ဇင်လင်း - မြေယာစီမံခန့်ခွဲမှု အလွဲများ နဲ့ ကျူးကျော်ပြဿနာ



ဇင်လင်း - မြေယာစီမံခန့်ခွဲမှု အလွဲများ နဲ့ ကျူးကျော်ပြဿနာ
(မိုးမခ) ဇန်န၀ါရီ ၃၁၊ ၂၀၁၆


ဦးသိန်းစိန်အစိုးရ သက်တမ်းအတွင်း ပြုပြင်ပြောင်းလဲရေးကိစ္စတွေ အဓိကထားလုပ်ဆောင်နေပါတယ်လို့ အမြဲမပြတ် ပြောကြားနေပေမယ့်၊ မြေယာစီမံခန့်ခွဲမှုကိစ္စကတော့ မပြောင်းလဲတဲ့အပြင် ပိုလို့တောင် ဆိုးလာတာ တွေ့နေရတယ်။ စက်မှုဇုံတွေ အကြောင်းပြတဲ့ မြေယာသိမ်းယူမှုတွေ၊ အရင်စစ်အစိုးရလက်ဝေခံ ခရိုနီတွေက အာဏာပိုင်တချို့နဲ့ အကျိုးတူလုပ်ငန်းတွေလုပ်ဖို့ လယ်ယာမြေသိမ်းယူမှုတွေ၊ ဖွံ့ဖြိုးရေး စီမံကိန်းများ အကြောင်းပြ မြေယာသိမ်းဆည်းမှုတွေ၊ အိမ်ယာခြံမြေ ဈေးကစားမှုများကြောင့် အဆမတန် မြေယာဈေးနှုန်း တက်လာမှုတွေ စတဲ့ ပြဿနာ အထွေထွေရဲ့ အကျိုးဆက်အဖြစ် အိုးခြေအိမ်ခြေမရှိတဲ့ နိုင်ငံသားတွေ နေရာအနှန့်မှာ တွေ့လာရပါတယ်။ အစိုးရ အဟောင်းနဲ့ အသစ် တာဝန်အလွှဲအပြောင်းမလုပ်မီ စပ်ကူးမတ်ကူးကာလ ဖြစ်စဉ်တွေထဲမှာ စိတ်မချမ်းမြေ့စရာ အကောင်းဆုံး ကိစ္စကတော့ ကျူးကျော်နေအိမ်တွေကို လက်ရှိ ဦးသိန်းစိန်အစိုးရက ဒီ ရက်ပိုင်းအတွင်း အင်အားသုံး ဖယ်ရှားနေတဲ့ ကိစ္စပါပဲ။

အစိုးရဆိုတာ ပြည်သူလူထုရဲ့ အကျိုးကို လိုလားစောင့်ရှောက်ရမယ့် တာဝန်ရှိပါတယ်။ ပြည်သူတွေ နေစရာမရှိ စားစရာ မရှိ လမ်းဘေးမှာ အိပ်၊ လမ်းဘေးမှာ စား၊ ဖြစ်နေခဲ့ရင် နေရေး စားရေးကို ဖန်တီးပေးရမှာ တာဝန်ယူရမှာက အစိုးရပါပဲ။ ပြည်သူ့အကျိုးကို လိုလားတဲ့ စိတ်ရင်း အမှန်ရှိရင် ပြည်သူတို့ရဲ့ စားဝတ်နေရေးကိစ္စ အ၀၀ကို ကိုယ်ချင်းစာတရားနဲ့ ဖြေရှင်းပေးရမှာပါပဲ။ လူသားချင်းစာနာထောက်ထားမှု ရှုထောင့်က ကြည့်ရင်တောင် နေစရာတကယ်မရှိတဲ့ ပြည်သူတွေကို အစိုးရက တာဝန်ယူ စီမံနေရာချထားပေးရမှာ ဖြစ်ပါတယ်။ ဒီ နိုင်ငံသားတွေဟာလည်း တိုင်းပြည်ရဲ့ လူသား အရင်းအမြစ် တွေ ပါပဲ။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ရာမှာ သူတို့ရဲ့ လုပ်အားတွေလည်း တစ်ထောင့် တစ်နေရာက ပါဝင်ပါတယ်။ အစိုးရအနေနဲ့ အခုလိုတာဝန်ယူမှု တာဝန်ခံမှု လုံးဝမရှိဘဲ၊ ကျူးကျော်သူများလို့ စွပ်စွဲပြီး လူသားချင်း မစာ မနာ မောင်းထုတ်နေတာကတော့ အလွန်တရာ သိက္ခာမဲ့တဲ့ လုပ်ရပ်ပါပဲ။

ဒီကနေ့ ပြည်သူလူထု ရင်ဆိုင်နေရတဲ့ စားဝတ်နေရေး အကျပ်အတည်းနဲ့ ပတ်သက်လို့ တာဝန်ရှိသူဟာ အစိုးရဖြစ်ပါ တယ်။ အစိုးရရဲ့ မူဝါဒလမ်းစဉ်တွေ မှားယွင်းမှုကြောင့် တိုင်းပြည်မှာ နိုင်ငံရေး စီးပွားရေး လူမှုရေးအကျပ်အတည်းတွေ ကြုံရတာဖြစ်ပါတယ်။ လက်ရှိ အစိုးရအဖွဲ့ဝင်တွေ အစိုးရအရာရှိကြီးတွေ၊ လက်ရှိ တပ်မတော် အရာရှိကြီးတွေ အနေနဲ့ ရိုးရိုးသားသား ဖြောင့်ချက်ပေးကြမယ်ဆိုရင် နေစရာ တိုက်တာ နေအိမ် ခြံဝင်း ပိုင်ဆိုင်မှု တစ်ခုထက်မက ရယူပိုင်ဆိုင်ထား ကြသူက များပါတယ်။ တချို့ဆိုရင် နေစရာအိမ်တွေ ဆယ်ဂဏန်းမက တောင်ရှိတယ်လို့ သတင်းတွေ ထွက်ပါတယ်။ အာဏာရှိတဲ့အတွက် အာဏာအလွဲသုံးပြီး အခုလို တစ်ခုထက်မကနေအိမ်တွေ ခြံမြေတွေ ရယူပိုင်ဆိုင်နေသူတွေကိုရော ကျူးကျော်သူတွေလို့ မဆိုနိုင်ဘူးလား။ နေစရာမရှိတဲ့ ဆင်းရဲသားတွေက နေစရာ မြေတစ်ကွက်တောင်းတာ ဖြစ်ပါတယ်။ အာဏာပိုင်တို့ ကျူးကျော်ရယူပိုင်ဆိုင်ထားတဲ့ မြေနေရာတွေက ၀ိသမလောဘ လွန်ကဲမှုကို ဖေါ်ပြနေပါတယ်။ ဥပမာ ကလေးကစားကွင်း၊ ရပ်ရွာ ဘောလုံးကစာကွင်း၊ အများပြည်သူပိုင် ပန်းခြံ၊ စာကျက်မြေ အစရှိတဲ့ နေရာတွေကို သိမ်းယူ တိုက်တာတွေဆောက် အပိုင်စီးကြတာဟာ တိုင်းပြည်ကို ဘက်စုံက ထိခိုက်စေတယ်။ အဲ ဒီလို ကျူးကျော်မှုမျိုးနဲ့ နှိုင်းယှဉ်ရင် အခု ဦးသိန်းစိန်အစိုးရက ဖျက်သိမ်းနှင်ထုတ်ခံရတဲ့ ဆင်းရဲသားကျောမွဲတို့ရဲ့ ကျူးကျော်မှုဟာ အပြစ်ကြီးလှ တယ်လို့ မဆိုနိုင်ပါဘူး။

အမှန်တော့ အစိုးရအနေနဲ့ ကျူးကျော်တွေပြဿနာကို ဘယ်ကစပြီး ဘာကြောင့်ဖြစ်ရတယ်ဆိုတာ စနစ်တကျ လေ့လာဖို့ တာဝန်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုက ၂၆ရာခိုင်နှုန်းရှိတယ်လို့ အစိုးရကိုယ်တိုင် ၀န်ခံထားပြီး ဖြစ်ပါတယ်။ LDC နိုင်ငံအဆင့် ကနေလည်း ရုန်းမထွက်နိုင်သေးပါဘူး။ ဒီတော့ ဆင်းရဲသားတို့ရဲ့ ကျူးကျော်ပြဿနာ ပေါ်ပေါက်လာ တာ မဆန်းပါဘူး။ လက်ရှိ မြန်မာနိုင်ငံ အခြေအနေက ပညာတတ်လူလတ်တန်းစားတောင် အိမ်ပိုင်ယာပိုင် မနေနှိုင်ပါဘူး။ ဘိုးဘွားမိဘ အမွေရရှိကြသူတချို့က လွဲလို့ပေါ့။ အိမ်လခ ပေးပြီး ငှားနေဖို့တောင် အတော်ခက်ခဲလာနေပါတယ်။ အထူးသဖြင့် ဘယ်နိုင်ငံမှာမှ မရှိတဲ့ အိမ်လခကို တစ်နှစ်စာ ပေးနေရတဲ့ အစဉ်အလာကလည်း အတော် ဆိုးပါတယ်။ ဒီ အစဉ်အလာကို အစိုးရကိုယ်တိုင်က ဥပဒေနဲ့ ပြဋ္ဌာန်းပြီး ပြုပြင်ပေးဖို့ လိုပါတယ်။ အိမ်ပိုင်ရှင် အများစုက ဘယ်သူတွေလဲ ဆိုရင်၊ အထက်မှာ တင်ပြခဲ့တဲ့ နေစရာအိမ်တွေ တစ်ခုမက ပိုင်နေကြသူတွေပဲ ဖြစ်ပါတယ်။ စစ်အစိုးရ နှစ် ၅၀ ကျော် အုပ်ချုပ်မှု နောက်ပိုင်းမှာ စီးပွားရေး ဇောက်ထိုးမိုးမျှော်ကျဆင်းခဲ့တာကြောင့် မူလက အိမ်ပိုင် ယာပိုင်နေခဲ့ကြသူတွေက မြို့စွန် မြို့ဖျားရောက်ကြရ၊ အိုးမဲ့အိမ်မဲ့ဖြစ်ကြရပါတယ်။ မန္တလေးမြို့ကို ဥပမာထားကြည့်ရင် ငွေမည်းတွေ အထုပ်လိုက် ပိုက်ပြီး ၀င်လာတဲ့ တရုတ်တွေကို မြန်မာအိမ်ပိုင်ယာပိုင်တွေက ဖယ်ပေးလိုက်ကြရတယ်။ အရင်းခံကတော့ အကျင့်ပျက် ခြစားမှုကို နိုင်ငံခြားသား တရုတ်များက အသုံးချပြီး မှတ်ပုံတင်လည်း ၀ယ်ယူနိုင်သလို စီးပွားရေးအချက်အချာ နေရာတွေ ကိုလည်း အပိုင်စီးခဲ့ကြတယ်။ ဒီလို ကိစ္စတွေ ဖြစ်ခဲ့ရတာဟာ အစိုးရ မူဝါဒ အုပ်ချုပ်ပုံ ညံ့လို့ မဟုတ်ရင် ဘာကြောင့်လို့ ဆိုမလဲ။

အကျိုးဆက်တွေကတော့ မူးယစ်ဆေးငွေမည်းတွေ၊ ကျောက်စိမ်း ကျွန်းသစ် နဲ့ သယံဇာတ မှောင်ခိုဈေးကွက်က ၀င်လာ တဲ့ ငွေမည်းတွေ ကြောင့် မြန်မာနိုင်ငံ အိမ်ခြံမြေဈးကွက် ဘရမ်းဘတာဖြစ်ခဲ့ရတယ်။ မယုံနိုင်စရာ ကိန်းဂဏန်းတွေ နဲ့ ရောင်းကြ၀ယ်ကြဖြစ်လာတယ်။ တန်ဖိုးနည်းအိမ်ရာ ဆိုတာတောင် သိန်း ၂၀၀ အထက် ဖြစ်နေတယ်။ အစိုးရ၀န်ထမ်းနဲ့ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားသောက်သူတွေ ဆယ်နှစ်စုလည်း မ၀ယ်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။

အစိုးရလုပ်ခဲ့ကြသူတွေ အနေနဲ့ ရိုးရိုးသားသား ၀န်ခံမယ်ဆိုရင် ဒီနေ့ဖြစ်ပေါ်လာတဲ့ ကျူးကျော်ကိစ္စဟာ အထက်မှာ ပြော ခဲ့သလို အုပ်ချုပ်သူ အစိုးရတို့ရဲ့ မူဝါဒလမ်းစဉ်နဲ့ ကိုင်တွယ်ပုံ အမှားအယွင်းတွေကြောင့်ဖြစ်ကြောင်းပေါ်လွင်ပါတယ်။ ပိုပြီး အခြေအနေဆိုးစေတာ မီးလောင်ရာလေပင့်ဖြစ်စေတာကတော့ အစိုးရယန္တရားထဲက အကျင့်ပျက်လာဘ်စားသူ အရာရှိများ ကြောင့်လို့ မထောက်မညှာ ဆိုရပါမယ်။ အိမ်ခြံမြေ ဂရန်ပိုင်ဆိုင်မှုဆိုင်ရာ ပြဿနာတွေအတွက် သက်ဆိုင်ရာ အစိုးရရုံး တွေပေါ်မှာ ဘယ်ပုံဘယ်နည်း ဖြေရှင်းကြရတယ်ဆိုတာ ကြုံဖူးသူတိုင်းသိပါတယ်။

ဒါကြောင့် ကျူးကျော်နေထိုင်သူတွေ ပြဿနာပေါ်ပေါက်ခဲ့ရတာဟာ အစိုးရမှာ လုံးလုံးတာဝန်ရှိပါတယ်။ ဒီ ကိစ္စကို ဖြေရှင်း တဲ့နေရာမှာ အစိုးရအနေနဲ့ ဥပဒေမဲ့ အလွန်အကျွံ အင်အားသုံး မလုပ်သင့်ပါဘူး။ ဆင်းရဲသားကျူးကျော်သူတို့ရဲ့ အခက် အခဲကို အစိုးရကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းပေးရမှာ ဖြစ်တယ်။ သူတို့အတွက် နေထိုင်စရာ အခြေအနေ အခင်းအကျင်း ဖန်တီးပေးရမှာ ဖြစ်တယ်။ အနိမ့်ဆုံးအားဖြင့် မီးဘေး ရေဘေးကဲ့သို့သော ခိုလှုံစရာ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ပေး ဖို့လိုတယ်။ အစိုးရအနေနဲ့ တာဝန်ယူမှု တာဝန်ခံမှု ရှိဖို့လိုတယ်။ ပြဿနာ တာဝန်သိသိ မေတ္တာရှေ့ထား ဖြေရှင်းပေးရင် ပြည်သူလူထုရဲ့ ဆင်းရဲဒုက္ခသက်သာစေမှာ ဖြစ်ပါတယ်။ မိမိနိုင်ငံသားတွေရဲ့ စားဝတ်နေရေး ဒုက္ခကို တာဝန်ယူ ဖြေရှင်း မပေးတဲ့အပြင်၊ ယာယီမှီခိုနေရတဲ့ တဲအိမ်တွေကို မြေထိုးစက်တွေနဲ့ ထိုးကော်ဖျက်ဆီးတာဟာ လူမဆန်တာပဲ ဖြစ်တယ်။

မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုရဲ့ မူလဆရာ ဖြစ်သူ ဗိုလ်နေ၀င်းခေတ်ကတောင် ကျူးကျော်ရပ်ကွက်တွေကို စနစ်တကျ စာရင်းကောက်ယူပြီး မြို့သစ်တွေ ထူထောင်နေရာချပေးခဲ့သေးတယ်။ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပနဲ့ သာကေတ အစရှိတဲ့ မြို့တွေမှာ ကျူးကျော်နေထိုင်သူတွေကို စနစ်တကျ နေရာချပေးခဲ့တဲ့ ဥပမာကို ယူသင့်ပါတယ်။

အမှန်တော့ ကျူးကျော်နေထိုင်သူတွေဟာ နိုင်ငံသားတွေဖြစ်တဲ့အတွက် သူတို့အတွက် နေစရာ အဆင်ပြေအောင် အစိုးရ က လုပ်ပေးရမယ့် တာဝန်ရှိပါတယ်။ သူတို့ဟာ ရာဇ၀တ်ပြစ်မှု ကျူးလွန်ကြတာ မဟုတ်ပါဘူး။ အိမ်ဝယ်ပြီး နေထိုင်ဖို့ မတတ်သာတဲ့အတွက် လမ်းဘေး မြေလွတ်မှာ တဲထိုးနေရတာ ဖြစ်ပါတယ်။ ဒါကို အစိုးရက အင်အားသုံးဖယ် ရှားတယ် ဆိုတာ မဖြစ်သင့်တဲ့ ကိစ္စပါပဲ။ ဆင်းရဲသားလူတန်းစားများတဲ့ မြန်မာနိုင်ငံမှာ အစိုးရက အင်အားသုံး ဖယ်ရှားတယ်ဆိုတာ လူတွေကို လမ်းပေါ်ရောက်အောင် လုပ်သလိုဖြစ်နေတယ်။ ဆူပူ ဆန္ဒပြမှုတွေ ဖြစ်အောင် ဖန်တီးသလိုလည်း ဖြစ်နေတယ်။ နေစရာ ထိုင်စရာ ရှိနေရင်လ ဘယ်သူမှ ကျူးကျော်ပြီး နေချင်ကြမယ်မဟုတ်ပါဘူး။ အစိုးရရဲ့ ဖြေရှင်းနည်းဟာ မှန်ကန်တဲ့ ဖြေရှင်းနည်း မဟုတ်ပါဘူး။ ဒါမှမဟုတ် အောက်ခြေက ဗျူရိုကရက်တွေက သူတို့ဘာသာ အဆင်ပြသလို ဖြေရှင်းကြတာ လား၊ မသိနိုင်ပါ။ အမှန်ဆိုရင် အခြေခံ ဆင်းရဲသားလူတန်းစားတွေ တတ်နိုင်တဲ့ ဈေးနှုန်းမျိုးနဲ့ တန်ဖိုးနည်း အိမ်ရာတွေကို အစိုးရကိုယ်တိုင် ဆောက်လုပ် ငှားရမ်း (သို့မဟုတ်) အရစ်ကျ ရောင်းချတာ လုပ်သင့်ပါတယ်။

နိုင်ငံပိုင် သယံဇာတရောင်းချလို့ ရရှိတဲ့ ငွေကြေးတွေကို စစ်လက်နက်တွေ ၀ယ်ယူရေး စစ်အင်အားတိုးချဲ့ရေးကိစ္စတွေမှာ သုံးမယ့်အစား အခုလို နိုင်ငံသားတွေရဲ့နေရေးကိစ္စဖြေရှင်းပေးရေးမှာ အသုံးပြုခဲ့မယ်ဆိုရင် လူထုထောက်ခံတဲ့အစိုးရ ဖြစ် ဖို့ ကျိန်းသေသလောက်ရှိပါတယ်။ အခုတော့ တိုင်းပြည်ရဲ့ သန်းနဲ့ချီတဲ့ လုပ်သားအင်အား လူသားအရင်းအမြစ်များဟာ အိမ်နီးချင်းနိုင်ငံတွေမှာ သွားရောက်နေထိုင် လုပ်ကိုင်စားသောက်နေကြရတယ်။ မြန်မာပြည်ရဲ့ နေထိုင်စားသောက်မှု စရိတ်က အိမ်နီးချင်းနိုင်ငံတွေထက် ကြီးဖြင့်နေတာတွေ့ရပြီး၊ လုပ်ခလစာကျတော့ အိမ်နီးချင်းနိုင်ငံတွေတက် နည်းပါးနေ ပြန်ပါတယ်။ ဒါကြောင့်လည်း ၀င်ငွေနဲ့ ထွက်ငွေ မမျှတမှုကြောင့် မိဘထံက အမွေရရှိခဲ့တဲ့ အိမ်တို့မြေတို့ကို ထုခွဲရောင်းချ ကြရင်း လုံးပါး ပါးကြရပြီး၊ နောက်ဆုံးမှာ အိမ်ခြေယာခြေမဲ့တဲ့ဘ၀တွေအထိ ကျရောက်ခဲ့ကြရခြင်း ဖြစ်ပါတယ်။ ဒီလို ကိစ္စမျိုးက နိုင်ငံသား အနည်းအကျဉ်းသာ ဖြစ်ကြတာမျိုး မဟုတ်ဘဲ၊ သိန်းနဲ့ သန်းနဲ့ ချီ ဖြစ်ကြရတာကို ကြည့်ရင်၊ နိုင်ငံအုပ်ချုပ်သူတွေရဲ့ အရည်အချင်းအရ ညံ့ဖျင်းလွန်းခြင်း၊ စာရိတ္တအရ ချွတ်ခြုံကျခြင်းတို့ ကြောင့်ဆိုတာ ပေါ်လွင်ပါတယ်။ အထူးသဖြင့် တိုင်းပြည်မှာ ဥပဒေစိုးမိုးရေးအခြေခံအုတ်မြစ် မချနိုင်တဲ့ အတွက်၊ နိုင်ငံသားတွေ ဥပဒေရဲ့ကာကွယ်စောင့်ရှောက်မှု မရရှိဘဲ ဖြစ်ခဲ့ကြရတယ်။ အဲဒီ ဥပဒေအားနည်းချက်ကို ၀ိသမလောဘသမားတွေက အသုံးချတယ်။ အထူးသဖြင့် အိမ်နီးချင်းတိုင်းတစ်ပါးသားတွေက ဥပဒေစိုးမိုးမှုအားနည်းချက်ကို အခွင့်ကောင်းယူပြီး စီးပွားရေးအမြတ်ထုတ်ကြတယ်။ ဒီလိုနည်းနဲ့ ဒီကနေ့ အိမ်ခြံမြေစီးပွားရေးလုပ်ငန်း အင်ပိုင်ရာရဲ့ နောက်ကွယ်မှာ ငွေမည်းကိုင်ထားတဲ့ နိုင်ငံသားမဟုတ်သူတွေက ချယ်လှယ်နေတဲ့ အခြေအနေဖြစ်လာတယ်။ အကျိုးသက်ရောက်မှု ကတော့ နိုင်ငံသားတွေက မြေမဲ့ ယာမဲ့ဘ၀ရောက်၊ ကျူးကျော်သူများအဖြစ်ရောက်ပြီး bulldozer မြေထိုးစက်ကြီးတွေနဲ့ ထိုးကော်ဖယ်ထုတ်တာ ခံကြရတယ်။

ဦးသိန်းစိန်အစိုးရရဲ့ ကျူးကျော်နေထိုင်သူ နိုင်ငံသားများအပေါ် ထားရှိတဲ့ မူဝါဒသဘောထားဟာ တာဝန်ယူမှု/တာဝန်ခံမှု မရှိကြောင်းထင်ရှားပါတယ်။ ပြည်သူကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီအစိုးရ စရိုက်လက္ခဏာနဲ့ ဆန့်ကျင်ပြီး နေရေးအခက် တွေ့နေတဲ့ ပြည်သူပြည်သားတို့ကို ဥပဒေမဲ့ အင်အားသုံးဖိနှိပ် အနိုင်ကျင့်တာဟာ ရှက်ဖွယ်လုပ်ရပ်ပါပဲ။ ဒီလို ရှက်ဖွယ် ကိစ္စတွေက တစ်နေရာထဲမှာ ဖြစ်ခဲ့တာမဟုတ်ဘဲ၊ နိုင်ငံရဲ့နေရာအများအပြားမှာ ဖြစ်ခဲ့တဲ့အတွက် ဒါဟာ မတော်တဆမှု မဟုတ်ပါဘူး။ မိမိတို့ကိုယ်ကျိုးစီးပွားနဲ့ ယှဉ်ပြီး စနစ်တကျ မြေနေရာတွေကို သိမ်းယူခဲ့သလားလို့ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။

ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ကျုးကျော်နေထိုင်သူ အိမ်ထောင်စု ၇၀ လောက်ကို ဇန္န၀ါရီ ၂၃ ရက်နေ့ က စတင် ရှင်းလင်းဖယ်ရှားကြောင်း၊ ရန်ကုန်တိုင်းအတွင်း ကျုးကျော်နေထိုင်သူတွေကို ဖေဖော်ဝါရီလကုန်မှာ ရှင်းလင်းဖယ်ရှား သွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရ တာဝန်ရှိသူတဦးကို ကိုးကားပြီး မြ၀တီ သတင်းဌာနက ဇန်န၀ါရီ ၂၁ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ ရန်ကုန် စက်မှုဇုန်တွေ စက်မှုဇုန်တွေနဲ့ နီးကပ်တဲ့ နေရာတွေမှာ ကျူးကျော် နေထိုင်သူ အများအပြား ရှိနေပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနယ်နိမိတ် ၃၃ မြို့နယ်အတွင်း ကျူးကျော် နေထိုင်သူ ၂၇ဝ,ဝဝဝ ကျော် အနက်၊ လှိုင်သာယာမြို့နယ်မှာ ကျူးကျော် နေထိုင်သူ ၉၆,ဝဝဝ ကျော်ဖြင့် အများဆုံးဖြစ် ကြောင်း မြ၀တီသတင်းမှာ ဖော်ပြထားပါတယ်။ ဒဂုံဆိပ်ကမ်းမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဝင်း ကတော့ ဖယ်ရှားရှင်းလင်းခဲ့တဲ့ မြေနေရာဟာ ကုန်မ္ပဏီတခုပိုင်ဖြစ်လို့ ဖယ်ရှားခဲ့တာဖြစ်တယ်။ ဖယ်ရှားခံရတဲ့ အိမ်ထောင်စုတွေကို ဒဂုံဆိပ်ကမ်း NLD က ကူညီ စောင့်ရှောက်ပေးနေတယ်လို့ဆိုပါတယ်။ မြ၀တီသတင်းမှာ ဖော်ပြခဲ့တဲ့ အတိုင်း ဒီနေ့ ဇန်န၀ါရီ ၂၃ မှာ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ စတင်ရှင်းလင်းခဲ့တာဖြစ်ပြီး ဇန်န၀ါရီ ၂၆ ရက်နေ့မှာ မင်္ဂလာဒုံ မြို့နယ်ထဲက ကျုးကျော်တွေကို ဆက်လက်ရှင်းလင်း ဖယ်ရှားသွားမယ်လို့ DVB သတင်းအရ သိရပါတယ်။

ဒီ ဖြစ်စဉ်တွေကို ကြည့်ရတာ လက်ရှိ အစိုးရက မိမိနိုင်ငံသားများကို ကာကွယ်ရမယ့်အစား လာဘ်လာဘမျှော်ပြီး စီးပွားရေး သမားများရဲ့ အကျိုးစီးပွားကို ကာကွယ်ကြသလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေတယ်။ ဒါကြောင့် အမှန်တကယ် ကျူးကျော်သူတွေက မြေပိုင်ယာပိုင် တိုက်တာအိုးအိမ် ခြံမြေ ပိုင်ဆိုင်သူတွေဖြစ်နေကြပြီး၊ တကယ့် နိုင်ငံသားများကတော့ အိုးခြေအိမ်ခြေမဲ့ သူတွေ ဖြစ်ခဲ့ကြရတယ်။ ဒီတော့ အကြောင်းအမျိုးမျိုးတွေကြောင့် လယ်ယာမြေတွေ အသိမ်းခံကြရသူ တွေ၊ ကျေးလက်မှာ အလုပ်အကိုင်ရှားပါးလာတာကြောင့်ရယ် မြို့တက်ပြေးလာကြ သူတွေ၊ အစိုးရရဲ့ မြေယာစီမံခန့်ခွဲမှု အမှားအယွင်းတွေကြောင့် မြို့ပြဆီ ထွက်ပြေးလာရသူတွေ …စသဖြင့် မြန်မာပြည် အတွင်း ရွှေ့ပြောင်းနေထိုင်ရသူ IDP တွေ ပိုမိုများပြားလာတာဖြစ်တယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ လူနေမှုစရိတ်ကြီးမြင့်လွန်း မှုကြောင့် အခြေတကျ မနေနိုင်သူတွေဟာ နောက်ဆုံးတော့ ကျူးကျော်ရပ်ကွက်မှာနေကြရတဲ့ ဘ၀ကို ရောက်ကြရပါ တယ်။ ဒါဟာ အစိုးရရဲ့ မြေယာမူဝါဒ မှန်မှန်ကန်ကန်ချမှတ်ကျင့်သုံးဖို့ ပျက်ကွက်မှုခြင်းရဲ့ ရလဒ်ပါပဲ။

အစိုးရတစ်ရပ်အနေနဲ့ မြေယာမူဝါဒချမှတ်တဲ့အခါ ပြည်သူလူထုရဲ့ စီးပွားရေးဘ၀ လူမှုရေးဘ၀ အခြေအနေတွေနဲ့ ဆီလျော်အကျိုးဖြစ်အောင် သုံးသပ်ချမှတ်သင့်ပါတယ်။ တကယ်တော့ မြေယာအသုံးပြုမှုနဲ့ မြေယာထိန်းသိမ်း စောင့်ရှောက်မှုကို အလေးဂရုပြုပြီး စီစဉ်ချမှတ်တဲ့ မြေယာမူဝါဒမျိုးကသာ နိုင်ငံရေးတည်ငြိမ်မှု၊ စီးပွားရေး ဖွံ့ဖြိုးမှု၊ လူမှုစီးပွားဘ၀ တိုးတက်မှု စတဲ့ မဏ္ဍိုင်တွေကို ကြံ့ခိုင်စေမှာ ဖြစ်ပါတယ်။ မြေယာမူဝါဒချမှတ်မှု မှားယွင်းတိမ်းစောင်းခဲ့ရင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတွေ မုချ ကမောက်ကမ ဖြစ်တတ်တာကို အစိုးရတိုင်း အလေးဂရုပြုရမှာ ဖြစ်ပါတယ်။ အခုလို နိုင်ငံ့ လူမှုစီးပွားဘ၀တည်ငြိမ်မှု ပျက်ပြားရတာကို အစိုးရက တာဝန်ယူဖို့ ပျက်ကွက်ခဲ့တာကြောင့် ပြည်သူလူထုက ဦးသိန်းစိန်အစိုးရအပေါ် အယုံအကြည်မရှိ ဖြစ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲရလဒ်ဟာ လူထုက ဦးသိန်းစိန်အစိုးရကို မယုံကြည်တော့ကြောင်း လက်တွေ့ပြသခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီ မြေယာမူဝါဒအမှားရဲ့ ရလဒ်ဖြစ်တဲ့ ကျူးကျော်ပြဿနာဟာ နောက်တက်မယ့် NLD အစိုးရအတွက်လည်း အထူးသတိပြု ကိုင်တွယ်ရမယ့် သင်္ခန်းစာ တစ်ခု ဖြစ်ကြောင်း စိတ်ရင်းကောင်းနဲ့ နှိုးဆော်အပ်ပါတယ်။   ။  ။  ။  ။  ။  ။