ဖိုးစီ (ရုံးတော) - မင်းစဉ် မင်းဆက် ယတြာ ကွက်များ


ဖိုးစီ (ရုံးတော) - မင်းစဉ် မင်းဆက် ယတြာ ကွက်များ
(မိုးမခ) မေ ၃၀၊ ၂၀၁၅

မဆလ အစိုးရ၊ နဝတ၊ နအဖ စစ်အစိုးရကနေ ဒီနေ့ ဦးသိန်းစိန် ကွာစီစဗဲလျန်း အစိုးရ အထိ သူတို့ အလေ့အကျက် အများဆုံး ယတြာတွေကို တန်းစီရေးပြချင်ပါတယ်။

၁။  ငွေစက္ကူ ဒီဇိုင်းဆင်
၂။  ဘုရားတည်၊ဆင်းတုထု၊ ထီးတော်တင်၊ ဘုရားဘွဲ့တော်ပေး
၃။  အပင်စိုက် 
၎။  မြို့သစ်၊ ရွာသစ် အမည်ပေး၊ အရောင်ခြယ်တာရွေး 
၅။  ၀န်ကြီး ၀န်လေး နေ့ နံ ရွေး
၆။  အဓိကရုဏ်းအတု၊ ဆန္ဒပြပွဲအတု အချိန်အခါသင့် လုပ်
၇။  ယတြာအလှူ ပွဲတွေ၊ စတုဒိသာ ပွဲတွေလုပ်။

၁) မဆလခေတ် ၄၅ ကျပ်တန် ၊ ၉၀ တန် ကနေ နောက်ပိုင်း ၅၀၀ တန် ၁၀၀၀ တန် ထိ အထဲမှာ ယတြာ အစီအရင်တွေနဲ့ချည်းပါပဲ ။  အခု အမြင်သာဆုံး ၅၀၀၀ တန်က ဆင်ဖြူတော်နဲ့  ဠင်းတ (လဒ) ရုပ် ။  ၁၀၀၀၀ တန်က ကြာပွင့်ကြီးတွေ ဆိုတာ အင်မတန် သိသာပါတယ်။

ဒီနေရာမှာ တစ်သောင်းတန်နဲ့ ပတ်သက်ပြီး ‘သန်း’ ပြီး ‘သိန်း’ ၊ ‘သိန်း’ ပြီး ‘သောင်း’ လာမယ် ဆိုတဲ့ အရပ်စကားကို ဖျက်တယ် လို့လည်း ပြောကြပါတယ်။  အထဲက ကြာပွင့်ကတော့ အလွယ်သိသာတဲ့ ကြာကြာပွင့်မယ် ဆိုတဲ့ ယတြာလို့ မှတ်ထင်မိတယ်။

၂)  ဘုရားတည်တာ အမြင်သာဆုံးကတော့ ဥပ္ပာတသန္တိ ရွှေတိဂုံပုံတူ စေတီပါ။  နေပြည်တော်တင်မဟုတ် တိုင်းခြားပြည်ခြားတွေထိ ငွေအမြောက်အမြားသုံးကာ တည်ပါတယ်။  ဥပ္ပာတသန္တိ ဘွဲ့တော်ကိုက တိုင်းရေးပြည်ရေး ယတြာသဘောသက်ဝင်ပြီး ဖြစ်တယ်။  ဦးသန်းရွှေရဲ့ သမီးတွေ ဇာတိမှာ အောင်ဆုယူအေး စေတီတည်တာလည်း အင်မတန်မြင်သာတယ်။

၃)  အမျိုးသား စီမံကိန်း အဆင့်နဲ့ စိုက်ခိုင်းခဲ့တဲ့ ခြံစည်းရိုး ကြက်ဆူပါ။  ခြံစည်းရော ကြက်ဆူရော အန်တီစုကို ကက်ကင်း ရိုက်ပြီးသား ဖြစ်သလို ‘ကြက်ဆူတောမှာ မင်းမူ တယ်’ ဆိုပြီး ပြည်သူတွေ ကို အနှစ်မရှိတဲ့ အပင်နဲ့ နာမ်နှိမ်ပြီးသားလည်း ဖြစ်ပါတယ်။

၎) မြို့သစ် ရွာသစ်တွေ တည်ပြီး အမည်ပေးတိုင်း ရာဇမင်္ဂလာနဲ့ ငြိအောင် ပေးပြီး အရူးထ တာကို နေပြည်တော်တခွင်နဲ့ တင် အရှင်းကြီးမြင်နိုင်ပါတယ်။  ကိုယ်နေတဲ့ ရပ်ကွက်ကြီး အမည် လမ်းအမည်နဲ့တင်ကိုပဲ လူတွေကို စိတ်ကြီးဝင်စေတဲ့ နည်းဗျူဟာ လည်းပါတယ်လို့ ဆရာသမားတဦးက ပြောဖူးပါတယ်။  ပြီးရင် အဆောက်အုံ အရောင်တွေကိုလည်း ဗေဒင်ဆရာနဲ့ တိုင်ပင် လုပ်ရတယ် လို့ ဆိုစမှတ်ရှိပြီးသားပါ။

၅) မယုံမရှိဖို့ရာကတော့ ၀န်ကြီးတွေ နေရာချထားတဲ့အခါ အင်္ဂ၀ိဇ္ဇာ မကိုက်ရင် မခန့်ထားပါဘူးတဲ့။  ခန့်မိရင်လည်း ရွှေ့တာတို့ ဖြုတ်တာတို့ လုပ်ရင် ထိပ်ဆုံးက ညောင်းရတတ်ပါသတဲ့။  ဒါတွေကြောင့်လည်း ဆရာဝန်က ခရီးသွားဝန်ကြီးဖြစ်တာ မြင်ချင်ရင် မြင်ရ နိုင်ပါတယ်။

၆) ၂၀၀၇ ရွှေဝါရောင် မတိုင်ခင်က ဗြိတိသျှ သံရုံးရှေ့မှာ လုပ်တဲ့ ဆန္ဒပြပွဲဟာ အထင်သာဆုံး ယတြာ ဖြစ်ပါတယ်။  ကိန်းကျေအောင် ချေတယ်ဆိုတာမျိုးပေါ့။  ဒီနေ့အထိလည်း အဲလို လုပ်ပွဲတွေ ထွက်နေတုန်း။  တချို့ဟာတွေ ဆိုရင် မသိလိုက်ဘာသာ လုပ်ပွဲထဲ ဆွဲသွင်းသွားတာလည်းရှိပါသတဲ့။  ဒီစာထဲမှာ အကုန်မပြောရဲဘူးဗျ။  အစိုးရ ကြောက်လို့ မဟုတ်၊ တိုင်းရင်းသား သူငယ်ချင်း တချို့က ခါးခါးသီးသီး ငြင်းမှာမို့ လို့ပါ။

၇) မနေ့တနေ့ကမှ မဟာအရှက်တော် ကွဲခဲ့ရတဲ့ ရှင်ပြုပွဲတို့၊ နတ်စင်တစ်ရာရဲ့ နယ်လှည့် စတုဒိသာပွဲတွေဟာ သမတဂျီး အစိုးရ အဖွဲ့ အင်မတန် အားထားတဲ့ ယောင်ပြ အလှူ ယတြာတွေ ဖြစ်ပါတယ် ။

ဒါတွေ အပြင် ခေါင်းဆောင် တဦးချင်းစီအလိုက် လုပ်ကြတဲ့ ယတြာတွေလည်း များလှပါကြောင်းတဲ့ခင်ဗျ။  ကာချုပ်ဂျီး မျောက်စာသွားကျွေးတာတို့၊ သမတဂျီး မြေကြီးခဲတွေ သယ်တာတို့၊ စိန်တလုံးသရက်တွေ စိုက်တာတို့ ဆိုတာတွေလည်း ရှိပါသေးဗျ။ ရွေးကောက်ပွဲ နီးလာလို့ စောင့်ကြည့်ရင် ပိုမြင်လာရ နိုင်ပါကြောင်း။

ခေါင်းလောင်းကိစ္စ အတွင်းထိ မသိလို့ မပြောတတ်သော်လည်း လူအများ သွေးဆူလွယ်တဲ့ ကုလား ကိစ္စမှာလည်း ယတြာအရ သူတို့ ဘယ်လိုမှ အဖြစ်မခံ နိုင်တဲ့ နေရာတချို့ ရှိနေပါကြောင်းလည်း ထူးထူးဆန်းဆန်း ကြားသိရပါသေးတယ်။

အဲတော့ ၂၀၁၅ ရွေးကောက်ပွဲ အတွက်ကိုလည်း နည်းမျိုးစုံနဲ့ ညစ်မှာကို ကိုယ်တွေက ကြိုသိနေကမင့်ဟာ ယတြာသဘောတွေ ဘယ်လို လုပ်လာမယ် ဆိုတာဟာလည်း စောင့်ကြည့်သင့်တဲ့ point of view တစ်ခု ဖြစ်ပါကြောင်း မောင်းထုလိုက်ရပါတယ်ဗျ။

ဖိုးစီ (ရုံးတော)
မေ ၂၉၊ ၂၀၁၅

××××××××××

မိုးမခ တွင် ဖော်ပြခဲ့ပြီးသော ဖိုးစီ (ရုံးတော) ၏ စာများ --

၁) ကပ္ပိယဖိုးစီ - မဟန နှင့် နိုင်သြ ဆိုသည်

၂) ဦးဇောတိက နှင့် (၃) နာရီ

၃) ကုလားရှဖီး၊ ဘုန်းကြီးတူမ နဲ့ ကျနော်ကြုံခဲ့ ဖူးသော လုပ်ကြံပွဲများ

၎) အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကြိယာ တမျိုးတည်းနဲ့ ကျနော်တို့ တိုင်းပြည်

၅) ဗလသေန တော့ မလိုချင်ပါ

၆) မိနီကတော့ သေတာ သေတာပါပဲ

၇) ဘောင်ဘင်ခတ်သူ

၈) ခါချဉ် တစ်ကောင် တင်းတဲ့မာန်

၉) ပိုးဟပ် တောင်ပံ ခတ်သံ

၁၀) အမေ ၏ နိုင်ငံရေး
၁၁) မန်းကျည်းတန်း ပုံပြင်

၁၂) Sorry ပုံပြင်

၁၃) “ဟဲ့…” အမည်မှည့်

၁၄) ဘုန်းကြီးတွေ လူလိုမသိဘူး

၁၅) စနစ်ဆိုး ၏ အသုံးချခံ သား (၃) သား

၁၆) ကျနော်တို့ သာသနာတော် ဝမ်းယောင်နေပြီလား

၁၇) တန်ရာတန်ကြေး