ဆောင်းယွန်းလ - “သိမ်းထားလိုက်မိတဲ့ အပိုင်းအစများ - ၃”
(မိုးမခ) ဇွန် ၃၀၊ ၂၀၁၆
ရှေးရှေးတုန်းကဆို
လက်ဖက်ကောင်းစားရဖို့အရေး
တောင်တလုံးကို အနှေးတက်ရ
မောပေမယ့်လည်း မမောနိုင်လောက်အောင်
ကောင်းတယ် ...
ခေတ်မီနည်းပညာတွေရဲ့ မြားချက်တန်းလန်းမှာ
အနုပညာဟာ ကူးသူ စာရ ဆုပါရ၏ ဆိုသလိုမျိုး
မျက်နှာစာအုပ်ပေါ်က ဘာဘာညာညာတွေဟာ
ဆန့်ကျင်ဘက် လိင်တွေရဲ့အပေါ်မှာမှ
ပိုပိုသာသာ ဈာန်ဝင်ကြတယ်
မမြင်ဘူးတဲ့မြစ်ဟာ တခွက်တဖလားသောက်ရင်း မူးတဲ့မြစ်ပဲ
ဇစ်မြစ်ကို ဘယ်မှာရှာပြီးဝယ်ရပါ့
ဈေးဝယ်တိုင်း
အလေးခိုးခံရတာမျိုးတွေကလည်း ရိုးလှပါပြီ
ရိုးအီနေတဲ့ဇာတ်လမ်းတွေလည်း
ကိုယ့်အတတ်နဲ့ကိုယ်တော့ ဆန်းသွားကြတာချည့်ပဲ
မျက်ကန်းဟာ တုတ်ကောက်မပါပဲ လမ်းလျှောက်တယ်
လမ်းကကန်းနေတာလား အကန်းကလန်းနေတာလား
ဘာကိုမျှ အတိအကျမသိကြရတော့
အရည်ပဲရရ အဖတ်ပဲရရ အရည်မရ အဖတ်မရပဲဖြစ်ဖြစ်
ကျည်တတောင့်လောက် ပစ်လိုက်တာနဲ့တင်
ပုရိဿ တတောလုံး တတောင်လုံးကို မီးခိုးနဲ့ ပြာဖုံးတယ်
နိမိတ်ပုံတွေက ရေစီးကမ်းပြိုလိုက်တယ်
အကာအရံမဲ့ အသံတွေရဲ့ချိုသာငြိမ့်ငြောင်းမှုဟာ
ခပ်လို့မကုန်တဲ့ သမုဒ္ဒရာထဲက ရေတွေပါပဲ
ပင်လယ်ရေတွေ ချိုကုန်ပြီလို့ပြောရင်လည်း
ငန်သလိုလိုနဲ့ ချိုလိုက်ကြ
ဒီည…အဲဒီအကြောင်းတွေကို ပြောရင်ကုန်မယ်မထင်ဘူး
အဲဒီလို ပြောလို့မကုန်တဲ့ စကားလုံးတလုံးရယ်
ဆိုလို့မဆုံးတဲ့ တေးသီချင်းတပုဒ်ရယ်ကိုပဲ
နောက်ဆယ်စုနှစ်အတွက် မှတ်မှတ်ရရ သိမ်းထားလိုက်တယ်
အပိုင်းပိုင်းဖြတ်တောက်ထားတဲ့ အပိုင်းအစတွေအဖြစ်နဲ့..။
ဆောင်းယွန်းလ (ဇွန်လ ၂၀ရက်၊ ၂၀၁၆)