ဂျော်ဒီး ● ဝန်းရံမှုကြောင့် နံရတယ်


ဂျော်ဒီး ● ဝန်းရံမှုကြောင့် နံရတယ်
(မိုးမခ) စက်တင်ဘာ ၂၈၊ ၂ဝ၁၆

ဒီမိုးနဲ့အတူ ဒီရေစီးထဲမှာ ဒီအမှိုက်တွေက  ပေါလောပေါလော။ အဆိုးဆုံးကား ကြွပ်ကြွပ်အိတ်အမှိုက်များပင်။ ကြွပ်ကြွပ် အိတ်အမှိုက်များကား မီးပုံရှို့လို့လည်း မရ။ တခြားအမှိုက်များလို လွယ်လွယ်နှင့်လည်း  မဆွေးမြေ့နိုင်။ ကမ္ဘာကြီးအတွက် အနိမ့်ဆုံး မြေဆီလွှာအဖြစ် တောင်ပြန်အသုံးမဝင်သည့်အပြင် မြေဆီလွှာကို ပျက်စီးစေမည့်အန္တရာယ်နှင့် လူသားတွေကို ခြိမ်းခြောက်လိုက်သေးသည်.။ ပြန်လည်အသုံးပြုဖို့ကလည်း သံသရာမဆုံးနိုင်။ အသုံးသာမကျတာ ဒီမိုး ဒီရေစီးထဲမှာတော့ ဒီပေါ့သွပ်သွပ်ကြွပ်ကြွပ်အိတ်အမှိုက်များကသာ. နေရာတကာ ပေါလောပေါလောနိုင်လှသည်။ ရေမြောင်းများကို ရေစီးရေလာပျက်အောင်ပိတ်ဆိုင်းတစ်ဆို့ထားကြသည်။ သဘာဝပတ်ဝန်းကျင်ကို ရုပ်ဆိုးအကျည်းတန်နေစေလေသည်။

သံလွင်သစ်ခက်ရွာသူကြီး ကွီးလွန်းတယောက်သက်ပြင်းအခါခါချရင်း ဘယ်မာန်နတ် ဆိုးတွေကများ ဒီကြွပ်ကြွပ်အိတ်အမှိုက် တွေဟာ သူ့ရွာမြေပေါ်မှာ ဒီလောက်ပေါလာရပါလိမ့်လို့ တွေးရင်း ဒင်းတို့ကို မေတ္တာပို့မိသည်။

သူ့ရွာမြေပေါ်မှ ဒီလို ပေါ့သွပ်သွပ် ကြွပ်ကြွပ်အိတ်အမှိုက်တွေကို အမြန်ဆုံးဖယ်ရှားပစ်ချင်သည်။ သူ၏ သံလွင်သစ်ခက်ရွာ ကလေးကို ကြွပ်ကြွပ်အိတ်အမှိုက်ကင်းစင်သော ရွာကလေးအဖြစ် အမြန်ပြန်လည်တည်ဆောက်လိုသည်။

ဒါမှ နောင်အနာဂတ်ကာလမှာ သူချစ်သောကလေးများအတွက် သန့်ရှင်းသာယာသော ငြိမ်းချမ်းသော သံလွင်သစ်ခက်ရွာကလေးကျန်ခဲ့မည်မဟုတ်ပါလား။ ဒီတော့ ဒီကိစ္စအတွက်သူ့ရွာသားတွေနှင့် စုဝေးကာတိုင်ပင်ကြသည်။ ဝိုင်းဝန်းစဉ်းစားကြ ရင်း အိမ်နီးချင်းမိုးမခရွာရဲ့အခြေအနေကတော့ မဆိုးဘူးလို့ကြားသိရသဖြင့် ကွီးလွန်းဦးဆောင်ကာ မိုးမခရွာ၏ ကြွပ်ကြွပ်အိတ်အမှိုက်ကင်းစင်ရေးဆောင်ရွက်နေပုံများကို တစေ့တစောင်းလေ့လာရန် ထွက်ခဲ့ကြလေသည်။
+++

မိုးမခရွာထိပ်သို့ဝင်သည်နှင့် မိုးမခရွာသူကြီး ကွီးရစ်တယောက်မှိုင်တွေချကာ ထိုင်နေသည်ကိုတွေ့ရာ “ကွီးရစ်...ဘာဖြစ်လို့ မှိုင်နေတာလဲဗျ။ ကျုပ်တို့ သံလွင်သစ်ခက်ရွာသားတွေ လေ့လာရေးလာတာဗျ” ဟု ပဋိသန္ဓာရစကားဆိုကာ လာရင်းကိစ္စကို ပြောပြလိုက်လေရာ မိုးမခရွာလူကြီးကွီးရစ်ခမျာ သူ့ရင်ဘတ်ကို သူဖိရင်း  ခိုတကောင်ကဲ့သို့ ဒရစပ်ညည်းညူလေသည်။

“ဟာ.. ကျနော်တို့ရွာမှာလည်း.. ဒီပေါ့သွပ်သွပ်ကြွပ်ကြွပ်အိတ်အမှိုက်တွေနဲ့ပဲ.. ရေမြောင်းတွေပိတ်၊ နောက်ဖေးလမ်းကြား တွေမှာ ရှုမကောင်း မြင်မကောင်းဖြစ်နေလို့ ပြဿနာတက်နေတာဗျ။ ရွာစည်ပင်သာယာရေးကော်မတီက ဒေါ်သန်းမြင့် အောင်တောင် ရှောင်လင်သိုင်းတတ်ထားလို့သာပေါ့။ နောက်ဖေးလမ်းကြားတွေကို ရှောင်တခင်စစ်ဆေးတုန်း တိုက်ပေါ်က နေ လျှပ်တပြက်ခြုံခို ပစ်ချလိုက်တဲ့ ကြွပ်ကြွပ်အိတ်အမှိုက်ထုပ်ကြီးနဲ့ ကံသီလို့အလွဲကြီး လွဲခဲ့ရတာပါဗျာ..”

ကွီးလွန်း။   ။“ဟာ..ဒါဆို  တို့စုပေါင်းဖြေရှင်းမှရမယ်ကွ၊ ဒါနဲ့တခြားရွာသားတွေက ဘယ်တွေရောက်ကုန်ကြသတုန်း”
ကွီးရစ်။ ။ “မိုးမခရွာသားတချို့ က  ကြွပ်ကြွပ်အိတ်အမှိုက်တွေဖြစ်ကုန်ကြတယ်ဗျာ”

ကွီးလွန်း။ ။ ဟာ...ဘယ်လို..ဘယ်လို..
ကွီးရစ်။ ။ ခင်ဗျားမကြားလိုက်ဖူးလား..။ ကျနော်တို့ရွာလုံးကျွတ် ရွေးကောက်ပွဲကြီး ပြီးတုန်းက ရွာလုံးကျွတ် အမှိုက်ကောက်ပွဲတော်တွေတောင်...ခြိမ့်ခြိမ့်သည်းသည်းလုပ်ကြသေးတယ်လေ။ အဲဒီမှာ တချို့ ကလည်း  ခါတော်မီ အလုအယက်ကြွပ်ကြွပ် အိပ်အမှိုက်တွေလိုက်ကောက်ရင်း ကြွပ်ကြွပ်အိတ်အမှိုက်တွေမှာပါတဲ့ ရောဂါပိုးတမျိုးကြောင့် ကိုယ်ခံအားနည်းသူတွေခမျာ ကြွပ်ကြွပ်အိတ်အမှိုက်တွေ  ဖြစ်ကုန်ရတာတဲ့။ ဒီကိစ္စက အန္တရာယ်မသေးဘူးဗျ။ ကျနော်တို့တွေအားလုံးဝိုင်းဝန်းပြီး ကာ ကွယ်ရမယ်၊ ကြွပ်ကြွပ်အိတ်အမှိုက်မဖြစ်သေးတဲ့ ဖြစ်လတံ့ရှိတဲ့သူတွေကို ကိုယ့်လူတွေကို ခံနိုင်ရည်စွမ်းအားမြှင့်ပညာပေးတာတွေ အမြန်လုပ်မှရမယ်ဗျ”

ကွီးလွန်း။  ။“ဟေ…မင်းတို့ မိုးမခရွာသားတွေက တို့သံလွင်သစ်ခက်ရွာသားတွေထက်တောင် ပိုဆိုးနေပါရော့လား။ လူစင် စစ်ကနေ..ကြွပ်ကြွပ်အိတ်အမှိုက်တွေတောင် ဖြစ်ကုန်ရတယ်လို့ကွာ”

ထိုစဉ် မိုးမခရွာလယ်လမ်းတလျှောက်တွင် ကြွပ်ကြွပ်အိတ်အမှိုက်များသည် တိမ်တိုက်များပမာ အလုံးအရင်းလိုက်ကြီး လေ နှင့်အတူ လွင့်လာသည်ကို မြင်လိုက်ရသည်။

“ ဟာ..ကွီးလွန်းရေ…ပြောရင်းဆိုရင်း ဟိုမှာ ကြွပ်ကြွပ်အိတ်အမှိုက်လှံးကြီးတွေ လွင့်လာတယ်။ လောလောဆည်ဆည်တော့ ဘေးကို ခဏကပ်ရှောင်နေကြဗျို့။ သူတို့က လူမှန်း သူမှန်း အသိစိတ်ရှိတော့တာမဟုတ်ဘူး။ လေတိုက်တိုင်း လွင့်တတ်တဲ့ ကြွပ်ကြွပ်အိတ်အမှိုက်စိတ်တွေဝင်နေတဲ့ အမှိုက်လုံးကြီးတွေဖြစ်နေပြီဗျ”

“အေးကွ..ဟေ့ကောင်တွေ..ဝပ်နေကြ..ဝပ်နေကြ။ သစ်ပင်ကြီးကြီးနံဘေး ကပ်တဲ့သူက ကပ်နေကွ”

ကွီးလွန်းနှင့် ကွီးရစ်တို့မှာ ကိုယ့်လူကိုယ်သတိပေးရင်း သစ်ပင်အကွယ်မှနေ၍ ကြွပ်ကြွပ်အိတ် အမှိုက်လုံးကြီးများ ရွေ့လာ သည်ကိုကြည့်နေကြစဉ် ကြွပ်ကြွပ်အိတ်အမှိုက်လုံးကြီးများထံမှ သူတို့အမှိုက်ချင်းချင်းအား ဆော်သြရင်း မိုးမွှန်အောင်ဆဲ ဆိုနေသံများကို အော့နှလုံးနာစရာ ကြားလိုက်ရသည်။

“အမှိုက်အပေါင်းတို့  ချီတက်ကြ..။ တို့ခေါင်းဆောင်ပုံကို  မလှမပဆွဲခဲ့တဲ့ ပန်းချီဆရာကြီးကိုတော့ ဆဲဆို တိုက်ခိုက်ခဲ့ကြပြီးပြီ။ နောက်ထပ် ဦးခင်မောင်ရင်ဆိုတဲ့ ဗိသုကာပန်းချီဆရာကြီးတယောက်ရှိသေးတယ်လို့ ကြားတယ်။ သူ့ကိုဆက်လက် ရှာဖွေ တိုက်ခိုက်ရမယ်။ သူလည်း တို့ရွာလူထု ခေါင်းဆောင်ပုံတွေကိုဆွဲရင် ပိန်ပိန်ရှုံ့ရှုံ့လူမမာရုပ်ပေါက်အောင် အမြဲဆွဲတယ်။ ဒါ..တို့ခေါင်းဆောင်ကိုအလှပျက်စေတယ်။ ဘာ ကျုဘစ်ဇင်လဲ။ ဘာ..မော်ဒန်အပ်လဲ။ တခြားလူကို ကျုဘစ်ဇင်ချင်ဇင်။ မော်ဒန် အပ်ချင်အတ်။ လုပ်ချင်ရာလုပ်..။ တို့ခေါင်းဆောင်ကို ပုံမကျ ပန်းမကျ ပန်းချီတွေဆွဲနေတာ..တို့ကို မခန့်လေးစား စော်ကား တာပဲ..။ ပန်းချီဆရာကြီး ဦးခင်မောင်ရင်ကို  အလျှင်အမြန်တွေ့အောင်ရှာဖွေကြ.”

“ဟုတ်တယ်..ဟုတ်တယ်..။ ရှာဖွေကြ..ဝေဖန်တိုက်ခိုက်ကြ.. ဦးခင်မောင်ရင်ကို.အမြန်ဆုံး.တွေ့ရှိရေး..တို့အရေး..တို့အရေး #@%$*^”

ပေါ့သွပ်သွပ်ကြွပ်ကြွပ်အိတ်အမှိုက်လှိုင်းလုံးကြီးသည် လက်သီးလက်မောင်းတန်းကာ ကြွေးကြော်သံများဖြင့် မိုးမခရွာလယ် လမ်းမပေါ်တွင် တလိမ့်လိမ့်ချီတက်သွားကြရာ ရွာလူကြီး ကွီးရစ်မှာ စိတ်မသက်သာစွာဖြင့် ခေါင်တယမ်းယမ်းခါရင်း….

“တို့ခေါင်းဆောင်ခမျာ ဒီလိုကြွပ်ကြွပ်အိတ်အမှိုက်တွေသာ ဆက်ဝန်းရံနေလို့ကတော့ နံစော်ကုန်တော့မှာပဲဗျာ..” ဟု ..ငြီး ငြူနေလေသည်။

ဂျော်ဒီး