ရန်ဝင်း (တောင်တံခါး) - သပြေညို ရွှေဘိုပန်းရယ်နဲ့ လှမ်းကြစို့လေး

မင်းသုဝဏ် (၁၉၀၉-၂၀၀၄)
(မင်းသုဝဏ် ရာပြည့်အမှတ်တရ စာအုပ်မှ)

ရန်ဝင်း (တောင်တံခါး) - သပြေညို ရွှေဘိုပန်းရယ်နဲ့ လှမ်းကြစို့လေး
(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၁၅

‘သပြေညို ရွှေဘိုပန်း’ ဆိုတာ ကျွန်တော့် ရင်ထဲက ရင်နှစ်ပန်း၊ ကျွန်တော့်ကို အားမာန်တွေပေးတာကြောင့်လည်း ဦးထိပ်မှာ တင်ရတဲ့ ဦးထိပ်ပန်းပါ။

သပြေညို ကဗျာစာအုပ် (၁၉၄၇) မျက်နှာဖုံး

ရှေးအခါက အောင်ပွဲသဘင်တွေမှာ သပြေပန်းကို လူတိုင်းပန်ကြတယ်။ အမျိုးသားတွေက နားနှစ်ဖက်ကြားမှာပန်ကြပြီး၊ အမျိုးသမီးတွေက ဆံထုံး ဆံစုမှာ ပန်ကြတယ်။

“သပြေပင်ငယ်လေ၊ ညွှန့်ရှည်ခက်သေး၊ ဖြာချည့်လေး။

သပြေပန်းကိုတဲ့ လက်လှမ်းကိုင်ကာ၊ မင်းညီနောင် ပန်လို့သွားလျှင်၊ နားပြည့်အောင်သာ။”

(ရှေးနတ်ချင်း၊ ရေးသူ၊ အမည်မသိ)

ပန်းမဟုတ်ပေမယ့် ပန်း နာမည်ရတဲ့ သပြေညိုဆိုတာ ပန်းနဲ့မခြား၊ နွေ မိုး ဆောင်း ရာသီတွေ အလီလီ ပြောင်းပေမယ့် ရာသီ မရွေး လန်းဆန်းနေတဲ့ ပန်းပါပဲ။

“အောင်ပါစေ သပြေပန်းနဲ့ ရေချမ်းကိုလောင်း။”

(ကုန်းဘောင်ခေတ်ဦး စည်တော်သံ၊ ရေးသူ၊ အမည်မသိ)

“သပြေညို”
သူ့ခေါင်းမှာတဲ့ သပြေညို၊
ငါ့ခေါင်းမှာတဲ့ သပြေညို။

တို့ပြေမှာ တို့မေကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို။

ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေပဟိုရ်
လေချိုက အသွေး။

လင်းကြက် အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည် ရွမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။ ။


မင်းသုဝဏ်
ဇန္န၀ါရီ ၄၊ ၁၉၃၈
အင်္ဂလန်နိုင်ငံ ဝေလ ပြည်နယ်

ဆရာကြီး မင်းသုဝဏ်က “သပြေညို” ကဗျာ ကို ၁၉၃၈ ဇန္န၀ါရီလ ၄ ရက်နေ့၊ အင်္ဂလန်နိုင်ငံ ဝေလ ပြည်နယ်မှာ ရေးပါတယ်။ မြန်မာ့လွတ်လပ်ရေးနေ့ထက်  ဆယ်နှစ်တိတိ စောတာပေါ့။


သပြေညို ကဗျာ

အဲဒီအချိန်တုန်းက လူငယ်တိုင်းရဲ့ရင်ထဲမှာ နယ်ချဲ့ကို တိုက်ထုတ်ဖို့ဆိုတာ အမြဲရှိနေခဲ့ကြတယ်။ မြန်မာပြည်အ၀ှမ်းလုံးမှာ လူငယ်တွေက နည်းမျိုးစုံနဲ့ တိုင်းပြည်ရဲ့ရှေ့ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြတဲ့ကာလပါ။ ဒီအကြောင်းတွေကို ပြန် ပြောမိတိုင်း အတိတ်ရဲ့သမိုင်းကြာင်း တစ်စိတ်တစ်ပိုင်းက လွမ်းဆွတ်ဖို့ကောင်းလှပါတယ်။

ဆရာကြီး မင်းသုဝဏ် သပြေညို ကဗျာကို ရေးခဲ့တဲ့နေရာ
Front entrance to St. Deiniol's Library, Hawarden, Flintshire, Wales
Photo: Wikipedia.org

အဲဒီအချိန်မှာ “သပြေညို” ကဗျာလေးက အချိန်ကိုက်ဖြစ်သွားပါတယ်။ တစ်တိုင်းပြည်လုံးကို  “သပြေညို” ကဗျာက လွှမ်းမိုး သွားခဲ့ပါတယ်။

ဘယ်သောအခါမှ အားမလျှော့လေနဲ့၊ ရန်သူကို မရပ်မနားတမ်း တွန်းလှန်သွားမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ ရာသီမရွေး၊ အစဉ် ထာဝရလန်းဆန်းနေတဲ့ သပြေညိုပန်းဂုဏ်ကိုဆောင်ပြီး၊ ဆရာကြီး မင်းသုဝဏ်က ပြည်သူလူထုကို တပ်လှန့် နှိုးဆော်လိုက် တာပါပဲ။

‘သပြေညို ’ နဲ့  ‘ရွှေဘို’ ဆိုတဲ့ စကားလုံးတွေကလည်း မူလအဓိပ္ပါယ်ထက် ပိုမိုကျယ်ပြန့်တဲ့ ဖွင့်ဆိုချက်တွေကို သယ်ဆောင် လာတယ်လို့ ခံစားမိပါတယ်။ တကယ်တော့ နေညိုရင် ရွှေဘိုကို လွမ်းတယ်လို့ဆိုတာက အိမ်ကို လွမ်းတဲ့အလွမ်းပါ။

ရွှေဘို စည်တော်ကြီး အဖွဲ့
ဓါတ်ပုံ-ကုန်းဘောင်ရှာပုံတော်၊ ညိုမြ

ကျွန်တော်တို့လို မွေးရပ်မြေကို ခွဲခွာပြီး တစ်ရပ်တစ်ကျေးမှာ နေကြရသူတွေအဖို့မှာလည်း အိမ်ကို လွမ်းတဲ့ အလွမ်းနဲ့အတူ၊ ‘သပြေညို  ရွှေဘိုပန်းရယ်နဲ့ လှမ်းကြစို့လေး’ ကို ဆိုလို့ အိမ်အပြန်လမ်းကို လှမ်းလို့မျှော်ကြည့်နေကြရဆဲ။

“သူ့ခေါင်းမှာတဲ့ သပြေညို၊ ငါ့ခေါင်းမှာတဲ့ သပြေညို…”
 

စာကိုး
(၁) သပြေညိုနှင့် အခြာကဗျာများ (မင်းသုဝဏ်)၊ ၁၉၄၇
(၂) မင်းသုဝဏ် ကဗျာပေါင်းချုပ်၊ မတ်လ၊ ၁၉၉၇
(၃) စာဆို မင်းသုဝဏ် ရာပြည့်အမှတ်တရ၊ ဖေဖေါ်ဝါရီ၊ ၂၀၀၉
(၄) ဂီတ၀ိသောဓနီကျမ်း (မောင်မောင်လတ်)၊ ဆဋ္ဌမအကြိမ် ပုံနှိပ်၊ မေလ ၁၉၉၄၊
(၅) ကုန်းဘောင်ရှာပုံတော် (ညိုမြ)၊ ၁၉၆၇
(၆) Wikipedia.org