ရန်ဝင်း (တောင်တံခါး) - ၀က်ကြီးအင်း ဂူပြောက်ကြီး ဂူဘုရား
(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၁၅
ဗုဒ္ဓဂယာ မှာရှိတဲ့ မဟာဗောဓိစေတီတော်ကြီးရဲ့ ပုံစံကို မှီငြမ်းကိုးကားပြီး ကွန်းတောင်အဖြစ် တည်ဆောက်ထားတဲ့ မဟာ ဗောဓိကွန်းတောင် ပေါက် ဂူဘုရားများ ပုဂံ မှာ ရှိပါတယ်။
ဝက်ကြီးအင်း ဂူပြောက်ကြီး ဂူဘုရား၊ ယခု |
မဟာဗောဓိကွန်းတောင် ပေါက် ဂူဘုရားများ ထဲမှာ ၀က်ကြီးအင်း ဂူပြောက်ကြီး ဂူဘုရား၊ ဘုရားအမှတ် (၂၉၈/၁၉၇-က) က အကြီးမားဆုံး တစ်ဆူဖြစ်ပါတယ်။ ၁၃ ရာစုနှစ် စောစောပိုင်းမှာ တည်ဆောက်ခဲ့တယ်လို့ မှန်းဆရပါတယ်။ နာတောင်မျာ (နားတောင်းများ) မင်းကြီး နဲ့ နရသိင်္ဃဥစ္စနာ မင်းကြီး တို့ လက်ထက်၊ ခရစ်နှစ် ၁၂၁၁ - ၁၂၃၅ ခုနှစ်တွေအတွင်းမှာ တည်ဆောက်ခဲ့ကြောင်း မှန်းဆရပေမယ့် အတိအကျတော့ မပြောနိုင်ဘူးလို့ ဆရာကြီးတွေရေးတာကို မှတ်သားဖူးပါတယ်။
ဝက်ကြီးအင်း ဂူပြောက်ကြီး ဂူဘုရား အထဲမှာ ပုဂံခေတ် နံရံဆေးရေးပန်းချီတွေရဲ့ လက်ရာနဲ့ ရေးဆွဲမှု အင်အားကို ခန့်မှန်း သိရှိနိုင်လောက်တဲ့ ပန်းချီတွေ ရှိပါတယ်။ ရှေ့ခန်းဆောင် အမိုး မျက်နှာကျက်မှာ ခြေတော်ရာကွက်နဲ့ အလွန်တရာ လှပတဲ့ ပန်းချီကွက်တွေ ရှိပါတယ်။ ၀ဲယာ နံရံတွေအပေါ်မှာ နှစ်ကျိပ်ရှစ်ဆူဘုရားတွေ၊ ဗုဒ္ဓ၀င် အကြောင်းအရာတွေ၊ ငါးရာ့ငါးဆယ် ဇာတ်ကွက်တွေ ကမ္ပည်း မင်စာတွေကို ထင်ထင်ရှားရှားတွေ့မြင်နိုင်ပါတယ်။ ပဓာန ဆင်းတုတော် ပလ္လင် ဘေးဘက် နံရံ ၀ဲယာတွေမှာ မာရ်နတ် စစ်သည်ပုံတွေကို အဆန်းတကြယ် ရေးဆွဲထားရှိပါတယ်။
၁၈၉၉ ခုနှစ်အတွင်းမှာ မိမိကိုယ်ကို ရှေးဟောင်းသုတေသနအရာရှိ လို့ နာမည်ပေးထားတဲ့ ဂျာမန်လူမျိုး ထောမန်း Th. H. Thomann ဆိုသူနဲ့ အပေါင်းအပါ ၅ ဦးတို့က ၀က်ကြီးအင်း ဂူပြောက်ကြီး ဂူဘုရား အတွင်းနံရံတွေက နံရံဆေးရေး ပန်းချီတွေကို ခွာယူ သွားခဲ့ပါတယ်။ နံရံပန်းချီတွေကို အချပ်လိုက် အများအပြား ခွာယူသွားခဲ့လို့ ကွက်လပ်ကြီးတွေ ဖြစ်ကျန်ရစ်ခဲ့တာတွေ၊ လွှရာ ပေးထားပြီး ကော်နဲ့ ကပ်လျက် တွေ့ရတဲ့ စနေနေ့ ၁၈ မတ် ၁၈၉၉ နေ့စွဲပါ ညနေသတင်း ဂလပ်စဂို Evening Time Glasgow သတင်းစာဟောင်းတွေကိုလည်း တွေ့နိုင်ပါသေးတယ်။
အဲဒီအချိန်တုန်းက ဂူဘုရားကြီးကို ခြုံနွယ်တွေနဲ့ ဖုံးအုပ်နေခဲ့ပြီး၊ ပုဂံရှေးဟောင်းသုတေသန ဌာနကိုလည်း မဖွင့်လှစ်ရသေးတဲ့ အချိန်ပါ။ ရပ်ရွာလူထုက ဆက်မလုပ်ဖို့ တားမြစ်ခဲ့တာကြောင့် ထောမန်း တို့အုပ်စုက နံရံပန်းချီတွေကို ခွာယူတဲ့ လုပ်ငန်း ရပ်စဲသွားခဲ့ပါတယ်။ ဂျာမနီနိုင်ငံ ကို ပို့လိုက်ပြီးဖြစ်တဲ့ ခွာယူသွားပြီးနှင့်ပြီးသား ပန်းချီအချပ်ကြီးတွေကိုတော့ ဒီကနေ့အထိ ပြန်မရတော့ပါ။ ဂျာမနီနိုင်ငံ တစ်နေရာက ပြတိုက်အထဲမှာဖြစ်စေ၊ ကိုယ်ပိုင်စုဆောင်းသူ တစ်ဦးဦးထံမှာဖြစ်စေ ရှိနေနိုင်ပါ တယ်။
German foreign office, the German embassy in Rangoon (Yangon) မှာ ဖွင့်ထားခဲ့ဖူးတဲ့ “Art theft Bagan — Dr. Thomann affair” အမည်ပါ ဖိုင် ကို ဖတ်ရှုရခြင်းအားဖြင့် ဒီ ပုဂံက ရှေးဟောင်းအနုပညာ ခိုးဝှက်မှုကြီးမှာ အစိုးရပိုင်းပါ တာဝန်ရှိနေကြောင်း သိရှိနိုင်ပါတယ်။ အဲဒီတုန်းက နယ်ချဲ့အစိုးရ လက်အောက်မှာရှိနေသေးတဲ့ အချိန်ဆိုတော့ မြန်မာပြည် အနေနဲ့ နစ်နာမှုတွေ အများကြီး ရှိတဲ့အထဲက တစ်ခုဖြစ်ပါတယ်။
ထောမန်း Th. H. Thomann က Pagan and Burma in 1899: A Millennium, of Buddhist Temple Art ဆိုတဲ့ စာအုပ်တစ်အုပ်ကို အရှက်မရှိ ရေးပါသေးတယ်။ စာအုပ်သက်သက် အနေနဲ့ကတော့ ကောင်းတယ်လို့ ဆိုကြပါတယ်။ အစွဲအလမ်း ကြီးတယ်လို့ ဆိုချင်လည်း ဆိုကြပါစေဦး၊ ကျွန်တော့်အနေနဲ့ကတော့ အဲဒီစာအုပ်ကို ဘယ်လောက်ပဲ ကောင်းသည်ဖြစ်စေ ဖြစ်စေ၊ မညွှန်းလိုတာ အမှန်ပါပဲ။
အညွှန်း။
ပုဂံသုတေသနလမ်းညွှန်၊ ဦးဗိုကေ၊ ပထမအကြိမ်၊ ၁၉၈၁
Pictorial Guide to Pagan: Ministry of Union of Burma, Reprint 1971
http://www.britannica.com
http://www.baganmyanmar.com
http://myanmartravel.org