ကားမရှိ၊ ကွန်ပျူတာမရှိလည်း နေပါစေ။ ကိစ္စမရှိ။ သည်အရာတွေက ကျနော်တို့အတွက် မရှိမဖြစ်လိုအပ်နေသော အရာများမဟုတ်ဟု ကျနော်တို့ မှတ်ယူထားပါသည်။ သို့သော် ရေက တော့ဖြင့် ကိစ္စရှိပါသည်။ ပြဿနာရှိပါသည်။

ပရဟိတမင်းသားကြီး ကိုကျော်သူက လက်ဆောင်နှင်းလို့ ကျနော့်ဆီမှာ မဂ္ဂဇင်းတစောင်ရှိပါသည်။ သူရေးထားသည့် ရွှေကို မလို ရေကိုသာလိုသည်ဆိုသော ဆောင်းပါးကလေးကိုဖတ်ပြီး လန့်သွားမိသည်။ ဆောင်းပါးက အညာဒေသမှာ ဘယ်လိုရေ ခက်ခဲသည့်အကြောင်း သူကိုယ်တိုင်ရောက်ခဲ့ မြင်ခဲ့တာကို ဦးကျော်သူကြီးက ရေးခြစ်ထားခြင်းဖြစ်သည်။ ကျနော်တို့ လူမျိုး က တွင်းထဲကထွက်သည့်ရေကိုတောင် ဖောဖောသီသီ မသုံးနိုင်ကြတော့လောက်အောင် ဆင်းရဲကြကုန်ပြီတဲ့လား။ ကျနော် တို့ ခေတ်မီပစ္စည်းအသုံးအဆောင်တွေ အဆင့်မြင့်မြင့် မသုံးနိုင်ကြတာ၊ အိမ်ကောင်း ယာကောင်း တိုက်ကြီးတာကြီးတွေနှင့် ခမ်းခမ်းနားနား မနေနိုင်ကြတာကိုတော့ဖြင့် သည်လောက်ကြီး ၀မ်းမနည်း။ သို့သော် ရေလောက်ကိုတော့ဖြင့် သိပ်အလျှံပယ် ကြီးမဟုတ်ဘူးဆိုရင်တောင် လုံလုံ လောက်လောက် မသုံးနိုင်တာကိုတော့ဖြင့် ကျနော် ၀မ်းနည်း၍ မဆုံးပါလေတော့။

ကျနော်တို့က ရေကိုတောင် ပေါပေါသီသီမသုံးနိုင်ကြတော့ဘူးတဲ့ဗျာ။ ရေရှားပါးလှသော အညာဒေသများဆီသို့ ကျနော် ရောက်ခဲ့ဘူးသည်မှာ အခေါက်ခေါက်အခါခါ။ အုတ်စီရေတွင်းကလေးတွေ လှူခဲ့ဘူးပါသည်။ လက်နှိပ်ဘုံဘိုင်တွင်းကလေးတွေလည်း လှူခဲ့ဘူးပါသည်။ ကျနော်တို့ဒေသသည် မြို့နှင့်လေးမိုင်ခန့်သာဝေးရာ နွေရာသီဆိုလျှင် ရေပြတ်တတ်ပါသည်။ ခပ်လှမ်းလှမ်းမှာ စမ်းတွင်းကလေးတွေရှိ၍ တော်ပါသေးသည်။ အညာဒေသကား ကျနော်တို့ထက် အဆပေါင်းများစွာ အခြေ အနေဆိုးပါသည်။ တအိအိမောင်းနှင်နေကြသော ရေစည်လှည်းကြီးများကို မြင်ရသည်မှာ စိတ်မောရပါသည်။ ရေစည်တလှည်းရဖို့ အချိန်အများကြီးစောင့်ရသည်။ ကိုင်းတပ်ရေမှုတ်ခွက်ကလေးများဖြင့် တကြိုက်စာလောက်သာပါသော ရေကလေးများကို စစ်စစ်ပြီး ရေအိုးကလေးတွေထဲကို ခပ်ထည့် နေကြသောမြင်ကွင်းကို မြင်ရတော့ ရေသောက်ချင်စိတ်ပင် မရှိပါလေတော့။

သည်လိုရေရှားပါးလှသော အညာဒေသများမှာ ဂျပန်နိုင်ငံက လာတူးပေးထားသော စက်ရေတွင်းများစွာရှိသည့်တိုင် ရေက တော့ လိုအပ်နေဆဲပင်ဖြစ်သည်။ ဂျပန်လူမျိုးတွေက ကျနော်တို့ ရေငတ်ရေပြတ်နေတာကို ကရုဏာသက်မိပုံရပါသည်။ ကျနော်တို့ကို သနားလို့နဲ့ တူပါရဲ့။ ပြည်တွင်းပြည်ပက တတ်နိုင်သူတွေက တတ်နိုင်သရွေ့ ကူညီနေကြပေမယ့်လည်း နွေရာသီရောက်ပြီဆိုလျှင်ဖြင့် ရေကတော့ ရှာပါးနေဆဲပင်ဖြစ်သည်။ ရန်ကုန်မြို့ ဟိုနေရာသည်နေရာတွေမှာ ရေပိုက်တွေ ပေါက်ပြီး ရေတွေလျှံထွက်နေတာကို မြင်ရလေတိုင်း အညာဒေသက ကိုင်းတပ် အုတ်မှုတ်ခွက်ကလေးများနှင့် ရေအိုးကလေး များကို အလိုလို သတိရနေမိပါတော့သည်။  ကျနော်တို့ လူကြီးတွေက ကျနော်တို့ကို ရေတောင် ၀လင်အောင် မတိုက်ချင်ကြ တော့ဘူးတဲ့လား။ အခြေခံ သောက်သုံးရေကို ခေါင်းကြီးကြီးထဲထည့်ထားရတာ ပင်ပမ်းလိုက်တာ။ သည်လိုလုပ်ရအောင်ဗျာ ။ ဧရာဝတီမြစ်ကြီးကို ရေရှားတဲ့ အရပ်ဒေသတွေဆီကို ကျနော်တို့အားလုံး ၀ိုင်းပြီး မ,ရွေ့ကြရအောင်။ ခင်များလည်း ပါ။ ကျနော်လည်း ပါ။ အားလုံးပါဝင်ကြပေါ့။
                  
(လေး)
ကျနော်တို့ရဲ့ တန်ဖိုးရှိလှပါတယ်ဆိုတဲ့အချိန်တွေက ရေအလာကို စောင့်စားရင်း ကုန်လွန်နေကြရတာ နှမြောစရာကောင်းပါ သည်။ ဘတ်စ်ကားစောင့်ရင်း ကုန်ဆုံးသွားတဲ့အချိန်တွေ၊ ရထားစောင့်ရင်း ကုန်ဆုံးသွားတဲ့အချိန်တွေ၊ ရုံးမှာ အရာရှိ လက်မှတ်ကလေးရဖို့ ထိုင်စောင့်ရင်း ကုန်ဆုံးသွားခဲ့ရတဲ့ အချိန်တွေ၊ ဆေးရုံဆေးခန်းတွေမှာ ဆရာဝန်အလာကို စောင့်ရင်း ကုန်ဆုံးသွားခဲ့ရတဲ့အချိန်တွေ။ နိုင်ငံအသီးသီးတွင် သည်လိုထိုင်စောင့်ရတာ ရှိနိုင်ပါသည်။ သို့သော် ကျနော်တို့အနေနဲ့ မကုန်သင့်ဘဲ ကုန်ဆုံးနေကြရသည့်အချိန်တွေက နည်းနည်းများလွန်းနေသည်ဟု ကျနော်ထင်ပါသည်။

ကမ္ဘာကြီးမှာ မတ်လ ၂၂-ရက်နေ့ကို ကမ္ဘာ့ရေဇလာနေ့အဖြစ်သတ်မှတ်ပြီး သည်နေ့မှာ ရေကို ချွေတာသည့်အနေဖြင့် ရေပိုက်ခေါင်းတွေကို ခေတ္တခဏပိတ်ထားကြဖို့ ဆော်သြော်နေကြသူတွေ ရှိပါသည်။ ကမ္ဘာပေါ်မှာ သောက်သုံးရေအလုံအလောက်မရကြသည့်ပြည်သူတွေ သန်းနှင့်ချီပြီး ရှိပါသည်ဟု စောဒကတက်လျှင်ဖြင့် ကျနော်ကျေကျေနပ်နပ်ကြီး လက်ခံပါ သည်။ သို့သော် သူတို့နှင့်ကျနော်တို့က အခြေအနေချင်း မတူဘူးလေဗျာ။

ကျနော်၏ အမြင်ကတော့ဖြင့် ကြီးကြီးမားမား ပြဿနာမို့ ကျနော်တို့ပြည်သူတွေ ခေါင်းစားရသည်၊ အချိန်ပေးရသည်ဟု ဆိုလျှင်ဖြင့် ခေါင်းစားရတာ၊ အချိန်ကုန်ရတာ တန်ပါသည်။ သို့သော် အခြေခံ သောက်သုံးရေလောက်ကိုတော့ဖြင့် ခေါင်း လည်းမစားချင်ပါတော့။ ငုတ်တုတ်လည်း ထိုင်မစောင့်ချင်ပါတော့။ သြော်... ရေသန့်၊ လူသန့်၊ စိတ်မသန့်တသန့်နဲ့ ဖြတ်သန်း နေရဦးမည့် ကျနော်တို့ရဲ့ မနက်ဖြန်တွေ.....။

ကိုသစ် (သီတဂူ)