မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ၊ ညများ၊ ဘဝပေါင်းများစွာ - အပိုင်း (၁၈)

 

မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ၊ ညများ၊ ဘဝပေါင်းများစွာ - အပိုင်း (၁၈) 
(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၁၆
● ကြံဖန်၍လည်း ပျော်ပါသည်
မိမိဆိုခဲ့သလိုပင် ထိုချိန်ခါက ဆေး ၂ ရှိရာ မင်္ဂလာဒုံသည် သိပ်စည်ကားလှသည်မဟုတ်။ မင်္ဂလာဒုံမှ မြို့ထဲသို့သွားရန် အ မှတ် ၉ ဟီးနိုးကားလိုင်းတခုသာရှိသည်။ နာရီဝက်တစီး ခပ်ကျဲကျဲလာတတ်သော ဟီးနိုးလိုင်းကားသည် ည ၈ နာရီကျော်လျှင် မြို့ ထဲသို့သွားရန် မလွယ်တော့။ မြို့ထဲကပြန်လာသော လိုင်းကားကလည်း ကျောင်းရှေ့မှတ်တိုင်တွင် ည ၉ နာရီခွဲခန့်ဆိုက်သည့်ကားကနောက်ဆုံးကားဖြစ်သွားတော့သည်။ ည ၁၀ နာရီခန်ဆိုလျှင် ဆေး ၂ ရှေ့ ပြည်လမ်းမကြီးသည် တိတ်ဆိတ် ခြောက်ကပ်သွားသည်။ ကားအသွားအလာမရှိတော့ပေ။ ခပ်ကြာကြာနေမှ ဖြတ်သွားတတ်သည့် ကားတစီးတလေမှအပ လူသူကင်းရှင်းသွားသည်။ ယခုကာလနှင့်များစွာ ကွာခြားသည်။ လူရော ကားရောများပြားလာပြီး နေ့နေ့ညည သွားသွား လာလာ များလှသည်။

ထိုအခါ မိမိတို့ကျောင်းမှ ကျောင်းသားအချို့လမ်းမီးရောင်အောက်၌ ပြည်မလမ်းကြီး၌ ဘောလုံးထွက်ကစားတတ်ကြသည်။သို့မဟုတ်သီတာဆောင် အုတ်ခုံရှေ့ ဂီတာသွားတီးလေ့ သီချင်းဆိုလေ့ရှိကြသည်။ ကြံဖန်၍ ပျော်ကြရသည်။ ခြောက်သွေ့ သော ညချမ်းများကို ဖြတ်သန်းရသည်။ သို့မဟုတ်ပါက ကျောင်းကန်တင်းဖြစ်ဖြစ် အဆောင်ရှေ့ကဆိုင်လေးတွေဖြစ်ဖြစ် သွားထိုင်ပြီး ဝိုင်းဖွဲ့တတ်သည်။ ငွေယားလေးလက်ထဲရှိသော လဆန်းရက်ဆိုလျှင် ထိုင်ဖြစ်ကြပြီး လကုန်ရက်ဆိုလျှင်တော့ သိပ်မကပ်နိုင်။ မိမိမိသားစုက အစိုးရဝန်ထမ်းမိသားစုဆိုတော့ တိုင်းထွာသုံးကြရသည်။ ဆေးကျောင်းရောက်တော့ တလကို အိမ်က ၁၀၀ ကျပ်ပို့ပေးသည်။ အဆောင်ကြေးနှင့် ကျောင်းလခ ၅၇ ကျပ် သွင်းပြီးတော့ ကိုယ်သုံးစရာက ၄၃ ကျပ်သာ ကျန် သည်။

ပျင်းလျင် ကြံဖန်ပျော်သည်။ တည ကျောင်းစားသောက်ဆိုင်မှအပြန် အဆောင်ရောက်တော့ ပျော်ရန်ကြံသည်။ ထိုညက ကြယ်တွေစုံနေသည်။ ကျောင်းလှေခါးပေါက်ဝမှနေ၍ "ကြယ်တွေအရောင်လက်နေပြီဟေ့ ထွက်ကြည့်ကြ ကမ္ဘာပျက်မဲ့ နမိတ်ကွ" မိမိနှင့်မောင်မောင်ထွေး ၂ ယောက်သား ကုန်းအော်ကြသည်။ မိမိတို့ ၂ ယောက်က တထပ်ပြီး တထပ် တက်အော် လည်းအော် တခန်းပြီး တံခါးတွေလိုက်ခေါက်တော့ ကျောင်းသားတွေလည်း ရုန်းရုန်းနှင့်ထွက်လာကြသည်။ အထပ် ၃ ထပ် စလုံးက လှေခါးခွင်တိုင်း ကျောင်းသားတွေပြည့်ကုန်ကြသည်။ တယောက်ကထွက်တော့ နောက်တယောက်ထွက် ဘာဖြစ် တာလဲဆိုပြီးထွက်ကြ၊ ဘာလဲမသိဘူးဆိုပြီး ထွက်ကြနှင့် ကျောင်းသားအားလုံးထွက်လာကြသည်။ နောက်ဆုံးတော့ ဒီကိစ္စ  ဘယ်သူက စမှန်းမသိ။ ကောင်းကင်မော့ကြည့်ကြပြီး "ကြယ်အရောင်လက်တော့ ဘာဖြစ်လဲကွ၊ ညတိုင်းလက်နေတာဘဲ ဘယ်ကောင်စတာလဲကွ" တရားခံရှာကြသည်။ ရုန်းရုန်းနှင့်မို့ မည်သူကစမှန်း ဘယ်သူမှမသိကြတော့။ နာရီဝက်ခန့် စည် ကားသွားသည်။ အခန်းတွေထဲပြန်ဝင်တော့ ကိုစိုးအောင်က မိမိတို့ ၂ ယောက်အား "မင်းတို့ ၂ ယောက်မဟုတ်လား ခွေး မသားတွေ" ဟု ဆိုသည်။ ဤသို့ တခါတရံ မိမိတို့ ကြံဖန်၍ ပျော်ပါသည်။

● ဆူးများ
ဆေး ၂ တွင်ရှိခဲ့စဉ် အဆင်မပြေဖြစ်ခဲ့သည်ကတော့ စစ်တပ်နှင့်ဟုသာ ဆိုရမည်။ မင်္ဂလာဒုံဆိုသည်က တပ်မြို့ ဖြစ်နေသည်။ မိမိတို့ ဆေး ၂ မှလွဲ အရပ်ဖက်ကသိပ်မရှိ။ မိမိတို့ပတ်လည်တွင်လည်း ဆေးတပ် စစ်သူနာပြုအဆောင် စစ်ဆေးရုံ စစ် တပ်ရုပ်ရှင်ရုံ စစ်တပ်ဈေး စစ်တပ်ကျောင်းတို့ဖြင့်ဝိုင်းရံထားသည်။ ကျောင်းနယ်နိမိတ်စည်းရိုးကလည်း ရှေ့ဖက် ပါမောက္ခ ချုပ်ရုံးတဝိုက်တွင်ရှိသော်လည်း ခန္ဓာဗေဒဌာနနှင့် ဆေးတပ်ကြားတွင် ဝင်းခြံစည်းရိုးဟု သတ်သတ်မှတ်မှတ်မရှိပေ။

မိမိတို့ ကျောင်းမရောက်ခင်က အောင်ဆန်းသူရိယလှသောင်းကျောင်းနှင့် ပြဿနာဖြစ်ဘူးသည်ဟု ကြားဘူးသည်။ ထို ကျောင်းကို ယခုတော့ မင်္ဂလာဒုံ အထက ၂ ဟု ခေါ်သည်ထင်သည်။ ထိုစဉ်က ထိုအထက်တန်းကျောင်းက ကျောင်းသား များနှင့် မိမိတို့ ဆေး ၂ ကျောင်းသားများ ရိုက်ကြ နှက်ကြ ဖြစ်ဖူးကြသည်။ အကြောင်းရင်းတော့ မမှတ်မိတော့ပေ။ ပါမောက္ခ ချုပ် ဆရာကြီးဦးအေးလက်ထက်က ဖြစ်သည်။




တည မိမိတို့အဆောင်မှ ကျောင်းသားများအား ဆေးတပ်မှလာဖမ်းသွားသည်ဟုသိရသည်။ မိမိတို့ကျောင်း ပရဝုဏ် ဇီဝ ကမ္မဗေဒဌာနအနီးရှိ ကျောင်းကန်တင်းခေါ် စားသောက်ဆိုင်၌ မိမိတို့ကျောင်းသားများ စားသောက်နေစဉ် စစ်ကားတစီးဖြင့် စစ်သားများရောက်လာပြီး ကျောင်းသားများကို ဝိုင်း၍သေနတ်နှင့်ချိန်ကာ ဖမ်းဆီးသွားသည်ဟုဆိုသည်။ ဖမ်းသွားသည့် အချိန်ကည ၉ နာရီလောက်ဖြစ်မည် ထင်သည်။ မြို့ထဲကပြန်လာသော နောက်ဆုံးအပိုင်း (ခ) ကျောင်းသား ကိုမြင့်အောင် (ကွယ် လွန်) ကန်တင်းအဝင်တွင် ဆိုင်ကဆီးပြော၍ သိရသည်။ ဖမ်းသွားသည့်အထဲတွင် သူ့ညီ ကိုစိုးအောင်လည်းပါသွားသည်ကိုသိရပြီး အဆောင်သို့ အမြန်ပြန်လာကာ မိမိတို့ "ဟေ့ကောင်တွေ စိုးအောင်တို့ တပ်ကဖမ်းသွားလို့တဲ့ကွ" ဟု ပြော ပြီး အဆောင်မှူးအခန်းသို့ တက်သွားသည်။

ထိုအခါမိမိတို့ ကျောင်းသားများလည်း အဖမ်းခံရသောမိမိတို့ကျောင်းသားများ ပြန်လည်လွတ်မြောက်ရေးအတွက် ဆေးတပ် သို့ စုဝေးချီတက်ရန် အဆောင်ရှိ အခန်းခန်းကို လိုက်လံစည်းရုံးလှုံ့ဆော်ကြရာမှာ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့်အကြာတွင် အ ဆောင်ဧည့်ခန်းနှင့် ပေါ်တီကိုအောက်တွင် ကျောင်းသား အတော်များများ စုမိသွားခဲ့သည်။ ဆေးတပ်သို့ ချီတက်ကြဖို့ ပြင် ဆင်ချိန်တွင် ကိုမြင့်အောင်က အဆောင်မှူးအခန်းမှ ပြန်ဆင်းလာပြီး မသွားကြနဲ့တော့ အဆောင်မှူး ဆေးတပ်ကို ဖုန်းဆက် လိုက်လို့ ပြန်လွှတ်ပေးလိုက်ပြီဟုဆိုသဖြင့် အစီအစဉ်ဖျက်လိုက်ကြသည်။ ခဏအကြာတွင် ကိုစိုးအောင်တို့ပြန်ရောက် လာ ကြ၍ အကျိုးအကြောင်းသိရသည်။

ကိုစိုးအောင်နှင့် သူငယ်ချင်းတသိုက်က ညဘက် ကန်တင်းသို့ သွားရင်းသီချင်းဆိုကြ အော်ကြဟစ်ကြလုပ်ကြသည်။ အဆဲ အဆိုလည်း နဲနဲပါသည်။ တင်ထွန်း ခေါ် ဘူးကြီး (ကွယ်လွန်) ၏အသံကလည်း အတော်ကျယ်ပုံရ၏။ မိမိဆိုသကဲ့သို့ ကျောင်းနှင့်ကပ်ရက်က စစ်သူနာပြုဆောင်ဆိုတော့ သူတို့ကြားအောင် လှမ်းအော်သည်လည်း ပါသည်။ ထိုအခါ စစ်သူနာပြု ဆောင်ဖုန်းဆက်၍ တိုင်သဖြင့် ဆေးတပ်က လိုက်ဖမ်းခြင်းဖြစ်သည်။ စစ်သူနာပြု ကိုဆဲသဖြင့် ဆေးတပ်က လိုက်ဖမ်းသည်က ပြသနာမရှိပါ။ ပြဿနာရှိသည်ကတော့ မိမိတို့ဆေး ၂ ကျောင်းပရဝုဏ်အတွင်းရှိ စားသောက်ဆိုင်သို့ လက်နက်အပြည့်အစုံနှင့် ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်သည်။ ထို့ပြင် မိမိတို့ဆေးကျောင်းအတွင်းရှိ ကန်တင်း (စာသောက်ဆိုင်များ) တွင်လည်း အပြင် လူလာစားလေ့မရှိသည်ကို ထိုပတ်ဝန်းကျင်ရှိသူများ အသိပင်ဖြစ်သည်။ ထိုသို့စောအခြေအနေတွင် အရပ်ဖက်တက္ကသိုလ် တခုအတွင်းသို့ လက်နက်ကိုင်တပ်သားအပြည့်ပါ စစ်ကားတစီးဖြင့်ဝင်ရောက်လာပြီး ကန်တင်းအတွင်းထိုင်နေသောကျောင်း သားများကို သေနတ်နှင့်ချိန်ဖမ်းဆီးသွားခြင်းသည် အရပ်ဖက်တက္ကသိုလ်တခုကို မလေးစားသည် အပြုအမူဟု ဆိုရပါမည်။ လုပ်နည်း လုပ်ဟန် အမှန်ရဆိုလျှင် အရပ်ဖက်တက္ကသိုလ် အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ အဆောင်မှူးများကိုဆက်သွယ်၍ အကျိုးအကြောင်းပြော၍ ညှိနှိုင်းလုပ်ဆောင်ရမည်ဖြစ်သည်။ အရပ်ဖက်တက္ကသိုလ်ပရဝုဏ်တွင်းသို့ တက္ကသိုလ်အာဏာ ပိုင်များခွင့်ပြုချက်မပါဘဲ စစ်သားအပြည့်တင်ထားသော စစ်ကားတစီးဝင်ရောက်ခြင်း လက်ခံနိုင်ဖွယ်မရှိပါ။ စစ်မြေပြင် မဟုတ်သည့်နေရာတခုတွင် လက်နက်အားကိုးဖြင့် အရပ်ဖက်အဖွဲ့အစည်း အရပ်ဖက်တက္ကသိုလ်တခုကို အနိုင်ကျင့်မှု ဥပ ဒေမဲ့လုပ်ဆောင်မှု ဖြစ်သဖြင့် မိမိအလွန်ခါးသီးခဲ့သည့်ကိစ္စတခု ဖြစ်ခဲ့သည်။

အလားတူ ဆေးတပ်၏ ပါဝါပြမှု ကို မိမိကိုယ်တိုင်လည်း တကြိမ်ကြုံဖူးသည်။ တခါတရံ ညနေ မင်္ဂလာဒုံလမ်းလျှောက်ပြန်လျှင် ဆေးတပ်ဖက်ကမိမိတို့လှည့်ပြန်လေ့ရှိသည်။ လမ်းမဘေး၌ ဆေးတပ်ဝင်ပေါက်တွင် တပ်စည်းရိုး ဝင်ပေါက်ထိပ်တွင် ကင်း တဲလေးတခုရှိသည်။ ထိုဆေးတပ်မှ ဝင်လာလျှင် မိမိတို့ကျောင်းနှင့် ဆေးတပ်ကြား မည်သည့်တပ်စည်းရိုးမှ ကာရံထားခြင်း မရှိပါ။ ကတ္တရာလမ်းလေးအတိုင်း တောက်လျောက်ဝင်လာရုံသာဖြစ်သည်။

တည၌မှောင်ရီပျိုးစချိန် မိမိ၊ မောင်မောင်ထွေးနှင့် အခြားတဦး သိန်းမြင့်လား၊ သန်းဝင်းလားမမှတ်မိတော့ ပေါင်း ၃ ဦး လမ်း လျှောက်ပြန်လာတော့ သီချင်းလေး တညည်းညည်းဖြင့် ပြန်လာကြသည်။ သိပ်အကျယ်ကြီးလည်း မဟုတ်ပါ။ မတိုးမကျယ် လေးဆိုလာကြခြင်းဖြစ်သည်။ ဂိတ်ပေါက်ဖြတ်ကျော်ပြီးနောက် ကင်းစောင့်စစ်သားက "ဟေ့ သီချင်းမဆိုနဲ့"  ဟု လှမ်းအော် သည်ကို ကြားလိုက်ရသည်။ မောင်မောင်ထွေးက "ငါတို့ကို pressure (ဖိအား) ပေးနေတာကွ ဆက်သာဆိုကွ" ဟု ဆိုသည်။ မိမိတို့ကလည်း ဤသို့အကြောင်းမဲ့ ပါဝါပြခြင်းမျိုးဆိုလျှင် အလွန်မုန်းပေရာ အဆိုမရပ်ဘဲ အသံထပ်တင်ပြီး ဆက်ဆိုကာ လျှောက်ခဲ့ကြသည်။

ထိုဂိတ်ပေါက်နှင့် မိမိတို့အဆောင်ကလည်း မဝေးလှပါ။ ဂိတ်ပေါက်နှင့်အဆောင်ကြား တဝက်လောက်တွင် စစ်သား ၂ ဦး အပြေးလျှောက်၍ မိမိတို့နောက်လိုက်လာသည်။ သေနတ်တို့မပါ ဘက်နက်ကိုယ်စီးခါး၌ ချိတ်ထားသည်။ မိမိတို့အား တားပြီး "ခင်ဗျားတို့ကို ဆရာကြီးခေါ်နေတယ် လိုက်ခဲ့ပါ" ဟုဆိုသည်။ မိမိတို့လိုက်သွားတော့ ဂိတ်ပေါက်ဝနားက အဆောင် ရှေ့တွင် စစ်သားများကဝိုင်းထားသည်။ ဆရာကြီးဆိုသူက မိမိတို့အား ဘယ်ကလဲဟုမေးရာ ဆေးကျောင်းက အဆောင်ကဟု ဖြေလိုက်ရာ အော် ဆေးကျောင်းနှင့် ဆေးတပ်ဆိုသည်မှာ ညီအကိုတွေပါ ဘာညာ လေပြေထိုးပြီး ပြန်လွှတ်လိုက်သည်။ တကယ်တော့ ဤဂိတ်ပေါက်ကို ညဘက် အရပ်သားအသွားအလာမရှိပါ။ ဤဂိတ်ပေါက်ကဝင်လျှင် ဆေးတပ်အဆောင် များဆုံးသည်နှင့် မိမိတို့ အဆောင်ရောက်ပေရာ မသိစရာအကြောင်းမရှိ။ တမင်သက်သက်ပါဝါပြသည်ဟု ခံစားလိုက်ရသည်။

ဤအချင်းအရာများသည် ဆရာကြီးရွှေဥဒေါင်းပြောသကဲ့သို့ ရင်ထဲ၌ နက်နက်ရှိုင်းရှိုင်းပေါက်လာသော ဆူးများဖြစ်သည်။ ထိုဆူးများသည်ရင်ထဲ၌ အမြစ်တွယ်လာသည်။ အလားတူပင် တိုင်းရင်းသားဒေသများသို့ရောက်သောအခါ တိုင်းရင်းသား တို့၏ရင်ထဲ၌ အမြစ်တွယ်နေသောဆူးများစွာကို တွေ့ရသည်။

● ဆေးကျောင်းသူများ
အချို့သူများဆိုသကဲ့သို့ ဆေးကျောင်းသူဆိုသည်မှာ စာကြိုးစားသည့် မျက်မှန်ထူထူနှင့် ရှူနာရှိုက်ကုန်း မလှမပလေးများ ဖြစ်ကြသည်ဆိုသည်တော့ မမှန်ပါ။ မိမိသူငယ်ချင်း ဆေးကျောင်းသူလေးများသည် ငယ်ရုပ် ငယ်ဂုဏ်ငယ်သွေးနှင့် ချောမော လှပခဲ့ကြသူများဖြစ်သည်။ စာတွေကျက်ရသည်ကများ၍ သိပ်မပြင်မဆင်နိုင်ကြသော်လည်း သူချိန်သူ့ခါနှင့် ငယ်ရုပ်ဆင် တသွင်ဆန်းခဲ့ကြသူများဖြစ်သည်ဟု ဆိုရပါမည်။

မိမိတို့ကျောင်းသားတသိုက်၏ အစအနောက်မှစ၍ ပိုက်ဆံအချေးအငှားဒဏ်ပေါင်းစုံကို ခံခဲ့ရသည့် ကျောင်းသူများသည် အ တန်းဖေါ်များကို ခင်မင်ရင်းနှီးကြသကဲ့သို့ စာလည်းကြိုးစားကြသူများဖြစ်သဖြင့် အားလုံးလိုလို ဆရာဝန်ဖြစ်ကြသည်။ အထူးကု ဖြစ်သူဖြစ် ရိုးရိုးကုဖြစ်သူဖြစ် ဆေးဆိုင်ဖွင့်သူဖွင့် အစိုးရဝန်ထမ်းလုပ်သူလုပ် အပြင်အလုပ် လုပ်သူလုပ်ဖြင့် ငယ်သူငယ်ချင်းများနှင့်တွေ့ရင်တော့ ဖက်လဲတကင်းတရင်းတနှီးဖြင့် ပျော်ရွှင်လေ့ရှိသူများဖြစ်သည်။

မိမိတို့ကလည်းအစအနောက်သန်သည်။ သူတို့ငိုရလောက်အောင် စတတ်သူများဖြစ်သည်။ မိမိတို့အုပ်စုလိုက် စုစုစည်း စည်းနောက်ပြောင်၍ဆေးကျောင်းကို ခုံနံပါတ် ၁ နှင့်ဝင်လာသူ မော်လမြိုင်က စိန်စိန်ဆိုလျှင် ငိုယူရသည်။ မိမိမှာ အစ အနောက် သန်လွန်းသဖြင့် အတည်ပြောသည်ကိုပင် အတည်မယူ၍ ဒီတခါတော့ အတည်ပြောတာပါဟု ကြိမ်ဆိုခဲ့ရဖူးသည်။

မိမိကျောင်းရောက်ခါစက အိမ်ကပို့ပေးသော ၁၀၀ ကျပ်ကို လောက်ငအောင်သုံးစွဲခဲ့သော်လည်း နောက်ပိုင်းကျတော့ အ သုံးအစွဲကြီးလာ၍ မလောက်တော့ပေ။ ထိုအခါ အဆောင်ကြေး ကျောင်းလခများ မသွင်းဘဲသုံးသည်။ ပထမနှစ်ဆေးစာ မေးပွဲနီးလာတော့ ကျောင်းက စာထုတ်သည်။ အဆောင်ကြေး ကျောင်းလခကြွေးကျန်သူများအား ခုံနံပါတ်ထုတ်မပေး စာမေးပွဲဖြေဆိုခွင့်မရှိဟု ဆို၏။ မိမိလည်း ပျာယာခတ်တော့သည်။ အိမ်လည်း မတောင်းရဲသဖြင့် သူငယ်များထံမှ ချေးငှား ရတော့သည်။ ကိုစိုးအောင်၊ သိန်းမြင့်၊ မောင်မောင်ထွေးတို့ဆီက လက်ကျန်ပိုက်ဆံလေးများ တောင်းရသည်။ သူတို့လည်း အပိုအလျှံကြီးမဟုတ်ကြ။ ကိုစိုးအောင်လျှပ်စစ်မီးပူအား ကျောင်းနားက အိမ်အပေါင်ဆိုင်မှာ ပေါင်ရသည်။ ဒါလည်း မပြည့် နိုင်။ ထိုမီးပူလည်း ပြန်မရွေးနိုင်၍ ဆုံးသည်ထင်သည်။




နောက်ဆုံးတော့ ရှေ့မျက်နှာနောက်ထား၍ သူငယ်ချင်း မိန်းခလေးများထံ ရှေ့မျက်နှာနောက်ထား၍ ချေးငှားရန်ကြံရတော့ သည်။ ထို့ကြောင့်လည်း အကြံကုန် ဂဠုန်ဆားချက်ဟု ဆိုကြပုံရသည်။ သီတာဆောင်မှ အဆောင်သူများက ကျောင်းလာ တက်လျှင် ပြည်လမ်းမကိုဖြတ်၍ ပါချုပ်ရုံးဘေးကတဆင့် စာသင်ဆောင်အပြင် ကော်ရစ်ဒါမှလျှောက်၍လာကြသည်။ ထို့ ကြောင့် မိမိလည်း ထိုကော်ရစ်ဒါရှိ တိုင်တစ်တိုင်ကိုမှီ၍ ရပ်ရင်းသွားစောင့်သည်။ မိမိအကြံက သူငယ်ချင်းအဖေါ်မပါဘဲ တယောက်ထဲလာသည့်အထဲမှ မျက်မှန်းတမ်းမိသည့် ကျောင်းသူထံမှ ပိုက်ဆံချေးရန်ဖြစ်သည်။ အဖော်အပေါင်းလာက မျက်နှာပူ၍ မချေးငှားရဲပါ။

ထိုနေ့က ကံဆိုးသူက လှသိန်းအေးဖြစ်သည်။ သူကပုသိမ် အထက ၃ မှအောင်လာသူဖြစ်ပြီး April ဟုလည်း ခေါ်ကြသည်။ လှသိန်းအေးက ထိုနေ့က တယောက်ထဲကျောင်းလာသည်။ ထိုခေတ်ကစတိုင် ထမီတိုတိုဝတ်၍ ဆတ်တောက်တောက်နှင့်လမ်းလျှောက်လာသည်ကို ခပ်လှမ်းလှမ်းက တွေ့နေရသည်။ သူမက ဆံပင်တိုတို လမ်းလျှောက်လျှင် ရှေ့ကြည့်လျှောက် လေ့မရှိ။ ခေါင်းလေးငဲ့ ငုံ့၍လျှောက်သည်။ ခလုတ်တိုက်မိမှာ စိုးဟန်တူသည်။ အနားရောက်တော့ မိမိက

"လှသိန်းအေး ခဏလောက်" ဆိုတော့ "ဘာလဲ" ဟု သံပြတ်နှင့်ပြန်ထူးသည်။ "ငါ့ကို ပိုက်ဆံ အစိတ်လောက်ချေးစမ်းပါဟယ်" ဆိုတော့ မိမိအား တချက်ငဲ့ကြည့်ပြီး "အေး" ဟု တခွန်းဆိုကာ ထွက်သွား သည်။ မိမိလည်း စာမေးပွဲကြေးသွင်းနိုင်တော့မည်ဟုဆိုကာ ပျော်၍ ကျန်နေခဲ့သည်။ နောက်တနေ့ ကျောင်းလာတော့ သူမနား မယောင်မလည်လုပ်နေပေမဲ့ ပိုက်ဆံကမပေး။ သို့နှင့် ညနေအတန်းတွေပြန်စတော့လည်း တုတ်တုတ်မလှုပ်။ မိမိကတော့ ကိုယ့်အပူနှင့်ကိုယ် ဗလောင်ဆူနေပြီ။ နောက် ဆုံးရက်မှ မသွင်းနိုင်လျှင် စာမေးပွဲဖြေခွင့်ရတော့မည်မဟုတ်။

ညနေလက်တွေ့ချိန်ကျတော့ မိုက်ခရိုစကုပ် တခုနှင့်အလုပ်ရှုပ်နေသောသူမနားသို့ မယောင်မလည်သွားမေးရသည်။ "ဟဲ့ လှသိန်းအေး ပိုက်ဆံမပေးသေးဘူးလား" ဟု အရဲစွန့်မေးရတော့သည်။ သူမက မိမိအားတချက်လှည့်ကြည့်ပြီး "မောင် မောင်စိုး နင်တကယ်ပြောနေတာလား နောက်နေတာလား" ဟု ဆိုလေ၏။ မိမိလည်း စိတ်ထဲ၌ သေဟနန္ဒိယဟုသာ အော်မိ တော့သည်။ မိမိတို့တတွေ အစအနောက်ကသန်လွန်းတော့ မျက်နှာသေလေးနှင့် ပိုက်ဆံချေးတာတောင် နောက်နေသည်ဟု အထင်ခံရသည့်ဘဝဖြစ်သည်။ နောက်တော့ တကယ်ချေးနေမှန်းသိတော့ နောက်တနေ့ ယူလာပေးရှာပါသည်။

သူမပိုက်ဆံ မိမိပြန်မဆပ်နိုင်ခဲ့ပါ။ သူမနှင့် နောင် အနှစ် ၄၀ ခန့်ကြာမှ ပြန်လည်ဆုံဖြစ်သည်။ ထိုအချိန်တွင်တော့ သူမသည် ဘိလပ်ပြန် မီးယပ်သားဖွား အထူးကုဆရာဝန်မကြီးဖြစ်နေပေပြီ။ SSC ဆေးရုံတွင်လုပ်နေပြီး တရားဓမ္မနှင့်ပျော်မွေ့နေသည်ဟုသိရသည်။ ဤသို့ နှစ်လိုခင်မင်ဖွယ် သူငယ်ချင်းများနှင့် ဆုံဆည်းခဲ့ရသည့် ကျောင်းတော်ကြီးကား လွမ်းစရာပင်ဖြစ်ပေ တော့သည်။

မိမိအဖွားသည် ညဘက်ကကောင်းမွန်စွာ အိပ်စက်သွားပြီး နောက်တနေ့နံနက်တွင် နိုးထမလာနိုင်တော့ဘဲ သေဆုံးသွားခဲ့ ဘူးပါသည်။  မိမိတို့ကား နောက်တနေ့မနက် နိုးထလိမ့်ဦးမည်ဆိုသော ယုံကြည်မှုအပြည့်နှင့် အိပ်ယာဝင်ခဲ့ကြပြီး နေ့ပေါင်း များစွာကို ရင်ဆိုင်ဖြတ်သန်းဆဲဟု ဆိုရပါမည်။

ဆက်လက်ဖေါ်ပြပါမည်။
Mg Mg Soe (မောင်မောင်စိုး)
photo credit U Hla Oo