အောင်သဇင် - ခေါင်းလောင်းရှင် မင်းအောင်လှိုင်အတွက် ဒုတိယမ္ပိ ခေါင်းလောင်းသံ (အပိုင်း - ၂)

အောင်သဇင် - ခေါင်းလောင်းရှင် မင်းအောင်လှိုင်အတွက် ဒုတိယမ္ပိ ခေါင်းလောင်းသံ (အပိုင်း - ၂)
(မိုးမခ) ဇွန် ၃၀၊ ၂၀၁၅

ဒီကနေ့ ဗမာစစ်တပ်ဟာ စစ်စွမ်းရည်နိမ့်ကျမှု၊ ဖွဲ့စည်းပုံအားနည်းမှု၊ အရာရှိအင်အားဖောင်းပွပြီး မခိုင်မာမှုတွေ ဘွားဘွားကြီး ပေါ်လာပြီဖြစ်တယ်။ အခု တပ်မ ၅ ခုက အရင် တပ်မ ၁ ခုစာဘဲရှိတယ်။ စကခ ၇ ဆိုရင် တပ်မတခုလုံး လူ ၁၀၀၀ မပြည့်ဘဲ ကချင်ပြည်တက်သွားခဲ့ရတယ်။ နောက်မှသာ အင်အားဖြည့်တွေ နဲနဲချင်းလိုက်ပေးရတယ်။ ၈၈ မတိုင်ခင်က တပ်မတမ ရှေ့တန်းထွက်ရင် အင်အား ၄၅၀၀ တက်လာတာဖြစ်ပြီး ၂၀၀၉ ပထမကိုးကန့်စစ်ပွဲမှာတော့ တပ်မတမ ၁၈၀၀ တက်ခဲ့သေး တယ်။ အခုတော့ ၁၀၀၀ ကျော်ဘဲပါတော့တယ်။ ဒါကြောင့် ဂွင်တဂွင်မှာ တပ်မတွေ ဗျူဟာတွေ အများကြီးထိုးထည့်ရတော့ ခေါင်းတွေများပြီး ကွပ်ကဲမှု မထိရောက်တော့ဘူး။

ဒါတွေရဲ့ အခြေခံအကြောင်းတရားက တပ်တွေကို ပရမ်းပတာတအားချဲ့ခဲ့လို့ဖြစ်တယ်။ ၈၈ ခုကစခဲ့တဲ့ လူထုဆန့် ကျင်ရေး လမ်းစဉ်ကြောင့် ဗမာလူမျိုးတပ်သားရေသောက်မြစ်လဲ ပြတ်တောက်သွားတယ်။ ဒါပေမဲ့ တဖက်မှာတော့ အခွင့်အရေးမျှော်ကိုးပြီးဝင်လာတဲ့ စစ်ဗိုလ်တွေ တအားများလာတယ်။ DSA DSTA DSMA စစ်ကျောင်းတွေပေါင်းလိုက်ရင် တနှစ်ကို ဗိုလ် လောင်း ၃၀၀၀-၅၀၀၀ အထိခေါ်ခဲ့တယ်။ တနိုင်ငံလုံးက ဆန့်ကျင်နေလဲ စစ်ဗိုလ်မိသားစုတွေနဲ့ ဆွေမျိုးတွေကတော့ ထောက်ခံနေအောင်၊ နောင်တချိန်ချိန် ရွေးကောက်ပွဲလုပ်ရင်လဲ မဲရအောင်ဆိုတဲ့ ရေရှည်အမြင်နဲ့ လုပ်ခဲ့တာ ဖြစ်တယ်။ စီနီယာတွေကတော့ အကျင့်ပျက်ခြစားပြီး ဗမာပြည်မှာဘယ်တုံးကမှ မရှိခဲ့ဖူးတဲ့ စစ်ဗိုလ်သူဌေးကြီးတွေ ဖြစ်လာတယ်။ အင်္ဂလိပ်ခေတ်က မွန်သူဌေး ဦးနာအောက်၊ ဖဆပလခေတ်က ဗမာသူဌေး ပဲခူးဦးစိန်ဝင်းတို့ထက် အဆရာထောင်မက ချမ်း သာတဲ့ ဘောင်းဘီဝတ်ဗိုလ်ချုပ်များ ချိတ်ထမိန်ဝတ်ဗိုလ်ချုပ်ဟောင်းများ ပေါ်လာတယ်။ အောင်သောင်း၊ ညွန့်တင်၊ ထွန်း ကြည်၊ တင်အေး၊ ရွှေမန်းတို့ကို မှီတဲ့ အရပ်သားခရိုနီ မရှိသေးပါဘူး။

အဲဒါနဲ့ ဆန့်ကျင်ဘက်မှာတော့ တပ်အောက်ခြေက တအားဆင်းရဲ၊ ငတ်ပြတ်နေတယ်။ အပစ်ရပ်ခေတ်မှာ လမ်းဖောက် လယ်လုပ် ခြံစိုက် စသဖြင့် ဖက်တိတ်တွေဘဲများခဲ့တယ်။ မြေသိမ်းရ၊ ဗိုလ်ကျရလို့ အောက်ခြေတပ်ထုနဲ့ အောက်ခြေ လူထု ရန်တိုက်ခံရတယ်။ ဒါကြောင့် တပ်မှာ စိတ်ပိုင်းဆိုင်ရာထိခိုက်ပြီး လူထုစည်းကမ်းလဲပိုပျက်လာတယ်။

ဗမာစစ်တပ်ရဲ့ စစ်မြေပြင်သုံးဖိုင်ဘာခမောက်နဲ့ ကျည်ကာတွေဟာ တရုတ်ဆီက နိုင်ငံတော်အဆင့်ဝယ်တာမဟုတ်ဘဲ အောက်က ကုမ္ပဏီငယ်တွေဆီက ပေါချောင်ကောင်းဝယ်လို့ ဂျင်းထည့်ခံရတယ်။ ၃-၄ လကြာရင် ခမောက်အသား တွေ အလိုလိုကွာကျ ကြွေကျလာတာ၊ ကျည်ကာအင်္ကျီလဲ တိုင်မှာချိတ်ပြီး ပစ်စမ်းကြည့်တော့ ဖြောင်သွားတာတွေ တွေ့လို့ အထက်ကိုသတင်းပို့ပေမဲ့ ရှေ့တန်းမှာ အတင်းဝတ်ခိုင်းပြီး တက်ခိုင်းခဲ့တယ်။ ကကဝယ်ကို သေချာစစ်လိုက်ရင် ပေါ်ပါ တယ်။

လားရှိုးက ရမခ တိုင်းစစ်ဌာနချုပ်ကို ဘယ်သူပုန်မှဝင်ပစ်တာ မဟုတ်ဘဲ ရှေ့တန်းမသွားရအောင် ကိုယ့်ဟာကိုယ် အကြံ အဖန်လုပ်တာလို့ တပ်ထဲမှာနဲ့ လူထုထဲမှာ သတင်းထွက်နေတယ်။ လောက်ကိုင်မသွားရအောင် စစ်ရုံးကို လာဘ်ထိုးရတာ၊ ရှေ့တန်းမသွားရဘဲ သင်တန်းပါအောင် လာဘ်ထိုးရတာ၊ ဆေးကျအောင် စစ်ဆရာဝန်ကို လာဘ်ထိုးရတာတွေလဲ ကျော် မကောင်း ကြားမကောင်း အပုပ်နံ့ထွက်နေတယ်။

၁၀၅ မမ ကျည်တလုံးတန်ဖိုးက ပြည်တွင်းထုတ်ဆိုရင် ကျပ် ၂ သိန်းကျော်ပြီး ပြည်ပလုပ်ဆိုရင် ကျပ် ၃ သိန်း ၈ သောင်း လောက်ရှိတယ်။ ကိုးကန့်စစ်ပွဲမှာ အဲ့ဒီ ၁၀၅ မမ ဟောင်ဝစ်ဇာကို တရက် ကျည် ၄-၅၀၀၀ ပစ်ခဲ့တယ်။ အလားတူ တန်ဖိုးကြီးတဲ့ ၁၂၀ မမ မော်တာကျည်၊ ပိုဈေးကြီးတဲ့ ၁၂၂မမ ဟောင်ဝစ်ဇာကျည်၊ ၁၅၅ မမ ဟောင်ဝစ်ဇာကျည်တွေ၊ ဒုံးကျည်တွေလဲ အများကြီးဖြုန်းခဲ့သေးတယ်။

တပ်မ ၆၆ ခွန်နစ်ရင်းကို လေယာဉ်-ရဟတ်ယာဉ်နဲ့ မိတ္ထီလာ-လားရှိုး-လောက်ကိုင်ပို့ရတာ၊ ရခိုင်မှာ AA တပ် ထ,လာ တော့ စကခ ၉ ငါးရင်းကိုလဲ ရဟတ်ယာဉ်-လေယာဉ်နဲ့ လောက်ကိုင်-လားရှိုး-မိတ္ထီလာ-စစ်တွေ အမြန်ပြန်ပို့ရတာ၊ တင့်ကား အားမတ်ကားတွေသုံးတာ၊ ဒီတင့်ကားတွေအတွက် လောင်စာဆီ စုပုံထားတာမရှိလို့ လားရှိုးကလောက်ကိုင် ကို ရဟတ် ယာဉ်နဲ့ပို့ရတာ၊ လေယာဉ် ရဟတ်ယာဉ်တွေနဲ့ လေကြောင်းပစ်ကူပေးရတာတွေက တန်ဖိုးကြီးတဲ့လောင်စာဆီတွေ အများ ကြီးဖြုန်းခဲ့ရတယ်။ ချုပ်ကြည့်လိုက်ရင် ကိုးကန့်စစ်ပွဲဟာ နိုင်ငံတော်ဘဏ္ဍာ ဒေါ်လာ ၃.၂ မှ ၃.၈ ဘီလီယံကြား ဖြုန်းတီး ပစ်ခဲ့တာဖြစ်တယ်။

ကိုးကန့်စစ်ပွဲမှာကုန်သွားတဲ့ စစ်လက်နက်ခဲယမ်း ပြန်လည်ဖြည့်တင်းရေးနဲ့ ပါကစ္စတန်-ဆားဘီးယားက အသစ်ဝယ်ယူရေး အတွက် ဒေါ်လာအများကြီးလိုနေတော့ CB ဘဏ်က ခင်မောင်အေးနဲ့ ကမ္ဘောဇဘဏ်က အောင်ကိုဝင်းတို့က အဓိက ထွက်ဝယ်နေရပြီး ဒေါ်လာဈေး မကြုံစဖူး တက်လာတယ်။။ CB က ဒေါ်လာ သန်း ၂၀၀ ရလိုက်ပြီး၊ ကမ္ဘောဇဘဏ်က သန်း ၄၀၀ ဝယ်ခဲ့တယ်။

ပွိုင့် ၂၂၀၂ လို့ ဗမာတပ်ကခေါ်တဲ့ နန်ကျင်းမင်ကိုပစ်တဲ့ အမြောက်ဆံဟာ တရက်ကို ၄-၅၀၀၀ ရှိပြီး တခါတလေ ၆၀၀၀-၇၀၀၀ အထိရှိတယ်။ တမိနစ်ကို ၃-၄၀၀ ကျတဲ့အထိရှိတယ်။ တောင်တခုလုံး မီးတောင်ပေါက်ကွဲသလို ဖြစ် အောင် အမြောက်တွေနဲ့ပစ်တာကို ကိုးကန့် ပလောင်နဲ့ ရခိုင်တပ်တွေက ရက်ပေါင်းများစွာ ကြံ့ကြံ့ခံနိုင်ခဲ့တယ်။ ဗမာ စစ်တပ်ကရော၊ တရုတ် PLA တပ်ကပါ လက်ဖျားခါခဲ့တယ်။ ကိုးကန့်လူထုထဲမှာလဲ သူရဲကောင်းတွေ ဖြစ်သွားခဲ့တယ်။

အခုတော့ ကိုးကန့်တပ်ရော တအာင်းတပ်ရော သံလွင်အရှေ့ခြမ်းကိုးကန့်နယ်မြေမှာ အခြေတကျဖြစ်သွားပြီး နှစ်ဖွဲ့ စလုံးဟာ တပ်ရင်းအသစ်တွေ ဖွဲ့နိုင်ခဲ့တယ်။ အရင်က ဖုံဂိုဏ်းနဲ့မတည့်တဲ့ ယန်ဂိုဏ်းအပါအဝင် ကိုးကန့်ကြားလူတွေ ရော လူထုတွေပါ MNDAA ကို ထောက်ခံနေကြတယ်။ တောင်ပေါ်တွေရော ကွင်းတွေမှာပါ လှုပ်ရှားနိုင် အခြေချနိုင်ပြီ ဖြစ်တယ်။ အထူးသဖြင့် ရခိုင်တပ်အတွက်လဲ အများကြီးအကျိုးရှိသွားတယ်။ ရခိုင်ပြည်မှာ ကောင်းကောင်း အခြေပြန်ချနိုင်ပြီး ကချင်စစ်ပွဲနဲ့ ကိုးကန့် စစ်ပွဲတွေထဲက အဖိုးမဖြတ်နိုင်တဲ့ စစ်အတွေ့အကြုံ အများကြီးရသွားတယ်။ အခုဆိုရင် ပလောင်တပ် ကချင်တပ်တွေဟာ ရှမ်းမြောက်ကားလမ်းမတွေပေါ် လွတ်လွတ်လပ်လပ်သွားလာနေနိုင်ပြီ ဖြစ်တယ်။

ဗမာနယ်စပ် ချင်းရွှေဟော်ဘက်မှာ ယန်ဂိုဏ်းနဲ့ ဗမာအာဏာပိုင်တွေနဲ့ တရုတ်နဲ့ အထူးစီးပွားရေးဇုံလုပ်ဖို့ စီမံကိန်းချထား တာလဲ ကိုးကန့်စစ်ကြောင့် ပျက်သွားသလို ယန်မိုးလျံ ပါတီထောင် ရွေးကောက်ပွဲဝင်ဖို့ အစီစဉ်လဲပျက်သွားတယ်။

ကိုးကန့်စစ်ဆင်ရေးတခုလုံးက မင်းအောင်လှိုင်ရဲ့စီမံချက်ဖြစ်လို့ ဆုံးရှုံးမှုတွေအတွက် ကစထမှူး အောင်သန်းထွဋ်ကိုလဲ ဖြုတ်ဖို့ခက်၊ ရမခတိုင်းမှူး အောင်စိုးကိုလဲ အရေးယူဖို့ခက် ဖြစ်နေတယ်။ ဒါကြောင့် ဗမာ့တပ်မတော်တခုလုံးရဲ့ အခြေအ နေဆိုးမှုမှာ အဓိကတာဝန်ရှိတာ မင်းအောင်လှိုင်ဘဲ ဖြစ်တယ်။

(လက်ရှိအခြေအနေနဲ့ တရုတ်ပေါ်လစီကို အပိုင်း-၃ မှာ ဆက်ဖတ်ပါ)

အောင်သဇင်