ဇော်အောင် (မုံရွာ) ● စက်မှုနှင့်နည်းပညာမြှင့်တင်ရေး (ယခင် စီအာအို CRO သုတေသနဌာန)


ဇော်အောင် (မုံရွာ) ● စက်မှုနှင့် နည်းပညာမြှင့်တင်ရေး 
(ယခင် စီအာအို CRO သုတေသနဌာန)
(မိုးမခ) စက်တင်ဘာ၂၈၊ ၂၀၁၆

ဆောက်လုပ်ရေးလုပ်ငန်းက လူနေအိမ်၊ ကုမ္ပဏီရုံးခန်းများဆောက်လုပ်ပြီး မြန်မာနိုင်ငံ (ရန်ကုန်) အတွက် ၅ နှစ် အပြင်းအ ထန်လုပ်ခဲ့တာ အခုတော့ ဝယ်နိုင်သူမရှိတော့ပဲ အိုဗာဖြစ်နေပါပြီ။ လူတစ်ဦးချင်း (သို့မဟုတ်) နိုင်ငံတခု ဆင်းရဲမွဲတေမှုက လွတ်မြောက်ဖို့ နှစ်ရည်စီမံကိန်းက ပညာရေးပါပဲ။ ရေတိုစီမံကိန်းကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပါ။ မြန်မာနိုင်ငံ လူအများ အလုပ်ကိုင်ရရှိ ဝင်ငွေကောင်းလာဖို့ ဗီယက်နမ်နိုင်ငံလိုပဲ ထိုင်းနိုင်ငံ ကုန်ထုတ်လုပ်ငန်းများ Process Industry အထူးသဖြင့် စားသောက်ကုန်ချောလုပ်ငန်းများ အမြန်ဆုံး လာရောက်ရေးပဲ ဖြစ်ပါတယ်။ The Voice သတင်းစာ သြဂုတ် ၅ ရက် ၂၀၁၆ စာ ၁၄ မှာ ကိုသန်းလွင်ရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုက်တွန်းအားပေးချက်ကို မှီငြမ်းတင်ပြလိုပါတယ်။

တခါက သူဌေးဌာနလို့တောင် နာမည်ပေးခံရတဲ့ စီအာအို ဗဟိုသုတေသနအဖွဲ့ကြီးတခု Central Research Organization ရှိခဲ့ပါတယ်။  ဝန်ထမ်းများစွာ အထူးသဖြင့် ဥရောပစီးပွားအကောင်းဆုံး ဂျာမဏီနိုင်ငံကို နှစ်ရှည်ပညာတောသင် စေလွှတ်ခဲ့ ပြီး၊ လေ့ကျင့်သင်ကြားပေးခဲ့တဲ့ ဝန်ထမ်းအများစု အခုချိန်မှာ စကာပူမှာ အများဆုံး အလုပ်လုပ်နေကြပါတယ်။ အခုတော့ အဲဒီဌာနကြီးကို  စက်မှုနည်းပညာမြှင့်တင်ရေးဌာနအဖြစ် အမည်ပြောင်းလိုက်ပါတယ်။ ၂၀၀၆ မှာ သုတေသနအဖွဲ့ပိုင် မြေ နေရာတွေ အငှားချခံမှုကို  တက်ကြွလှုပ်ရှားသူများကြောင့် သုတေသနပိုင်မြေ တဝက်လောက် ပြန်လည်ရရှိခဲ့ပြီး ဖြစ်ပါတယ်။

ပြည်သူလူထု ဆင်းရဲမွဲတေမှုကနေ လွတ်မြောက်တဲ့နည်းလမ်းက တခုပဲရှိပါတယ်။ စက်မှုကုန်ထုတ်လုပ်ငန်းပဲ ဖြစ်ပါတယ်။ မြန်မာပြည်လဲ အစိုးရသစ် အင်အယ်ဒီပါတီ ရွေးကောက်ပွဲအနိုင်ရ အစိုးရသစ်ဖွဲ့စည်းပြီးချိန်မှာ လမ်းပျောက်နေတဲ့ စက်မှု ကုန်ထုတ်လုပ်ငန်းများအတွက် မျှော်လင့်ချက်အလင်း ပြန်ရလာပါတော့တယ်။

ဆောက်လုပ်ရေးလုပ်ငန်းတွေပဲ ခေတ်စားနေချိန် ရန်ကုန်တိုင်းအစိုးရအဖို့ ကားကြပ်ခြင်းနဲ့အထပ်မြင့် အခက်ခဲများစွာ ဦး စားပေးနေရချိန်ဖြစ်ပါတယ်။ အခြေအနေက ဆောက်လုပ်ရေးလုပ်ငန်းများ ခေတ်စားနေချိန်ဖြစ်ပေမဲ့ စက်မှုသက်မွေးပညာ ရှင်များစွာမွေးထုတ်ဖို့ အစိုးရသစ်ပေါ်လစီအဖြစ် လက်တွေ့အကောင်ထည်ဖော်ဖို့ သိပ္ပံနဲ့နည်းပညာဌာန၊ ပညာရေးဝန်ကြီးဌာ နက လုပ်ဆောင်နေပါတယ်။ Education Digest ပညာရေးဂျာနယ် သြဂုတ်၁၁ ၂၀၁၆ စာစောင်မှာ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာ သိပ္ပံချွန်ဆု ကျောင်းသားကျောင်းသူ ၃၃၇ ဦး ရှိကြောင်း၊ နိုင်ငံခြားပညာသင်ဆု ပညာချွန်ဆုများအပြင် ရေတို၊ ရေရှည် သက် မွေးပညာများ ဦးစားပေးနေပါတယ်။

စက်မှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေး စတဲ့ နည်းပညာပိုင်းဌာနများရှိသလို အခြားဝန်ကြီးဌာန အားလုံး မှာလည်း စက်မှုနည်းပညာဟာ အရေးတကြီးလိုအပ်နေပါတယ်။ စက်မှုနည်းပညာများမှာ အထွဋ်ထိပ်ဖြစ်တဲ့ သုတေသန လုပ် ငန်းများရဲ့အချုပ်ချာဖြစ်တဲ့ဌာနကို မြှင့်တင်ပေးဖို့လိုပါတယ်။

စက်မှုနဲ့နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန Department of Research and Innovation (DRI) ညွန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုး ကို ၂၀၁၆ သြဂုတ်လမှာ တွေ့ဆုံမေးမြန်းခွင့်ရပါတယ်။ ယခင်က ဗဟိုသုတေသနအဖွဲ့ကြီး မှာ အကြီးဆုံးတာဝန်ကို ထမ်းဆောင်နေသူဟာ အလွန်ပညာထူးချွန်တဲ့သူ ရန်ကုန်စက်မှုတက္ကသိုလ် အီလက်ထရွန်းနစ် ဘာသာရပ် သင်ကြားပို့ချတဲ့ တက္ကသိုလ်ဆရာတစ်ဦး ဖြစ်ပါတယ်။ ကျောင်းသားဘဝကတည်းက အတန်းတိုင်းမှာ အဆင့်(၁)နဲ့ အောင်မြင်ပေမဲ့ ပညာမာနမရှိ အေးဆေး၊ ရှင်းလင်းစွာနေထိုင်တဲ့ ပညာရှင်တစ်ဦးပါ။ လေကြောင်းဦးစီးဌာနမှာ နှစ်အနည်း ငယ်အလုပ်လုပ်ပြီး အလွန်ဝါသနာကြီးတဲ့ တက္ကသိုလ်ဆရာဘဝကို နှစ်ပေါင်းများစွာ လုပ်ခွင့်ရရှိခဲ့ပါတယ်။ ကြို့ကုန်းအင်း စိန်က ရန်ကုန်စက်မှုတက္ကသိုလ် (ယခု နည်းပညာတက္ကသိုလ်) ၁၉၉၀ နောက်ပိုင်း ဘွဲ့ရသွားသူ ကျောင်းသားတိုင်း ဆရာဝင်း ခိုင်မိုး (ဆရာမိုး) ရဲ့ ရှုပ်ထွေးလှတဲ့ အီလက်ထရွန်းနစ်ပညာရပ်ကို ရှင်းလင်းစွာသင်ကြားနိုင်သူအဖြစ် လူသိများပါတယ်။ စစ် တပ်အရာရှိများ အရပ်ဖက်အစိုးရအရာရှိများကိုလည်း အလျှင်းသင့်သလို ပို့ချပေးတဲ့အတွက် နာမည်ရသူ၊ လေးစားခံရသူ ဆရာတစ်ဦးလဲ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ ဗဟိုသုတေသနဌာနကိုရောက်ရှိပြီး ၂၀၁၂ ခုနှစ်မှာ ဌာနအကြီးကဲ (ညွန်ကြားရေးမှူးချုပ်) အဖြစ် တာဝန်ပေး ခြင်း ခံရပါတယ်။ အလွန်အရေးကြီးတဲ့ ဌာနဖြစ်လို့ တခါက မြန်မာစက်မှုလုပ်ငန်းတွေကို ဦးဆောင်အခန်းကဏ္ဍရှိခဲ့ပေမဲ့ အခု အခါ ဦးစားပေးအဆင့်မရနိုင် ဖြစ်နေပါတယ်။ ရေတို ရေရှည် စီမံကိန်းများအနက် စက်မှုနည်းပညာဌာနဟာ ရေရှည်စီမံ ကိန်း အဖြစ် ဦးစားပေးဖို့ အချိန်ရောက်နေပါတယ်။ အထူးလိုအပ်တဲ့ ပညာရှင်များမွေးထုတ်ပြီး မြန်မာ့စက်မှုနည်းပညာမြှင့်တင်ရာမှာ အစိုးရနည်းပညာဌာနတိုင်း ငွေကြေး (ဘတ်ဂျတ်) အကြီးအကျယ်လိုအပ်မှု ဖြစ်နေချိန်ပါ။ စက်မှုနည်းပညာဦးစီး ဌာနမှာ လက်ရှိဌာနကြီး (၃) ခု ရှိပါတယ်။

၁။ R&D  Research and Development သုတေသနဌာန။
ဓါတုဗေဒ အခြခံတဲ့ သုတေသနလုပ်ငန်းများ (Chemical based research)၊ လေအား၊ ရေအား၊ နေရောင်ခြည် စတဲ့ လောင် စာဆီမသုံးတဲ့ Renewable Energy စွမ်းအင်သုတေသနလုပ်ငန်းများ၊ အီလက်ထရွန်းနစ်လုပ်ငန်းများ အဖြစ်သုတေသန အဖွဲ့များ ရှိပါတယ်။ သုတေသနလုပ်ရာမှာ ပညာရှင်များအလွန်အားနည်းပါတယ်။ ဌာနပညာရှင်များကို ပစ္စည်းများနဲ့အတူ ပြသပေးမဲ့ ဂျပန်၊ ဥရောမပညာရှင်များဟာ တကယ့်ပညာရှင်များ မဟုတ်ပဲ စက်ပြင် (တက်ကနီရှင်) အဆင့်လောက်သာ ဖြစ်တဲ့အတွက် နည်းပညာဖြန့်ဖြူးမှုမှာ အားနည်းရပါတယ်။ ဘတ်ဂျတ်လျှာထားမှုကလည်း ဦးစားပေးမှုမခံရတဲ့အတွက် ငွေကြေးမသုံးစွဲနိုင်ပါဘူး။ နိုင်ငံခြားချေးငွေ ရရှိရေးအတွက်လည်း မိမိတို့ဌာနအတွက် ချေးငွေရှာဖွေပေးမှု နည်းပါးပါတယ်။ အထူးသဖြင့် ကူညီပေးတဲ့ ချေးငွေ၊ ပံ့ပိုးငွေများက JICA, KOICA, GIZ, UNDP 1 စတဲ့ အဖွဲ့အစည်းများ၊ နိုင်ငံများ ဖြစ် ပါတယ်။ သုတေသနပစ္စည်းများ ပံ့ပိုးမှုအခြေအနေက အလွန်နည်းပါတယ်။

တိုးတက်တဲ့ နိုင်ငံများက သုတေသနအတွက် တမျိုးသားလုံးထွက်ကုန် GDP ရဲ့ ၄ ရာခိုင်နှုန်း အထိသုံးကြပါတယ်။ ဂျာမဏီ နိုင်ငံက ၄ ရာခိုင်နှုန်၊ အမေရိကန်နိုင်ငံက ၂ ရာခိုင်နှုန်း စသဖြင့် သုံးစွဲရာမှာ မြန်မာနိုင်ငံကတော့ 0.0001 ရာခိုင်နှုန်းလို့ ပြောရလောက်အောင် သုတေသနဦးစားမပေးပါဘူး။

၂။ Lap Service ဓါတ်ခွဲခန်း ဝန်ဆောင်မှုလုပ်ငန်းများ မှာတော့ ကုန်ထုတ်ပစ္စည်းများကို စမ်းသပ်ပေးတဲ့ ဌာနဖြစ်ပါတယ်။ Product, Process, Service စတဲ့ ထုတ်ကုန်၊ ကုန်ထုတ်စနစ်၊ ဝန်ဆောင်မှုကဏ္ဍများအဖြစ် သတ်မှတ်လုပ်ဆောင်ရာမှာ လမ်းညွှန် ဦးဆောင်မှုပေးဖို့ ဖြစ်ပါတယ်။ တက္ကသိုလ်ဆရာ၊ ကျောင်းသားများကို အရည်သွေးမြှင့်တင်ဖို့ YTU ရန်ကုန်နည်း ပညာတက္ကသိုလ်နဲ့ ပူးတွဲလုပ်ဆောင်တဲ့ ပရိုဂျက်များရှိပါတယ်။ ကျောင်းတွေမှာမရှိတဲ့ ဓါတ်ခွဲခန်းစက်များဖြစ်လို့ စက်များ မပျက်စီးဖို့လည်း ဂရုစိုက်လေ့ကျင့်ရပါတယ်။

ဝန်ထမ်းများကိုလည်း ရေတို ၆လ၊ ရေရှည် ၁ နှစ်၊ ၂ နှစ် စသဖြင့် နိုင်ငံခြားအဖွဲ့အစည်းများ၊ တက္ကသိုလ်များဆီ စေလွှတ်နိုင် ပါတယ်။ အထူးသဖြင့် ဂျပန်နိုင်ငံကိုပဲ စေလွှတ်ပေမဲ့ အရည်အတွက်နည်းပါတယ်။ အားလုံးနည်းပါးအတွက် နိုင်ငံခြားကပဲ လေယာဉ်စရိတ်ကအစ နေစရိတ်၊ စားစရိတ်၊ ပညာသင်စရိတ် အားလုံးကို ကုန်ကျခံရပါတယ်။ ဌာနအနေနဲ့ ဘတ်ဂျတ်မရှိ ပါဘူး။

၃။ Quality Inspection အရည်အသွေးစစ်ဆေးခြင်း လုပ်ငန်းများကတော့ ကုန်ထုတ်လုပ်ငန်းများအတွက် ရည်ရွယ်ပြီး လမ်းညွန်၊ စံနှုန်းသတ်မှတ်ပေးရပါတယ်။ မြန်မာနိုင်ငံက ဗြိတိလျှစနစ်ကို အများဆုံးအသုံးပြုတဲ့ မိုင်တိုင်များ၊ တန်ချိန်များ စသဖြင့် ကမ္ဘာမှာ တနိုင်ငံထဲလို သုံးစွဲနေဆဲ ဖြစ်ပါတယ်။ ကားလမ်းများမှာ ကီလိုမီတာမှတ်တိုင်များ စိုက်ထူနေပေမဲ့ အစိုးရ စံညွန်းများကို ဥပဒေများ ပြဌာန်းဖို့ ရှိပါတယ်။ လုပ်ဆောင်နေပါတယ်။ တချို့ စံချိန်စံညွန်း ဥပဒေများ ပြဌာန်းပြီးသားဖြစ်ပေမဲ့ လုပ်ထုံးလုပ်နည်းများ နည်းဥပဒေသများ လက်တွေ့ကျင့်သုံးဖို့လည်း လုပ်ရဦးပါမယ်။

စံချိန်စံညွန်းအနေနဲ့ NSB, NAB 2 စတဲ့ စံညွှန်းတွေကို အများအားဖြင့် ကိုးကားပါတယ်။ စီးပွားရေး ကုန်ထုတ်လုပ်ငန်းနဲ့ဆိုင်တဲ့ ထုတ်ကုန်များနဲ့ အသုံးပြုတဲ့စက်များအတွက် Certification လက်မှတ်ထုတ်ပေးခြင်းကလည်း ပုဂ္ဂလိကကုမ္ပဏီများ လုပ် ကိုင်ဖို့ လိုပါတယ်။ လျှပ်စစ်လုပ်ငန်းမှာအသုံးပြုတဲ့ တိုင်းတာတဲ့ပစ္စည်း မာလတီမီတာ Multi-meter မှန်ရဲ့လားဆိုတာ စစ် ဆေးတဲ့ တိုင်းတာခြင်းစနစ် Calibration System များအတွက်လည်း လစဉ်၊ နှစ်ဝက်တခါ၊ တနှစ်တခါ စစ်ဆေးခြင်း လက်မှတ်များလည်း ထုတ်ပေးမှုကို မြှင့်တင်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါမှလဲ လုပ်ငန်းခွင်သုံးတဲ့ စက်ပစ္စည်းတွေ ပုံမှန် ကြံ့ခိုင်ခြင်းရှိပြီး ထိခိုက်ပျက်စီးမှုများ ကင်းရှင်စေဖို့ဖြစ်ပါတယ်။

ဒီဌာနကြီး (၃) ခုမှာ သုတေသနဌာနကတော့ အကြီးဆုံး၊ ဝန်ထမ်းအင်အားအများဆုံး ဖြစ်ပါတယ်။ မှော်ဘီမှာလည်း သုတေ သန ဌာနခွဲတစ်ခုရှိပါတယ်။ အမြောက်အများကုန်ထုတ်လုပ်ငန်း မစတင်မီ ရှေ့ပြေးစက်ရုံ Pilot Plant တခုကို ဝန်ထမ်း အင်အားအနည်းငယ်နဲ့ လုပ်ဆောင်ပါတယ်။

● အဆောက်အဦအသစ်
ကျပ်သန်း သုံးထောင် သုတေသနအဆောက်အဦ ဆောက်ဖို့ ရေရှည်စီမံကိန်းများအတွက် အခြေခံအဆောက်အဦ ဖြစ်ပါ တယ်။ မကြာခင် အစိုးရမှာ ဆွေးနွေးအတည်ပြုမှာပါ။ အဲဒီ အဆောက်အဦက သာမန် ဆောက်လုပ်ရေးနည်းပညာနဲ့မရပါဘူး။ သုတေသနလုပ်ဖို့ ဥပမာ အအေးခန်းဆို +/- 3 degree အပူချိန်အတွင်းရောက်အောင် ထိန်းထားဖို့လိုမယ်ဆိုရင် မြန်မာ ပြည်က လေအေးစက်နည်းပညာနဲ့ မရတော့ပါဘူး။ ဒါမျိုး အပူချိန်၊ စိုထိုင်းဆ၊ လေထုမှအမှုန် ..စတဲ့ အထူးဓါတ်ခွဲခန်း၊ အရည်သွေးစစ်ဆေးခန်းများ ကြိုတင်ဆောက်ထားရပါတယ်။ ဒါမှ နောက်ပိုင်း စက်အသစ်တွေထည့်နိုင်ဖို့ အဆောက်အဦ အသစ်လိုနေပါတယ်။ အရင် နှစ် ၃၀ ကျော်ကဝယ်ထားတဲ့ စက်များ၊ အပိုပစ္စည်းများ၊ စက်ထားတဲ့အခန်းများ စတဲ့ သုတေ သနစက်ပစ္စည်းများကို ထားဖို့အဆောက်အဦက တန်ဖိုးကြီးပါတယ်။ အလွန်လဲ အရေးကြီးပါတယ်။

● ကျွမ်းကျင်လုပ်သားလက်မှတ် (Skill Certificate)
ပညာရေးဝန်ကြီးဌာနက စက်မှုသက်မွေးကျောင်းများ ရှိပါတယ်။ ဒါ့အပြင် စီးပွားရေးလုပ်ငန်းများမှာ အထူးလိုအပ်နေတဲ့ စက်မှု၊ လျှပ်စစ်ကျွမ်းကျင်လုပ်သားများကို မွေးထုတ်မဲ့ သီးသန့်ကျောင်းများလည်း လိုပါတယ်။ ပြီးခဲ့တဲ့ အစိုးရမှာတော့ စက်မှုသက်မွေးအလုပ်အကိုင်များ အထူးသဖြင့် ပြည်ပသွားရောက်လုပ်ကိုင်ဖို့ဆိုရင် အလုပ်သမားဝန်ကြီးဌာန ကိုင်တွယ်ပါ တယ်။ ဟိုးယခင်က လျှပ်စစ်နဲ့ဘွိုင်လာ စစ်ဆေးရေးပညာရှင်များကို စက်မှုဝန်ကြီးဌာနက တာဝန်ယူသလို၊ လျှပ်စစ်ဓါတ်အား လိုင်းများအတွက် လျှပ်စစ်ဝန်ကြီးဌာနက တာဝန်ယူ လက်မှတ်များထုတ်ပေးပါတယ်။ အခုတော့ သုတေသနဌာနက လေ့ ကျင့်သင်ကြားပေးပြီး ကျွမ်းကျင်လက်မှတ်များထုတ်ပေးဖို့ ရှိပါတယ်။ အထက်ပါအချက်များကို သုတေသနအဖွဲ့ ညွန်ကြား ရေးမှူးချုပ် ဦးဝင်းခိုင်မိုး  အကျဉ်းချုပ် ရှင်းလင်းပြောပြပါတယ်။

● မြန်မာကျွမ်းကျင်လုပ်သား အနာဂါတ်
စင်ကာပူမှာ မြန်မာကျွမ်းကျင်လုပ်သား အများစုရှိနေပါတယ်။ စင်ကာပူမှာ အလုပ်လုပ်ဖို့ မြန်မာလုပ်သားများကို ကျွမ်းကျင် သင်တန်းများ ပုဂ္ဂလိက သင်တန်းကျောင်းများနဲ့ စင်ကာပူက လာရောက်စစ်ဆေး အောင်လက်မှတ်ထုတ်ပေးပါတယ်။ အဲဒီ အောင်လက်မှတ်ရှိမှ စင်ကာပူမှာ ကျွမ်းကျင်လုပ်သားအဖြစ် အလုပ်လုပ်ခွင့်ရပါတယ်။ ဒါမျိုးကို စင်ကာပူအစိုးရက PSB  ဆိုတဲ့ အစိုးရအဖွဲ့အစည်းကြီးတခုက တာဝန်ယူပါတယ်။

PSB Public Service Board အဖွဲ့အစည်း စင်ကာပူမှာ ကုန်ထုတ်လုပ်ငန်းကို တင်းကြပ်စွာ စစ်ဆေးလေ့ရှိပါတယ်။ ISO 9000 Certificate ရအောင် စာရင်းစစ်ဆေးခြင်းကို တင်းကြပ်စွာလုပ်ကိုင်တဲ့ အဖွဲ့အစည်းဖြစ်သလို Calibration Cert, Skill Worker Cert စတဲ့လက်မှတ်များကို ထုတ်ပေးပါတယ်။ အခု ၂၀၀၈ နောက်ပိုင်းမှာ PSB အဖွဲ့ကြီးက သက်မွေး တက္ကသိုလ်တခုကို တနှစ် ၃ နှစ် နှစ်တို။ နှစ်ရှည် သင်တန်းဖွင့်နေပါတယ်။ အောင်လက်မှတ်၊ ဒီပလိုမာ အပြင် ဒီဂရီဘွဲ့ ကိုတောင် ပေးနေပါပြီ၊  မြန်မာကျောင်းသားများစွာ တက်ရောက်သင်ကြားနေတဲ့ ကျောင်းကြီးဖြစ်နေပါတယ်။ မြန်မာနိုင်ငံ သုတေသနအဖွဲ့လည်း PSB ကို အတုယူရမယ်ဖြစ်ပါတယ်။

● နည်းပညာနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
တိုးတက်လာတဲ့ စင်ကာပူ၊ တောင်ကိုးရီးယား၊ တရုတ်နိုင်ငံများမှ အစိုးရကိုယ်တိုင်က အဖွဲ့အစည်းတစ်ခုကို စီးပွားရေးလုပ် ငန်းများ ရင်းနှီးမြှုပ်နှံလိုသူများကို ထိရောက်စွာကူညီစေပါတယ်။ ဥပမာ.. စင်ကာပူနိုင်ငံက အီးဒီဘီ EDB အဖွဲ့ဆိုရင် နိုင်ငံတကာအတွေ့အကြုံကြီးမားသူများကို ဦးဆောင်စေပါတယ်။ ငယ်ရွယ်သူများကို ပညာချွန်ဆုရွေးချယ်ပြီး နိုင်ငံတကာကို စေလွှတ်ပါတယ်။ လူငယ်များကိုပဲ တိုးတက်တဲ့နိုင်ငံများမှာ အီးဒီဘီကိုယ်စားလှယ်အဖြစ် ခန့်ထားပြီး ရင်းနှီးမြှုပ်နှံမှုကို ရ အောင်ခေါ်ပါတယ်။ မြန်မာနိုင်ငံ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံမှာလဲ အီးဒီဘီ အလားတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖွဲ့ FIC,  MIC 4 ရှိပါတယ်။ ပြည်တွင်းကထိုင်ပြီး စိတ်ဝင်စားလို့ လာမေးသူများကို ဖြေကြားပါတယ်။ တကယ်တော့ စင်ကာပူ အီးဒီဘီလိုပဲ ကိုယ့်လူမျိုး ပညာတတ်လူငယ်များကို ပြည်ပအထိ လိုက်လံဆွဲဆောင်ခေါ်ယူရမှာဖြစ်ပါတယ်။ အလွန်အတွေ့ အကြုံရှိတဲ့ ဒေါက်တာအောင်ထွန်းသက်ကို တောင်ကိုးရီးယား စံနမူနာပုံစံအတိုင်း လုပ်ဆောင်နေပေမဲ့ ဦးစားပေး ဖြစ်မလာပါ ဘူး။

ပြည်ထောင်စုအစိုးရက ဖြစ်စေ၊ ရန်ကုန်တိုင်းဒေသအစိုးရကပဲ ဖြစ်စေ၊ စင်ကာပူ အီးဒီဘီလို အဖွဲ့နဲ့ နိုင်ငံခြားရင်းနှီးမှုများကို ဆွဲဆောင်ခြင်၊ စက်မှုဇုံများကို ပြုပြင်ပြောင်းလဲခြင်းများ ပေါ်လစီပြောင်းလဲ လုပ်ပါမှ စက်မှုနည်းပညာ မြန်ဆန်တိုးတက်မှာပါ။ ကုန်ထုတ်လုပ်ငန်းများစွာ ရောက်ရှိ လည်ပတ်လို့ အလုပ်ကိုင်ပေါလာမှာပါ။

● နိဂုံး
စက်မှုနည်းပညာမြှင့်တင်ရေးဌာနကို သစ်လွင်လာအောင်လုပ်ဖို့ အရေးတကြီး လိုအပ်နေပါပြီ။ ပထမဆုံး လုပ်ရမဲ့အလုပ်က တော့ အားလုံးသိတဲ့အတိုင်း ပညာရှင်များကို မွေးထုတ်ဖို့ ဆိုရင် ပညာတော်သင်များကို ရေတို၊ ရေရှည်နဲ့ စေလွှတ်ရပါမယ်။ နိုင်ငံတော်ငွေနဲ့ ဌာနက မတတ်နိုင်ပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ချဉ်းကပ်ဖို့ နံပါတ် (၁) ပညာရှင်များမွေးထုတ်ပေးဖို့ အထူးလိုအပ်နေပါပြီ။ တကယ်လည်း စတင်လုပ်ကိုင်နေကြပြီ ဖြစ်ပါတယ်။

ဇော်အောင် (မုံရွာ)
 

1. JICA Japan International Cooperation Agency,  GIZ Deutsche Gesellschaft fur Internationale, KOICA Korea International Cooperation Agency, UNDP United Nations Development Programe
2. NSB National Standard Body, NAB National Accreditation Body
3. PSB Academy,  Public Service Board
4. FDI Foreign Direct Investment, MIC Myanmar Investment Corporation