စစ်အစိုးရလက်ထက် မတရားဖမ်းဆီးခံရမှုများကို ဓမ္မ၀ိဟာရီဆရာတော်ဦးဥာဏ (ခ) မိုးပြာဆရာတော်က ရှင်းလင်းမိန့်ကြား





စစ်အစိုးရလက်ထက် မတရားဖမ်းဆီးခံရမှုများကို ဓမ္မ၀ိဟာရီဆရာတော်ဦးဥာဏ (ခ) မိုးပြာဆရာတော်က ရှင်းလင်းမိန့်ကြား
ကျော်ခိုင်အောင်၊ မိုးမခ၊ သြဂုတ် ၃၁၊ ၂၀၁၆


ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာကို ထူထောင်သူဖြစ်တဲ့ မိုးပြာဆရာတော် ဓမ္မ၀ိဟာရီဆရာတော်ဦးဥာဏဟာ ဗုဒ္ဓဟောပြောချက် အရိယသစ္စာတရား နဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ဟောပြောရေးသားမှုကြောင့် ယခင် စစ်အစိုးရလက်ထက်က ပုဒ်မတွေအမျိုးမျိုးတပ်၊ ဖမ်းဆီးခံရတာ တွေနဲ့ ပတ်သက်ပြီး ဆရာတော်သီတင်းသုံးရာ ပဲခူးမြို့ ဇလက်ထော်ဆည် အနောက်တောင်စောင်း စခန်းမှာ သြဂုတ် ၂၇ ရက် နံက်ပိုင်းက မိန့်ကြားခဲ့ကြောင်း သတင်းရရှိပါတယ်။

ဆရာတော်ဦးဥာဏဟာ ပထမအကြိမ် ၁၉၈၃ ခုနှစ် မဆလခေတ်မှာ ထောင် ၃ နှစ်ချခံရပါတယ်။ ပုဒ်မတွေက ၂၉၅ နဲ့ ၀ိနည်းဓမ္မကံ ကာကွယ် ရေးပုဒ်မ ၉ တို့ဖြစ်ပါတယ်။ ဒုတိယအကြိမ် ၁၉၉၁ ခုနှစ်မှာ စစ်ခုံရုံးကနေ ပုဒ်မ ၅(ည)နဲ့ ထောင်(၁၀)နှစ် ချခံရပါတယ်။ တတိယအကြိမ် ၂၀၁၀ ခုနှစ်မှာ ဦးသိန်းစိန်အစိုးရက ထောင်ဒဏ်(၂၀)နှစ် မတရားအချခံရတဲ့အပြင် ပုဒ်မတွေက (၆)ခုဖြစ်ပါတယ်။ ပုဒ်မ ၂၉၅၊ ၂၉၅(က) ၊ ၀ိနည်းဓမ္မ ကံ ပုဒ်မ(၁၈) ၊ သံဃာဖွဲ့စည်းပုံပုဒ်မ ၁၂၊၁၃ ၊ အသင်းအဖွဲ့ ပုဒ်မ(၆)တို့ ဖြစ်ကြပြီး နိုင်ငံတော် ဓမ္မအဓမ္မ ၀ိနိစ္ဆယက ဓမ္မ၀ိဟာရီ ရေးချွတ်ဟော ပြောချက်များကို အဓမ္မအဖြစ် ၂၀၁၂ ခုနှစ်မှာ ဆုံးဖြတ်ကြပါတယ်။ ဆရာတော်ရဲ့ဒကာ၊ ဒကာမ၊ ဂေါပကတွေထံမှ ဂရုဘဏ္ဍာ၊ လဟုဘဏ္ဍာ အကုန်သိမ်းပါတယ်။ အလှူငွေသိန်း(၂၀၀)ကျော်၊ ရန်ကုန်မြောက်ဥက္ကလာပ မိုးပြာခြံ၊ ပဲခူး(၁၀)မိုင်ကုန်း သဲဖြူ ကျောင်း အရိယဥယျာဉ်ခြံ မန္တလေးမြို့ ရန်ကင်းတောင်ခြေ မိုးပြာခြံတို့ကိုပါ သိမ်းဆည်း ချိတ်ပိတ်ခံထားရကြောင်း မိန့်ကြားပါတယ်။

ဓမ္မ၀ိဟာရီဆရာတော်က ဆက်လက် မိန့်ကြားရာမှာ “ဒီပုဒ်မတွေအားလုံးဟာ ဓမ္မ၀ိဟာရီနဲ့ ပုဒ်မတစ်ခုမှ အငြိအစွန်းမရှိတာတွေချည်း ဖြစ်ပါတယ်။ အဲဒါကို ကျဉ်းကျဉ်းရှင်းပါမယ်။ ဓမ္မ၀ိဟာရီကိုချတဲ့ ၂၉၅၊ ၂၉၅(က) နှစ်ကြိမ်ဟာ ပစ္စုပ္ပန်ကံတရားကို ပစ္စုပ္ပန်ကံတရား နာကြသူ ပရိသတ်မှာ ဟောခြင်းဖြစ်လို့ ထေရ၀ါဒ သာသနာညိုးနွမ်းအောင်နဲ့ ပုတ်ခတ်တာလုပ်ခြင်းမဟုတ်လို့ အဲဒီပုဒ်မနဲ့ မငြိပါဘူး။ ၀ိနည်းဓမ္မကံ ကာကွယ်မှုပုဒ်မ ၉ ကတော့ ဗဟိုတရားရုံးက ထောင်ချခံပြီးမှ အနိုင်ပေးခံ ရတဲ့အတွက် မငြိတာထင်ရှားပါတယ်။ ၀ိနည်းနဲ့ပုဒ်မ ၁၀ ၊ သံဃာ့ ဖွဲ့စည်းပုံနဲ့ ပုဒ်မ ၁၂၊ ၁၃ ပေါင်းတဲ့ ပုဒ်မ(၃)ခုဟာ ထေရ၀ါဒအတွင်းမှာ ရှိကြ သူတွေသာ ငြိစွန်းလို့ရတဲ့ ပုဒ်မ ၃ ခုဖြစ်တဲ့အတွက် ထေရ၀ါဒက နှုတ်ထွက်ထားသူ ဖြစ် လို့ ဓမ္မ၀ိဟာရီနဲ့မငြိစွန်းတဲ့ ပုဒ်မ(၃)ခုဖြစ်ပါတယ်။

စစ်ခုံရုံးက ၁၉၉၁ ခုနှစ်ကချတဲ့ ၅(ည)ပုဒ်မဟာလဲ ဓမ္မ၀ိဟာရီနဲ့ မငြိတဲ့ပုဒ်မပါပဲ။ ဓမ္မ၀ိဟာရီဟာ ၁၉၈၆ ခုနှစ်က မြန်မာ့ဗဟို တရားရုံးက ဓမ္မ ၀ိဟာရီအဖြစ်နေတာဟာ တရားဝင်တယ်လို့ ဆုံးဖြတ်ခံထားပြီးဖြစ်လို့နဲ့ ၁၉၇၄ ခုနှစ် အခြေခံဥပဒေကခွင့်ပြုလို့ တရားဝင် နေထိုင်နေတာဖြစ် တယ်၊ ဒီလို တရားဝင်နေထိုင်နေသူကို မတရားနေထိုင်မှု၅(ည)ပုဒ်မနဲ့ အရေးယူတာဟာ ပုဒ်မနဲ့မငြိဘဲ အရေးယူခံရတာ ဖြစ်ပါတယ်။

အသင်းအဖွဲ့ပုဒ်မ(၆)မှာ ဘာသာရေးအဖွဲ့အစည်းနဲ့မဆိုင်စေရလို့ ဆိုထားတဲ့ပုဒ်မ၊ ဓမ္မ၀ါဟာရီရဲ့ ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာအဖွဲ့ဟာ အသင်း အဖွဲ့ ပုဒ်မ(၆)နဲ့ အကျွမ်းမ၀င်သောကြောင့် ဓမ္မ၀ိဟာရီနဲ့မငြိတဲ့ ပုဒ်မဖြစ်ပါတယ်။ ခုချိန်မှာ ဒီပုဒ်မဟာ ရုပ်သိမ်းပြီးဖြစ်ပါတယ်။ ဒီပုဒ်မဟာ ရုပ်သိမ်းပြီးဖြစ်ပေမဲ့ ဒီပုဒ်မနဲ့နွယ်တဲ့ ပစ္စည်းသိမ်းမှုတွေကိုတော့ ပြန်ပေးတာ မတွေ့ရသေးပါဘူး။

ဓမ္မ၀ိဟာရီဟာ လောကကြီးအတွက် ထင်သာမြင်သာရှိရှိအဖိုးထိုက်တန်တဲ့ အရိယတရားကို အမြင်ပေါက်ထားပါတယ်။ အဲဒါကို လူ့လောက အား ပေးကမ်းချင်ပါတယ်။ ပေးကမ်းဖို့ ဘုရားတပည့်တော်အဖြစ်လည်း နေထိုင်နေပါတယ်။ အရိယတရားနဲ့ သွေဖည်တဲ့ ပြောမှုပြုမှုနေမှု လည်း ဘာမှမလုပ်ဆောင်ပါဘူး။ လူကို အကျဉ်းချ၊ ပစ္စည်းပစ္စယ အကုန်သိမ်း၊ သဘောတရားဖျက်ဆီးလုပ်ကြတာဟာ ဓမ္မ၀ိဟာရီအတွက် မင်းမဲ့တိုင်းပြည်မှာ ဒါမှမဟုတ် ဥပဒေမစိုးမိုးတဲ့တိုင်းပြည်မှာနေနေရသလို ဖြစ်ပါတယ်။

အခုချိန်မှာ အကျဉ်းအလီလီက လွတ်ပြီးဖြစ်ပေမဲ့ အသိမ်းဆည်းခံထားရတာတွေကိုပြန်ပေးဖို့ အာဏာရှင်မဟုတ်တော့တဲ့ အစိုးရဆီတောင်း ထားပေမဲ့ ဒီနေ့အထိ ဘာတစ်ခုမှပြန်မရသေးပါဘူး။ အသိမ်းအဆည်းခံ ကျောင်းကန်နဲ့ ဓနဥစ္စာတွေဟာ ဓမ္မ၀ိဟာရီ သုံးနေပေမဲ့ ဓမ္မ၀ိဟာရီပိုင် တွေမဟုတ်ဘဲ ဓမ္မ၀ိဟာရီလည်းသုံးဖို့ မဟုတ်တော့ဘဲ ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာတွေရဲ့ သူတို့အသိအမြင် ယဉ်ကျေးမှု လိမ္မာရေးခြားအတွက် အသုံးချကြရမှာတွေဖြစ်ပါတယ်။ ဒါတွေဟာ လောကကြီး ငြိမ်းချမ်းရာ ငြိမ်းချမ်းကြောင်းမှာ အုတ် တစ်ချပ် သဲတစ်ပွင့်အဖြစ် အသုံးချသွားကြ ရမှာတွေဖြစ်ပါတယ်။


သူများကိုမယုံကြည်လို့ ကိုယ့်လမ်းကိုယ်သွားတဲ့သူကို မှားတယ်ထင်ရင် တရားနဲ့တားပေါ့။ တရားနဲ့တားစရာမရှိဘဲ မှားတယ် ထင်လို့ မတရား နဲ့ တားတာဟာ မှားတာဖြစ်ကြောင်း သက်သေပြုပေးနိုင်ဖို့ပါပဲ။

ဓမ္မ၀ိဟာရီဟာ ထေရ၀ါဒရဟန်း မဟုတ်သဖြင့် ရဟန်းများ ဂိုဏ်းခွဲတားချက်နဲ့လည်း လွတ်လပ်သူ ဖြစ်ပါတယ်။

ဒီလိုဖြစ်ပေမယ့် ထေရ၀ါဒဆည်းကပ်ကြသော အာဏာရှင်အဆင့်ဆင့်ဟာ ဓမ္မ၀ိဟာရီကို ပစ္စုပ္ပုန်ကမ္မ၀ါဒဗုဒ္ဓဘာသာ ဓမ္မ၀ိဟာရီ လုပ်မှုဖြင့် အကြိမ်ကြိမ် ထောင်သွင်းအကျဉ်းချ ရဲဘက်ပို့တာ လုပ်ခဲ့ကြပါတယ်။ ဒါတွေအားလုံးဟာ အာဏာရှင် ဆရာဒကာတို့ရဲ့ ဓမ္မ၀ိဟာရီတို့အပေါ် တရားမဲ့စွာပြုလုပ်မှုများဖြစ်ကြောင်း ပြည်သူအများနဲ့ ကမ္ဘာလောကကို အသိပေးဖို့ ရှင်းပြရခြင်းဖြစ်ပါတယ်။

နိဂုံးချုပ်အဖြစ် ဓမ္မ၀ိဟာရီက လူသားလောကတစ်ခုလုံးကို ရှင်းပြလိုတာဟာ ဓမ္မ၀ိဟာရီခံရသမျှ ပြစ်ဒဏ်အမျိုးမျိုးဟာ ဓမ္မ၀ိဟာရီဆရာတော် အနေနဲ့ အမှားပြုလုပ်မှု တစုံတခုကြောင့်မျှမဟုတ်ဘဲ အပြစ်ပြုကြသူများ ချွတ်ယွင်းမှုကြောင့်ချည်း ဖြစ်တယ်လို့ ဓမ္မ၀ိဟာရီက အသိအမှတ်ပြု ထားကြောင်းပဲ ဖြစ်ပါတယ်။”

ကျော်ခိုင်အောင် (၂၈.၈.၂၀၁၆)