ရဲဘော် ဦးတင် (ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော) – ပန်ကော်-ချူးရွှေ တိုက်ပွဲစဉ် – အပိုင်း (၄)

ရဲဘော် ဦးတင် (ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော) – ပန်ကော်-ချူးရွှေ တိုက်ပွဲစဉ် – အပိုင်း (၄)
ပန်ကော်-ချူးရွှေ တိုက်ပွဲစဉ် နိဂုံးချုပ် သုံးသပ်ချက် (၃၊ ၁၀၊ ၇၇ – ၃၁၊ ၁၀၊ ၇၇)

ပေးပို့သူ – အောင်တင်ထွန်း
(မိုးမခ) မတ် ၃၁၊ ၂၀၁၆

မြေပထဝီအခြေအနေ
၅၇။ မိမိတို့ အခြေခံစခန်းဒေသနှင့် ဝန်းကျင်မှာ အထူးသဖြင့် သံလွင်အရှေ့ဒေသမှာ တောင်ကုန်းမြင့်ထူထပ် သော ဒေသဖြစ်သည်။ ထိုဒေသစစ်နည်းဗျူဟာမှာ တောင်ပေါ်စစ်ပွဲဗျူဟာဖြစ်သည်။

တောင်ပေါ်စစ်ပွဲသဘောတရားအရ ကြည့်လျှင် အခြေခံအားဖြင့် ထိုးစစ်ဆင်သူသည် ခံစစ်ဆင်သူထက် (က) အနီးသို့ပုန်း ကွယ်ချဉ်းကပ်၍ အလစ်အငိုက်တိုက်နိုင်ခြင်း (ခ) တောင်ပံနှစ်ဖက်မှပန်း၍ ကွေ့ပတ်တိုက် နိုင်ခြင်း (ဂ) တောင်ကြားလျှိုမြောင်မှ ထိုးဖောက်၍ နောက်မှကွေ့ပတ်တိုက်နိုင်ခြင်း (ဃ) ခုခံမည့်သူအဖို့ ခုခံရန် အချက်အခြာနေရာ ပေါများလွန်း၍ အင်အား မလုံလောက်သဖြင့် သူ၏အရန်တပ်ကို မီးသတ်စက်ကဲ့သို့ နောက်ပိုင်းအချက်အခြာတွင်ထား၍ ထိုးစစ်ဆင်သူကပင် ယင်း ရန်သူ့အရန်တပ်ကို အခြားနေရာသို့ သောင်တင်အောင် မြူဆွယ်ဟန်ပြပြီး ရန်သူပါးလှပ်သည့် ခံစစ်လိုင်းဧရိယာကို လျင်မြန်စွာ ထိုးဖောက်နိုင်ခြင်း (င) တခါတရံ အချက်အခြာကျသည့် တောင်ကုန်းတခုကို ရန်သူရသွားခြင်းဖြင့် စစ်ပွဲတခု လုံးကိုထိခိုက်စေခြင်း၊ ခံစစ်ဆင်သူ အတွက် ပစ်ကွင်းရှည်ရှည်ကျယ်ကျယ်ပစ်ရဖို့ အခွင့်အရေးနည်းပါးခြင်းစသည်တို့ကြောင့် ထိုးစစ်သမားက တပန်းသာသည်။ အထူးသဖြင့် သေနင်္ဂဗျူဟာဘက်တွင်ပို၍ တပန်းသာသည်။

၅၈။ သို့ရာတွင် တောင်ကုန်းဒေသတွင်၊ အထူးသဖြင့် တိုက်နည်းဗျူဟာဘက်တွင် ခံစစ်ထိုးသူဘက်က တချို့သောအခြေအနေ အချက်အလက်များပေါ်တွင် အခွင့်သာချက်များရှိသည်။ (က) သဘာဝတောင်ကုန်း ကို အသင့်အတင့်ပြုပြင်ဆောက်လုပ်ရုံဖြင့် ရန်သူတို့ ထိုးဖောက်ကလော်ထုတ်ရန် ခက်ခဲ့သည့် ခံတပ်ကြီး သဖွယ် အင်အားရှိသွားပေသည်။ ယင်းသည် တောင်ကုန်း၏ တန်ဖိုးကြီးမားသော ဂုဏ်သတ္တိဖြစ်သည်။

 (ခ) ယခုခေတ် ဖျက်ဆီးစွမ်းအတော်ကြီးသည့် အမြောက် လေယာဉ်စသော လက်နက်ကြီးများကို သူ၏ စွမ်းရည်အာနိသင်အရ ထိရောက်စွာမဖွံ့ဖြိုးနိုင်၊ ထို့ကြောင့် ခေတ်မီရန်သူ့တပ်ကြီးများကိုပင် တစုံတရာအတိုင်း အတာအရ သာမန်ခြေလျင်တပ် ကလေးများဖြင့် ခုခံသတ်ဖြတ်နိုင်သည်။ တားဆီးပိတ်ဆို့ထားနိုင်သည်။

 (ဂ) အချို့သောမြေအနေအထားအရ ဝဲယာတောင်တန်းများ ပိတ်ဆို့မှုကြောင့် ရန်သူဝဲယာ တောင်ပံဝိုင်း ပတ်မှုကို တန်ပြန်တားဆီးပိတ်ပင်နိုင်ပြန်သဖြင့် နှိုင်းယှဉ်ချက်အရ အတော်အတန်အင်အားနည်းသော ရန်သူ ပင်လျှင် တောင်ပံနှစ်ဖက်ဝိုင်း ပတ်ခံရမှု အတော်စိတ်ချနိုင်သဖြင့် မိမိထက်အင်အားကြီးသူများကိုပင်လျှင် ရေရှည်ခံစစ်ဆွဲ၍ တိုက်နိုင်ခြင်း။ ယခု ပန်ကော်-ချူးရွှေတိုက်ပွဲစဉ်အတွင်း ဤအခွင့်ထူးများ ခံစစ်ထိုးသူ ကျွန်တော်တို့ဘက်မှ ရရှိခဲ့သည်။

(ဃ) တခါတရံထူးခြားသည့် မြေအခြေအနေတွင် ထိုးစစ်ဆင်သူက ကျဉ်းမြောင်းသော တောင်ကြော ဝင်ရိုး တခု သို့မဟုတ် ၂ ခုကိုသာ ချီတက်အသုံးပြုပြီး ထိုးနှက်ရသဖြင့် ယင်း၏အင်အားကြီးမှုမှာ အကျိုးထူးထူး ခြားခြားကြီး မရှိအောင် ဖြစ်နေ တတ်ပေသည်။ ယခု ပန်ကော်-ချူးရွှေတိုက်ပွဲတွင် ယင်းအကျိုးကျေးဇူးကို ကျွန်တော်တို့ အတော်အတန်ရခဲ့သည်။

(င) ထိုးစစ်ဆင်လာသူကို နည်းအမျိုးမျိုးဖြင့် ပင်ပန်းနွမ်းနယ်အောင် လုပ်နိုင်ပေသည်။

(စ) ဤသို့ တောင်ကုန်းနေရာယူစစ်ခံစစ်မှ တောင်ကုန်းကတုတ်ကို မှီခိုအားပြုပြီး ယင်းမှထွက်၍ လှုပ်ရှား စစ် ပြောက်ကျားစစ် များဖြင့်လည်း ရန်သူကိုချေမှုန်းနိုင်သည်။ အလားတူ ကတုတ်ကောင်းစွာ မတူးရသေး သော တပ်ချထားသည့်ရန်သူများ ကိုလည်း ထွက်၍တိုက်နိုင်သည်။ (ဤနည်းလမ်းများကို ၁၉၅၂-၅၃ တရုတ် ပြည်သူ့ဗော်လံတီယာတပ်များက ကိုရီးယား ပြည်တိုက်ပွဲများအတွင်း အမေရိကန်တို့အပေါ် ထိရောက်စွာ ကျင့်သုံးခဲ့သည်။)

(ဆ) အထက်ပါအကြောင်းတရားတို့ကြောင့် အတော်အတန်အင်အားကြီးသော ရန်သူကိုပင်လျှင် တစုံ တရာအတိုင်း အတာအထိ ခံစစ်ထိုး သတ်ဖြတ်နိုင်သည်။ အားကြီးပြီး စုပြုံအောတိုက်၍ သုံးလာတိုင်း ခံသူက မကြောက်ရပေ။ တခါတရံ အချို့အချိန်နှင့်နေရာကောင်းများတွင် အားကြီးကြီးနှင့် ရက်ရက်စက်စက်တိုက် လေလေ ခံသူ့ဘက်ကအကျိုးရှိလေလေ ဖြစ်နိုင်ပေသည်။ ယခုပန်ကော်-ချူးရွှေခံစစ်ဆင်ရာတွင် ပထမရက် ပိုင်းများတွင် ဤသဘောတရားကို တွေ့နိုင်ပေသည်။

နေရာယူခံစစ်ထိုး တိုက်နည်းဗျူဟာ
၅၉။ ၎င်းနှင့်ပတ်သက်၍ ယင်းသည် သမရိုးကျခံစစ်သေမဟုတ်။ မိမိတို့သည် သာလွန်သောမြေအနေ အထားနှင့် ခိုင်မာသော ကတုတ်စခန်းကို ပေါင်းစပ်မှီခိုကိုင်တွယ်ပြီး (က) သမရိုးကျခံစစ်ဖြင့်ပင် မိမိ မီးအားကို အစွမ်းကုန်စည်းရုံးဖော်ထုတ်ပြီး အနီးကပ်နိုင်သမျှ ဆွဲယူစောင့်လင့်ပြီး အစွမ်းကုန်ပစ်ခတ်ချေမှုန်းခြင်း (ခ) ထိုးလာသည့် ရန်သူ့အခြေအနေအလိုက် ပွဲတိုင်း လိုလို မိမိတို့ဘက်မှ ကတုတ်မှထွက်၍ တာတိုတာရှည် တန်ပြန် ထိုးနှက်ခြင်း။ အထက်ပါ (က) နှင့် (ခ) ၂ ချက်သည် သာမန်ခံစစ်သက်သက်သဘောပင် ဖြစ်သည်။ (ဂ) ထို့ထက် နောက်တဆင့်အားဖြင့် ခံစစ်မျက်နှာချင်း ထိုးနှက်တိုက်ခိုက် နေစဉ်တွင် ပေါ်လွင်နေသော မိမိတို့ဘက်မှ အရေး သာနိုင်သည့် ရန်သူ့တောင်ပံတခုစီအား သို့မဟုတ် နှစ်ခုစလုံးအား ရန်သူအားအနည်းဆုံးအချိန်အခါတွင် ဝင် ရောက်ဝိုင်းပတ်၍ ချေမှုန်းခြင်း၊ ယင်းတို့သည် အခြေခံအားဖြင့် သမရိုးကျခံစစ်၏ အဆက်ပင်ဖြစ်သည်။

ခံစစ်အတွင်း လှုပ်ရှားစစ်
၆၀။ ကျွန်တော်တို့၌ ဥက္ကဋ္ဌမော်၏ တော်လှန်သောလှုပ်ရှားစစ်နည်းဗျူဟာကို အမြဲလက်ကိုင် ဦးတည်ချက် ရှိထားကြသည့် အတိုင်း ယင်းနေရာယူခံစစ်မှ လှုပ်ရှားစစ်နှင့် ထွက်၍ချေမှုန်းနိုင်သော အခွင့်ကောင်းများသည် ခံစစ်ဖြစ်စဉ်အတွင်း အမျိုးမျိုး အကြိမ်ကြိမ် အတော်များများ ပေါ်ပေါက်လာတတ်ကြသည်ဖြစ်ရာ ယင်းအခွင့် အရေးများကို မိမိတပ်အင်အားရှိသလောက် အစွမ်းကုန်အသုံးချခြင်းဖြင့် ရန်သူချေမှုန်းရေး တဆင့်တိုး၍ ပြု လုပ်နိုင်မည်။

၆၁။ ၎င်းအခွင့်အရေးများမှာ- (က) ပထမအားဖြင့် ရန်သူကိုဝိုင်းပြီး စစ်ကူတိုက်သလို မိမိတို့ခံစစ်ထိုးရာ ရန်သူ ကတိုက်ဖို့ ချီတက်လာကြမည့် ရန်သူတပ်များကို လှုပ်ရှားစစ်ဖြင့် တိုက်ခိုက်နိုင်ခြင်း (ခ) မိမိတို့ခံစစ်ကတုတ်ရှေ့ အဖက်ဖက်မှ သွားလာလှုပ်ရှားနေသော ရန်သူ့တပ်များအနက်မှ သင့်တော်မည့်ရန်သူ့တပ်ကို ဝင်ရောက် ထိုးသုတ်နိုင်ခြင်း (ဂ) ယေဘုယျအားဖြင့် မိမိတို့အား ဘယ်ညာတောင်ပံမှ ဝိုက်ပတ်တိုက်ခိုက်မည့် ရန်သူများ ကိုလည်း လှုပ်ရှားစစ်ဖြင့်ချေမှုန်းနိုင်ခြင်း။ အထက်ပါ (ဂ) အချက်တွင် အားကြီးသောရန်သူများ လုပ်တတ်သည့် အတိုင်း အားနည်းသူခံစစ် ပါးလွှာသွားအောင် သူ၏တောင်ပံကိုချဲ့ခြင်း၊ တောင်ပံမှဝိုက်၍ ခံစစ်နောက်ပိုင်းနှင့် ဆက်သွယ်ရေးလိုင်းတို့ကို ခြိမ်းခြောက်ခြင်း၊ တိုက်ခိုက်ခြင်း တို့ဖြင့် လှုပ်ရှားတတ်စမြဲဖြစ်ရာ ယင်းတို့ကို ကျွန်တော်တို့က လှုပ်ရှားစစ်ဖြင့် စောင့်ကြို ထိုးသုတ်တိုက် ခိုက်နိုင်ခြင်း၊ အထက်ပါ (ဂ) အချက်တွင် ဖော်ပြထား ချက်များကို ပန်ကော်ချူးရွှေတိုက်ပွဲစဉ်အတွင်း ဟူစွမ်တိုက်ပွဲတွင် အသွင်တစိတ် တဒေသအားဖြင့် ယင်း သဘောထားကို ကျွန်တော်တို့ တွေ့မြင်နိုင်ပါသည်။

ခံစစ်အတွင်း ပြောက်ကျားစစ်
၆၂။ ကျွန်တော်တို့ အထက်အပိုဒ် ၆၀ ကစ၍ နေရာစွဲခံစစ်နှင့် ချေမှုန်းရေးလှုပ်ရှားစစ်တို့ ပေါင်းစပ် လုပ်နိုင်သလို ပြောက်ကျားစစ်များနှင့်လည်း ပေါင်းစပ်လုပ်ကိုင်နိုင်သည်။

လောလောဆယ်အားဖြင့် ပန်ကော်ချူးရွှေတိုက်ပွဲစဉ်မှာပင်လျှင် တပ်မဟာ ၁၂ ၏ တပ်ရင်း ၉ က ဂါမုန်း ဒေသတွင် လည်းကောင်း၊ ဝမြောက်နှင့် ကိုးကန့်ခရိုင်တပ်များက သူ့ဒေသတွင်လည်းကောင်း၊ ရန်သူအချို့၏ အားနည်းသွားမှုနှင့် သွားလာလှုပ်ရှားနေသည့်အတွင်းမှာလည်းကောင်း အခွင့်ကောင်းယူ၍ ပြောက်ကျားအနု အရင့် ပေါင်းစပ်၍ တိုက်ခိုက်နိုင်သည်။

ထို့အပြင် ခံစစ်စွဲနေရာမှအဓိကတပ်က ရှေ့တန်းမှလည်းကောင်း၊ နောက်တန်းအရန်သင့်တပ်များမှ လည်းကောင်း၊ ရန်သူ့အတွင်း စိမ့်ဖောက်ဝင်၍လည်းကောင်း၊ သို့မဟုတ် တောင်ပံမှ ကွေ့ပတ်ဝင်၍လည်းကောင်း အချက်အချာကျ သည့် နေရာများသို့ တပ်ဖွဲ့ကလေးများဖြင့် ပြောက်ကျား သွားရောက်တိုက်ခိုက်နိုင် သည်။

ပန်ကော်-ချူးရွှေစစ်ဆင်ရေးတွင် နောက်ပိုင်းကာလ အောက်တိုဘာ ၂၀ ရက်ကျော်ပြီး ရန်သူဦးကျိုးသွား ပြီးသည့်နောက် မိမိတို့ရှေ့တန်းတပ်များ အတွေ့အကြုံရင့်ကျက်လာသည့်အလျောက် ရန်သူ့ရှေ့တန်းသို့ တာတိုစိမ့်ဝင်ပြီး အလစ်ထိုးနှက် တိုက်ဖျက်ခဲ့သည်။

သို့ရာတွင် ဟိုပန်မြို့နှုတ်ခမ်း ရန်သူ့အချက်အချာနှင့် ပျော့ကွက်များကို ၆၀ မမ၊ ဘဇူကာတို့ဖြင့် ပြောက် ကျားတပ်ဖွဲ့ကလေးများ စေလွှတ်ပြီး ရန်သူ့တပ်ပြောင်းတပ်လွှဲ ရှုပ်ထွေးကျပ်သပ်နေသည့် အခိုက်အခါမျိုးတွင် သွားရောက်ပစ်ခတ်သတ်ဖြတ်ရန် ရည်မှန်းသော်လည်း မလွှတ်ဖြစ်ခဲ့ကြပေ။

၆၃။ ဂါမုန်းဘက် လှုပ်ရှားသည့်တပ်ရင်း ၉ မှာလည်း နိုဝင်ဘာ ၇ ရက်နေ့လောက်တွင် ရန်သူ ရှမ်း ၁ တပ်ရင်း ပန်လုံ ဆက်သွယ်ရေးလိုင်း၊ ကွန်လုံမှဆင်းလာစဉ် ခြုံခိုတိုက်ခိုက်ရာ ရန်သူ ၁၇ ယောက်ကျဆုံးစေ၍ အတော် များများဒဏ်ရာ ရစေခဲ့သည်။ အကယ်၍ အခုထက်စောစော သိန္နီ၊ ကွန်လုံကြား နေ့ညရန်သူများ မိမိရှေ့တန်းခံ စစ်ထိုးနှက်ရေးအတွက် လူနာ၊ ခဲယမ်းမီးကျောက်၊ ရိက္ခာ၊ စစ်ကူ၊ ဒလဟောသွားနေသည်ကို လမ်းဖြတ်တိုက်ပွဲ သော်လည်းကောင်း၊ မိုင်းထောင်တိုက်ပွဲသော်လည်းကောင်း ပြုလုပ်နိုင်ပါက မိမိတို့ပြောက်ကျားတပ်အနည်း ငယ်ကလေးနှင့် အတော်ကလေးအားထုတ်မှု ကလေးနှင့်ပင် အတော်များများရန်သူများကို ချေမှုန်းသတ်ဖြတ် နိုင်ပြီး နောက်ထပ်ရန်သူအတော်များများကို စစ်မြေပြင် မရောက်ဘဲ လမ်းစောင့်ဖြစ်နေအောင် ထိန်းချုပ်နိုင်ပေ သည်။

၆၄။ ဤသို့ လှုပ်ရှားနှင့်ပြောက်ကျားစစ်များ ပေါင်းစပ်၍ မိမိတို့အဓိကတပ်ကြီးလှုပ်ရှားမှုကို အကောင်းဆုံး ထိရောက်စွာပေါင်း စပ်ပေးသည့် သင်ခန်းစာအနေဖြင့် ၁၉၇၂ ခုနှစ် ကျွန်တော်တို့၏ ကွန်လုံတိုက်ပွဲကြီးအတွင်း က တပ်မဟာ ၂ က သံလွင် အနောက်ဘက် ကွန်လုံ-သိန္နီလမ်း ထိန်းချုပ်ထားသည့် ချန်ချင်စန်းတိုက်ပွဲစဉ်ကြီးကို လေ့လာနိုင်သည်။ ယင်းတိုက်ပွဲစဉ်တွင် တပ်မဟာ ၂ သည် ယင်းလမ်းကို အောင်မြင်စွာထိန်းချုပ်နိုင်ရုံမက ရန်သူအတော်များများကို ချေမှုန်းသတ်ဖြတ်ပြီး ရန်သူ့တပ်ရင်းအတော်များများကိုလည်း စစ်မြေပြင်မရောက် အောင် ရက်ပေါင်း ၄၀ နီးပါး ထိန်းချုပ်ထားနိုင်သည်။

၆၅။ ပြောက်ကျားလှုပ်ရှားမှုကလေးများသည် မိမိဘက်က တခါတရံ ထင်ရှားသောရန်သူ့အထိအခိုက် အကောင်အထည်ကို မတွေ့မြင်နိုင်သော်လည်း ရန်သူ့ဘက်တွင် အတော်ထိခိုက်ကြသည်။ ရန်သူ့ဘက်မှ အချို့ကူးပြောင်းလာသူများပြောချက်အရ တခါတရံ အရင်လို အလောတကြီးစစ်ကူချီတက်ရသည့် ရန်သူ့ ၂ ခွဲ ပါ စစ်ကြောင်းတခုကိုပင် ပြောက်ကျား တပ်ဖွဲ့ကလေးတခုဖြင့် အတော်ထိခိုက်အောင် နှောင့်ယှက်နိုင်ပေသည်။ လမ်းခရီး မိုင်းနင်းမိ၍သော် လည်းကောင်း၊ ချောင်းမြောင်းအတိုက်ခံရ၍လည်းကောင်း ရန်သူတို့မှာ ဝန်ထုပ်ဝန် ပိုးကြီးဖြစ်ပြီး အနီးအနား နောက်ထပ်အထမ်းသမားဆွဲရန် ရွာအနီးမရှိပါက ဒဏ်ရာရသယ်ပို့ရန် များစွာနှောင့် နှေး အခက်အခဲတွေ့ရသည်။ တခါတရံ ချီတက်လာ သည့်ရန်သူ့နောက်ပိုင်း ရန်သူ့ကျည်ဆန်ထမ်းပိုးလာသည့် ပေါ်တာများမှာ အနီးအနား အမြောက်ဆန်ကျလျှင် ၎င်းတို့ထမ်းပိုးလာသည့် ပစ္စည်းများကို စွန့်ပစ်ကာ ထွက်ပြေးသွားကြလျှင် ရန်သူအဖို့ အလွန်ကြီးမားသောအနှောင့်အယှက်အခက်အခဲ တွေ့ရတတ်သည်။

ယခု ပန်ကော်-ချူးရွှေတိုက်ပွဲစဉ်တွင် ကိုးကန့်ခရိုင်တပ်၏ ပြောက်ကျားလှုပ်ရှားမှုသည်လည်း အတော် အသင့်ထိရောက်သည်။

၆၆။ ဤနေရာတွင် အချုပ်အားဖြင့် မိမိတို့က ချက်ကောင်းခံစစ်ထိုးစစ်ဆင်တိုက်လိုက်သဖြင့် ရန်သူများ အကြီး အသေး အ မျိုးမျိုးအဖုံဖုံလှုပ်ရှားလာသဖြင့် ပြောက်ကျားအရွယ်အစားနှင့် တိုက်လို့ကောင်းမည့် တိုက်ကွင်း အမျိုးမျိုးပေါ်နိုင်သဖြင့် (က) ခံစစ်ထိုးအဓိကတပ်ထဲမှလည်းကောင်း (ခ) အခြားပေါင်းစပ်တပ်များမှလည်းကောင်း အထက်အပိုဒ် ၆၁ တွင်ဖော်ပြပါ လှုပ်ရှားစစ်များသာမက ပြောက်ကျားစစ်များလည်း ပြုလုပ်နိုင်ပေ သည်။

၆၇။ ယခု ကျွန်တော်တို့၏ ဖော်ပြပါ နေရာယူခံစစ်တိုက်နည်းဗျူဟာသည် အချုပ်အားဖြင့် ပြောရလျှင် ရိုးရိုးသာမန်ခံစစ်သေ မဟုတ်ပေ။

(က) သူ၏ရည်ရွယ်ချက်မှာ နေရာကို ထိန်းသိမ်းကာကွယ်ရေးမဟုတ်၊ ရန်သူကို တတ်နိုင်သမျှ သတ်ဖြတ် ချေမှုန်းရန် ယာယီခံစစ်ထိုးခြင်းသာ ဖြစ်သည်။

(ခ) ယင်းသည် နေရာတခုခုကို အမြဲကိုင်ထားဖို့ မရည်ရွယ်၊ ရန်သူသတ်ဖို့ရည်ရွယ်ချက်ဖြင့် မိမိတို့အတွက် အထက်ဖော်ပြပါ သာလွန်ကောင်းမွန်သော အချက်အချာနေရာမျိုးတွင် လှည့်လည်လှုပ်ရှား၍ ယာယီခံစစ်ထိုး သွားခြင်းဖြစ်သည်။

(ဂ) ခံစစ်သက်သက်သာ မကျင့်သုံးဘဲ အထက်အပိုဒ် ၆၀ မှ ၆၆ အထိ ဖော်ပြထားသည့်အတိုင်း သာလွန် သော ချက်ကောင်းမြေအနေအထားကို မှီခိုကိုင်တွယ်ပြီး လှုပ်ရှားစစ် ပြောက်ကျားစစ်တို့ဖြင့် ပေါင်းစပ်ချေမှုန်း နိုင်ပေသည်။

အခိုင်အမာမဟုတ်သည့် ရန်သူ့စခန်းကို တိုက်ခြင်း
၆၈။ ဤနေရာတွင် လှုပ်ရှားစစ်ဖြင့်ချေမှုန်းရာ၌ မိမိခံစစ် စစ်မျက်နှာရှေ့ဝဲယာနှင့် နောက်ပိုင်းတို့တွင် ကတုတ် ကျကျနနတူး မထားဘဲ ကပျာကယာ၊ ယာယီတပ်ချထားသည့် ရန်သူ့တပ်များကိုလည်း အလားတူထွက်၍ နေရာစွဲထိုးစစ်သဘောမျိုးဖြင့် ချေမှုန်းနိုင်ပေသည်။

၆၉။ အထက်ပါတို့ကိုခြုံကြည့်လျှင် ယင်းနေရာယူခံစစ်ထိုးနည်းဗျူဟာသည် ခံစစ်ရှင်ဖြစ်ပြီး ရန်သူနဲ့ ထိပ်ချင်း ဆိုင်ထားပြီး (က) တက်ကြွသောခံစစ်ရှင် (ခ) လှုပ်ရှားစစ် (ဂ) ပြောက်ကျားစစ် (ဃ) အခိုင်အမာမဟုတ်သည့် ရန်သူ့စခန်း တက်တိုက်ခြင်း ... တို့ဖြင့် စစ်ဒေသလက်သီးအဖြစ် မိမိ၏အခြေခံဒေသ နှုတ်ခမ်းပတ်လည်တွင် သာလွန်သော အခြေခံဒေသ၏ ဒေသလက်နက်ကိုင်တပ်အမျိုးမျိုးနှင့် ပြည်သူလူထုကိုမှီခိုလျက် တစုံတရာ အတိုင်းအတာအရ ခဲယမ်းမီးကျောက်ဖြည့်တင်းနိုင်မှုအပေါ် အားပြု၍ ရန်သူ့တိုက်စွမ်းရည်ကို မြန်မြန်ကျဆင်း ရန် ချေမှုန်းရေးစစ်တချို့ဆင်ခြင်းဖြစ်သည်။

၇၀။ ယင်းသည် (က) မိမိထိခိုက်ကျဆုံးမှုနည်းပါးပြီး ရန်သူအား အလွန်များပြားစွာ ထိခိုက်ကျဆုံးစေနိုင်သည် (ခ) ရန်သူကို ပြောင်အံတု ခြိမ်းခြောက်ရာလည်းကျ၍ အောက်ခြေမှ အထက်ပိုင်းအထိ စိတ်ဓာတ်ထိခိုက်စေပြီး ၎င်းတို့အတွင်း ဂိုဏ်း ၃ ဂိုဏ်း၏ပဋိပက္ခကိုလည်း ပိုမိုပြင်းထန်စေလိမ့်မည်။ တပ်တွင်းအခြားပဋိပက္ခများကို လည်း ပြင်းထန်စေလိမ့်မည်။ ယင်းနည်းဗျူဟာကို ယခုနှစ်ဇွန်လ မိုင်းရှူးအရှေ့ လွယ်ချိုတိုက်ပွဲတွင် ကျွန်တော် တို့ စတင်စမ်းသပ်ခဲ့ကြပြီးဖြစ်သည်။ တဖန်လွယ်ချိုရှိ မိမိတပ်များကို နောက်ပိုင်းဆွဲငင်စေရန်အတွက် ပန်မာ ကောက်နှင့် လွယ်စီးကို ရန်သူက ဇွန်လနောက်ပိုင်း စစ်ဆင်ရာ ပန်မာကောက်ခံစစ်ကို အားဖြည့်ပြီး ခံစစ်ထိုးစေ ရာ ရန်သူအတော်နာသွားသည်။

၇၁။ ယင်းနည်းဗျူဟာ၏ အဓိကရည်ရွယ်ချက်သည် မိမိတို့သေနင်္ဂဗျူဟာခံစစ်မှ ထိုးစစ်ကြီး ကူးပြောင်းနိုင် ရေးအတွက် ရန်သူ့တိုက်စွမ်းရည်ချဖို့အတွက် ရန်သူ့အပေါ် ချေမှုန်းရေးစစ်ပွဲများဖြင့် အရေအတွက်မှ အရည် အချင်းပြောင်းလဲနိုင်ရန် ပြုလုပ်သော လောလောဆယ်အခြေအနေအရ အလွန်သင့်လျော်သည့် နည်းလမ်း ကောင်းတရပ်ဖြစ်သည်။

ယင်းနည်းဗျူဟာ၏ အားနည်းချက်တချို့
၇၂။ ယင်း၏ အားနည်းချက်တချို့မှာ (က) ယင်းသည် မိမိတို့ တွေ့ကြုံခဲ့သည့် လွိုင်မော် ခြုံခိုလှုပ်ရှားစစ် (ခ) ၁၉၇၇ ခု ဧပြီလ မိုးမိတ်တိုက်ပွဲကဲ့သို့ လျှပ်တပြက်လျှို့ဝှက်ခရီးရှည် ချီတက်တိုက်ခိုက်သည့်ပွဲများကဲ့သို့ မိမိအင် အား အသင့်အတင့်အချို့ဖြင့် အချိန်တိုပြင်ဆင်ပြီး တိုက်ပွဲမှာလည်း အချိန်တို လျင်မြန်စွာပြီးဆုံးသွားသည့် တပွဲတိုးတိုက်ပွဲများမဟုတ်ဘဲ အခြေအနေအရ နောင်ထွက်လာမည့် ရန်သူ့အင်အားအချိုးအစားကို ကြည့်၍ ယေဘုယျအားဖြင့် ရန်သူ့တပ်ရင်း ၄-၅ ရင်းမှ ၁၀ ရင်း ၁၂ ရင်းအထိ အချိန်ရှည်၊ တဖက်ကကြည့်လျှင် သမရိုး ကျစစ်ကဲ့သို့ တိုက်ခိုက်ရသည့်ုပြင် အထက်ပါတပွဲတိုးတိုက်ပွဲမျိုးပါ ပါဝင်သည့် တိုက်ပွဲအတော်များများပါဝင် မည့် တိုက်ပွဲစဉ်ဖြစ်သဖြင့် -

(က) တပ်အင်အားအလုံးအရင်း အတော်ကြီးအောင်စုရခြင်း
(ခ) ပြင်ဆင်မှုအချိန် အတော်အသင့်ကြာခြင်း
(ဂ) မိမိတို့ဘက်မှ ခဲယမ်းမီးကျောက် ပိုမိုကုန်ကျနိုင်ခြင်း၊ အနည်းဆုံး များပြားစွာအရင်းပြုရခြင်း
(ဃ) နောက်ဆက်သွယ်လမ်းကြောင်း အခိုင်အမာဖွင့်လှစ်ထိန်းသိမ်းရခြင်း
(င) စစ်သည်တော်များ အချိန်ရှည်ပို၍ ပင်ပန်းနွမ်းနယ်ခြင်း .... စသည်တို့ဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်။