ကိုသန်းလွင် - ဒီဂျစ်တယ် ဒီမိုကရေစီ

ကိုသန်းလွင် - ဒီဂျစ်တယ် ဒီမိုကရေစီ
(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၅

(၁)
ယနေ့ဆက်သွယ်ရေးခေတ်တွင် ရေခဲသေတ္တာများ၊ ကော်ဖီဖျော်စက်၊ သွားတိုက်တံ၊ ဟန်းဖုန်းနှင့် လက်ပတ်နာရီ ကဲ့သို့သော Smart devices များတွင် ဆက်သွယ်ရေးကိရိယာ ငယ်လေးများတပ်ဆင်ထားကြပါသည်။ ထိုဆက်သွယ်ရေးစက်ကလေးများ သည် တခုနှင့်တခု ချိတ်ဆက်အလုပ်လုပ်ကြပါလိမ့်မည်။ သူတို့အရေအတွက်မှာ နောင်ဆယ်နှစ်ဆိုလျှင် ဘီလီယမ် ၁၅၀ မျှဖြစ်လာနိုင်ပါသည်။ ၄င်းတို့ကိုအသုံးပြုသော လူအရေအတွက်မှာ လည်း ဘီလီယံချီ၍ ရှိပါလိမ့်မည်၊ ယခုဆိုလျင် ထိုဆက်သွယ်ရေးစက်များမှအသုံးပြုသော byte ခေါ် ဒီဂျစ်တယ်သတင်းအချက်အလက်များမှာ တစ်နှစ်လျင် နှစ်ဆမျှတိုးပွားနေပါ သည်။ နောင် ၁၅ နှစ်ဆိုလျင် ၁၂ နာရီ နေ့တစ်ဝက်တိုင်း၌ ၂ ဆတိုးပွား လာမည်ဟု ခန့်မှန်းကြပါသည်။

စက်မှထုတ်လွှတ်လိုက်သောသတင်းအချက်အလက်များမှာ လူတို့နားလည်သော ပုံစံဖြစ်စေရန် နေကာမျက်မှန်ကဲ့သို့ သော မလိုအပ်သော အလင်းရောင်ကို ကာကွယ်ပေးသည့်  Filter ခေါ် သတင်းကိုသာ ထုတ်ပေးသည့် ဇကာများ လိုပါသည်။ ကိုယ်အပူချိန်၊ နှလုံးခုန်နှုန်း၊ ပြေးနှုန်းစသည်ဖြင့် လိုအပ်သောအချက်ကိုထုတ်မပေးမီ ကွန်ပျူတာ Algorithm များက တွက်ချက်ကြပါသည်။ ထိုသို့ စက်ကအစားထိုးဝင်ရောက်ဆုံးဖြတ်ပေးသောကြောင့် လူတို့၏ ဆုံးဖြတ်နိုင်သောစွမ်းရည် သို့မ ဟုတ် လူမှုအဖွဲ့တစ်ခုလုံး၏ ဆုံးဖြတ်နိုင်မှု စွမ်းအားလျော့ကျ သွားစေနိုင်ပါသည်။ သိစရာမှန်သမျှကို စက်ကတွက်ချက်ထုတ်ပေးနေသောအခါလူသည် စဉ်းစားတွေးခေါ်နေစရာမလိုတော့ပေ။ အီလက်ထရောနစ်ဂဏန်းပေါင်းစက်များ ပေါ်လာသော အခါ လူသည် ဂဏန်းနှစ်လုံးကိုပင် တည့်အောင်မပေါင်းတတ်တော့ပေ။

 ၂၀၁၅ ခု အောက်တိုဘာလ ၆ ရက်နေ့က တရားရုံးမှ ဆုံးဖြတ်ချက်တစ်ခုတွင် ဥရောပကောင်စီမှ ပြင်ပသို့ထုတ်လွှတ်မည့် သတင်းအချက်အလက်များသည် သူတို့၏ဒေတာကာကွယ်ရေးဥပဒေကို လိုက်နာရမည်ဟု ဆိုသည်။ အစိုးရတစ်ခု ကုမ္ပဏီ တစ်ခုက ထိုသတင်းအချက်အလက်များကို လိုသလိုအသုံးချ၍ ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်များကို လွှမ်းမိုးမှုမရှိစေရန် အကာ အကွယ်ပေးခြင်း ဖြစ်ပါသည်။ သတင်းအချက်အလက်များသည် ထင်သာမြင်သာ ရှိရမည်၊ ယုံကြည်စိတ်ချနိုင်ရမည်၊ အသုံး ပြုသူက ရွေးချယ်ပိုင်ခွင့်ရှိရမည်။

ဤရည်ရွယ်ချက်ဖြင့်ဆွစ်ဇာလန် အစိုးရက ကမကထပြုပြီး Nervousnet ခေါ် Digital Nerve system တခုကို  တည် ဆောက်ရန် စီစဉ်လျှက်ရှိပါသည်။ ဇူးရစ်ရှိ Swiss Federal Institute Of Technology မှသုတေသနအရာရှိများကဦးဆောင်ပါသည်။ ၀ီကီပီဒီးယား၊ Linux စနစ်တို့မှာ ကမ္ဘာတ၀ှမ်းမှ လူအားလုံး ပါဝင်ရေးကြ၊ ပြုပြင်ကြသောပရောဂျက်များဖြစ်ပါသည်။ ထိုနမူနာအတိုင်း နေရာပေါင်းစုံမှ လူပေါင်းစုံက ဤ နာဗ် System ကို အသုံးပြုနိုင်ကြပါသည်။

လူတို့၏ဆုံးဖြတ်ချက်ချပုံသဘောတရားကို နားလည်ရန် မဖြစ်နိုင်ပါ။ သို့ပါသော်လည်း ကျွန်တော် ဘာလုပ်သည်။ ဘယ် နေရာ ကိုသွားသည်။ ဘယ်ကြော်ငြာကိုဖတ်သည်။ ကျွန်တော်၏အကြံပြုချက်များမှာ ဘယ်သို့ရှိသည်။ ကျွန်တော်၏ခံစားချက်၊ တုန့်ပြန်ချက်များမှာ ဘယ်သို့ရှိခဲ့ဘူးသည်။ ဆိုသောအချက်များကိုသိနေပါက ကျွန်တော်၏ အပြုအမူ၊ သဘာဝ၊ ယုံကြည် ချက်တို့ကို အလွယ်တကူ ခန့်မှန်းနိုင်ကြပါလိမ့်မည်။ ကျွန်တော့်အကြောင်းကိုသိပြီဆိုပါက ကျွန်တော့်ထံ ဘယ်လိုကြော်ငြာ တွေကို ပို့ရမည်၊ ဘယ်လိုအရာတွေပို့ပါက ကျွန်တော့်အပေါ် အကျိုးသက်ရောက်မှု မရှိနိုင်ဟု သိနိုင်ကြပါသည်။

ကုမ္ပဏီတခု (www.aboutthedata.com) က ကြေငြာရာတွင် သူတို့ကုမ္ပဏီ၌ မြို့နေလူထုဖောက်သည်များနှင့် ပက်သက်၍ အကြောင်းအရာ ကြိုက်နှစ်သက်ပုံ အစရှိသည်။ attribute ပေါင်း ၅၀၀၀ နှင့်ပက်သက်ပြီး မှတ်တမ်းမှတ်ရာတွေ ရှိပါသည် ဟုဆိုသည်။ လူတစ်ဦးချင်းစီကိုလိုက်၍ သူတို့သုံးစွဲသည့်ပစ္စည်း၊ မည်သည့်အချိန်တွင် မည်သို့အသုံးပြုပုံ သူကြိုက်နှစ်သက် သည့် Brand တံဆိပ်၊ ဈေးဝယ်သည့်ပုံစံ၊ စသည်ဖြင့် လူတိုင်းအတွက် မှတ်တမ်းမှတ်ရာတွေရှိသည်ဟုဆို၏၊ ထိုအရာများ ကိုသိသော ကုမ္ပဏီများ၊ အစိုးရများက သူတို့လိုသလို အသုံးချနိုင်ကြပါသည်။ ကျွန်တော်တို့၏ ဆုံးဖြတ်ချက်များကိုလည်း သူတို့ လွှမ်းမိုးလာနိုင်ကြပါသည်။

ထိုသိလာသော အချက်အလက်များမှတဆင့် တာဝန်ရှိသူများက ပြည်သူတို့ကိုပိုမို ကျန်းမာသန်စွမ်းသူများ ဖြစ်လာအောင၊် သဘာဝပါတ်ဝန်းကျင်ကို ထိခိုက်စေမည့် အလုပ်များကို မလုပ်ကိုင်နိုင်စေရန် ထိန်းကျောင်းပေးနိုင်ပါလိမ့်မည်။ သို့ပါသော် လည်း ထိုနည်းပညာဖြင့်ပင် မျိုးချစ်စိတ်ကိုအသုံးချခါ အမုန်းတရား တိုးပွားအောင် လှုံ့ဆော်ပေးခြင်းများကိုလည်း လုပ်လာ နိုင်ပါသည်။ ထင်သာမြင်သာမှုမရှိလျှင်ဖြစ်စေ၊ ဒီမိုကရေစီရေးရာ ထိန်းချုပ်မှုမရှိလျင်ဖြစ်စေ လူတို့ကို လမ်းလွှဲရောက်အောင် စီမံပြုပြင်ခွင့်ရှိနေပါသည်။

ဒေတာအများအပြားပိုင်ဆိုင်ပြီး ဆွဲဆောင်သိမ်းသွင်းခြင်းများများလုပ်နိုင်သည်နှင့်အမျှ အစိုးရနှင့် ကုမ္ပဏီတို့သည် တဦး တည်း အာဏာပိုင်ဆိုင်သော (Dictatorship) များဖြစ်လာနိုင်ကြပါသည်။

၁၉၇၀ ခုနှစ်များက ချီလီသမ္မတ အာယန်ဒီးကစက်ရုံများ၏ထုတ်ကုန်ပမာဏကို အကောင်းဆုံးဖြစ်စေရန်  ကွန်ပျုတာ Network များဖြင့် ထိမ်းချုပ်ရန်ကြိုးစားခဲ့ဘူးသည်။

ယနေ့စင်္ကာပူနိုင်ငံတွင် လူအဖွဲ့အစည်းနှင့်ပါတ်သတ်သော ဒေတာအမြောက်အများ စုဆောင်းကောက်ယူထားပြီး လူမှု အ ဆင့်အတန်းမြင့်မားအောင်၊ လူ့လုပ်အားလိုအပ်ချက်ကို သက်သာအောင် စမ်းသပ်နေသည်။ နိုင်ငံအမြောက်အများကလည်း စင်္ကာပူကိုနည်းယူ၍ မိမိပြည်သူတို့၏  ဒေတာအချက်အလက် တိုးပွားရေးကို ဆောင်ရွက်နေကြသည်။

အချို့နိုင်ငံများတွင် ပြည်သူပြည်သားတို့၏ အလုပ်အကိုင်၊ အကြွေးရှိမရှို၊ ခရီးသွားသည့် အလေ့အကျင့် စသည်တို့ကို စု ဆောင်းထားသည်။ သူ၏ အင်တာနက်ကြည့်ပုံ၊ နိုင်ငံရေးရာ အမြင်တို့ဖြင့် စာရင်းပြုစုသည်ဟု ဆိုသည်။   အင်တာနက် ( Search   Engine )  များအနေဖြင့် အင်တာနက် အသုံးပြုပုံကိုကြည့်၍ လူတို့၏ Character ကိုဆုံးဖြတ်ပေးသည့် ပရိုဂရမ်များ ရှိနေကြပြီဟု ဆိုသည်။

AI – Artificial Intelligence  ကိုအသုံးပြု၍ ဤကြီးမားသော    ဗဟုသုတဘဏ် database  များမှတဆင့် လူတို့၏ ယုတ္တိမ တန် သောလုပ်ရပ်များနှင့်ပါတီစွဲ၊ ၀ါဒစွဲများကို ခန့်မှန်းနိုင်ကြသည်။    ၁၈ ရာစုနှစ်က ထင်ရှားခဲ့သော ဖီလိုဆိုဖာ  Immanuel  Kant က “တိုင်းသူပြည်သား အားလုံးကို ပျော်ရွှင်အောင်လုပ်ပေးနိုင်သော အစိုးရသည် ဘာလုပ်ရမည်ကို ကောင်းကောင်းသိ သည့် အာဏာရှင်ဖြစ်သွားတတ်သည်” ဟု ရေးခဲ့ဘူးသည်။ အမေရိကန်တို့သည်သူတို့ လွပ်လပ်ရေးကျေငြာစာတမ်းကို ဤ ကဲ့သို့သော အာဏာရှင်များ မပေါ်ပေါက်စေရန် အမြှော်အမြင်ရှိရှိ ရေးခဲ့ကြပါသည်။

တိုင်းသူပြည်သူသားတွေကောင်းအောင် အာဏာရှင်ဆန်ဆန် အုပ်ချုပ်ရပါသည်ဟုလည်းကောင်း၊ Wise king  ခေါ် ပညာစုံ တတ်သည့် ခေါင်းဆောင်ကြီးဖြစ်ရန် ယခင်ခေတ်အခါများက ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မည်။ ယခုအင်တာနက်ခေတ် (Connected World) တွင်မူ စွယ်စုံရပညာရှင်ကြီး ဖြစ်ရန် မလွယ်ကူတော့ပါ။  အဘယ့်ကြောင့်ဆိုသော် ခေတ်သစ်တွင် ပန်း တိုင်သည် တခုတည်း မဟုတ်တော့ပါ၊   နိုင်ငံ၏ ဂျီဒီပီ တန်ဖိုးမြင့်လာခြင်းသည်ပန်းတိုင်လား၊  အာဏာရပုဂ္ဂိုလ်တို့နေရာမြဲနေရေး (Sustainability) သည် ပန်းတိုင်လား၊၊   ငြိမ်းချမ်းရေးးကို ထိမ်းသိမ်းထားနိုင်ခြင်း၊ လူတို့ ပျမ်းမျှအသက်ရှည်ခြင်း ( Average Life span) တို့သည်အဓိကလား၊ သို့မဟုတ် ပြည်သူလူထု အပူအပင်ကင်း၍ ပျော်ရွှင်စွာနေနိုင်ခြင်းလော၊  အခြား ဘာတွေကို လိုအပ်ပါသနည်း၊  အာဏာရှင် တဦး၊ အစိုးရတဦးက ထိုလိုအပ်ချက်များ အားလုံးကို ပြည့်စုံအောင် လုပ်မပေးနိုင်တော့ပါ။

ဒေတာသတင်း အချက်အလက်ကို ထိမ်းချုပ်ရာတွင် ဗဟိုဦးစီးစံနစ်သည် အန္တရာယ်ကြီးပါသည်။ တာဝန်ခံရသူသည် အ လွယ်တကူ ခြစားနိုင်ခြင်း၊ အစွန်းရောက်သူ မကောင်းကြံချင်သူများက အလွယ်တကူ အနှောက်အယှက် ပေးနိုင်ပါသည်။   ဆက်သွယ်ရေး (Data Transmission )  နှင့် တွက်ချက်နိုင်မှု (Computation) စွမ်းရည်တွင် အကန့်အသတ်ရှိခြင်းတို့ကြောင့် ကွန်ပျူတာ Networks ကိုအများပြည်သူ အသုံးပြုရာတွင် အခက်အခဲများ ဖြစ်ပေါ်စေနိုင်သည်။ လူတဦးချင်းစီ၏ အသုံးပြုမှု ကိုကန့်သတ်ရန် ကြိုးစားခြင်းဖြင့် Collective Intelligence ခေါ် ပြည်သူတို့ထံမှရလာမည့် ဗဟုသုတကို ဟန့်တားရာ ရောက်သည်။ သတင်းဖြန့်ချိမှုတွင် အကန့်အသတ်ရှိလာလျင် တဦးနှင့်တဦး ဗဟုသုတဖလှယ်ခြင်းမှာ အားနည်းပြီး အမြင် ကျဉ်းမြောင်းစေသည်။

လူတို့၏ စီးပွားရေးနှင့်လူမှုရေးစံနစ်မှာ သဘာဝပတ်ဝန်းကျင် (Eco System) နည်းတူ လူမျိုးစုံ၊ ၀ါဒစုံ၊ ဘာသာစုံ ပါဝင်ရမည် ဖြစ်သည်။ အီကိုစစ္စတန် ဟုဆိုရာတွင် သတ္တ၀ါ အမျိုးမျိုး၊ သစ်ပင်အမျိုးမျိုး ရေ မြေ တောတောင် သဘာဝ အားလုံးပါကြ ရပါသည်။ လူမျိုးတစ်မျိုးတည်းသာရှိသော နိုင်ငံဟူ၍မရှိ၊ လူမျိုးစုံ ဘာသာစုံ မတူကွဲပြားလေလေ တိုးတက်မှုကို ရရှိလေ ပင်ဖြစ်သည်။ သမိုင်းတလျောက် ပြန်ကြည့်လျင် သဘောထားမကြီးပဲ ကျဉ်းမြောင်းသည့် အမြင်ရှိသော ၀ါဒများသည်ကျဆုံး ရမြဲဖြစ်သည်။

လူတို့နှင့်ပတ်သတ်သည့်သတင်းဒေတာ အချက်အလက်များစုဆောင်းရခြင်းမှာ ထိုလူများပေါ်တွင် ဗိုလ်ကျအုပ်စိုးရန်မဟုတ် ဘဲ ကမ္ဘာပေါ်ရှိပြဿနာများကိုဖြေရှင်းရန် အတွက်သာအသုံးချရပါမည်၊ ဗဟုသုတတိုးပွား လာသောကမ္ဘာကြီးတွင် ပြ ဿနာများ တဖြည်းဖြည်းပိုများပြားလာခြင်းမှာလည်း လူတိုင်းအမြင်ပင်ဖြစ်သည်။ ရာသီဥတုပြောင်းလဲလာခြင်းပြဿနာ၊ မတည်ငြိမ်သော ငြိမ်းချမ်းရေး၊ လူမှုစီးပွားရေး အပျက်အစီးများ၊ နိုင်ငံရေးအရအလိုမကျမှုများ၊ လူတို့၏နေရာတွင် စက် များဖြင့် အစားထိုးလာခြင်းကြောင့် အလုပ်လက်မဲ့ ပြဿနာများမှာ ထင်ရှားသော အခက်အခဲများ ဖြစ်ကြသည်။

(၂)
ဒီဂျစ်တယ် တော်လှန်ရေးတွင် နိုင်ငံအချို့တွင်သာ စီးပွားရေး၊ နိုင်ငံရေးနှင့် ပြည်သူလူတို့မှာ Win-Win-Win အခြေအနေ ဖြစ်နိုင်ကြသည်။

ထိုအတတ်ပညာနှင့် အသုံးအဆောင်ပစ္စည်းများ များပြားလာခြင်း နှင့် အတူ ပြည်သူတရပ်လုံး၏ ပြဿနာ များကို ဖြေရှင်းပေး နိုင်စေရန် စနစ်တကျ data  ကောက်ယူရန်လိုအပ်သည်။ ရရှိလာသော ဒေတာများဖြင့် လူနေမှုစနစ်ကို ပိုကောင်းအောင် ပြုလုပ်ကြရမည်။

Nervousnet ပရောဂျက်မှာ ပညာရှင်များ ပြည်သူလူထုအများကပေးလာမည့် ဒေတာအချက်အလက်များကို စုပေါင်း အသုံးချရန်ရည်ရွယ်ခြင်းပင်ဖြစ်သည်။   ဥပမာ ဒေသတခုရှိ လူအုပ်စု၏ သဘောသဘာဝ၊ အပြုအမူကို လေ့လာလိုလျင် ထိုဒေသမှ နီးစပ်ရာနေထိုင်သူတို့၏ တင်သွင်းလာသောဒေတာများကို ကြည့်ရန်ပင်ဖြစ်သည်။

Wikipedia  နှင့် Open Street Map  ပရိုဂရမ်ကဲ့သို့ တကမ္ဘာလုံး အင်တာနက်အသုံးပြုသူများက စုပေါင်းဖြည့်   ဆည်းပေးသော အခါ ပြည့်စုံလုံလောက်သည့် data base တခုကို ရနိုင်သည် မဟုတ်ပါလော။ တကမ္ဘာလုံးက    သုတေသန ပရောဂျက်အားလုံး ကို စနစ်တခု အတွင်းသို့ ရောက်လာအောင် စုစည်းယူခြင်းပင်ဖြစ်သည်။   သူတို့ဖော်ပြသော ဥပမာ တခုတွင် လမ်းအသုံးပြုသူ များမှ သတင်းပို့ခြင်းဖြင့် ကားအသွားအလာ အချက်ပြမီး Traffic Light အသုံးပြုပုံများကို ပိုမိုအကျိုးရှိအောင် ပြုပြင်နိုင်ကြ မည်ဟုဆိုသည်။

ကမ္ဘာတ၀ှမ်း လေကြောင်းလိုင်းများမှ လေယာဉ်ပျံများကို အချိန်မရွေး ဘယ်နေရာတွင်ရောက်နေသည်ကိုသိနိုင်ရန်မှာ ဤနာဗ်စနစ်ကဲ့သို့ ကြီးမားသောဒေတာပမာဏကို ကိုင်တွယ်နိုင်သည့်စနစ် လိုနေသည်ဟုလည်း ဆိုနိုင်ပါသည်။

ဤစံနစ်ကိုအသုံးပြုသူတိုင်းမှာ ကမ္ဘာကြီးတွင်ဖြစ်ပျက်နေသမျှ ကိုဖြစ်ပျက်နေချိန် Real time တွင်လေ့လာနိုင်ကြသည်။ Application တခုတွင် လေ့လာသူက မိုဘိုင်းဖုန်း ဆယ်လုံးတွင်ရှိသော အရှိန်၊ အလင်းရောင်၊ အသံတို့ကို တိုင်းတာသည့် Sensor များကို တပြိုင်နက်ထည်းဖွင့်နိုင်၊ ပိတ်နိုင်သည်။ လောလောဆယ်တွင် ဇူးရစ်၊ ဥရောပ၊ ဂျပန်နှင့် အမေရိကန်တို့မှ သုတေသန အဖွဲ့များက ပရိုဂရမ်များရေးပြီး စမ်သပ်နေကြသည်။ လိုအပ်သောရံပုံငွေကို ဥရောပယူနီယံက နယ်သာလန်ရှိ Delf University Of Technology နှင့်ပူးပေါင်း၍ ထောက်ပံ့လျက်ရှိသည်။

မည်သူမဆို ဒေတာများတင်သွင်းနိုင်ကြပြီး ထည့်ပြီးဒေတာများကိုလည်းအသုံးချနိုင်ကြသည်။ တဦးနှင့်တဦး အမြင်ချင်း ဖလှယ်နိုင်ကြပြီး ရည်ရွယ်ချက်မှာ လူ့အဖွဲ့အစည်းကို အကျိုးပြုရန်၊ စီးပွားရေးအခွင့်အလမ်းနှင့် အလုပ်အကိုင်များဖန်တီးပေးရန်တို့ပင်ဖြစ်သည်။

(၃)
ကျွန်တော်တို့နိုင်ငံသည် ဤဒီဂျစ်တယ်တော်လှန်ရေးတွင် လိုက်ပါနိုင်ရန်မဟုတ်သေးပါ။ နိုင်ငံတွင် လိုအပ်သည့် Infra-structure တည်ဆောက်ရေး ပရောဂျက်အများအပြားကို လုပ်ဆောင်ရပါဦးမည်၊ e-government ခေါ်နိုင်ငံသားများအတွက်လိုအပ်သည့် သန်းခေါင်စာရင်းဒေတာများ၊ လူဝင်မှုကြီးကြပ်ရေး အတွက်လိုအပ်သော အချက်အလက်များ၊ ဘဏ်နှင့် ငွေပေးငွေယူ ဘဏ္ဍာရေးဆိုင်ရာကိစ္စများ တွင်ကွန်ပျူတာကိုသုံးနီုင်ရန်အလုပ်မှာ အဓိကကျလျှက်ရှိနေပေသည်။ ပညာရေး အတွက် ပညာသင်ရာဌာနတိုင်းတွင် အင်တာနက်အဆက်အသွယ်များ  လိုအပ်လျှက်ရှိပါသည်။ ပြည်သူပြည်သားတို့၏ နေ့စဉ်ဘ၀ လုပ်ငန်းစဉ်များတွင် ကွန်ပျူတာများ Networks များကိုအသုံးပြုနိုင်သင့်ပါသည်။

မကြမီကမှ ပြီးစီးခဲ့သော မဲဆန္ဒပေးရသည့် ကိစ္စများတွင် ကွန်ပျူတာကိုအသုံးချလျင်ပို၍အဆင်ပြေမြန်ဆန်နိုင်ပါသည်။ စင်္ကာပူရှိမြန်မာသံရုံး၌ ပြည်သူများမဲပေးရာတွင် ပလက်ဖေါင်းဘေးတွင် ညအိပ်စောင့်ရခြင်းမှာ မဖြစ်သင့်ပါ။ ပြည်သူတဦးက မိမိ၏မှတ်ပုံတင်ကို တင်ပြလျှင် ကွန်ပျူတာက လိုအပ်သောမဲပြားကို ထုတ်ပေးနိုင်သည်အထိ ကွန်ပျူတာများက အသုံးတော် ခံနိုင်ပါသည်။

ကျွန်တော်တို့သည် ဆွစ်ဇာလန်နိုင်ငံက ကွန်ပျူတာ နာဗ်စနစ်ကြီးကို အားကျမနေအားပါ။ လက်ရှိနိုင်ငံတွင်းမှ အင်တာနက် ကိုပင် ပြုပြင်စရာ၊ ပြည်သူအများ အသုံးပြုနိုင်ရေးအတွက် လုပ်စရာတွေ အများကြီးရှိနေပါသေးသည်။

ကိုသန်းလွင်
Ref: Nature 5 November 2015, Build Digital Democracy by Dirk Helbing and E. Pournaras.