မြင့်ကျော် - ဂီတရဲ့ စွမ်းအား (သို့ ) တေးဂီတနဲ့ အတိတ်က အဖြစ်အပျက်

Photo - Aung Htet


မြင့်ကျော် - ဂီတရဲ့ စွမ်းအား (သို့ ) တေးဂီတနဲ့ အတိတ်က အဖြစ်အပျက်
(မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၁၆

သမီးက မအိပ်သေးတော့ သမီးကိုသိပ်ရင်း စန္ဒယားချစ်ဆွေ၊ ထူးအိမ်သင်သီချင်းတွေ အမ်ပီသရီးနဲ့ တိုးတိုးဖွင့်ရင်း ညကိုဖြတ်သန်းရင်း အတိတ်ကို သွားသတိရမိတယ်။

မာမာအေး၊ စန္ဒယားချစ်ဆွေသီချင်းတွေကို မှတ်မှတ်ရရ ခံစားပြီးနားထောင်ခဲ့ရတဲ့အချိန်က ၁၉၈၂ အင်းစိန်တိုက်နဲ့ မော်လမြိုင်ထောင်ထဲတုန်းက ...

၈၂ ခု၊ မိုးရာသီ အင်းစိန် ၂ တိုက်မှာ တစ်လလောက် နေရတော့ အခန်းနံပါတ် ၃၀ ၀န်းကျင်မှာ နေတဲ့ ကိုချစ်ဆွေဆိုတဲ့သူက တိုက်ထဲက အကျဉ်းသားတွေနဲ့ ၀ါဒါတွေ အိပ်သူအိပ် တိတ်ဆိတ်နေချိန်မှာ မာမာအေးရဲ့ တရေးချစ်ခွင့်ကြင်ရနိုး၊ ဆယ်မိုးဆယ်နွေ၊ စန္ဒယားချစ်ဆွေရဲ့ ပိတောက်လမ်း၊ ချိုပြုံးရဲ့တက္ကသိုလ်က ငွေလမင်း နဲ့ မောင်မောင်ကြီး သီချင်းတွေကို ညနေပိုင်းမှာ ဆိုလေ့ရှိတယ်။ ကိုချစ်ဆွေဆိုတဲ့သူကို နေခဲ့တဲ့ တလအတွင်း အသံကလွဲလို့ လူလည်း မတွေ့ဘူးပါ။ဘာလို့ဆို တယောက်တခန်း ၂၄ နာရီပိတ်ထားတာကြောင့် ဘယ်လိုပုံပန်းသဏ္ဍန်ရှိလည်း ခုချိန်ထိ မသိပါ။ အဲဒီအချိန်က ၂ တိုက်တတိုက်လုံးက ကျွန်တော်တို့ မော်လမြိုင်က ကျောင်းသားအဖွဲ့ကလွဲရင် ဗကပ ယူဂျီကွန်ရက် တခုနဲ့ ဆက်နွယ်သူတွေချည်း ရှိတာပါ။ ကိုချစ်ဆွေက ဘယ်မြို့က ဘယ်လို ဆက်နွယ်ပါလာတယ်ဆိုတာတော့ ကျွန်တော်မသိပါ။

သူသီချင်းဆိုနေတုန်း ထောင်ဝါဒါတယောက်က နည်းနည်းကျယ်ကျယ်လေး ဆိုဖို့ ကိုချစ်ဆွေ နာမည်ခေါ်ပြီးပြောတာကြောင့် သူ့နာမည်ကို မှတ်မိနေတာပါ။

ကိုချစ်ဆွေက မာမာအေး၊ စန္ဒယားချစ်ေ ဆွတို့ရဲ့ သီချင်းတွေကို စည်းချက် အေးအေးနဲ့ အသံခပ်နိမ့်နိမ့်နဲ့ ခံစားချက်ပါပါနဲ့ဆိုသွားတာပါ။ ကိုယ်ကိုယ်တိုင်ကလည်း စိတ် အာရုံမှာ ဗလာဖြစ်နေချိန် မို့လို့လားမသိ၊ အတိတ်နဲ့ အနာဂတ်ကို စဉ်းစားတာတွေ ခဏ ရပ်နားထား pause ရတဲ့ အချိန်မို့ ပစ္စုပ္ဗန်ကိုသာ အာရုံနစ်နဲစွာ ခံစားမိတာလည်း ဖြစ်နိုင်ပါတယ်။  အဲဒီလို နားဆင်ရတဲ့အချိန်တွေမှာ တခြားဘာအတွေးမှ မရှိဘဲ သီချင်းရဲ့ စာသား သံစဉ်ထဲမှာ နစ်မြောနေခဲ့တဲ့ အရသာကို ဒီနေ့ထိ သတိရနေဆဲပါ။

တကယ်တော့ အဲဒီနေရာဟာ စကားပြောတာရော သီချင်းဆိုတာ အသံပြုတာကို မလုပ်ရလို့ ၂၄ နာရီ တင်တင်းကြပ်ကြပ် ပိတ်ပင်ထားတဲ့နေရာပါ။ စကားပြောသံကြားရင် စကားပြောတဲ့ အကျဉ်းသားတွေကို ထောင်ဝါဒါတွေက အခန်းထဲဝင်ပြီး ရိုက်နှက်ကြတာလည်း မျက်စေ့ရှေ့မှာ ကြုံဖူးပါတယ်။ ဒါပေမယ့် ကိုချစ်ဆွေရဲ့ သီချင်းသံကိုတော့ စောင့်ကြပ်နေတဲ့ ထောင်ဝါဒါကိုယ်တိုင် နားလည် ခံစားမိကြပုံရပါတယ်။ ထောင်ဝါဒါတယောက်က နည်းနည်းကျယ်ကျယ်ဆိုဖို့ တိုက်တွန်းတာ တကြိမ်ကြားခဲ့ဖူးလို့ပါ။

ပထမနှစ်ကျောင်းသားအရွယ် စိုင်းထီးဆိုင်၊ စိုးပိုင်၊ ခိုင်ထူးတို့လောက် နှစ်သက်နားထောင်တဲ့ ကျွန်တော့်အနေနဲ့ မာမာအေး၊ စန္ဒယားချစ်ဆွေ စတဲ့ မြန်မာသံစဉ် သီချင်းတွေကို နှစ်သက်သွားခဲ့ပါတယ်။
အခုနောက်ပိုင်း တခါတခါ ကာရာအိုကေ သွားတဲ့အခါ အဲဒီသီချင်းတွေ ရွေးဆိုမိတဲ့အခါ အတူပါလာသူတချို့က အံ့သြတတ်ကြတယ်။ ဒီသီချင်းတွေကို ဘာကြောင့်ကြိုက်နှစ်သက်သလဲ ဆိုသလဲပေါ့။

အင်းစိန်ကနေ နောက်လအနည်းငယ်အကြာ မော်လမြိုင်ထောင်မှာ ပြောင်းလဲနေရတဲ့အခါမှာလည်း သီတင်းကျွတ် တန်ဆောင်မုန်း ကထိန်ရာသီ ထောင်အပြင်ဘက် ရပ်ကွက်ထဲက လော်စပီကာနဲ့ မာမာအေးရဲ့ ဆယ်မိုးဆယ်နွေ ၊ မြခြူသံတို့ ကြားရတဲ့အခါ ပတ်ဝန်းကျင်ကို မေ့ပြီး တေးဂီတထဲ နစ်မြောသွားလောက်တဲ့အထိ နားဆင်ခဲ့ရဖူးပါတယ်။

ပြောချင်တာက အတိတ်က ဖြစ်ရပ်တွေနဲ့ တေးသီချင်းတွေကို လူရဲ့ မှတ်ဥာဏ်မှာ တွဲမှတ်ထားတဲ့ သဘောရှိတာ သတိထားမိပါတယ်။

အခုနေ အဲဒီသီချင်းတွေကြားရတဲ့အခါ အတိတ်က ဖြစ်ရပ်တွေက တေးသီချင်းတွေနဲ့ တွဲလျက် မှတ်ဥာဏ်ထဲပေါ်လာလေ့ရှိပါတယ်။

အင်းစိန် ၂ တိုက်က ကိုချစ်ဆွေရဲ့အသံ၊ အဲဒီအချိန်က မြင်ကွင်းတွေက အဲဒီသီချင်းတွေကြားရင် တခါတခါ မျက်စေ့ထဲ ပေါ်လာဆဲပါ။