သစ်ကောင်းအိမ် - သိုက်တူးသမားတယောက်အကြောင်း ပြန်လည်ပြောပြချက်

 
သစ်ကောင်းအိမ် - သိုက်တူးသမားတယောက်အကြောင်း ပြန်လည်ပြောပြချက်
(မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၁၅

(၂၀၀၇ ခုနှစ်အတွင်း ရေးဖွဲ့ခဲ့ဟန်ရှိသည့် ကဗျာဆရာ သစ်ကောင်းအိမ်၏ ကဗျာကို မိုးမခပရိတ်သတ်အ တွက် ပြန်လည် ဖော်ပြပေးလိုက်ပါသည်)

ကြေးစားကလည်း ကြေးစားပီသတယ်
ရန်သူကလည်း ရန်သူပီသတယ်
လူကလည်း လူပီပီသသ။

မနက်ခင်းမှာ အရက်နာကျတယ်
နေ့လယ်ခင်းမှာ စိတ်ဓာတ်ကျတယ်
ညတွေမှာ ရင်ကွဲနာတွေကျတယ်။

တီတူးပြီးရောင်းလို့ ရတယ်
ဆံပင်ဖြတ်ပြီးရောင်းလို့ရတယ်
တိုင်းပြည်ကိုလက်ညှိုးထိုးပြီးရောင်းလို့လည်းရတယ်။

ဘာမနာလိုစရာရှိလဲ
အင်ဒရူးဝိုင်းယက်က ကိုယ်ပိုင်ကျွန်းမှာ ပန်းချီဆွဲတယ်
ငါက ကိုယ်ပိုင်အလွမ်းအဆွေးတွေနဲ့ ကဗျာရေးတယ်။
 
ဘာမနာလိုစရာရှိလဲ
မင်းနဲ့ငါလည်း ငွေလိုနေတယ်
လူသန်းပေါင်း (၆၀) လည်း ငွေလိုနေတယ်
အမေရိကန်အစိုးရမှာလည်း ငွေလိုနေတယ်။

ဘာမနာလိုစရာရှိလဲ
သုဘရာဇာက အလောင်းအလှပြင်တယ်
ငါက စာအုပ်အလှပြင်တယ်
သွေးဆာရင် ကောင်းကင်မော့ကြည့်တယ်။

ပန်းအလှစိုက်ပြီး
ယဉ်ကျေးချင်ယောင်ဆောင်သောလူသားကမ္ဘာမှာ
ခွေးအလှမွေးပြီး
ယဉ်ကျေးချင်ယောင်ဆောင်သောလူသားကမ္ဘာမှာ။

ဘာမနာလိုစရာရှိလဲ
ကိုယ်က တောနက်တယ်
လောကက ငါးမန်းပေါတယ်
အသား အသားချင်းမို့ မှားယွင်းမိခဲ့တယ်။

သစ်ကောင်းအိမ်
Monday, July 16, 2007