မောင်ရင်ငတေ ● စပျစ်ဝိုင်တွေရဲ့အကြောင်း (ရှန်ပိန်ဝိုင်နဲ့ စပတ်ကလင်ဝိုင်)

မောင်ရင်ငတေ ● စပျစ်ဝိုင်တွေရဲ့အကြောင်း (ရှန်ပိန်ဝိုင်နဲ့ စပတ်ကလင်ဝိုင်)
(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၁၆
 
● Sparkling Wine စပတ်ကလင်ဝိုင်
အမြှုပ်ထွက်တဲ့ ဝိုင်မျိုးကို Sparkling Wine စပတ်ကလင်ဝိုင်လို့ ခေါ်ပါတယ်။  ပြင်သစ်လိုတော့ Vin Effervescent သို့မ ဟုတ် Vin Mousseux လို့ ခေါ်ကြပါတယ်။ Mousse ဆိုရင်တော့ ပိုအသိများကြမှာပါ။ အဖြူရောင် (သို့မဟုတ်) ပန်းရောင် စပတ်ကလင်ဝိုင်တွေထဲမှာတော့ Champagne ရှန်ပိန်က နာမည်အကျော်ဆုံးပါ။ 

La Route Touristique du Champagne (ဓါတ်ပုံ မရငတ)

ရှန်ပိန်အကြောင်းတော်တော်များများက မောင်ရင်ငတေရဲ့ စပျစ်သီးခူးသမားစာစုထဲမှာ ရေးထားခဲ့ပြီးပြီမို့ ….. ဒီနေရာတွေ မှာလည်း ဝင်ရောက်ဖတ်ရှုနိုင်ကြောင်းပါ။

စပျစ်သီးခူးသမား
မိုးမခ နိုဝင်ဘာ ၇၊ ၂၀၁၂ http://gita.cc/?p=28855
မောင်ရင်ငတေ https://maungyinngatay.blogspot.fr/2015/03/blog-post_25.html

စပျစ်ဝိုင်နယ်မြေများကိုဖြတ်သန်းခြင်း
မိုးမခ စက်တင်ဘာ ၁၉၊၂၀၁၆ http://moemaka.com/archives/53758
မောင်ရင်ငတေ https://maungyinngatay.blogspot.fr/2015/03/blog-post_18.html

ရှန်ပိန်နယ်ကို သွားရောက်လေ့လာချင်ကြတယ် ဆိုရင်တော့ နေ့ချင်းပြန် ရှန်ပိန်တိုးရ်များ ရှိပါတယ်။ ရှန်ပိန်နယ်က ပါရီမြို့ တော်နဲ့ သိပ်မဝေးလှပါဘဲ အချိန်ရခဲ့ရင် သွားလည်သင့်ပါတဲ့ စိုပြေစိမ်းလန်းပြီး သဘာဝကျေးလက်အလှတွေရှိတဲ့ နေရာ တခုပါ။

Épernay မြို့နဲ့ Reims မြို့အကြားက ရွာကလေးတွေရဲ့ တိတ်ဆိတ်အေးချမ်းသာယာတဲ့ အလှတွေကိုခံစားရင်းပေါ့၊ သွားကြည့်ကြပါ။ အကောင်းဆုံး အချိန်ကတော့ အခု စက်တင်ဘာလဆန်း စပျစ်ခူးပွဲ မစတင်ခင် အချိန်တွေပေါ့။ စပျစ်ခူးပွဲ ပြီးသွားခဲ့ ပြီးစ စပျစ်ခင်းတွေရဲ့ ဖရိုဖရဲ အလှတွေကိုလည်း ခံစားတတ်ရင်တော့ သွားကြည့်နိုင်ပါသေးတယ်။

ရှန်ပိန်စစ်စစ် မူလလက်ဟောင်း အော်ရဂျင်နယ် Möet (ဓါတ်ပုံ မရငတ)

ဒီနှစ် ၂၀၁၆ ခုနှစ် စာရင်းများအရ သိရတာကတော့ ရှန်ပိန်ပုလင်းပေါင်း သန်း သုံးရာ့ငါးဆယ်ကျော် ထုတ်လုပ်ပြီး နိုင်ငံခြား တိုင်းပြည်တွေကို တဝက်မက တင်ပို့ရပါတယ်တဲ့။ မောင်ရင်ငတေတို့ကတော့ သိပ်မကြိုက်နှစ်သက်လှပါဘူး။

ပွဲနေပွဲထိုင်လောက် အလှသောက်ကြတဲ့ ရှန်ပိန်စူးရှရှရဲ့ အရသာက 11 % Vol ခပ်ချဉ်ချဉ် ဝိုင်နီလောက်တော့ မမက်မော မိပါဘူး။ ပြင်သစ်ထုံးစံ လက်ဆောင်ရလေ့ရှိတဲ့ ရှန်ပိန်ပုလင်းတွေကို ပြည်တော်ပြန်တွေအတွက် တဆင့်ပြန်လက်ဆောင် ထည့်ပေးမယ့်ဆိုတဲ့အခါ မှာလည်း ရှန်ပိန်ပုလင်းခွံက လေးလွန်းလှတာကြောင့် အများစုက သယ်သွားဖို့ဝန်လေးကြပါတယ်။ နာမည်ကြီးလွန်းလှပေမယ့် အလကားပေးတောင် လေးလွန်းလှလို့ မသယ်ချင်ပါတဲ့ ရှန်ပိန် သုံးလေးပုလင်းမောင်ရင်ငတေ့ အခန်းမှာ အမြဲရှိပါတယ်။ ဝိုင်ဆိုရင် ငါးလီတာပုံးတပုံး ပြိုက်ကနဲကုန်သွားတတ်ပေမယ့် ရှန်ပိန်ပုလင်း မကုန်တာကိုတော့ အံသြချင် အံသြကြပါလိမ့်မယ်။

တကယ်တော့ အံ့သြစရာ မဟုတ်ပါဘူး။ ရှန်ပိန်ဆိုတာက အလှသောက်အဆင့်ပါ။ အဝသောက်ရတဲ့ အရာမျိုး မဟုတ်ပါဘူး။ အဲ … ဒါပေမယ့် ရှန်ပိန်ကို ဗေါ်ဒဂါနဲ့မှားပြီး ဈေးကြီးပေး နင်းကန် အဝသောက်နေကြတာကိုလည်း မောင်ရင်ငတေတွေ့မြင် ခဲ့ဖူးပါတယ်။ လက်သစ်ခရိုဏီ အကောင်ပေါက်စ ရုရှားပျက်လေးတွေ အများစုပေါ့။

ဒါပေမယ့် ရှန်ပိန်ဟာ နာမည်ကြီးပြီး ထူးခြားတာကတော့ အမှန်ပါလို့ပြောရပါမယ်။ အောင်ပွဲခံကြတဲ့ အခမ်းအနားတွေမှာ သောက်သုံးတဲ့ဓလေ့ကြောင့် နာမည်ကြီးတာ အဓိကဖြစ်နိုင်ဖို့ များပါတယ်။

Rosé des Riceys (Photo Google)

● ရှန်ပိန် Champagne
ရှန်ပိန်ဒေသမှာ စပျစ်စိုက်ပျိုး ရှန်ပိန်ဒေသမှာ ဝိုင်ချက်မှ ရှန်ပိန်လို့ခေါ်ဆိုနိုင်ပါတယ်။ ဒါပေမယ့် အဲဒီ ရှန်ပိန်ဒေသကြီးထဲက စပျစ်ခင်း တချို့ကတော့ ရှန်ပိန်လို့ အမည်မခံယူချင်ကြဘဲ အမြှုပ်မထွက်တဲ့ အမျိုးအစားကောင်းကောင်း ဝိုင်ဖြူ ဝိုင်နီ အဖြစ် သာ ထုတ်လုပ်ကြတာမျိုးလည်း ရှိပါသေးတယ်။

အဲဒီလို စပျစ်ခင်းနယ်မြေတမြေဖြစ်တဲ့ Les Riceys နယ်မြေက Rosé des Riceys ပန်းရောင်ဝိုင်က နာမည်ကြီးပါတယ်။ Pinot Noir စပျစ်သီးနဲ့ ချက်တာဖြစ်ပြီး Cave ခေါ်မြေအောက်လှိုဏ်တွေထဲမှာ အနည်းဆုံး သုံးနှစ်မျှ သိုလှောင်သိမ်းဆည်းထားရှိပြီးမှဈေးကွက်တင်ရောင်းချတာမို့လို့ ဈေးနှုန်းက ယူရို လေးငါးဆယ် ပေးရပါတယ်။ ရှန်ပိန်နယ်က ထုတ်လုပ်တဲ့ ရှန် ပိန်မဟုတ်တဲ့ ဝိုင်ပါ။

Le Crémant (VMQPRD) (ဓါတ်ပုံ မရငတ)

ရှန်ပိန်နယ်အပြင်ဒေသတွေက ထွက်ရှိတာမို့လို့ ရှန်ပိန်လို့ အမည်တပ်ခွင့်မရပေမယ့်လည်း ရှန်ပိန်နဲ့ အရသာတူတဲ့ ပြင်သစ်ပြည်ထွက် စပတ်ကလင်ဝိုင်တွေကတော့ Crémant d'Alsace တို့ Crémant du Jura, Crémant de Bourgogne, Crémant de Loire Rosé တို့က သူ့နာမည် သူ့ဒေသနဲ့သူ နာမည်ကြီး လူကြိုက်များကြတဲ့ အမြှုပ်ထွက်ဝိုင် "Creamy" စပတ်ကလင်ဝိုင်တွေပါ။ တခြားသော ပြင်သစ်ပြည် လွားမြစ်ဝှမ်းဒေသက Saumur Mousseux တို့ ရွန်းမြစ်ဝှမ်းက Clairette de Die တို့လို စပျစ်ဖြူကချက်တဲ့ စပတ်ကလင်ဝိုင်တွေနဲ့ အတူ မောင်ရင်ငတေ မသိတာတွေလည်း အများကြီး ရှိနေဦးမှာ သေချာလှပါတယ်။

စပတ်ကလင်ဝိုင်ကို လေးမျိုးလေးစားတချို့တွေက အမြှုပ်ထတဲ့စပတ်ကလင်ဝိုင်ကို အကြမ်းအားဖြင့် လေးမျိုးလေးစား ခွဲခြားပါတယ်။

၁။ Vin Mousseux (VM) ရိုးရိုး အမြှုပ်ထွက်တဲ့ ဝိုင်ပါ။ 8.5 % Vol ဝန်းကျင် ပြင်းအား ရှိပါတယ်။ စည်ထဲ ကန်ထဲ လှိုဏ်ဂူထဲ ပုလင်းထဲ သိုလှောင်ချိန်ကာလကတော့ အတိအကျ မရှိပါဘူး။ ဈေးနှုန်းတွေလည်း သိပ်မမြင့်သလို သုံးလေးယူရို ပေးဝယ် သောက်ရင် ရနိုင်ပါတယ်။

၂။ Vin Mousseux de Qualité (VMQ) အယ်ကိုဟောလ်ကတော့ 9 % Vol အနိမ့်ဆုံးပါဝင်လာပြီး ကွာလတီလည်း နည်း နည်းမြင့်လာပါပြီ၊ သိုလှောင်ချိန်ကာလက စုစုပေါင်း တနှစ်ခန့်ထားရပါတယ်။ တကယ်တမ်းတော့ VM နဲ့ VMQ စပတ်ကလင် ဝိုင်တွေက သိပ်ကွာခြားလှတာ မဟုတ်သလို ဈေးကလည်း ဘယ်လောက်မှမကွာပါဘူး။

၃။ VMQ Produit Région Déterminée (VMQPRD) အဲဒီ အမြှုပ်ထွက်တဲ့ စပတ်ကလင်ဝိုင်အမျိုးအစားကတော့ တခြား  မဟုတ်ပါဘူး။ ထွက်ရှိရာဒေသ သီးခြားကန့်သတ်သတ်မှတ်ထားတဲ့ ရှန်ပိန်ဝိုင်အမျိုးအစားပါ။

ရှန်ပိန်ဈေးနှုန်းကတော့ ပြင်သစ်စူပါမာကက်တွေမှာ ရောင်းဈေးက တပုလင်း ၁၇ ယူရိုလောက် အနိမ့်ဆုံးရှိပေမယ့် အများ သိတဲ့အတိုင်း ယူရို ထောင်ဂဏန်းသောင်းဂဏန်းတန်တွေလည်း ရှိကြောင်းပါ။ ရှန်ပိန်ကတော့ ပုံမှန်အားဖြင့် 12 % Vol ပါရှိကြပါတယ်။

၎။ Le Crémant (VMQPRD) ဒီ အမျိုးအစားကတော့ ရှန်ပိန်ပြည်နယ် ပြင်ပမှာ ထွက်ရှိတဲ့ ရှိန်ပိန်နဲ့တူတဲ့ စပတ်ကလင်ဝိုင်ပါ။ Crémant d'Alsace, Crémant du Jura တို့လို အမြှုပ်ထတဲ့ ဝိုင်တွေပါ။ ဈေးနှုန်းကတော့ မြင့်မားတာတွေရှိပေမယ့် ကမ္ဘာ ကျော် ရှန်ပိန်ကိုသာသိ ရှန်ပိန်မှ အဟုတ်ထင်သူတွေရဲ့လောကမှာတော့ သိပ်မဝင်ဆန့်တာကြောင့် ဈေးကွက်မှာ ယူရို ထောင်ကျော်သောင်းကျော် ပေါက်ဈေး မရှိပါဘူး။

ဝိုင်အကြောင်း နားလည်သူ ပြင်သစ်စစ်စစ်တွေတော့ တခါတလေတိုက်လို့ မောင်ရင်ငတေလည်း သုံးလေးကြိမ်မျှ သောက် ဖူးရုံပါ။ ရှန်ပိန် မကြိုက်ပါတဲ့မောင်ရင်ငတေအတွက် သိပ်မကြိုက်လှတဲ့ အမျိုးအစားတွေပါ။

သာမန်အားဖြင့်တော့ Vin Blanc Mousseux, Vin Rosé Mousseux ဆိုပြီး အဖြူရောင်နဲ့ ပန်းရောင် စပတ်ကလင်ဝိုင် နှစမျိုးရှိပါတယ်။

ဒါပေမယ့်လို့ ပြင်သစ်တောင်ပိုင်းက Blanquette de Limoux တို့ အီတလီ အနောက်မြောက် ပိုင်းက Brachetto d'Acqui တို့လို အနီရောင် စပတ်ကလင် ဝိုင်တွေလည်း ထုံးစံအတိုင်း ရှိပါတယ်။

ရှန်ပိန် အပါအဝင် အဖြူရောင် (သို့မဟုတ်) ပန်းရောင် စပတ်ကလင်ဝိုင်တွေက စပျစ်နီ (သို့မဟုတ်) စပျစ်မည်း အမျိုး အစားတွေ ဖြစ်ကြတဲ့ Pinot Meunier (Müller-Miller) Pinot Noir စပျစ်ပင်တွေနဲ့ Chardonnay ခေါ် စပျစ်ဖြူ (သို့မဟုတ်) စပျစ်စိမ်း အသီးတွေကိုရောမွှေ ပေါင်းခံချက်ထားတာပါ။ အများအားဖြင့်တော့ Pinot သုံးပုံနှစ်ပုံ Chardonnay သုံးပုံ တပုံရောပြီး ပေါင်းခံ ကဇော်ဖောက် ချက်ကြပါတယ်။

ဒါပေမယ့် Pinot ချည်းသက်သက် Chardonnay ချည်းသက်သက် ချက်တဲ့ ရှန်ပိန်တွေစပတ်ကလင် ဝိုင်တွေလည်း ရှိပါတယ်။ ချက်နည်းမျိုးစုံနဲ့ ကိုယ်သန်ရာ ချက်ကြတာမျိုး ထင်ပါတယ်။ စတော်ဘယ်ရယ် ရက်ဒ်ဘယ်ရီ ပန်းသီးနံ့ အသီး နံ့ပေါင်းစုံထည့်ကြလို့ အနံ့သင်းထုံပုံလည်း မတူကြသလို အရောင်အဆင်း အရင့်အဖျော့လည်း ကွာခြားကြပါတယ်။

ရှန်ပိန်တွေက အများအားဖြင့် အယ်ကိုဟောလ် ၁၂ ရာနှုန်း ပြင်းအားရှိကြပြီး  တခြားအမြှုပ်ထွက်ဝိုင် စပတ်ကလင် အမည်ခံ ထားကြတာတွေကတော့ ပြင်းအားလျော့နည်းပြီး ခပ်မွှေးမွှေး အနံ့တွေထည့် ထားတာမျိုးတာတွေလည်း ရှိပါတယ်။  စပျစ် သီးခူးတဲ့အခါမှာ စက်မသုံးကြဘဲ ရိုးရာအတိုင်း လက်နဲ့ ခူးဆွတ်ကြရပါတယ်။ အနည်းဆုံး သစ်သားစည်တွေနဲ့ လှိုဏ်ဂူ ထဲမှာ တနှစ်ထားရှိရပါတယ်တဲ့။ ဒါမှသာလျှင် အနံအရသာနဲ့ ပြည့်စုံကောင်းမွန်တဲ့ စပတ်ကလင်ဝိုင်အဆင့် ရောက်ပါတယ် တဲ့။

ဒါတွေအားလုံးက Raisin, Vigne, Vitis, Vine, Grape ခေါ် စပျစ်ပင်တွေက စပျစ်သီးကို ချက်လုပ် ထားပါတဲ့ ဝိုင် ရှန်ပိန် အမျိုးအစား အယ်ကိုဟောလ်တွေပါ။



Vignoble de Champagne (ဓါတ်ပုံ မရငတ)

အဲဒီ စပတ်ကလင်ဝိုင်တို့ ရှန်ပိန်တို့ ဝယ်ကြမယ် သောက်ကြည့်ကြမယ်ဆိုရင် ပုလင်းတံဆိပ်မှာ ရေးထားတာတွေကိုလည်း သတိထား ဖတ်သင့်ပါတယ်။ Brut Nature, Brut, Sec, Demi-Sec, Doux ဆိုတာတွေပါ။

Brut Nature က သကြားဓါတ် ထပ်ဖြည့်ထားခြင်းမရှိ သဘာဝအချိုအတိုင်း ရှိတာပါ။သကြားဓါတ် တည့်သူများအတွက်ကတော့ တလီတာမှာ သကြားငါးဆယ်ဂရမ်ထိ ပါဝင်တဲ့ Sec တို့ Doux တို့လို အချိုဓါတ်ကဲတဲ့ စပတ်ကလင်ဝိုင်တွေကို သောက်သုံး နိုင်ပါတယ်။

မောင်ရင်ငတေ ဖတ်ဖူးသမျှ သကြားပါဝင်တဲ့ရာခိုင်နှုန်းအရ ခွဲခြားသတ်မှတ် ထားချက်တွေကတော့ ..

Brut Nature (00 - 03 g par Litre)
Extra Brut (00 - 06 g par Litre)
Brut (00 - 12 g par Litre)
Extra-Sec (12 - 17 g par Litre)
Sec  (17 - 32 g par Litre)
Demi-Sec (32 - 50 g par Litre)
Doux (Plus de 50 g par Litre)

ဆိုပြီး ခွန်နှစမျိုး ခွဲခြားပြီး ရေးထားတာကို ပုလင်း တံဆိပ်တွေမှာ တွေ့ရှိနိုင်ပါတယ်။ မောင်ရင်ငတေ့ အတွက်ကတော့ ဘာမှ သိပ်ထူးထူးခြားခြား ကွဲပြားခြားနားလှတဲ့ အရသာ မခံစားရပါဘူး။ အားလုံး တူတူလိုသာပါ။


Champagne Vs Sparkling Wines (Photo MKN Google)

ပြင်သစ်ပြည်တွင်း မဟုတ်ဘဲ တခြားနိုင်ငံတွေမှာလည်း စပတ်ကလင်ဝိုင်တွေထုတ်လုပ်နေကြတာ အမျိုးစုံလှပါတယ်။ ဥရောပ ဝိုင်ကမ္ဘာဟောင်း နိုင်ငံများဖြစ်ကြတဲ့ အီတလီရဲ့ အနောက်မြောက်ပိုင်း Rejón del Vèneto ဒေသထွက် Prosecco (Vino) စပတ်ကလင်ဝိုင်ဖြူ၊ စပိန်မြောက်ပိုင်းဒေသနဲ့ ကာတာလန်ပြည်နယ်မှာ ထွက်ရှိတဲ့ El Cava  (သို့) Xampany   ရှန်ပိန် ဝိုင်အကြောင်းတွေကိုတော့ နောက်များကြုံရင် ဒကာခံမယ်သူ တိုက်မယ့်သူရှိလို့သောက်ဖြစ်ရရင် သီးသန့် ရေးပါဦးမယ်။

အခုတော့ ဝိုင်အကြောင်းနဲ့ ပတ်သတ်တဲ့ မှတ်ထား ရေးထားပြီးတာလေး တခုနဲ့ ဒီစာစုကို နိဂုံးချုပ်ပါ့မယ်။ အများသိကြတဲ့ ဝိုင်နီဖြူ ပန်းရောင်နဲ့ စပတ်ကလင်ဝိုင်တွေအပြင် ခပ်ပြင်းပြင်းနဲ့ ခပ်ချိုချို ဝိုင်မျိုးတွေ အချိုပွဲနဲ့ အစာပိတ်သောက်တဲ့ ဝိုင်မျိုး တွေဆိုပြီး ထပ်မံခွဲခြားထားတာပါ။ သိပ်ခြားနားတာတော့ မဟုတ်ပါဘူး။

အခေါ်အဝေါ်တွေကတော့ တောင်ကျောင်းနဲ့ မြောက်ကျောင်း မတူနိုင်ဘူးပေါ့။

စပျစ်မျိုးစုံ ဒေသမျိုးစုံ အခြေခံပြီး စပျစ်ဝိုင်ကို ခွဲခြားကြသလို နောက်ထပ်လည်း ထပ်မံပြီး အောက်ပါအတိုင်း ကိုးမျိုး ကိုးစား ခွဲခြမ်းစိတ်ဖြာ ထားကြပါသေးတယ်တဲ့။

အဲဒါတွေကတော့ ....

The 9 Styles of Wine

· Full-Bodied Rich Red Wines
· Medium-Bodied Textured Red Wines
· Light-Bodied Red Wines
· Rosé Wines
· Full-Bodied Rich White Wines
· Light-Bodied White Wines (Zesty)
· Aromatic White Wines (Sweet)
· Dessert & Fortified Wines
· Champagne & Sparkling Wines

စုစုပေါင်း ကိုးမျိုးပါ။

ဒါတွေအပြင် အရပ်ရပ်က ပညာရှင်ပေါင်းများစွာကလည်း ဝိုင်ဗေဒတွေမျိုးစုံ  ကိုယ်ပိုင် သောက်သုံးမှု အတွေ့အကြုံမျိုးစုံနဲ့ ခွဲခြမ်းစိတ်ဖြာထားကြတာတွေ ရှိပါသေးတယ်။

အကုန်အစင်ကိုတော့ဘယ်လိုမှ မောင်ရင်ငတေလည်း မသိနိုင်ပါဘူး။

ဖတ်ဖူး မှတ်ဖူးသလောက်ကို သောက်ဖူးတဲ့ ဝိုင်အတွေ့အကြုံနဲ့ ပေါင်းစပ် ရေးရခြင်း ဖြစ်တာကြောင့်ဒီနေရာမှာ Full-Bodied Rich တို့ Light-Bodied တို့ကို ဗမာလို ဘာသာပြန်ဖို့က မောင်ရင်ငတေ့အတွက် ခက်ခဲလှတာကြောင့် ဘာသာပြန် မပြတော့ ပါဘူး။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ အစဉ်ပြေသလိုသာ အဓိပ္ပါယ်ကောက်ကြပါတော့ခင်ဗျာ၊ မောင်ရင်ငတေ ကြိုက်နှစ်သက်သလို Full Bodied Rich Red Wine ကို ဘာသာပြန်ပြရရင်တော့ ခန္ဓာကိုယ်တဝန်း အနီရောင်လွှမ်း စိတ်ချမ်းသာစေတဲ့ဝိုင်ပေါ့။ ဒါပေမယ့်လို့ အချိုဓါတ်ကဲလို့ မောင်ရင်ငတေကတော့ သိပ်မကြိုက်လှပါဘူး။ 14 %Vol နဲ့ အထက် ပြင်းအားရှိပြီး ထမင်းမ စားခင် တခွက်သောက် ထမင်းစားပြီး တခွက်သောက်  သောက်တတ်ရင် အသက်ရှည်စေပါ သတဲ့ ခင်ဗျား၊ သူတို့တွေကတော့ တခွက်သောက် ဇိမ်ခံ လေကန်ကြသူတွေကိုး၊ မောင်ရင်ငတေတို့နဲ့ကတော့ ကီး သိပ်မကိုက်ဖူးလို့သာပြောချင်ပါတယ်။

Vin Muté ခေါ် Vin De Liqueur ခေါ် Likörwein ခေါ် Fortified Wine ခေါ်ကြတဲ့ Port, Sherry, Madeira, Marsala, Commandaria ဝိုင်တွေရဲ့ အကြောင်းနဲ့ စားပြီးသောက်ပြီးချိန်  မုန့်အချိုတွေနဲ့ အစားပိတ်စားတဲ့ Vins de Dessert ချိုမြိန် ဝိုင်တွေရဲ့အကြောင်းကိုတော့  နောက်စာစုတခု အနေနဲ့ ရေးချင်ပါသေးတယ်။

အဲဒီလို နယမျိုးစုံက စပျစ်ဝိုင်တွေမျိုးစုံမှာ ဖန်ခါးချဉ်ချို အရသာပေါင်းစုံ ပါဝင်ပေမယ့်  မောင်ရင်ငတေကတော့ ကိုယ်သောက် နေကျ ဈေးခပ်ပေါပေါ ချဉ်စုတ်စုတ် ခပ်ဖန်တန်တန်  အရသာကိုသာ စွဲလမ်း မိရပါတယ်လို့ ပြောလိုက်ရင် မလွန်လောက်ပါဘူး။

ရှယ်ရီ ရှန်ပိန် ပေါ်တို ကော့ညက် ဘယ်လောက် ဘယ်လို ကောင်းလှပါတယ် ညွှန်းကြရင်လည်း မောင်ရင်ငတေရဲ့ ဆယ် ယူရိုတန် ငါးလီတာပုံးထဲက La Piquette, Grand Vin de Mauvaise Qualité လို့ ဒီကနေ့ ပြင်သစ်တွေ ခေါ်ဆိုကြပါတဲ့ ဝိုင်နီနီ ကိုသာ  အိပ်မက်ထဲထိတိုင် စွဲလမ်းမိရကြောင်းပါ ခင်ဗျား၊ ကိုယ်ငါးချဉ် ကိုယ်ပိုချဉ်ရတာပေါ့။


စပျစ်ဖြူပင် Chardonnay (ဓါတ်ပုံ မရငတ)

ဒါ့အပြင်ရှန်ပိန် ဝိုင် ကော့ညက်တွေကို သောက်တော့မယ်ဆိုရင် ဘယ်အချိန်ဘယ်ကာလမှာသောက်မှာလဲ၊ ဘယ်လို အစားအစာတွေနဲ့ ဘယ်ဝိုင်အမျိုးစားကို မစားမီသောက်မှာလား စားပြီးမှ သောက်မှာလား၊ ဘယ်လို အရသာခံလို့ သောက် မှာလဲ၊ ဘယ်လိုမျိုးဖန်ခွက်တွေနဲ့ ဘယ်လိုကိုင်ပြီး သောက်ကြမှာလဲ၊ အတော်လေးကို ရှုတ်ထွေးတဲ့ ရိုးရာဓလေ့ထုံးစံ အစဉ် အလာတွေ ဘာညာသာရကာတွေ ရှိပါတယ်။ မောင်ရင်ငတေ အတွက်ကတော့ ဒါတွေ ဒါတွေ ဘယ်လိုဘယ်ဝါတွေ အရေး မကြီးလှလို့ ဒီနေရာမှာ တတ်ယောင်ကား ထည့်မရေးချင်တော့ပါဘူး။

ထိုနည်းတူ ပေါင်းခံချက်လုပ်တဲ့ နည်းပညာတွေနဲ့ စက်ပစ္စည်းကရိယာတွေကတော့ နားလည်ဖို့ မလွယ်ကူသလို လေ့လာဖို့ ကလည်း မောင်ရင်ငတေ့အတွက် နောင်ဘဝ နောင်ဘဝတွေမှာ ရှန်ပိန်နယ်မှာ သို့မဟုတ် ကော့ညက်နယ်မှာ ဖြစ်ဖြစ် အနည်းဆုံး ဘောဒိုးတို့ ဘူဂွန်းန်မှာ ဖြစ်ဖြစ် တဖန်ပြန် မွေးဖွားလို့ လူပြန်ဖြစ်လာစေဖို့ကိုသာ ဆုတောင်းနေမ၏ိ ရပါတော့တယ်ခင်ဗျား။


23 Sparkling Wines of France (Photo MKN Google)

Georges Hermann Mumm Champagne Brut Cordon Rouge (ဓါတ်ပုံ မရငတ)

ရှန်ပိန်အကြောင်းရေးရင်း ပုံဟောင်းတွေ ပြန်ရှာတာမှာ ပုံတပုံပြန်တွေ့လို့ ရေးပါဦးမယ်။ တခါကပေါ့။ မောင်ရင်ငတေ သောက်ခဲ့ဖူးတဲ့ နှစ်ချို့ ရှန်ပိန်ပါ။ ပါရီကို အသိတယောက် လာလို့ အသိတယောက် အိမ်မှာ မောင်ရင်ငတေ ဧည့်မြှောင်အဖြစ်ကပ်သောက်လာခဲ့ဖူးတဲ့ Cordon Rouge ရှန်ပိန်ပါ။

နှစ်က ဘယ်လောက်ထိချို့ပါသလဲတော့ သေချာမမေးဖြစ်ပေမယ့် ပုလင်းကတော့မြင်တဲ့အတိုင်း အတော်လေးကို ဟောင်း နေပါပြီ၊ အစာပိတ်အနေနဲ့ဆိုတော့ တခွက်နှစ်ခွက် မျှသောက်ရတာပေါ့၊ အိမ်ရှင်ရဲ့ အပြောအရကတော့ နှစ်အတော်ချို့ဟန် တူပါတယ်။

ရှန်ပိန်ဖော့ဆို့တွေဟာ ပုံမှန်အားဖြင့် ဖွင့်လိုက်တာနဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ကြောင့် တွန်းကန်ပြီး ခပ်ဝေးဝေးထိ လွင့်ထွက် သွားတတ်ပါတယ်တဲ့။ ဖော့ဆို့လည်း ပြန့်ကားသွားပြီး အဲဒီဖော့ဆို့နဲ့ ပုလင်းကို ပြန်ပိတ်လို့မရတော့ပါဘူး။

သူရဲ့ ရှန်ပိန်ကတော့ လုံးဝနှစ်ချို့စစ်စစ်ဖြစ်တာကြောင့် ဖော့ဆို့က မူလပုံစံအတိုင်းပါတဲ့။ အဲဒါမှသာ နှစ်ချို့ရှန်ပိန် စစ်မှန် ကြောင်းပါတဲ့။ မောင်ရင်ငတေ သောက်ခဲ့ဖူးတဲ့ နှစ်ချို့ရှန်ပိန်အကြောင်းလေးပါခင်ဗျာ။

စက်တင်ဘာ စပျစ်ခူးလကို ဂုဏ်ပြုရင်း အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။

မောင်ရင်ငတေ ၃၀၀၉၂၀၁၆