ရန်လိုကျွဲ - ၀န်ကြီးများလည်း စစ်ရေးအတွေ့အကြုံ ရှိရမည် (သရော်စာ)

ရန်လိုကျွဲ - ၀န်ကြီးများလည်း စစ်ရေးအတွေ့အကြုံ ရှိရမည် (သရော်စာ)
(မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၁၅

သမ္မတသည်   စစ်ရေးအတွေ့အကြုံ ရှိရမည်လို့ ၂၀၀၈ အခြေခံဥပဒေက ဆိုပါတယ်။

ဒါဟာ စစ်ရေးအတွေ့အကြုံ မရှိသူ၊ စစ်ထဲမ၀င်ဖူးသူတွေကို မြန်မာပြည်မှာ သမ္မတဖြစ်ခွင့် အော်တိုမစ်တစ် ပိတ်ပင်ထားတဲ့ သဘောပါပဲလို့ တချို့က သုံးသပ်တယ်။ ဒီအခြေခံဥပဒေနဲ့ဆိုရင် ရွှေရည်စိမ်ဒီမိုကရေစီပဲ ဖြစ်လာလိမ့်မယ်လို့ အဆိုးမြင်ကြ တယ်။

ဒီလေးငါးနှစ်အတွင်း ခလုတ်အတိုက်အခံရဆုံးထဲမှာ မြန်မာပြည်ရဲ့ အခြေခံဥပဒေ ထိပ်ဆုံးကပါတယ်လို့ ထင်ပါတယ်။ အရင်စစ်အစိုးရလည်း ဒီလူတွေပဲ၊ လက်ရှိ စည်းကမ်းရှိတဲ့ဒီမိုကရေစီအစိုးရမှာလည်း ဒီလူတွေပဲဆိုတော့  အာဏာ ဖက် တွယ်ထားချင်တဲ့ ဗိုလ်ချုပ်ကြီးတွေဟာ  ရေရှည်လုပ်စားနိုင်၊ ဗိုလ်ကျနိုင်ဖို့ ၂၀၀၈ အခြေခံဥပဒေကို ညစ်တီးညစ်ပတ်နည်းများ စုံစုံလင်လင်သုံးပြီး  ဖန်တီးခဲ့ကြတာလို့ အခိုင်အမာပြောနေသူ အများအပြားပါပဲ။ ဒီအချက် ဘယ်လောက်အထိ မှန်ကန်ပါ သလဲ၊ အစိုးရကိုဦးဆောင်ဖို့အတွက် သမ္မတကြီးမှာ စစ်ရေးအတွေ့အကြုံ လိုအပ်ရဲ့လား၊ အစိုးရအဖွဲ့ဝင်တွေကရော စစ်ရေး အတွေ့အကြုံ ရှိဖို့လိုသလား၊ (ဝေဖန်ရေးဆရာ စည်သူအောင်မြင့်ရဲ့လေသံကို နည်းနည်းယူပြီးပြောရရင်) ဒီအကြောင်းတွေကို ဒီတစ်လ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

၂၀၀၈ အခြေခံဥပဒေဆွဲတဲ့သူတွေဟာ အင်မတန် ခေတ်မီတယ်၊ ဂလိုဘယ်အတွေးအခေါ်ရှိတယ်လို့ ဆိုနိုင်ပါတယ်။  နိုင်ငံ အတော်များများဟာ ရန်သူ တစ်ဖွဲ့ဖွဲ့ကို တိုက်နေ ခိုက်နေရတယ် မဟုတ်လား။ မတိုက်ရဘူး၊ မခိုက်ရဘူးဆိုရင်လည်း အနည်းဆုံးတော့ ရန်စောင်နေကြပါတယ်။ သို့ကလို တိုက်ခိုက်နေရ၊ ရန်စောင်နေရတဲ့အတွက် နိုင်ငံ့ခေါင်းဆောင်မှာ စစ်ရေးအမြင် ရှိရမည်ဆိုတဲ့သတ်မှတ်ချက်ဟာ အင်မတန် ခေတ်မီတယ်၊ အတွေးအခေါ် ဂလိုဘယ်ကျတယ်လို့ ဆိုလိုက်ခြင်း ပါ။

ဒီတော့  မြန်မာပြည်အခြေခံဥပဒေထဲ ပြဋ္ဌာန်းထားတဲ့ ...  သမ္မတသည်  စစ်ရေးအတွေ့အကြုံ ရှိရမည်ဆိုတဲ့အချက်ကို  နိုင်ငံ တကာက ကြိတ်ပြီး ကြိုက်နေကြဖွယ်ရှိပါတယ်။ မြန်မာသမ္မတရဲ့ ပါဖောမင့်န်ကို တလေးတစား အလေးထား လေ့လာ နေကြဖွယ် ရှိပါတယ်။

မြန်မာနိုင်ငံမှာ သူပုန်အဖွဲ့ စုံလင်စွာ ရှိကြတဲ့အတွက် အစိုးရက တိုက်ပွဲတွေလည်း မကြာခဏ တိုက်ရပါတယ်။

(သူပုန်ဆိုတဲ့ စကားလုံးကိုသုံးရတာ ဘက်လိုက်သလို ဖြစ်နေမလားလို့ ခေတ်ပေါ်သတင်းသမားတချို့က စိုးရိမ်ကြတယ်။ တချို့ကလည်း ဒီစကားလုံးဟာ မြင့်မြတ်တယ်လို့ ယူဆကြတယ်။ မြင့်မြတ်ပုံရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဦးနေ၀င်း၊ ဦးသန်းရွှေ၊ ဦးသိန်းစိန် အစိုးရအဆက်ဆက်ရဲ့ ၀ါဒဖြန့်စာတွေထဲမှာ ဒီစကားလုံးကို အထူးအလေးထား ရှောင်ကြလို့ပါ။ သူပုန်ဆိုတာ ဘုရင်ကို ပုန်ကန်သူလို့ အဓိပ္ပါယ်ရတယ် မဟုတ်လား။ သို့သော်လည်း သူပုန်တချို့ကတော့ သူတို့ကို သူပုန်လို့ ခေါ်ရင် ရွှေစိတ်တော် ညိုကောင်း ညိုကြလိမ့်မယ်၊ အဲဒီ စကားလုံးအစား တော်လှန်ရေးသမားလို့ ခေါ်စေချင်ကြပါလိမ့်မယ်။ ဒါက ကြုံလို့ ရေးလိုက်တာပါ)

သူပုန်အဖွဲ့တွေဟာ  ငြိမ်းချမ်းရေးမရခင်  လက်နက်တွေ တပ်ဆင်ထားကြဦးမယ်ဆိုတော့ မြန်မာပြည်တွင်းမှာ တိုက်တာ ခိုက်တာတွေက အနည်းနဲ့အများ သေချာပေါက် ဆက်ရှိနေကြဦးမှာပါပဲလို့ ဂြိုဟ်တွေ၊ နက္ခတ်တွေကို မကြည့်ဘဲ ဟောနိုင် ပါတယ်။ တိုက်ပွဲ ခိုက်ပွဲများ  မြန်မာပြည်တွင် ပြုလုပ်သည့်ပေါ့ဗျာ။ စစ်ပွဲတွေ ရှိနေဦးမှာဖြစ်တဲ့အတွက် နိုင်ငံ့ခေါင်းဆောင် သမ္မတမှာ စစ်ရေးအမြင် ရှိကို ရှိရမယ် ဆိုပြီး  အခြေခံဥပဒေထဲ မမေ့မလျော့ ထည့်ဆွဲထားကြဟန် တူပါတယ်။ ပြီးတော့... ရှေးထုံးမပယ်ဘူးဆိုရင်လည်း သမ္မတဟာ စစ်ရေးအမြင်  ရှိသင့်ပါတယ်လို့ ဆိုရမယ်။

 ရှေးတုန်းကဆို သမ္မတဖြစ်မယ့်၊ ဘုရင်ဖြစ်လာမယ့် မင်းညီမင်းသားတို့သင်ယူရတဲ့ ပညာထဲမယ် စစ်ဘက်ဆိုင်ရာ ပညာရပ် တွေ ပါနေတယ် မဟုတ်လား။ အတိတ်ကာလ ဘုရင်သမ္မတတွေဟာ စစ်ရေးအမြင်တင်မက   စစ်ရေးအတွေ့အကြုံပါ ခိုင်ခိုင် မာမာ ရှိကြသူတွေပါလို့ ကောက်ချက် ချရင် မှားမယ်မထင်ပါဘူး။

သမ္မတကြီး  စစ်ရေးအတွေ့အကြုံ ရှိရမယ်ဆိုတဲ့ ရေးဆွဲပြဋ္ဌာန်းချက်ဟာ ရှေးထုံးမပယ်တဲ့သဘောကို ဆောင်တဲ့အတွက် အခြေခံဥပဒေ ရေးဆွဲသူတို့ ဉာဏ်ကြီးလှပေစွ လို့ ဆိုရပါလိမ့်မယ်။

သမ္မတကြီးကိစ္စတော့ ပြီးပါပြီ။ ဝန်ကြီးများ၊ ဝန်မင်းများကရော စစ်ရေးအတွေ့အကြုံ လိုအပ်ပါရဲ့လား။ လိုအပ်မယ်လို့ ယူဆ ရပါတယ်။  ကနေ့ခေတ် မြန်မာဝန်ကြီး အားလုံးနီးပါး စစ်ဗိုလ်ချုပ်ဟောင်းတွေချည်းပဲ ဖြစ်နေတာဟာ မတော်တဆ တိုက်ဆိုင် မှုတော့ မဟုတ်ပါဘူး။ သမ္မတဟာ နိုင်ငံရဲ့ လိုအပ်ချက်အရ အဲဒီလို ခန့်ထားခြင်း ဖြစ်ပါလိမ့်မယ်။

ဖေဖော်ဝါရီလထဲမှာ ပေါ်ပေါက်ခဲ့တဲ့ ပညာရေးလေးပွင့်ဆိုင် ဆွေးနွေးပွဲအခင်းအကျင်းတွေမှာ ဒီအချက်က ပေါ်လွင်နေပါ တယ်။  အစိုးရဘက်က ၀န်ကြီး သုံးလေးပါးကို ဆွေးနွေးပွဲ လွှတ်လိုက်ပါတယ်။ ၀န်ကြီးများရဲ့ အပြုအမူကို ကြည့်ရင် စစ် ဘက် အရပ်ဘက် အရည်အချင်း ကွာခြားပုံကို သတိထားမိပါလိမ့်မယ်။

အစိုးရလွှတ်လိုက်တဲ့ ပညာရေးဝန်ကြီးကတော့ စစ်ဘက်က မဟုတ်ပါဘူး၊ အရပ်သားဝန်ကြီးပါ။ သူဘာလုပ်၊ ဘာပြောသလဲ။ ပညာရေးဝန်ကြီးက ဆွေးနွေးပွဲမှာ မိန့်ခွန်းစာရွက် ဖတ်ပြပါတယ်။ ပြီးတော့ အခန်းထဲက ထွက်သွားပါတယ်။ ဘယ်သူရေး တဲ့မိန့်ခွန်းလဲ မသိပါဘူး။ သူကိုယ်တိုင်ရေးတာ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ အဲ... ဒီအချက်ကို တွေ့လိုက်သူတို့ကတော့ စာဖတ်တတ်ရင် ၀န်ကြီးဖြစ်မယ်လို့ မှတ်ယူသွားနိုင်ပါတယ်။ အရပ်ဘက်ဝန်ကြီးတွေ မစွံဘူးကွာလို့ ဆိုသူက ဆိုပါလိမ့်မယ်။
အဲဒါက ရာဂဏန်းရှိတဲ့ ကျောင်းသူကျောင်းသားတွေ မန္တလေး-ရန်ကုန်လမ်းမကြီးတလျှောက် ဆန္ဒပြ ချီတက်ကြချိန်မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲပါ။ ပညာရေးဥပဒေ ပြင်ဆင်ရေး တောင်းဆိုကြခြင်းပါ။ တောင်းဆိုချက်ထဲမှာ ... ကျောင်းသားသမဂကို အစိုးရက အသိအမှတ်ပြုရေး ဆိုတာလည်း ပါသပေါ့။

ဒါဟာ သမ္မတဦးသိန်းစိန် နှလုံးခုန်နှုန်း ပြောင်းလဲသွားစေနိုင်တဲ့ တောင်းဆိုချက် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။  ဘာကြောင့်လဲ ဆိုတော့ ဦးသိန်းစိန်က  ကျောင်းသားသမဂ္ဂဆိုတဲ့ စကားလုံးနဲ့ ဓာတ်တည့်ပုံ မရတဲ့အတွက်ပါ။  သူက  ကျောင်းသားယူနီယံ လို့ပဲ သုံးတတ်ပါတယ်။ ဒီနေရာမှာ မေးစရာ ရှိလာတာက ... ယူနီယံဆိုတဲ့ အင်္ဂလိပ်စကားလုံးနေရာမှာ သမဂ္ဂဆိုတဲ့ မြန်မာ စကားလုံးသုံးဖို့ ပြန်ကြားရေးဝန်ကြီးဌာနက အမိန့်စာ မထုတ်ဘူးလား ဆိုတာပါပဲ။ ဟင့်အင်း...   မထုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ပြန်ကြားရေးဌာနကို ခေါင်းဆောင်နေသူတွေဟာ အရပ်ဘက်အရာရှိတွေ မဟုတ်ဘဲ  စမတ်ကျတဲ့ စစ်ဘက်ကလာတဲ့ အရာရှိတွေဖြစ်နေလို့ပါပဲ။

ကျောင်းသားသမဂ္ဂ၊ ကျောင်းသားယူနီယံဆိုတဲ့စကားလုံးအကြောင်းနားထားပြီး ပညာရေးလေးပွင့်ဆိုင် ဆွေးနွေးပွဲအကြောင်း ပြန်ဆက်ရရင်... ပညာရေးပြဿနာဆိုတော့ ပညာရေးဝန်ကြီးက အဓိကဖြေရှင်းရမယ်လို့ သဘောပေါက်မိပါတယ်။ သို့သော်လည်း စကားပြော ဆွေးနွေး ညှိနှိုင်းပွဲအစမှာ စာရွက်ဖတ်ပြပြီး ပြန်သွားတယ် ဆိုတော့ကာ ... ၀န်ကြီးအရည်အချင်းကို မည်သို့နားလည်ရမှန်းမသိ ဖြစ်ရပါ၏ပေါ့လေ။ သူ့ကို အရုပ်အဖြစ်ပဲ ဆွေးနွေးပွဲတွေ တက်ခိုင်းတာ၊ အဓိကကျတာကတော့ သမ္မတရုံးဝန်ကြီးတွေကွ လို့ အဆိုးမြင်သူတွေက ထောက်ပြကောင်း ထောက်ပြနိုင်ပါတယ်။

ဟော...စစ်ဗိုလ်ဟောင်းဝန်ကြီးကတော့ ရှင်းသဗျ။ ဆွေးနွေးပွဲမှာ စစချင်း ဘာပြောသလဲဆိုတော့ မင်းတို့ရဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီကို အစိုးရက အသိအမှတ်ပြုတယ်ကွာတဲ့။ အဲ... ဘယ်သူကမှလည်း အဲဒီလို အသိ အမှတ်ပြုဖို့ မတောင်းပါဘူးဗျာ။ မတောင်းသော်ငြားလည်း ကော်မတီကို အဲသလို ကောက်ခါငင်ကာ ထောက်ခံပြလိုက်ခြင်းဟာ ပွဲစစချင်း တစ်ဂိုးသွင်းလိုက်တဲ့သဘောပါပဲ။

အဲဒီဝန်ကြီးက သူပုန်တွေနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲပေါင်း ကိုးသောင်းကိုးထောင်နီးပါး လုပ်ခဲ့သူဖြစ်တဲ့အတွက် ညှိနှိုင်းဆွေး နွေးပွဲယဉ်ကျေးမှုနဲ့ပတ်သက်ရင် ကျွမ်းကျင်လိမ္မာလှတယ်လို့  အလွယ်တကူ ကောက်ချက်ချနိုင်ပေမယ့် တကယ်တမ်း စဉ်း စားကြည့်ရင် စစ်အရာရှိတွေ ဒိုင်ယာလော့ ပိုကျွမ်းတဲ့သဘော၊ အထင်ကြီးလာကြအောင်ပြောနိုင်တဲ့ သဘောကို ကွက်ကွက် ကွင်းကွင်း မြင်ကြပါလိမ့်မယ်။

သမ္မတကြီးကလည်း  စစ်ရေးအတွေ့အကြုံ ရှိတဲ့ ၀န်ကြီးတွေကိုပဲ ပိုပြီး အားကိုးအားထား ပြုနေမှန်း အင်မတန် သိသာတဲ့ပွဲ ဖြစ်သွားပါတယ်။

ဒီတော့...၂၀၀၈ အခြေခံဥပဒေကို စိတ်ကြိုက် ရေးဆွဲခဲ့ခြင်းဟာ အာဏာဖက်တွယ်ထားချင်လို့မဟုတ်၊  ရေရှည်လုပ်စားဖို့လည်း မဟုတ်ဘူး၊ အရပ်သားတွေ ဟန်မကျလို့ စစ်ဗိုလ်တွေပဲ သမ္မတလုပ်သင့်တယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့်ဖြစ်မလားလို့ တွေးမိတယ်။

အရပ်သားတွေ ဟန်မကျ၊ စစ်ဗိုလ်တွေသာ အသုံးကျတယ် ဆိုတဲ့ သီအိုရီကို အားဖြည့်တဲ့ ဖြစ်ရပ်တွေ ကြားခဲ့ရပြီးဖြစ်မှာပါ။ သိပ်မကြာသေးခင်ကဆိုရင် ၀န်ကြီးများက တစ်ယောက်ပြီးတစ်ယောက် သူတို့ရဲ့ အရည်အချင်းတွေကို ထုတ်ကြွားကြ ပါသေးတယ်။ ကာတွန်းဆရာတွေ၊ လူရွှင်တော်တွေကတောင် သူတို့ရဲ့ ဒိုင်ယာလော့တွေကို ယူသုံးကြရတဲ့အထိ အောင် မြင်မြင်ကြတာ သတိထားမိကြမှာပါ။ ရလဒ်ကတော့ ကာတွန်းဆရာတွေ၊ လူရွှင်တော်တွေဟာ ဘယ်ဝန်ကြီး ဘာပြော လိုက်ပြန်ပြီတဲ့ဟေ့ ဆိုတာကို စောင့်ကြည့်လေ့လာနေကြပါတော့တယ်။ ၀န်ကြီးများရဲ့ အောင်မြင်မှုပေါ့ဗျာ။

ဒါဟာ အရပ်ဘက်အုပ်ချုပ်ရေးမှာ ၀န်ကြီးလုပ်တဲ့အခါ စစ်ရေးအတွေ့အကြုံ၊ စစ်ရေးအမြင်တွေက အင်မတန် အသုံးတည့်တဲ့ သဘော ပေါ်လွင်စေတဲ့အချက်ပါ။

ဒါကြောင့်  ၀န်ကြီးတစ်ပါးရဲ့ အရည်အချင်း သတ်မှတ်ချက်မှာ “စစ်ရေးအတွေ့အကြုံရှိရမည်” ဆိုတာလေးကို    အခြေခံဥပဒေ ထဲ  မကြာခင် ထည့်သွင်းလာဖွယ်ရှိတယ်လို့ သုံးသပ်မိပါတယ်။

အဲဒီအဆင့်ပြီးရင်တော့ နိုင်ငံသားအားလုံး စစ်ရေးအတွေ့အကြုံ ရှိရမည် ဆိုတဲ့အချက်ကို အခြေခံဥပဒေမှာ  ထည့်သွင်းလာ ဖွယ်ရှိပါတယ်။     ။ 



ကာတွန်း သရုပ်ဖော် စောငို ဖြစ်သည်။