ဖိုးထက် - ပုဂံ၊ ထိုလင်မယားနှင့် မျိုးစောင့်ရန်ပွဲ

ဖိုးထက် - ပုဂံ၊ ထိုလင်မယားနှင့် မျိုးစောင့်ရန်ပွဲ
(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၁၅
 
လူတစ်ယောက်၏ အတွေးအခေါ် အယူအဆသည် မည်မျှပင်မှန်ကန်ပြီး မည်မျှပင်လက်ခံနိုင်သော အကြောင်းအရာဖြစ်စေ ထိုသူ၏ ပြောပေါက် ဆိုပေါက်သည် တစ်ဖက်သားအပေါ်၌ အထက်စီးဆန်၊ ဆရာလုပ်သည့်ပုံစံဖြစ်သွားသောအခါ မည်မျှပင် စေတနာပါစေ ဝေဒနာ ဖြစ်ရတတ်သည်။ အထူးသဖြင့် အသက်အရွယ် အတန်ရ၊ ဘ၀အတွေ့အကြုံ အတော် အသင့် စုံကြသောသူအချင်းချင်း ထိုပုံစံဖြင့်သွားပြောမိလျှင် ပြောသူနှင့်အပြောခံရသူ နှစ်ဘက်အကြား ရန်မီးတောက်လောင် တတ် လေသည်။ သူ့တသက်တာ ဘ၀လမ်းတစ်လျှောက် လိပ်ပြာမလုံစရာကိစ္စ စိုးစင်းမှမလုပ်ခဲ့ဘဲ စေတနာဗရပွဖြင့် ခင်ဗျားတို့ရဲ့ ဒီောက်ချိုးတွေနဲ့ဆို ဟိုဟာ ဖြစ်သွားမယ်၊ ဒီဟာ ဖြစ်သွားမယ်ဟု ရုပ်တည်ကြီးဖြင့်ငေါက်ငမ်းသွားသည့်ဗိုလ်ချုပ်အောင်ဆန်းကို လူအများက ဟာ..ပြတ်သားတဲ့ဗိုလ်ချုပ်ဟု ချစ်ကြသည်။ လေးစားကြည်ညိုပြီး ဟုတ်ပေတာဘဲဟု ပြင်တာ မပြင်တာ နောက်ထား လက်သင့်ခံကြသည်။ သူ့ပုံစံကို အတုခိုးပြီး ဟိုဟာလေး တို့နန့်နန့်၊ ဒီဟာလေး တို့နန့်နန့်လုပ်ချင်သော ကို သောင်းမြင့်လို လူတစ်ယောက်က ပါမောက္ခလေသံပစ်သောအခါ ပြည်သူလူထုကြီး မဆိုထားနှင့် သူ့မိန်းမ ကြင်ယာ သက် ထား မသူဇာပင်လျှင် မချစ်နိုင်ဘဲ ပြန်ဘုတောခြင်းကို ခံရလေ၏။

“မင်းတို့မြန်မာလူမျိုးတွေ ဘုရားဖူးခရီးသွားတယ်ဆိုရင် ခရီးမထွက်ခင်ကတည်းက ပါးစပ်မှာ အရက်စော်နံနေပြီ။ ပြီးတော့ ကိုယ်သွားမယ့်နယ်ရဲ့ သမိုင်းကြောင်း၊ နောက်ခံသဘာဝကို နည်းနည်းမှ မလေ့လာကြဘူး။ (“မလေ့လာကြဘူး” ဆိုတဲ့ နေရာတွင် ဗိုလ်ချုပ်လို ခပ်ဇောင့်ဇောင့်ပြောတာ မသူဇာ သတိထားမိလိုက်သည်။) ဆိုပါတော့။  ပုဂံ ဘုရားဖူးသွားမယ် ဆိုပါတော့။ အာနန္ဒာဘုရား ဘယ်သူတည်ခဲ့မှန်း သိဖို့မကြိုးစားဘူး။ သိလဲ မသိဘူး။ မသိတဲ့အပြင် ဘုရားပေါ်က ကလေးတွေ ကရားရေလွှတ် ရှင်းပြသမျှကို ငါတို့သိပြီးသားဆိုတဲ့မျက်နှာပေးနဲ့ပြီတီတီ ပြန်စချင်သေးတယ်။ နိုင်ငံခြားသားတွေ ခရီးသွား ရင် အဲဒီကိုယ်သွားမယ့်နိုင်ငံရဲ့ ရာသီဥတု၊ အစားအစာ၊ ယဉ်ကျေးမှု စတာတွေကို အကျဉ်းရေးထားတဲ့စာအုပ်လေး တစ်အုပ်ဖြစ်ဖြစ် လေယာဉ်ပေါ်မှာ ဖတ်လာသေးတယ်။ အခု မင်းတို့မြန်မာတွေများ ဘုရားဖူးဆိုပြီး တွေ့သမျှ ဘုရား ဦးသုံး ကြိမ်ချဖို့ဘဲ သိတယ်။ ရွှေစည်းခုံက ဆင်းတုတော်နဲ့ အိမ်က ဘုရားစင်ကဆင်းတုတော် မတူဘူးလို့ ထင်ကြတယ်။ (ထင်ကြ တယ်နေရာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မြို့တော်ခန်းမပေါ်က ငေါက်သည့်လေသံဖြင့်ပြောသည်။) အခု နောက်ပိုင်း မင်း တို့မြန်မာတွေ ထိုင်း၊ စင်္ကာပူ၊ ဟောင်ကောင်၊ ထိုင်ဝမ် သွားလည်ကြတယ်။ ဓာတ်ပုံရိုက်ပြီး ဘာကြီးစားတယ်၊ ဘယ်နေရာ သွားတယ်ဆိုတာ ကြွားဖို့စိတ်က ရောက်နေတာနဲ့ ပိုက်ဆံကုန်ပြီး ဒေသန္တရ ဗဟုသုတတောင် ရရဲ့လားလို့ ငါသံသယ၀င်တယ် မသူဇာ၊ ငါသံသယ၀င်တယ်…ဟင်း…”

အထက်ပါ ကိုသောင်းမြင့်၏ စကားများသည် အကုန်မှားတယ်လို့ငြင်းလို့မရမှန်းလည်း မသူဇာ သိပါသည်။ လက်သင့်ခံသင့် သလောက် လက်သင့်ခံပါ၏။ သို့သော် မင်းတို့မြန်မာတွေ၊ မင်းတို့မြန်မာတွေဆိုသည့် နာမ်စား ပုဒ်အစုကို တွင်တွင်သုံး၊ ငါသံ သယ၀င်တယ် မသူဇာဆိုသည့်စကားကို နှစ်ခေါက်တိတိပြော၊ စကားအဆုံးမှာ “ဟင်း” ဆိုသည့်သက်ပြင်း မောကြီးကို ချပြီး အဆုံးသတ်လိုက်ပုံသည် အဘယ်သူ အမြင် မကတ်ဘဲ ရှိပါအံ့နည်း။ ထို့ကြောင့်..

“ကိုသောင်းမြင့် ရှင်လည်း မြန်မာမို့လား။ ရှင်က ဘာနဲ့စပ်ကျထားလို့တုံးတော်ရဲ့။ မင်းတို့မြန်မာတွေ၊ မင်းတို့မြန်မာတွေနဲ့ ရိုက်ပေါက်လာပြောနေတယ်။ စကားပြောရာမှာ တစ်ယောက်စကား တစ်ယောက်နားမှာ မခါးရအောင် သတိဆောင်၍ မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေဆိုတဲ့ စာချိုးတောင် ရှိမဟုတ်လားတော့။ ရှင်က ဘာလဲတော့။  မှန်တာပြော၊ ဟုတ် တာပြောရင်တောင် ရှင်က ဘာမို့လို့ အဲဒီအချိုးနဲ့ ဆရာကြီးပုံစံဖမ်းပြီး ကျွန်မကိုလာပြောနေတာလဲ…ဟင်”

မသူဇာ၏စကားအပိတ် “ဟင်” ဆိုသော အာလုပ်သံသည် လက်ဝှေ့ထိုးခါနီး နှစ်ဖက် လက်ဝှေ့သမားများကို စိတ်ဓာတ် တက်ကြွအောင်၊ ထိုးချင်၊ ခတ်ချင်၊ ဆောင့်ကန် ချင်စိတ်များပေါ်လာအောင် အောက်က ပွဲကြေငြာသူက “ဟိုင်း..ရား” ဆို သည့် ကိုယ့်အသားမနာတိုင်း မြှောက်ထိုးပင့်ကော် အော်သော အသံနှင့်တန်ဖိုး အတူတူဆိုတာ ကိုသောင်းမြင့်ကောင်းစွာ နားလည် သဘောပေါက်သည်။ ထို့ကြောင့်ထိပ်တိုက် မတိုးတော့ဘဲ အသာငြိမ်နေလိုက်သည်။

မသူဇာတို့လင်မယားနှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် ကြက်ခေါင်းဆိတ်မခံ ခွန်းတုန့်ပြန်နေကြသော နေရာသည် မြန်မာပြည်၏ ယဉ်ကျေးမှုနယ်မြေကြီးတွင်ဖြစ်သည့် ပုဂံက ပြဿဒါးဘုရားပေါ်တွင် ဖြစ်သည်။ ပုဂံမှာနေထွက်သည်ကို ပြဿဒါး ဘုရားပေါ်မှ လာ စောင့်ကြည့်ရင်း ပြဿဒါးသင့်နေကြခြင်းဖြစ်၏။ အနှီ လင်မယားနှစ်ယောက် ပုဂံဘက်သို့စီးပွားရေး ကိစ္စတစ်ခုနှင့်လာစဉ် ပုဂံဘုရားများကိုလိုက်ဖူးရင်း မသူဇာက သူတို့နှင့်အတူပါလာသည့် သူ့တစ်ဝမ်းကွဲ တူတော်မောင် တိုးဂိုက်ကို တမေးထဲ မေးနေသည့်မေးခွန်းတွေကို ကိုသောင်းမြင့်က ၀င်ပြောရာမှ ရန်ဖြစ်နေကြခြင်း ဖြစ်သည်။

တကယ်ဆို ကိုသောင်းမြင့်က မသူဇာ၏တူတော်မောင်ကို ခေါ်ခဲ့ချင်တာမဟုတ်။ သူရှင်းပြမယ်၊ သူသိတယ်ဟု အတန်တန် ပြောပြီး တားသော်လည်း မသူဇာက ဗီတိုအာဏာဖြင့်ပယ်ချကာ ဇွတ်ခေါ်လာခြင်းဖြစ်သည်။ ကိုသောင်းမြင့် စာအသင့် အတင့်ဖတ်၊ ဗဟုသုတု အသင့်အတင့်ရှိမှန်း မသူဇာ မသိမဟုတ်။ သိသည်။ သို့ပေမယ့် သူ့လင်တော်မောင်၏ အဆိုပါ ပါ မောက္ခလေသံများကို သည်းခံနိုင်လိမ့်မည်မဟုတ်ဟု အစောကြီးက ကြိုတင်သိခဲ့သဖြင့်သူ့တူ တိုးဂိုက် ထွန်းမြင့်ကို ဇွတ် အပါခေါ်လာခြင်း ဖြစ်သည်။

ထွန်းမြင့်က အင်္ဂလိပ်ဘာသာ တိုးဂိုက်။ တိုးဂိုက်လုပ်သက် အရင့်ကြီးမဟုတ်သေးသော်လည်း အကင်း၊ အငုံးလေး မဟုတ် တော့ပြီ။ ထို့အပြင် ဒီတိုးဂိုက် အလုပ်တစ်ခုတည်းကိုဘဲ ဇောက်ချလုပ် အသက်မွေးသူပီပီ သက်ဆိုင်ရာစာအုပ်တွေ အများ ကြီးကိုလည်း ဖတ်၊ မှတ်၊ လေ့လာသည်။ သူ့တိုးဂိုက် ပညာရပ်ကို ထက်သထက် ထက်နေအောင် အမြဲသနေသူ ဖြစ်၏။ ထို့ကြောင့် ထွန်းမြင့်ဆိုလျှင် တိုးကုမ္ပဏီကြီးတွေက စိတ်ချလက်ချရှိပြီး ဧည့်ကြီး စောင်ကြီးတွေအထိ အဆိုင်း (Assign) ချ ပေးသည်။ ထွန်းမြင့်က တိုးဂိုက်တွေမှာ ရှိရမည့်အရည်အချင်းဖြစ်သည့် ဘာသာစကား ကျွမ်းကျင်ခြင်း၊ ဗဟုသုတဖြင့် ပြည့်စုံခြင်း၊ စိတ်ရှည်သီးခံခြင်း၊ ဧည့်သည်၏ အရိပ်သုံးပါးကို တတ်သိနားလည်ခြင်း၊ အပင်ပန်းခံနိုင်ခြင်း၊ ရေသာမခိုခြင်း၊ ရိုးသားခြင်း၊ အလုပ်အပေါ် သစ္စာရှိခြင်း စသည့်အရည်အချင်းများဖြင့်ပြည့်စုံသူဖြစ်သည်။ ထို့ကြောင့် လည်း ပုဂံ Station guide ထဲမှာ ထွန်းမြင့်သည် “ကြီး” စာရင်းဝင်သည်သာမက မြန်မာနိုင်ငံအနှံ့ တိုး (tour) လိုက်ရသူ ဖြစ်သည်။ ထွန်းမြင့် လိုက်ပေးခဲ့သည် နိုင်ငံခြားသားဧည့်သည်များသည် သူနှင့်တစ်ခါ ခရီးသွားပြီးသည်နှင့် နောက်တစ်ခေါက် မြန်မာနိုင်ငံသို့ အလည်အပါတ်သော်လည်းကောင်း၊ အလုပ်ကိစ္စဖြင့်သော်လည်းကောင်း ပြန်လာကြလျှင် By Name ဖြင့် ထွန်းမြင့်မှ ထွန်း မြင့် ဖြစ်သွားကြသည်။ ဒီအတွက်လည်း ထွန်းမြင့်က မာန်မတက်၊ မကြွားမ၀ါဘဲ ပြည့်သော စပါးနှံ ခပ်ငိုက်ငိုက်နေသကဲ့သို့ အနေရိုးရိုးသာနေသည်။

တကယ်ဆိုလျှင် ဒီနေ့လည်း ထွန်းမြင့်လိုက်ပေးစရာ ဆွစ်ဇာလန်က လင်မယား ဧည့်သည်နှစ်ဦးရှိသည်။ သို့သော်လည်း တစ်နှစ်မှ တစ်ခါသာ လာတတ်သည့် သူအဒေါ် မသူဇာကို ဧည့်ဝတ်ကျေပွန်ချင်သောကြောင့် သူ့ဧည့်သည်တွေကို အခြား စိတ် ချရသည့်ဂိုက်တစ်ယောက်ဖြင့်လွှဲပေးခဲ့သည်။ ပြီးတော့ မသူဇာက သူ့ကို ကျေးဇူးပြုဖူးသည်မို့လား။ သူ တိုးဂိုက် လိုင် စင်ရ ဖို့ရန်ကုန်မှာ သင်တန်းသွားတက်တော့လည်း ငွေရေး၊ ကြေးရေး စိတ်မပူ မပင်ရအောင် ထောက်ပံ့ချေးငှားပေးခဲ့သည်။ တိုးဂိုက်သက်တမ်းအစမှာ အဆင်မပြေဖြစ်တတ်သည့်သဘာဝအတိုင်း အဆင်မပြေတော့လည်း မသူဇာက သူ့တူတော်မောင် ကို အားပေးကူညီခဲ့သည်။ နှုတ်အားဖြင့်ကူညီသည်။ လက်အားဖြင့်စောင်မခဲ့သည်။ ထို့ကြောင့်လည်း သူ့အဒေါ်မသူဇာ မေးသမျှ မေးခွန်းတွေကို မငြီးမငွေ့ ပြည့်ပြည့်စုံစုံ ရှင်းပြနေခြင်း ဖြစ်သည်။ သူတို့လင်မယားနှစ်ယောက် မြန်မာနှစ်ဦးကို မြန် မာဘာသာဖြင့် တိုးဂိုက် လိုက်လုပ်ပေးနေခြင်း ဖြစ်သည်။

ပုဂံဘုရားများကိုရောက်တိုင်း ဘုရားကို ဘယ်သူတည်ခဲ့တယ်။ ဘယ်ခုနှစ် သက္ကရာဇ်လောက်မှာ တည်ခဲ့တယ်။ ဒီဘုရားနဲ့ ပတ်သက်ပြီး သမိုင်းပညာရှင်တွေကြားမှာ ဘယ်လိုအငြင်းအခုံမျိုးရှိကြောင်း၊ ဘယ်လို ဒဏ္ဍာရီ ပုံပြင်တွေ နောက်ခံ ရှိ ကြောင်း၊ ဘယ်လို ထူးထူးခြားခြား ကြည့်ရှုလေ့လာစရာတွေရှိကြောင်းကို စိတ်ပါ လက်ပါ ရှင်းပြသည်။ ကိုသောင်းမြင့်က အစကတော့ ငါသိပြီးသားပါမောင်ရင်ရယ်ဆိုသည့်အပေါက်မျိုး ချိုးသေးသော်လည်း နောက်တော့ထွန်းမြင့်၏ စေတနာပါ သော ဧည့်ဝတ်ကျေပွန်မှုကို အသိအမှတ်ပြုလာရသည်။ သို့သော်လည်း ထွန်းမြင့်ကို ဂျောက်ကျစေမည်ဟု သူထင်သည့် မေးခွန်းတွေ ရံဖန်ရံခါ မေးနေသေးသည်။

“မောင်ထွန်းမြင့်ရဲ့… ဒါနဲ့နေစမ်းပါအုံး။ ဒီလောက် ဘုရားတွေ အများကြီးကို ဘာလို့အဲဒီခေတ်မှာ တည်သွားကြတာလဲကွဲ့။ အတော် အားယားနေကြလို့လားကွဲ့”

ထွန်းမြင့်က ရိုးသည်။ သူ့အဒေါ်ကို လေးစားချစ်ခင်သလိုမျိုး ကိုသောင်းမြင့်ကို ချစ်ခင်လေးစားသဖြင့် တတ်နိုင်သလောက် လေးလေးစားစား အဖြေပေးသည်။ အမေး စစ်သား အဖြေ ဆန္ဒန်ဆင်မင်းပုံစံဖြင့် ဖြေသည်။

“ဟုတ်ကဲ့ လေးသောင်း..ပညာရှင်တွေ မှတ်ချက်ကတော့ အဲဒီခေတ်က ပုဂံပြည်ဟာ စီးပွားရေးအရလည်း ဘာမှပူပင်စရာ မရှိဘူး။ ကောက်ပဲသီးနှံ ကြွယ်ဝတယ်။ ပြီးတော့နိုင်ငံခြား တိုင်းပြည်တွေနဲ့ပါ ကုန်သွယ်စီးပွားရေးလည်း ထွန်းကားတယ်ဆိုတာ ကျောက်စာတွေ၊ အထောက်အထားတွေ အထင်အရှားလည်း ရှိခဲ့သည်။ အာရှကုန်သွယ်လမ်းမကြီး ဖြစ်တဲ့ပိုးလမ်းမကြီးဟာ ပုဂံကို ဖြတ်သွားခဲ့တယ်။ ဒီတော့တိုင်းပြည် စီးပွားရေးအဆင်ပြေလာတယ်။ ပုဂံသားတွေဟာ ရေမြင့်တော့ ကြာတင့်ဆိုသလို စီးပွားရေး ခိုင်မာကြတယ်။ နောက်ပြီး ရှင်အာရဟံနဲ့ အနော်အရထာမင်းကြီးကျေးဇူးကြောင့် ဗုဒ္ဓဘာသာဟာလဲ ပုဂံပြည်သူ လူထုအကြားမှာ ခိုင်မာလာတယ်။ ဗုဒ္ဓဘာသာကို သင်ကြားပို့ချပေးတဲ့ရဟန်းတွေရဲ့ ကျေးဇူးကြောင့်လည်း အလှူဒါန ပြုချင်၊ လှူချင် တန်းချင်စိတ်တွေဖြစ်လာကြတယ်။ ဒါကြောင့်အလှူ ဒါနပေးတဲ့အနေနဲ့ ဘုရားတည်ကြတယ်။ ခေတ်စကားနဲ့ပြောရ ရင် အပြိုင်အဆိုင် ဘုရားတည်ကြတယ်ဆိုပါတော့။ အုပ်ချုပ် မင်းလုပ်သူကိုယ်တိုင်က ဘုရားတည် ဘာသာတရားကိုင်းရရှိုင်း ကြည်ညိုလာတော့ ချမ်းသာတဲ့ပြည်သူလူထုကလည်း ပံ့ပိုးကူညီနိုင်ကြတဲ့သဘောလို့ပြောကြတယ် လေးသောင်းရဲ့။ အဲဒီ မှတ်ချက်ဟာ ဖြစ်နိုင်ချေလည်း အများကြီး ရှိတယ်မို့လား။ ဒီခေတ်မှာ ချမ်းသာတဲ့လူတွေဟာ အိမ်တွေ တစ်လုံးပြီး တစ်လုံး တည်တယ်။ ကားထည်လဲစီးတယ်။ တယ်လီဖုန်း လတိုင်းပြောင်းကိုင်တယ်ဆိုတဲ့သဘောနဲ့တူမယ် လေးသောင်းရဲ့”

“အေးကွ..အဲဒီမှတ်ချက် ဖြစ်နိုင်ချေ အများကြီးရှိတယ်။ မင်း အဒေါ် ဆွဲကြိုးတွေ တစ်လတစ်မျိုး မရိုးရအောင် ပြောင်း ပြောင်း ၀တ်သလိုနေမှာပေါ့ကွာ…နော့်မိန်းမရယ်…ဟား..ဟား” ဟု ဘေးက မသူဇာကိုပါ ရိသဲ့သဲ့စသည်။

“ဟုတ်ပါ့…ဟုတ်ပါ့…ကိုယ်ရှာနိုင်လို့ ကိုယ်ဝတ်တာတော်ရေ့…မနာလို မဖြစ်နဲ့” ဟု သူ့ကို မသူဇာက မျက်စောင်းထိုးလေသည်။
“ဒါနဲ့နေစမ်းပါအုံးကွ…မင်း အဒေါ်ကို ပြောစမ်းပါအုံး။ မင်း အဒေါ်က အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအသင်းကို သိပ်ပြီး အဆိုးမြင်တာဘဲ။ ဒီပုဂံမှာ ဒီလို ဘုရားတွေ၊ ဗုဒ္ဓဘာသာ အမွေအနှစ်တွေ အများကြီးကျန်ခဲ့တာ အရည်းကြီးတွေကို ပုဂံခေတ် အာဏာပိုင်တွေက နှိပ်ကွပ်ခဲ့လို့ဆိုတာ ရှင်းပြလိုက်စမ်းပါကွာ”

မဆိုင်တဲ့အပေါက်ကို ဂလိုင်နဲ့ခေါက်သော် ဂလိုင်သံ မထွက်ဘဲ မြွေထွက်လာတတ်သလို မသူဇာ ရှူးရှူးရှားရှား ဖြစ်သွားသည်။ သို့သော် ထွန်းမြင့်က ကြားမှဝင်ပြီး..

“ဒါတော့ ကျွန်တော် သဘောမတူချင်ဘူး လေးသောင်းရဲ့။ ပုဂံမင်းတွေဟာ သူတို့ဘာသာ ထီးနန်းရဖို့အတွက် ဘယ်လောက် ဘဲ ဆိုးယုတ်ပါစေ ဘာသာတရားမှာ ဒီမိုကရေစီ အတော်ကျတယ်လို့ ဆိုရမယ်ဗျ။ ကျောက်စာတွေ၊ နံရံ ဆေးရေး ပန်းချီတွေ၊ အဆောက်အဦတွေမှာ ပုဂံခေတ်က ဘာသာတရား ကိုးကွယ်ရာမှာ အတော်ကြီး လွတ်လပ်တယ်လို့ဆိုရမယ့်အထောက်အထားတွေ အများကြီးကျန်ခဲ့တယ် လေးသောင်းရဲ့။ ဆိုပါတော့ အပါယ်ရတနာ ဘုရားနဲ့ဘုရားသုံးဆူ ဘုရားတွေမှာ မဟာယန နဲ့ပတ်သက်တဲ့နံရံဆေးရေး ပန်းချီတွေ ကျန်ခဲ့တာကိုကြည့်ရင် ဗုဒ္ဓဘာသာ ဒီလောက် Hot ဖြစ်နေတဲ့အချိန်မှာတောင် ဗုဒ္ဓ ဘာသာမှ ဗုဒ္ဓဘာသာဆိုတဲ့ကျဉ်းမြောင်းတဲ့စိတ်သဘောမရှိတာက သက်သေဖြစ်မယ်ထင်တယ်။ မှန်ပါတယ်။ ပန်းဦးလွှတ် တာတို့၊ သေသောက်ပွဲ ကျင်းပတာတို့ဆိုတဲ ဗုဒ္ဓဘာသာနဲ့ လုံးဝကြီး ဆန့်ကျင်ပြီး ဗုဒ္ဓဘာသာ အရေခြုံတာတွေကိုတော့ ပုဂံမင်းတွေက နှိပ်ကွပ်ခဲ့ပေမယ့်အခြားသော အိန္ဒူတို့၊ နတ်ကိုးကွယ်မှုတို့ကို နှိပ်ကွပ်ခဲ့တယ်ဆိုတဲ့အထောက်အထား မရှိခဲ့ဘူး လေးသောင်းရဲ့။ နတ်ကိုးကွယ်မှုကို လျော့နည်းသွားစေဖို့နတ်လှောင်ကျောင်းဆောက်ပြီး နတ်တွေကို ထားတယ်ဆို ပေ မယ့်လည်း နတ်ကိုးကွယ် ယုံကြည်တဲ့သူများကို နိုင့်ထက် စီးနင်း မလုပ်ခဲ့ပါဘူး။ မကိုးကွယ်ရဘူးလို့အာဏာနဲ့ပြစ်ပြစ်ခါခါကြီး မတားခဲ့တာ အမှန်ဘဲ။  ကိုယ့်ဗုဒ္ဓဘာသာကိုယ် တိုးတက်စည်ပင်ပွားများသထက် ပွားများအောင် လုပ်တဲ့အထောက်အ ထားတွေဘဲ ရှိပါတယ်။ သူများဘာသာတရားကို နှိပ်ကွပ်ပြီး ဗုဒ္ဓဘာသာကို ရှေ့တန်းရောက်စေရမယ်ဆိုတဲ့ပုံစံမျိုး မရှိခဲ့ဘူး လို့လည်း ကျွန်တော် လေ့လာထားသလောက်နဲ့ မှတ်ချက်ပေးချင်ပါတယ် လေးသောင်း”

ကိုသောင်းမြင့်မျက်နှာ ပျက်သွား၏။ မသူဇာက “ငါ့တူ တော်တယ်။ မိန်းမကောင်းကောင်း ပေးစားရမယ်” ဟု မှတ်ချက် ပေးသည်။ ထွန်းမြင့်က ရယ်လျက်

“လေးသောင်းရယ်..ကျွန်တော်လဲ မဘသအဖွဲ့ကို မကြိုက်ဘူး မဟုတ်ပါဘူး။ ကြိုက်ပါတယ်။ ရည်ရွယ်ချက်ကောင်းပါတယ်။ ဒါပေမယ့်ကိုယ့်ကိုယ် ကိုယ် ရှေ့ရောက်ဖို့သူများခေါင်းကို နင်းတက်သွား ချင်သလိုမျိုးကြီး ဖြစ်နေတာကိုတော့သဘောမတူဘူး လေးသောင်း။ ပုဂံမှာ ဗလီဆောက်ခွင့်ပေးသင့်၊ မပေးသင့်ကို ကျွန်တော်လို ပုဂံမှာမွေး၊ ပုဂံမှာကြီး၊ ပုဂံနဲ့လုပ်စားနေတဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက်အတွက် ရှင်းရှင်းဘဲ ၀န်ခံမယ်။ ကျွန်တော် လက်မခံဘူး။  ဗာတီကန်နဲ့ကပ်လျက်မှာ ဗလီတည် လို့မရနိုင်သလို၊ စေတီတည်လို့လည်း မရနိုင်ပါဘူး။ ဆော်ဒီက ဟတ်ခ်ျရဲ့ဘေးမှာ သိမ်ဆောက်လို့မရနိုင်ပါဘူး။ ဒါကို ချုပ်ချယ်တယ်၊ ကန့်သတ်တယ်၊ ဒီမိုကရေစီမကျဘူးလို့ ကျွန်တော် မယူဆဘူး။ ဘာသာတရားထက် လူ့ယဉ်ကျေးမှုအရ မဖြစ်နိုင်တာပါ။ မဖြစ်သင့်တာပါ။ အကောင်းဆုံးကတော့ ကိုယ့်ဘာသာတရားကိုယ် တိုးတက်စည်ပင်ကြီးပွားအောင်၊ မှန် ကန်တဲ့ဘာသာတရားဖြစ်အောင်၊ သန့်စင်တဲ့ဘာသာတရားဖြစ်အောင်လုပ်တာက မတူတဲ့ဘာသာခြားကို လိုက်ပြီး တိုက် ခိုက်တာထက် ပိုပြီးချစ်ဖို့လည်း ကောင်းတယ်။ အပြစ်လည်း ကင်းမယ်မို့လား။ နောက်ပြီး မဘသကို လူတွေ ဒီထက်ပိုပြီး လက်သင့်ခံ၊ အားပေးစေချင်ရင် မဆိုင်တဲ့နိုင်ငံရေးမှာဝင်ပြီး ဟိုလူ့ကို မဲပေးပါ၊ ဒီလူ့ကို မဲမပေးနဲ့ဆိုတဲ့အပြောတွေ မပြော သင့်ဘူးလို့ ကျွန်တော် တစ်ဦးတည်းအမြင်အရ ပြောချင်တာဘဲ လေးသောင်း။ အနေမှန်တဲ့ အမေစုကို အနေမမှန်ဘဲ သွား တိုက်ခိုက်တော့ ပြည်သူလူထုကို မအဘူးထင်နေလားလို့ မေးရမလို ဖြစ်နေတာပေါ့လေးသောင်းရာ…ကျွန်တော်တို့ပြည် သူလူထုဟာ ရိုးအပေမယ့် မဒူဘူးဗျ။ ဟား…ဟား…”

ခွေးအကြီးကို လှည်းနင်းသော် ဟောင်လည်း မဟောင်နိုင်။ ခွေးတန်းစေ့အောင်လည်း မအော်နိုင်ဘဲ အီ…အာ…အူ…ဟု နာကျင်စွာ အော်ဟစ်ရှာသကဲ့သို့ ကိုသောင်းမြင့်သည်လည်း အင်း..ဟို…အဲဟုသာ အသံထွက်တော့သည်။ မသူဇာကတော့ သူ့တူ ပုခုံးကိုသိုင်းဖက်ပြီး “ငါ့တူရယ် ငါ နင်တို့မောင်နှမတွေအကုန်လုံးကို ပညာတတ်ကြီးတွေဖြစ်အောင် ပံ့ပိုးခဲ့ရတာ၊ နင့် အဖေ နိုင်နိုင် (မသူဇာက ထွန်းမြင့်အဖေ သူ့မောင်တစ်ဝမ်းကွဲ ဦးနိုင်အောင်ကို နိုင်နိုင်ဟု ချစ်စနိုးခေါ်သည်။) တို့ကို ကူညီ ပေးခဲ့ရတာတွေ အလကားမဖြစ်သွားဘဲ အခုလို တွေ့ရတော့ကြည်နူးပါ့တော်…သာဓု..သာဓု…သာဓုပါတော်” ဟု ကောင်းစွာ မြည်သော၊ ကောင်းစွာပီသော မြန်မာစကားကို ပြောလေသည်။

ဒီ့နောက်မှာတော့ မသူဇာက သူ့တူကို တစ်မေးတည်း မေးနေတော့သည်။ ထွန်းမြင့်ကလည်း တဖြေထဲ ဖြေနေရတော့၏။ ကိုသောင်းမြင့်ခမျာ နှုတ်ဆိတ်သွားသည်။ သူ့အသံတိတ်သွားသည်မှာ ဘုရားသုံးဆူ ဘုရားရောက်သွားသည်အထိ။ ဘုရား သုံးဆူရောက်တော့ ထွန်းမြင့်က သူ့အသိ တိုးဂိုက်တစ်ယောက်နှင့် စကားခဏပြောနေရစ်ခဲ့သဖြင့် သူတို့လင်မယား နှစ်ဦး တည်းသာ ဘုရားထဲသို့အရင်ဝင်လာပြီး နံရံဆေးရေးပန်းချီများကို ကြည့်နေကြ၏။ ထိုသို့ကြည့်နေရင်း နံရံဆေးရေး ပန်းချီ တစ်ခုတွင် နတ်သားတစ်ပါးက အမျိုးသမီးနှစ်ဦးကို ဘယ်တစ်ယောက်၊ ညာတစ်ယောက် ဖက်ထားခြင်းအား ကိုသောင်းမြင့် တွေ့တော့…
  
“တွေ့လား…မသူဇာ…ပုဂံခေတ်ဟာ ငါတို့ခေတ်ထက် အများကြီးလွတ်လပ်တယ်။ မိန်းမနှစ်ယောက် တပြိုက်နက် ယူလို့ရ တယ်ဆိုတဲ့ သဘောဘဲကွ” ဟု အတည်ကြီးလိုလို၊ နောက်တာလိုလိုဖြင့် သူ့ဘေးက ပြေးမလွတ်ရှာသော မသူဇာကို ဆရာ လုပ်လေသည်။ သို့သော် ကိုသောင်းမြင့်ကံမကောင်းရှာ။ သူ့နောက်က အမှီလိုက်လာသော ထွန်းမြင့်က ၀င်တဲ့ပြီး..

“ဟား..ဟား…လေးသောင်းကတော့ ကျွန်တော် ချွန်တွန်းလုပ်ရင် ဒေါ်လေးသူဇာနဲ့ သတ်ကြတော့မယ်။ မဟုတ်ပါဘူး လေး သောင်းရဲ့။ မိန်းမနှစ်ယောက်ယူလို့ရတဲ့ယဉ်ကျေးမှုကို ပြတဲ့သဘောမဟုတ်ပါဘူး။ အဲဒါက မဟာယနဘာသာ ဂိုဏ်းခွဲတွေ ထဲက ဗောဒိသတ်နတ်ဘုရားက သတ္တိနတ်သမီးနှစ်ဦး ၀ဲ၊ ယာ ထားတဲ့သဘောပါ။ သဘောကတော့သုညတာ တရားနဲ့ ကရုဏာတရား တွဲနေတာ၊ ဥပါယတရားနဲ့ ပညာတို့တွဲနေတာကို ဥပစာသဘောနဲ့ရေးခဲ့တဲ့သဘောပါ။ ဒီတရား နှစ်ပါးစီကို တစ်ခုနဲ့တစ်ခု အညီအမျှ ဖက်တွယ်မှ အမှန်တရားကို သိနိုင်တယ်ဆိုတဲ့သဘောပေါ့လေးသောင်းရာ။ ထပ်ရှင်းရင် ကျမ်းကြီး ကျမ်းခိုင်တွေပါတော့မယ် လေးသောင်းရဲ့။ အနှစ်ချုပ်ကတော့တန္တရကျမ်းတွေ အလိုအရ ဒီမဟာယန အယူသဘောပါ တဲ့ပန်းချီတွေ ဆွဲခဲ့တယ်လို့ဘဲ မှတ်ပါတော့။”

တကယ်တော့ထွန်းမြင့်က ကျမ်းအကိုးအကား၊ စာအုပ်ကြီးများ အကိုးအကားဖြင့်ကိုင်ပေါက်ခြင်းမဟုတ်။ သူလဲ တိုးဂိုက်ပီပီ something is better than nothing သဘောအရ အပေါ်ယံ သာ သိသူ ဖြစ်သည်။ ပညာရှင်ဆန်သည့်မှတ်ချက်တွေခိုင်ခိုင်ကြီး ပေးဖို့သူလဲ လေ့လာထားတာ မဟုတ်။ ဘယ်လိုဘဲ ဆိုစေ မသူဇာက သူ့တူတော်မောင်ကို ချစ်ခင် လေးစားသည့်အကြည့်ဖြင့်ကြည့်ပြီး
“ပြောပြလိုက်စမ်းပါ ငါ့တူရယ်။ မင်းဦးလေးက နေရာတကာမှာ သိသလောက်နဲ့ဆရာလုပ်လို့ရတဲ့သူ့internet များ မှတ်နေသလားလို့။ ဟဲ…ဟဲ..။ မိန်းမ ဘယ်နှစ်ယောက်ယူခြင်း မယူခြင်းဟာ ဘုရား၊ ကျောင်းကန်၊ ဘုန်းတော်ကြီးတွေနဲ့ ဘယ်လိုမှ မဆက်စပ်၊ မပါတ်သက်ဘူးဆိုတာ ပြော…ပြ…လိုက်…စမ်း…ဘာ။ ပြောပြလိုက်စမ်းဘာ။ သူက ဟိုတယ်ပေါက်ဝမှာ ဒရ၀မ် လုပ်ချင်တဲ့ကိုယ်တော်တွေနဲ့မခြားဘူး ငါ့တူရဲ့။ ကိုယ့်နေရာ ကိုယ်မနေဘူး။ ဟိုစပ်စပ်..ဒီစပ်စပ်နဲ့သိပ်ဆရာလုပ်ချင်တာ။ ဆရာလုပ်ချင်သလောက် ဘာတစ်ခုမှလဲ ရေရေရာရာ သိတာလည်း မဟုတ်ဘူး။ လေဖမ်းဒန်းစီး အကျင့်ဆိုးကြီးက မပြင် တဲ့အပြင် ပိုပိုပြီး ဆိုးလာတာလေ..”

ကိုသောင်းမြင့်က တကယ်တော့ နောက်တောက်တောက်ဖြင့် သူ့မိန်းမကို စနောက်လိုက်ခြင်းသာ။ ထွန်းမြင့်ကလည်း သူ့ တာဝန်အရ သူ့ဦးလေးကို ရိုးရိုးသားသား ရှင်းပြခြင်းသာ။ သို့သော် မသူဇာက လူကြားထဲမှာ သူ့မာန်မာနကို ထိပါးပြီး အ လွန်အကျွံ ဝေဖန်တော့ ကိုသောင်းမြင့်ခမျာ စိတ်လည်း ဆိုး။ စိတ်လည်း မကောင်း။ အတော်မသိတတ်တဲ့ မိန်းမဟု စိတ် ထဲက ကြိမ်းဝါးမိသည်။

နောက်ရက် မနက်စောစော မသူဇာနှင့်ကိုသောင်းမြင့်တို့ပုဂံက ပြန်ထွက်လာတော့ နေပင် ကောင်းကောင်းမထွက်သေး။ ပုဂံ၏ ဆောင်းအကုန် နွေအကူး ရာသီနှင့်ပုဂံ နောက်ခံဘုရားများ၏ ရှုခင်းတွေသည် ကျောခိုင်းထွက်သွားရက်စရာပင် မရှိ။ သက်ရှိပန်းချီကားကြီးတစ်ချပ်ကဲ့သို့ရှိနေသည်။ သို့သော် မသူဇာက သူတို့တည်းသည့်ဟိုတယ်ကို လာပြီး မနက် အစောကြီး လာနှုတ်ဆက်ကန်တော့သည့် သူ့တူ ထွန်းမြင့်၏ သိတတ်လိမ္မာမှုကို စိတ်မကောင်းခြင်းများစွာဖြင့်ခွဲခဲ့ရသဖြင့် ပုဂံ ရှုခင်းတွေကို လည်ပြန်မကြည့်နိုင်ဘဲ စိတ်မကောင်းခြင်းသာ ဖြစ်နေသည်။

ကိုသောင်းမြင့်ကတော့ကားကို မောင်းရင်း ဖုန်တွေနှယ် ထတာကွာ။ ပူတာကွာ။ ဘုရားတွေပျက်နေပါပြီကွာ။ ကုန်တော့မှာ ပါကွာဟူသည့် အပျက်သဘောဆောင်သည့်မှတ်ချက်များကို မသူဇာများ ထကန့်ကွက်လေမလားဟူသည့်မျှော်လင့်ချက် ဖြင့် နှုတ်မှ တတွတ်တွတ်ရွတ်ဆိုလျက် ရန်စနေခြင်းသာ ဖြစ်သည်။

မည်သို့ပင်ဆိုစေ…မြန်မာနိုင်ငံသားတိုင်း ဂုဏ်ယူရသည့် ပုဂံ၊ လှချင်တိုင်း လှနေသည့်ပုဂံ၊ လူ့သက်တမ်း တစ်လျှောက် တစိုက်မတ်မတ် လေ့လာသော်လည်း သင်ယူစရာ မကုန်သည့်ပုဂံသည် သူတို့နောက်မှာ ဝေးသထက် ဝေးကာ ကျန်နေရစ် တော့သည်။

ဖိုးထက်
(ဆရာကြီး ဇော်ဂျီအား ဒီစာမူဖြင့် ကန်တော့ကြည်ညိုပါ၏)