မင်းကိုနိုင် ● မရေးချင်တော့တဲ့ ဒိုင်ယာရီ

မင်းကိုနိုင် ● မရေးချင်တော့တဲ့ ဒိုင်ယာရီ
(မိုးမခ) သြဂတ်စ် ၃၁၊ ၂၀၁၆

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

ဖားကန့်မှ အထက်တန်းကျောင်းသူ မဂျာဆိုင်းအိမ်၊ ကျောင်းက အိမ်အပြန်၊ လမ်းတွင် သေနတ်သံများကြား လဲကျ၊ အသက် ဆုံးသွားရ။ နောက်ဘ၀များတိုင် သူ့စိတ်ထဲ ကျောင်းသွားလျှင်သေနတ်မှန် သေတတ်သည်ဟုများ စွဲမှတ်သွားလေမည်လား။
*-*-*-

ဗန်းမော်မန်ဝိန်းကြီးလမ်းနံဘေး “စိန့်ပက်ထရစ်”ဘုရားကျောင်းနံဘေး၊ ဆမ်မိုင်အမည်ရှိ (၁၄) နှစ်အရွယ် (၇) တန်းကျောင်း သားလေး။ ရေခဲအောင်ချမ်းလွန်း၍ အနွေးထည်လိုချင်၊ တောထဲမှာ သစ်ခွရိုင်းတစ်မျိုး တစ်ပိဿာ ခုနှစ်သောင်း ပေးဝယ် သူရှိ။ အနွေးထည်ဝယ်ရန် သစ်ခွခူးရောင်းဖို့တောထဲသွား အုန်းခနဲ့ မြောက်တက်သွားပြီး နားတွေ ကန်းကုန်။ သတိရလာတော့ ခြေတစ်ဖက်မရှိတော့။
-*-*-*

ရှမ်း/မြောက်ဒေသ ဟိုက်ပါ-၀မ်ဟိုင်းက စစ်ရှောင်စခန်းရှိ ကလေးများထံပို့ရန် ကစားစရာအရုပ်များ အလှူခံ၊ ကလေးမလေး တစ်ဦးက သူ့မောင်လေးယူလာသည့် ကစားစရာသေနတ်ကို တွေ့သော်ထိတ်ထိတ်ပြာပြာ အိတ်ထဲပြန်ထည့်ရင်း သူ့မောင် လေးကိုပြော “တခြားအရုပ်တွေပဲပေး၊ သေနတ်တော့မပေးပါနဲ့ မောင်လေးရယ်”
*-*-*-

ဟိုက်ပါ-၀မ်ဟိုင်းမှ စစ်ရှောင်ကလေးတွေ၊ လက်ဆောင်အရုပ်တွေရသွားလို့ ပျော်နေကြ၊ သူတို့အတွက် အားပေးတဲ့စာ၊ မိတ် ဖွဲ့စာတွေတွေ့လို့ ၀မ်းသာနေကြ။ ဘယ်ကလာပို့တာလဲမေး။ ရန်ကုန်ကလို့ ဖြေတော့ “ရန်ကုန်မှာ စစ်မတိုက်ကြဘူးလား” လို့ ထပ်မေး။
-*-*-*

ပြည်မ,မြို့ကြီးပေါ်က ကလေးတွေက ရေးတဲ့စာထဲမှာ “စိတ်ဓာတ်မကျနဲ့ သူငယ်ချင်း၊ ငါတို့အရုပ်လေးတွေဖက်အိပ်ပြီး အိပ် မက်ထဲမှာ မိသားစုနဲ့ ပျော်ရွှင်ပါစေ၊ အိမ်ကိုအမြန်ဆုံးပြန် ကျောင်းတက်နိုင်ပါစေ” တဲ့။ စစ်ဘေးရှောင်စခန်းက ကလေးက ပြန်ရေး “ကျေးဇူးတင်ပါတယ် .. ငါလည်း ကျောင်းတက်ချင်တယ်”
*-*-*-

“သူငယ်ချင်းရေ အရမ်းချမ်းနေသလား။ ငါ့အနွေးထည်ထည့်ပေးလိုက်တယ်။ မချမ်းပါနှင့်တော့ကွာ တက္ကသိုလ်ရောက်ရင် တွေ့မယ်နော်” ဘုန်းထွဋ်ခေါင် (ပြည့်လျှံဖြိုး) တတိယတန်း (H)၊ အထက (၁) ဒဂုံ

သူငယ်ချင်း ဘုန်းထွဋ်ခေါင် “မင်းပေးတဲ့လက်ဆောင် ငါရပါတယ်။ ကျေးဇူးတင်ပါတယ်ကွာ၊ တက္ကသိုလ်ရောက်ရင် တွေ့ မယ်နော်။ ”

- စိုင်းဆိုင်လီ
မူလွန်၊ ဟိုက်ပါကျေးရွာ။
-*-*-*

လုံးခင်းရှိ စစ်ဘေးရှောင်စခန်းကလေးတွေ အစာစားနေ။ပြောင်းကြမ်းကို ဓားနဲ့ခြစ် ပြုတ်ရည်ကျဲကျဲ ကလေးတစ်ယောက်က သောက်နေရင်း မော့ကြည့်။ သူ့မျက်လုံးတွေက အရောင်မတောက်။
*-*-*-

ကလေးနို့တိုက်နေ တိုင်းရင်းသူတစ်ယောက်ကိုမေး - “အိမ်မပြန်ချင်ဘူးလား” “ပြန်ချင်တာပေါ့၊ သူတို့ ခဏခဏ ရန်ဖြစ်တယ် လေ၊ ကြောက်စရာကြီး။ သေကြတယ်၊ မီးလောင်ကုန်တယ်လေ၊ ရန်မဖြစ်ဖို့ ပြောပေးလို့ရမလား” တဲ့။
-*-*-*

တော့ဆန်ကျေးရွာအုပ်စုအားလုံး ကျောက်မဲကို ထွက်ပြေးလာကြ။ ညဘက်မီးရောင်မြင်ရင် ပစ်မှာစိုးလို့ ထော်လာဂျီကို မီးမှိတ်မောင်းတော့ ချောက်ထဲထိုးကျပြန်။ ကျောက်မဲကဘုရားရင်ပြင်ပေါ် စာကျက်နေတဲ့ကလေးတွေ ဆယ်တန်းက ဘယ်မှာဖြေရမှန်းမသိ။

“တော့ဆန်” အထကမှ ဆရာ/ဆရာမတွေ ထွက်မပြေးဘဲ တပည့်တွေနဲ့ အတူလိုက်လာ စစ်ရှောင်ဇရပ်တွေမှာပဲ စာသင် ပေးနေ။ ကျောက်မဲစာစစ်ဌာနစာရင်းထဲ သူတို့ကို ထည့်ပေးလို့ရမလား။ မရေရာလှတဲ့အခြေအနေမှာ ကလေးတစ် ယောက် လွှတ်ခနဲမေး။ “စာမေးပွဲပြီးမှ စစ်တိုက်လို့မရဘူးလား”
*-*-*-

ဖားကန့်မှာ ညရောက်တော့ တစ်မြို့လုံး အိမ်ရှေ့လမ်းတွေပေါ် ရောက်နေကြတာတွေ့ရ။ လူတွေသာမက ခွေးကလေး၊ ကြောင်ကလေးတွေပါ ထွက်လာနေကြ။

“အခုမှ တိုက်ပွဲရပ်သွားတာကိုး အရင်ရက်တွေက အိမ်ထဲမှာပဲ ပုန်းနေကြတာလေ၊ အခုမှ အသက်၀၀ ရှူနိုင်တာကိုး” ဟု တစ်ယောက်က ရှင်းပြ။

ကလေးတွေလည်း ခုမှ လမ်းပေါ်ပြေးလွှားကစားခွင့်ရ၍ ပျော်နေကြဟန် ကလေးတစ်ယောက်က ဘောင်းဘီလေးမ,တင်ရင်း ငြင်း.. “ဟေ့အေး... စစ်တိုက်တမ်းတော့ မကစားဘူးကောင်ရေ့”

- #မင်းကိုနိုင်
[ယနေ့ထုတ် ကြေးမုံသတင်းစာပါ ဆောင်းပါးမှ]