ကိုအောင်မှိုင်း - တိုင်းပြည်အတွက် ကာလုံကောင်စီဆိုတာ ရှိသင့်သလား

၂၀၁၄ အောက်တိုဘာ ၁၄ ရက်နေ့က ထိပ်သီးများ တွေ့ဆုံပွဲ

ကိုအောင်မှိုင်း -  တိုင်းပြည်အတွက် ကာလုံကောင်စီဆိုတာ ရှိသင့်သလား
(မိုးမခ) ဒီဇင်ဘာ ၃၁၊ ၂၀၁၅

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဘေးထွက်ဆိုးကျိုးတွေထဲက အဆိုးဝါးဆုံး တခုကို ပြောပါဆိုရင် ကာလုံလို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ လို့ပြောရမှာဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေမှာ ဘာရည်ရွယ်ချက်နဲ့ ဒီကောင်စီကို ဖွဲ့စည်းဘို့ ရေးဆွဲခဲ့ပါသလဲ။ ကျနော်တို့ အပါအ၀င် တတိုင်းပြည်လုံး အသေအချာပြန်လည်ဆန်းစစ်ကြည့်ဘို့ လိုမှာဖြစ်ပါတယ်။ ဒီနေရာမှာ အသေအချာ ခွဲခွဲခြားခြားပြောချင်တာက တာဝန်နဲ့ အာဏာ ပြဿနာဘဲဖြစ်ပါတယ်။ သမ္မတဆိုတာ တာဝန်ဘဲဖြစ်ပြီး အာဏာဟာ ကာလုံလက်ထဲမှာ ဆိုတာကို စစ်အုပ်စုဝင်ဟောင်းတွေ ပုံဖေါ်နေကြချိန်ဖြစ်ပါတယ်။ ဒါသာ အသက်ဝင်သွားရင် သမ္မတဆိုတာ ရုပ်ပြသက်သက်ဘဲဖြစ်ပြီး တကယ့်လုပ်ပိုင်ခွင့် အာဏာ အားလုံးဟာ ကာလုံ လက်ထဲရောက်သွားတော့မှာဖြစ်ပါတယ်။ ဒီကာလုံဥပဒေသာ အသက်ဝင်သွားရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လဲ ရုပ်ပြသမ္မတသာဖြစ်ပြီး၊ လုပ်ပိုင်ခွင့်အာဏာအားလုံးဟာ ဥပဒေအရကို ကာလုံ လက်ထဲရောက် သွားတော့မှာဖြစ်ပါတယ်။ နာမည်ပျက်ကောင်းရုံသမ္မတ၊ ဘာလုပ်ချင်လုပ်ချင် ကာလုံကို ခြေသလုံးဖက်ရမဲ့ သမ္မတဖြစ်တော့မှာ သေချာ သလောက်ဖြစ်နေပါပြီ။ တတိုင်းပြည်လုံး လေးလေးနက်နက် စဉ်းစားကြဘို့ အထူးတိုက်တွန်းလိုပါတယ်။

ကျနော်တို့ အလေးအနက်ပြောချင်တာက တိုင်းပြည်အာဏာလွဲပြောင်းရေး ကိစ္စမှာ စစ်အုပ်စုဘက်က တောင်းဆိုမှုတွေ သိတ်များနေပြီ ဆိုတာဘဲဖြစ်ပါတယ်။ တိုင်းပြည်အာဏာလွှဲပြောင်းရေး ကိစ္စ ချောမွေ့ စေဘို့  NLD ရဲ့ အလျော့ပေးဆက်ဆံရေးပေါ်လစီ အပေါ်ကို အသားစီး ယူမှုတွေဘဲဖြစ်ပါတယ် ။ဒီကိစ္စတွေဟာ NLD ပါတီတခုထဲ ကိစ္စလို့ယူဆရင် အလွန်မှားတဲ့ သုံးသပ်ချက်ဖြစ်မှာပါ။ ကျနော်တို့အားလုံးရဲ့  အနာဂါတ်၊တိုင်းပြည်ရဲ့ အနာဂါတ်လို့ဘဲ ဗြောင်ပြောပါရစေ။ စစ်ကျွန်ဘ၀က လွတ်မြောက်ချင်လို့ တတိုင်းပြည်လုံး ပက်ပက်စက်စက် မဲပေးခဲ့ကြတာပါ။ ပြည်သူတွေ အနိုင်ရခဲ့ အောင်ပွဲခံခဲ့တာဟာ စစ်အုပ်ချူပ်ရေးပုံစံတမျိုးကို ဆက်သွားချင်လို့ မဟုတ်တာတော့ သေချာပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ပြည်သူတွေလိုချင်တဲ့ အပြောင်းအလဲဆိုတာ ၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုတဲ့ အမိန့်စာအုပ်ကြီးကို ဆွဲ ဆုပ်ပစ်ချင်တဲ့ အပြောင်းအလဲလို့ပြောရင်မှားမယ်မထင်ပါ။

(ဦးမျိုး (ဥပဒေ)က ၁၉ ၊၅၊၂၀၁၂ ရက်စွဲနဲ့ ရေးထားတဲ့ ကာလုံနဲ့ ပါတ်သက်ပြီး အနက်ဖွင့်ထားတာကိုဖေါ်ပြလိုပါတယ်။ ပုဒ်မ – ၂၀၁ တွင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အဖွဲ့ဝင် (၁၁) ဦးဖြင့်ဖွဲ့စည်းထားသည်။ ၁၁ ဦးတွင် တစ်ဦးတည်းသာ အရပ်သားဖြစ်နေသည်ကို အထင်အရှား တွေ့ရှိနေရပါသဖြင့် စစ်ဗျူရိုကရက်လုံခြုံရေးကောင်စီကသာ  တိုင်းပြည်ကို အုပ်ချုပ်နေကြောင်း ငြင်းကွယ်၍ မရတော့ပါ။ ထို့အပြင် ပုဒ်မ ၂၀၁ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ဖွဲ့စည်းထားသော အဖွဲ့ဝင်(၁၁)ဦး အနက် ဒုသမ္မတ တဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီး စသည့် ၆ ဦးတို့မှာ တပ်မတော်မှ ဖြစ်ကြရမည်ဟု ပြဌာန်း ထားပြီး ဖြစ်ပါသည်။ ထို ပြဋ္ဌာန်းချက်အရ  ၁၁ ဦးတွင် တပ်မတော်က ၆ ဦး အပိုင်ယူထားပြီ ဖြစ်နေရာ  အများစုမဲ ဖြစ်နေသည့်အတွက် သမ္မတသည် အရပ်သား ဖြစ်သည့်တိုင် စစ်အုပ်စုအလိုမကျပါက ဘာတခုမျှဆောင်ရွက်နိုင်စွမ်းရှိတော့မည် မဟုတ်ပါ။ ဤအချက်များအရ အရပ်သား အစိုးရတရပ်ကို မည်သို့ထူထောင်ပါမည်နည်း။ အရပ်သား ပြည်သူ့အစိုးရ တရပ်ကို ဖွဲ့စည်းတည်ထောင်လို သည့် ဆန္ဒသဘောထား ဖော်ပြချက် တချက်တလေမျှ ပါမလာသည်ကိုသာ တွေ့မြင်သုံးသပ်ရပါသည်။ နိဒါန်း ဖော်ပြချက်ပါ ”နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ထွန်းကားစေလျက်တိုင်းရင်းသား ပြည်သူအများ ငြိမ်း ချမ်း သာယာဝပြောရေး”ဆိုသည့် မူနှင့် လုံးဝဆန့်ကျင်နေပါသည်။ ပြည်သူအများ ငြိမ်းချမ်းသာယာ ၀ပြောရေးဖြစ်သည့် ပြည်သူ့အုပ်ချုပ် ရေးမူကို ဆန့်ကျင်ထားသော စစ်ဗျူရိုကရက်အုပ်ချုပ်ရေးကို အကောင်အထည်ဖော်မည့် မည်သည့် ပုဒ်မကို မဆိုပယ်ဖျက်သင့်ပါသည်။)

ကနေ့ အလံရှုးတွေပြောနေကြတဲ့ win-win ပေါ်လစီဆိုတာ ဘာကိုဆိုလိုတာလဲ ကျနော်တို့မပြောတတ်ပါ။ကျနော်တို့သိသည်မှာ လူထု အကျိုးစီးပွါးမှာ တခုတည်းသာရှိပါသည် ။နှစ်ခုမရှိပါ။ win-win ဆိုတာ စစ်အုပ်စုနဲ့ အနိုင်ရနိုင်ငံရေးပါတီတို့ ပေါင်းစားဘို့ ဆိုလိုတာ ဆိုရင်တော့ လူထုအတွက် fail-fail ပေါ်လစီသာရှိတော့မှာဖြစ်ပါတယ်။ လက်သန်းမှာ မှင်တို့ပေမဲ့ မှင်ပေတာဘဲ အဖတ်တင်သလိုဖြစ်ပါလိမ့် မယ်။

ကျနော်တို့အမြင်ကတော့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုတာ နာမည်ပေးတာကိုက မှားနေတာပါ။ ဖြစ်ရမှာက သမ္မတ၏ `အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးအကြံပေးကော်မတီ´ သာဖြစ်သင့်ပါတယ်။ ကာလုံလက်ထဲမှာ အာဏာတွေအားလုံး ပေးထားမှတော့ ဘာလို့သမ္မတရွေးချယ်ဘို့လိုတော့မှာလဲ။ ကျောက်ရုပ်တရုပ်ထုပြီး သမ္မတ နာမည် တပ်ထားလဲ ရတဲ့သဘောဖြစ်နေပါတယ်။ နိုင်ငံ တော်သမ္မတဟာ နိုင်ငံတော် အကြီးအကဲဘဲဖြစ်ပါတယ်။ အာဏာမရှိတဲ့သမ္မတဟာ ဘာနဲ့ တူသလဲဆိုရင် ဇာတ်ပွဲထဲက ဘုရင်တုလိုဖြစ် နေမှာသေချာတယ်။ ပြောချင်တာ လူမလေးခွေးမခန့်ဖြစ်နေမှာပါ။ 

ကနေ့ ထိုင်းနိုင်ငံခိုတောင်ကျွန်းမှာမြန်မာနိုင်ငံက ကလေး၂ယောက် သေဒါဏ်ပေးခံရတဲ့ ကိစ္စမျိုးဖြစ်မှာပါ။ လက်ရှိအာဏာတွေ ဆုပ်ကိုင်ထားတဲ့ သမ္မတဦးသိန်းစိန်တို့ ကာလုံမှာ အာဏာအများဆုံးရထားတဲ့ ဗိုလ်ချူပ်မှုးကြီးမင်းအောင်လှိုင်တို့ကိုတော့ ဆန္ဒမပြကြဘဲ ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ ဆန္ဒပြကြ ဆဲကြဆိုကြဆိုတော့ အတော်စိတ် ပျက်စရာတွေလို့ဘဲပြောရမှာပါ။ သမ္မတမှာသာအာဏာမရှိရင် အဲဒီလိုကိစ္စတွေ တွေ့နေရမှာပါ။ အမည်မသိတဲ့ လူအုပ်စုကြီးရဲ့ ရန်ကို လူထု ရော သမ္မတ ပါ ခံကြဦးတော့မှာပါဖြစ်ပါတယ်။ လူတယောက်ထဲက ပထမနေ့ဘုန်းကြီးဝတ်နဲ့ ပြ၊ နောက်နေ့ လူဝတ်နဲ့ ပြဆိုတော့ ပြောရရင်လဲ အောင်မင်း လွန်ရာကြတော့မှာပါဗျာ။

အစိုးရအသစ်ပြောင်းဘို့ ၂လလောက်သာ လိုတော့တဲ့အချိန်မှာ ဖုတ်ပူမီးတိုက် ဥပဒေအသစ်တွေပြဌာန်းဘို့ လုပ်နေကြတာမြင်ရတော့ လွန်ခဲ့တဲ့ ၅နှစ်လုံးလုံး အိပ်နေကြပြီး အစိုးရသစ်ကို အာဏာလွှဲပေးရမယ်လဲ ဆိုရော လန့်နိုးသွားကြပြီး ဒရောသောပါး မဆင်မခြင်တွေ ထလုပ်နေကြသလို ခံစားမိတယ်။ လုပ်သင့်မလုပ်သင့် မဆင်ခြင်နိုင်ကြတော့ဘဲ ငါတို့မှာ အာဏာရှိတယ်၊ ဘယ်သူမှ ဂရုစိုက်စရာမလို ဘူးဆိုတဲ့ အတွေးအခေါ်မျိုးတွေနဲ့ ကတော့ နောက် ၅နှစ် မပြောနဲ့ နှစ် ၅၀တောင် ကြံ့ဖွံ့ အစိုးရဖြစ်တော့မှာ မဟုတ်ဘူးလို့ပြောချင်တယ်။ လွတ်တော်မှာ အရေးတကြီးဆုံးဖြတ်ဘို့ တင်နေတဲ့ ဥပဒေတွေကတော့ နောက်ဆုံးပိတ်အိတ်နဲ့ လွယ် ဥပဒေ။ (တလုံးတခဲတည်းသော နိုင်ငံရေး ပင်စင်ချီးမြှင့်ငွေ) ။ ရလေ လိုလေ အိုတစ္ဆေ ဆိုတဲ့စကားလို မရှိလို့ တောင်းစားရင် စေတနာရှိကြပါတယ်။ ခုဟာက ထားစရာမရှိတဲ့လူတွေက တောင်းနေကြ တော့ စေတနာမဲ့တာပေါ့ဗျာ။ ကလေကချေတွေလို လူထုမျက်နှာကို နဲနဲလေးမှမထောက်ကြတော့ဘူး။ ဘာရရ အကုန်ရတာယူသွားကြ မယ်ဆိုတဲ့ လုပ်ဟန်နဲ့ စိတ်စေတနာဟာ ဘာကိုဖေါ်ပြသလဲဆိုရင် ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့လုပ်ဟန် စေတနာမျိုး တွေဖြစ်တာပေါ့ဗျာ။တသက်လုံး အိတ်ထဲထည့်လာကြတာပါ။ အခုလဲ ရသလောက် ထပ်ထည့်ချင်ကြတဲ့ သဘောပါဘဲ။ သူတို့အိတ်တွေက သိတ်ကြီးကြတယ်ဗျာ။ 

စစ်အာဏာသိမ်းဥပဒေ(ကာလုံဥပဒေကြမ်း)

“ကာလုံဥပဒေကြမ်း” မှာ အခန်း ၆ ခန်း၊ ပုဒ်မပေါင်း ၁၉ ခုရှိပါတယ်။ အဲဒီထဲမှာ အခန်း(၃) “ကောင်စီ၏ လုပ်ငန်း တာဝန်များ”ဆိုတဲ့ အခန်း၊ ပုဒ်မ ၅ မှာ ပုဒ်မခွဲ (က) မှ (ဖ) အထိ တာဝန် (၂၂)  ခုရှိပါတယ်။ အဲဒီတာဝန် (၂၂) ခုဆိုတာ ၂၀၀၈ အခြေခံ ဥပဒေ၊ အခန်း (၁၁) မှာ ရှိတဲ့ ပုဒ်မအားလုံး (ပုဒ်မ ၄၁၀ မှ ၄၃၂အထိ) အတွက်ဖြစ်ပါတယ်။ ကာလုံရဲ့ တာဝန် (၂၂) ခုက သမ္မတ  လက်ထဲက အာဏာကို ကာလုံက ဇွတ်ယူမဲ့ ပုဒ်မများဖြစ်ပါတယ်။၂၀၀၈ဖွဲ့ စည်းပုံတုန်းကလိုဘဲ လိုလေသေးမရှိအောင် ပြင်ဆင်ထားတာဖြစ်ပါတယ်။ “ကာလုံ” က ကာချုပ်ကို ခန့်နိုင်သလို၊ သမ္မတဟာ  “ကာချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး” တို့နဲ့ ညှိ နှိုင်းပြီး “အရေးပေါ်အခြေအနေ” ကြေညာနိုင်ပါတယ်။

 [ကာလုံဥပဒေကြမ်း ပုဒ်မ ၅ ပုဒ်မခွဲ (ဌ)]။ ဒါ့အပြင် အခြေခံဥပဒေပုဒ်မ ၄၁၂ (က) နဲ့သက်ဆိုင်တဲ့ အရေးပေါ်အခြေ အနေကြေညာတဲ့ကိစ္စက လွဲပြီး ကျန်ကိစ္စများ စည်းဝေးရာမှာ ကာလုံကောင်စီအဖွဲ့ဝင် သုံးပုံနှစ်ပုံထက် မနည်း တက်ရောက်ရင် အစည်း အဝေးအထမြောက်ပါတယ် [ကာလုံဥပဒေကြမ်း ပုဒ်မ (၁၀) ကိုကြည့်]။ ဆိုလိုတာက သမ္မတ မတက်လဲ ကာလုံအစည်းအဝေးက အထ မြောက်နိုင်ပါတယ်။ သမ္မတဟာ လုပ်ချင်တာ အားလုံး ကာလုံဆုံးဖြတ်ချက် ယူရမှာဖြစ်လို့ ဒီဥပဒေသာ အတည်ဖြစ်ရင် ဒေါ်စုတယောက် ဗိုလ်မင်းအောင်လှိုင်ကို နေ့တိုင်း ခြေသလုံးဖက်ရတော့မှာဖြစ်ပါတယ်။

ဒီအပြင် ကောင်စီအတွင်း “သဘောထားကွဲလွဲမှုများရှိပါက များရာ မဲဆန္ဒဖြင့် ချမှတ်ရမည်၊ ဆန္ဒမဲယူရာ၌ နိုင်ငံတော်သမ္မတသည် ဆန္ဒမဲ မပေးရ၊ ဆန္ဒမဲတူညီနေမှသာ နိုင်ငံတော် သမ္မတသည် “အဆုံးအဖြတ်မဲ” ကိုပေးရမည်” ဟု  ကာလုံဥပဒေကြမ်း ပုဒ်မ (၁၄) တွင်ဖော် ပြထားပါတယ်။ ဆိုလိုတာက ကာလုံ ၁၁ ယောက်မှာ ၆ ယောက်က ကာချူပ်နဲ့ ကာချူပ်ခန့်ထားတဲ့ သူတွေချည့် ဖြစ်နေလို့ပါဘဲ။ ဒု ကာချူပ် ဖြစ်စေ၊ ကာကွယ်ရေးဝန်ကြီးဖြစ်စေ၊ ပြည်ထဲရေးဝန်ကြီးဖြစ်စေ၊ နယ်စပ်ဝန်ကြီးဖြစ်စေ ကာချူပ်သဘောဆန္ဒကိုလွန်ဆန်နိုင်စရာအကြောင်း လုံးဝမရှိပါ။ ထိုသူတွေကို ကာချူပ်က မလိုရင်မလိုသလို ဖြုတ်နိုင် ထုတ်နိုင် လူသစ်ခန့်ထားနိုင်ခွင့် အာဏာရှိနေလို့ဖြစ်ပါတယ်။ ဒါကြောင့် ကာလုံဥပဒေဆိုတာ စစ်တပ်က တရားဝင် အာဏာသိမ်းမဲ့ဥပဒေလို့ဘဲ ပြောလိုပါတယ်။

တိုင်းပြည်ကို ဇွတ်နစ်မဲ့ ညောင်နှစ်ပင်ညီလာခံသစ်

ဗမာပြည်ရဲ့ အကြီးဆုံးစီးပွါးရေးလုပ်ငန်းဟာ ငြိမ်းချမ်းရေးလုပ်ငန်းလို့ဆိုရင် မှားမယ်မထင်ပါ။ ပြည်တွင်းငြိမ်းချမ်းရေးကို အကြောင်းပြုလုပ် ကိုင်စားသောက်ခဲ့ကြတာ ဆယ်စုနှစ်ပေါင်းတောင် အတော်ကြာခဲ့ပါပြီ။ ပါဝင်တဲ့လူတွေသာ ကြီးပွါးချမ်းသာကုန်ကြတာ အထင်အရှားဘဲ ဖြစ်ပါတယ်။ ပြည်တွင်းစစ်ကြီးကတော့ မီးဟုန်းဟုန်းတောက်လောင်ဆဲပါဘဲ။ ခုလဲ ညောင်နှစ်ပင်ညီလာခံသစ်ကို ဇွတ်လုပ်ကြဦးမှာပါ။ အဓမ္မဆုံး ဖြတ်ချက်တွေချပြီး အစိုးရသစ်ကို လည်ပင်းညစ်ကြဦးမှာပါ။ စီးပွါးရေးအရဖြစ်စေ နိုင်ငံရေးအရဖြစ်စေ ပြည်တွင်းငြိမ်းချမ်းရေး အပေါ်ခုတုန်းလုပ် အမြတ်ထုတ်တာလောက် ရွံစရာကောင်းတာ အော့နှစ်လုံးနာစရာကောင်းတာမရှိဘူးလို့ ကျနော်တော့ထင်တယ်။ ပြောရရင်တော့ဗျာ။ ဒီမိုး ဒီရေ ဒီလူ တွေနဲ့  ငြိမ်းချမ်းရေးရမယ်သာဆိုရင် ဗမာပြည်ကြီး ငြိမ်းချမ်းတာကြလှပေါ့။

ပြုတ်ကာနီးအစိုးရနဲ့ လွှတ်တော်ကလုပ်နေတဲ့ ဖုတ်ပူမီးတိုက် ကောက်ရိုးအမှိုက်တွေကို ပြည်သူလူထုမျက်နှာကို ထောက်ထားပြီး ရပ် တန်းက ရပ်စေချင်ပါတယ်။ ပြောရရင်တော့ဗျာ။ လူထုဟာ အချဉ်မဟုတ်တာတော့သေချာတယ်။ တပ်မတော်သားတွေအပါအ၀င် ပြည် သူလူထုကြီးတရပ်လုံး ရွေးချယ်ခဲ့တဲ့ NLD ပါတီကို လွတ်လွတ်လပ်လပ် အစိုးရတရပ်ဖွဲ့ ပြီး ပြည်သူလူထုအကျိုးအတွက် တာဝန်ယူ ဆောင်ရွက်စေချင်တယ်။ အစိုးရတောင်မဖွဲ့ ရသေးဘူး ကြိုတင်ပြီး နောက် အစိုးရ ပျက်စီးရာပျက်စီးကြောင်းတွေ လုပ်နေကြတာဟာ သမိုင်း လဲ မကောင်းသလို ပြည်သူလူထုလဲ အကျိုးရှိမှာ မဟုတ်တာသေချာတယ်။ ဒါကိုတော့ ကျနော်တို့ ပွင့်ပွင့်လင်းလင်းနဲ့ ဗြောင်ဘဲပြောဘို့လိုပါ မယ်။ ကျနော်တို့အမြင်ကတော့ NLD ပါတီအနေနဲ့ အာဏာလွဲပြောင်းရေး အဆင်ပြေဘို့ အလျှော့ပေးရေးပေါ်လစီတွေဟာ သိပ်အလုပ် မဖြစ်နိုင်ဘူးဆိုတာ သတိပေးလိုပါတယ်။ အလျှေုာ့ပေးတာတွေ သိပ်များနေပြီလို့လဲ သတိပေးရမဲ့ အခြေအနေဖြစ်ပါတယ်။ စစ်ထောက်လှမ်းရေးပြုတ်တွေ၊ ကြေးစားမီဒီယာတွေရဲ့  ကနေ့လှုပ်ရှားမှုတွေဟာ ပြည်သူလူထု အကျိုးစီးပွါးကို ခြိမ်းခြောက်တဲ့ အဆင့်ကို ရောက်နေပြီဆိုတာတော့ ကျနော်တို့ပြောကိုပြောရမဲ့ အခြေအနေဖြစ်ပါတယ်။

အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီဆိုတာဟာ ၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေရဲ့ ဘေးထွက်ဆိုးကျိုးတခုသာဖြစ်ပါတယ်။ တိုင်းပြည်ကို စစ်ကောင်စီတခုက အုပ်ချူပ်ဘို့အတွက် အနှစ်သာရကို ပုံဖေါ်ခဲ့တာဘဲဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကို တည်ဆောက်ဘို့ရာ သမ္မတနဲ့ အစိုးရအဖွဲ့  အထက်မှာ ဘယ်ကောင်စီ ဘယ်အဖွဲ့ အစည်းမှ မရှိသင့်တာသေချာပါတယ်။ တိုင်းပြည်အတွက် ဆုံးဖြတ်ချက်တိုင်းကို သမ္မတအနေနဲ့  ကာလုံကို တင်ပြအဆုံးအဖြတ်ခံပြီးမှ လုပ်ရမယ်ဆိုတာ အတော့်ကို စစ်အစိုးရသဘော သက်ရောက်နေပါတယ်။ ကျနော်တို့အနေနဲ့  (အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီ) အစား သမ္မတ၏ (အမျိုးသားလုံးခြုံရေးနဲ့ ကာကွယ်ရေး အကြံပေး ကော်မတီ) သာဖွဲ့ သင့်ပါကြောင်း အကြံပြုအပ်ပါတယ်။

ကိုအောင်မှိုင်း