မာန် (တောင်လုံးပြန်) ● ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – အပိုင်း (၁၅ - ၁၆)


မာန် (တောင်လုံးပြန်) ● ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – အပိုင်း (၁၅ - ၁၆)
(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၆

ဆရာမင်းသစ်ကို ကျနော်အင်တာဗျူးခွင့်တောင်းထားသည်မှာ (၂) နှစ်ကျော်ခဲ့ပြီ။ ကျနော့်အတွက်ကံကောင်းလှသည်မှာ ကျနော့်ရဲ့လူသိမများလှသော ဝတ္တုရှည်တစ်ပုဒ်ကို ဆရာဖတ်ဖူးထားခြင်းကြောင့်ပင်။ ကျနော်နဲ့တွေ့တော့ မိတ်ဆက် စ ကားပြောပြချိန် ဆရာက ထိုဝတ္တုကိုမှတ်မှတ်ရရပြန်ပြောပြီး သူကျနော့်ကလောင်ကိုသိထားကြောင်းနှင့် ထိုဝတ္ထုအပေါ်သ ဘောကျကြောင်းပြောပြသဖြင့် ကျနော်ကြည်နူးမဆုံး။ သူနဲ့ကျနော် ရေစက်ဆုံချင်တော့ ပင်းယမဂ္ဂဇင်းမှာပြန်ဆုံရသည်။ သူက အယ်ဒီတာချုပ်၊ ကျနော်ကလူငယ်ပိုင်းဆိုင်ရာ စာပေတာဝန်ခံ။ ထို့နောက်ပိုင်း ဆရာနှင့်ကြို့ကြားကြို့ကြားတွေ့ကြသည်။ ကျနော်က ဆရာဦးဝင်းငြိမ်းတို့ကိုအင်တာဗျူးပြီးနောက်ပိုင်း စာပေနယ်မှ ဝါရင့်သမာရင့်များနှင့် ထပ်၍အင်တာမဗျူး ဖြစ်။ နိုင်ငံရေးသောင်သာသောကာလမို့ နိုင်ငံရေးအင်တာဗျူးများချည်း ငါးနှစ်ကျော်အချိန်ကုန်ခဲ့သည်။ ယခုမှ ဆရာမင်းသစ် နှင့်ချိန်းဆိုကာ လွန်ခဲ့သော (၂) နှစ်က အလုပ်ကြွေးကိုဆပ်ရခြင်းပင်။ ၁၅၊ ၁၀၊ ၂၀၁၆ နေ့တွင် ပထမအကြိမ်၊ ၁၉၊ ၁၀၊ ၂၀၁၆ နေ့တွင် ဒုတိယအကြိမ်တွေ့ဆုံကာ အားပါးတရမေးမြန်းဖြစ်ခဲ့သမျှ တင်ပြလိုက်ရပါတော့သည်။

● ဧရာဝတီမြစ်ဝှမ်းမှ ပိုးဖလံခေါင်းစဉ်နဲ့ ကျနော်ဝတ္တုရှည်ကြီး တပုဒ်ရေးချင်တယ်
မင်းသစ် ။ ။ ခင်ဗျားအဲဒါတဆက်တည်းပြောလိုက်မယ်၊ ကျောင်းတွင်းဖွံ့ဖြိုးမှုလုပ်ငန်းတွေမရှိတဲ့အတွက် ဒီကနေ့ကလေး တွေမှာ အနုပညာနဲ့လည်းဝေးတယ်၊ အားကစားနဲ့လည်းဝေးတယ်၊ ကျနော်တို့တုန်းက ပန်းချီဆိုရင်ပုံဆွဲဆရာခန့်ထားတာ၊ နောက်ပိုင်းမှာ ကိုလံဘိုစီမံကိန်းက နေချပေးတာ၊ ခုခေတ်ဆင်းရဲတဲ့ပန်းချီဆရာတွေဝယ်မကိုင်နိုင်တဲ့ ဝပ်မှင်ပေပါတို့၊ ဝင် ဆာစုတ်တံတို့၊ ကျနော်တို့ဟိုမှာထင်တိုင်းကျဲတာ၊ နောက်၊ ဂျာမဏီကပေးတဲ့ ဗီးနပ်စ်တို့၊ စတက်လာတို့၊ ခဲတံဆိုဒ်မျိုးစုံ၊ HB5 တို့၊ ရောင်စုံခဲတံမျိုးစုံ၊ စက်မှုလက်မှုဆရာကလည်း သင်ပေးတယ်ဗျာ၊ ထရံယက်တာတို့၊ အုတ်စီတာတို့၊ ကျနော်တို့က ပျော်နေတာ။ အဲဒီအချိန်လေးပေးလိုက်တဲ့ဆေးတွေဆိုတာလည်းဗျာ၊ ကလေးတွေဆိုတော့ အကုန်ဖြုန်းတီးပစ်တာပေါ့၊ စက္ကူတွေရော၊ ဘာမှမပြောဘူး။

နောက်တခါ ကျန်းမာရေးလေ့ကျင့်ခန်းပေါ့၊ ရှိတယ်၊ ဒါ PT ချိန်၊ အားကစားလား၊ မင်းက ဘာကစားချင်တာတုန်း၊ ဘတ် စကက်ဘော၊ သွားအဲဒီမှာသွားကစား၊ မင်းကဘာတုန်း၊ ဘောလုံး။ သွားဘောလုံး။ ဟိုကောင်က ကြက်တောင်တဲ့။ သွား ကြက်တောင်ရိုက်။ အဲဒီကနေထွက်တာပဲလေ။ မြန်မာ့လက်ရွေးစင်တွေ၊ အာရှထိပ်သီးတွေဖြစ်ကုန်တာပဲဟုတ်ဖူးလား။ အဲဒီ တော့ အခုကလေးတွေမှာဘာဖြစ်ကုန်လဲဆိုတော့ အနုပညာအရလည်း နာတယ်၊ ကျန်းမာရေးအရလည်း နာတယ်။  တိုင်း ပြည်ကတော့ သွားရော။ အဲလိုဗျာ။

မာန် ။ ။ ဟုတ်ပါပြီဆရာ၊အခုစာပေဘက်ကိုဆက်ကြရအောင်ဆရာ၊ ဆရာအခုရေးချင်တဲ့အကြောင်းအရာတွေ၊ စာပေနဲ့ပတ် သက်တာတွေရော၊ ဖြတ်သန်းမှုပေါ့ဆရာ၊ ဆရာဘာတွေရေးဖို့ စိတ်ကူးရှိသလဲဆိုတာပြောပြပါဦး။
မင်းသစ် ။ ။ ကျနော်ဝတ္တုရှည်ကြီးတပုဒ်ရေးမယ်၊ ဝတ္တုခေါင်းစဉ်ကတော့ ပြီးပြီ။ ရေးသာမရေးရသေးတာ။ ခေါင်းစဉ်က ပြီးပြီ။ ဧရာဝတီမြစ်ဝှမ်းမှပိုးဖလံများခေါင်းစဉ်နဲ့ ကျနော်ဝတ္တုရှည်ကြီးတပုဒ်ရေးချင်တယ်။

လွတ်လပ်ရေးမရခင်ကာလ ကျနော်မမွေးခင်ကာလကနေစပြီးတော့ ဒီလက်ရှိကာလထိ ဖြတ်သန်းမှုတွေရေးချင်တယ်။ ပါလာမှာပေါ့။ ဗကပတို့၊ မမျိုးသန့်လို့ခေါ်တဲ့ ဒေါ်နို့တစ်လုံးစိန်တို့ပါလာမှာပေါ့။ တိုက်ပွဲကျသွားတဲ့ ကျနော့်ဦးလေးတွေ၊ အကုန်ပေါ့ဗျာ။ နော်၊ အခုပဲခူးရိုးမမှာသတ်ခံရတဲ့သူငယ်ချင်းကျောင်းသားတွေ၊ အရှေ့မြောက်ဘက်မှာကျသွားတဲ့သူတွေ၊ နောက် ဖောက်ပြန်ပြီး ပြန်ရောက်လာတဲ့သူတွေ။ မဖောက်ပြန်ဘဲ ပြန်ရောက်လာတဲ့သူတွေ။ ရေးချင်တာတွေပေါ့၊ ဧရာဝတီမြစ်ဝှမ်းမှပိုးဖလံများဆိုပြီး။ ကျနော်တို့ဘဝဟာ အခုထိ ပိုးဖလံဘဝကမလွတ်သေးဘူး။ ကျနော် အဲဒါရေးချင်တာ။

ခြောက်နှစ်သားလေး၊ စစ်ကိုင်းငါးထပ်ကြီးဘုရားပွဲမှာ ရွှေမန်းတင်မောင်ကြည့်နေတာ။ အုံးဆိုပြီး သူ့ပေါင်ပေါ်ကိုလက်ပြတ်ကြီးလာတင်တယ်။ လက်ပစ်ဗုံးနဲ့ပွဲခင်းထဲထုတာ၊ ရဲဘော်ဖြူက ထုတာ။ အဲဒီကလေးက ကျနော်လေ။ ကျနော်သွေးကိုပျက် သွားတာ။ အဲဒါတွေလည်း အကုန်ပါမယ်ပေါ့ဗျာ။ နောက် (၆၂) ကျောင်းသားအရေးအခင်း။ (၆၃) မဟာဌာနသုံးခုပိတ်တဲ့ အ ရေးအခင်း။ (၆၄) စနစ်သစ်ပညာရေးပေါ်လာတာ။ အဲဒါမျိုးတွေ။ နောက်ပြီးတော့ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့်။ အလုပ် သမားအရေးအခင်း။ (၆) ခရိုင်ဆန္ဒပြပွဲ။ ကိုကိုးကျွန်းကိုသွားရတဲ့အုပ်စု။ အဲဒါမျိုးတွေ ကျနော်ရေးချင်တာ။ တော်တော်တော့ ရှည်မယ်။

မာန် ။ ။ ကောင်းတယ်ဆရာ။ ဆရာရေးဖြစ်အောင်ရေးပါ။
မင်းသစ် ။ ။ရေးချင်တာ အဲဒါမျိုးတွေဗျာ။

မာန် ။ ။ ဟုတ်ကဲ့ဆရာ၊ ပညာရေးနဲ့ပတ်သက်ပြီး ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ဟောပြောပွဲမှာ သူက၊ ကျနော်တို့တိုင်းပြည်စနစ်တကျဖျက်ဆီးခံရတဲ့ သက်တမ်းတွေပေါ့၊ ပထမဆုံး နှစ်အစိတ် (၂၅နှစ်) ကာလမှာ လူတွေကို ဒီတိုင်းပြည်မှာပညာတတ်တွေကိုနေလို့မရအောင်လုပ်ပစ်တယ်၊ နေရာမပေးဘူး။ ပညာရှင်တွေကို ချောင်ထိုးပစ်တယ်။ ဟိုပို့ဒီပို့ပို့ပစ်တယ်။ မ ဟုတ်တာလုပ်တဲ့သူတွေကို အုပ်ချုပ်ရေးပိုင်းမှာထား။ ထားတော့ ပညာရေးပျက်စီးလာတယ်။ လူတွေစာပေအနုပညာနဲ့ပညာကိုတန်ဖိုးမထားတတ်အောင်လုပ်တာ။ ဒါက ပထမ။ နောက်ပိုင်းမှာပိုပြီးတော့ ဆိုးအောင် ကျနော်တို့ဆီမှာ လောင်း က စားတွေ၊ နောက်တခါ အရက်ဆိုင်တွေ၊ ဘီယာဆိုင်တွေပေါပေါများများဖြစ်အောင်၊ လောင်းကစားတွေဖွင့်၊ လူတွေစာရိတ္တပျက် စီးအောင် နှစ်လုံးသုံးလုံး ဘောလုံး။ အဲဒါတွေပေါ်ထွန်းအောင်လုပ်တယ်။ လူတွေပျက်စီးတယ်။ အဲဒါတွေကြောင့် ကျနော်တို့ တိုင်းပြည်ကနှစ်ငါးဆယ်လောက် အစိုးရကို ဘာမှပြန်မလုပ်နိုင်ဘဲ လူတွေခေါင်းငုံ့ခံရတဲ့ဘဝကိုရောက်ကြတယ်။ အဲဒီလိုဖြစ် တာကို ကျနော်တို့က ဒီဘက်ကာလမှာပြန်ပြီးတော့ လုပ်ရတော့မယ်၊ပြုပြင်ရတော့မယ်။ အဲဒီအပေါ် ဆရာဘယ်လိုအကြံပေး ချင်သလဲဆရာ။
မင်းသစ် ။ ။ နံပါတ် တစ်ရင်းနှီးမြှုပ်နှံရမှာက ပညာရေးပဲ၊ ခင်ဗျားပြောတာက ပညာမတတ်ကြလို့ အဲဒါတွေဖြစ်ကုန်တာလေ။ ဒါ ခင်ဗျားပြောတဲ့စကားအတိုင်း၊ ဟုတ်ဘူးလား အနှစ်အစိတ်လောက်။ နောက်ပြီးကျတော့ ပညာတတ်ပြီးသားလူတွေကိုလည်း ဒီမှာမနေနိုင်အောင်လုပ်တာလေ၊ ဟုတ်လား။ ဒီတော့ နံပါတ်တစ်က ပညာရေးရင်းနှီးမြုပ်နှံပါ။ နံပါတ်နှစ်အချက် အခုလက်ရှိ အစိုးရဖွဲ့စည်းပုံကို ပြောမယ်။ တပ်ကကာကွယ်ရေးဝန်ကြီးဌာနယူထားတယ်။ နယ်လုံ (နယ်စပ်ရေးရာနဲ့လုံခြုံရေးဝန်ကြီးဌာ န) တပ်ကယူထားတယ်။ ပြည်ထဲရေးယူထားတယ်။ ယူပါ၊ ကျန်တာတွေ ပြည်ထဲရေးက နှစ်ခုတော့ ပြန်ပေးပါ။ အဲဒါ အ ထွေထွေအုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး။

အဲဒါတွေမှအရပ်သားအစိုးရလက်ထဲမရောက်ရင် ဒီတိုင်းပြည် ဘယ်လိုမှအဖတ်ဆယ်လို့မရဘူးနော်၊ ရမှာမဟုတ်ဘူး။ ရဲက လည်း သူတို့တပ်ကိုပြန်မလုပ်ပါဘူး။ သို့သော် စိတ်မချလို့ဆိုပြီး တပ်က ဆက်ကိုင်ထားချင်ထားပါ။

အမှန်က ကျနော်တို့သုံးခုတောင်းရမှာ။ တစ်က ထွေအုပ်။ နှစ်က တရားစီရင်ရေး၊ တရားစီရင်ရေးမရှိလို့ပေါ့။ ရှိရင် တပ်မြေ မကျူးကျော်ရဆိုတာတွေချည်း ဘယ်တွေ့ရမလဲ၊ဟုတ်ဖူးလား။

ရဲလည်း ပြန်လိုချင်တာပေါ့ဗျာ။ ဒါပေမဲ့ မပေးချင်နေပါ။ လက်နက်ကိုင်မို့လို့ အရပ်သားအစိုးရလက်ထဲမအပ်ချင်ဘူးဆိုလည်း မအပ်ပါနဲ့။ ဟိုနှစ်ခုတော့ ပြန်ပေးပါ။ အဲဒါဆို ကျနော်တို့တိုင်းပြည် နည်းနည်းထူထောင်လာမယ်

မာန် ။ ။ဟုတ်ကဲ့ဆရာ၊ ဆရာတင်ပြချက်တော်တော်ကောင်းပါတယ်၊ အခုဆရာလည်း နားပါဦး။ နောက်ပိုင်း ဆရာ့ဘက်ကထပ်ပြောချင်တာတွေရှိရင်လည်း ကျနော့်ဆီဖုန်းဆက်ပါ၊ ကျနော်လာခဲ့ပ့မယ်။ ကျနော်ဘက်ကမေးချင်တာတွေရှိရင်လည်း ထပ်လာခဲ့ပါ့မယ်ဆရာ၊ ကျေးဇူးတင်ပါတယ်ဆရာ။

● စီးပွားပျက်တော့ လမ်းထိပ်ဘက်ကျတဲ့ ဧကဝက်ကို လော်စစ်ဟန်တို့ဆီ ရောင်းလိုက်ရတယ်)

 
မာန်။ ။ ကျနော်တို့ဒုတိယပိုင်းကို ဆက်လိုက်ကြရအောင်ဆရာ၊ ဆရာကအစားအသောက် ကောင်းတွေဆိုရင် ရှာရှာဖွေဖွေ တကူးတက သွားစားတတ်တယ်၊ မိတ်ဆွေတွေကိုလည်းတကူးတကလိုက်ကျွေးတဲ့အကျင့်ရှိတယ်၊ ကျနော်လည်း ခဏခဏ လိုက်စားဖူးတယ်၊ အဲဒီလို အကျင့်တွေကို ဆရာဘယ်လို စပြီးတော့ သန္ဓေတည်ခဲ့တယ်ဆိုတာ ပြောပြပါဦးဆရာ။
မင်းသစ် ။ ။ ကျနော်၊ ကျနော့်စိတ်ထင်တော့ဗျာ၊ အမေ့ဆီကရတယ်လို့ထင်တာပဲ၊ အမေကလည်း အစားအသောက်ကောင်း သိပ်ကြိုက်တယ်၊ ဒါပေမဲ့ သူတယောက်ထဲ ဘယ်တော့မှမစားဘူး။ မိတ်ဆွေတွေနဲ့မှစားတတ်တယ်။ အဲဒီအလေ့အကျင့်ကျနော့်ဆီရောက်သွားတယ်။ တနည်းပြောရရင်တော့ ချစ်ခြင်းမေတ္တာတရားရယ်၊ ကိုယ်ချင်းစာတရားပေါ့၊ နော်။ ချစ်ခြင်းမေတ္တာ တရားကြောင့်မို့လို့ ကျွေးချင်တယ် မွေးချင်တယ်၊ ကိုယ်ချင်းစာတရားကြောင့် ငါစားသလို သူစားစေချင်တယ်ဆိုတဲ့ စိတ် ကလေးရှိတယ်၊ နောက်ပြီးတော့၊ ကျနော်အစားကောင်း အသောက်ကောင်းလည်း အလွန်မက်မောတယ်။ ဟိုဟာဗျာ အစား အစာနဲ့ပတ်သက်ရင်တော့ ထိနမိတ္တ အားကြီးတယ်လို့ ဆိုရမယ်။ အစားအသောက်ဆိုရင် ကျနော်က ဘယ်လောက်ဝေးဝေး သွားစားတယ်။ တခါတလေကျတော့ မုန့်ဖိုးကမကုန်ဘူး ကားခကကုန်တာ။ အဲလိုတွေထိပေါ့၊ မြောင်းမြဒေါ်ချိုဆိုရင် ဟိုးသု ဝဏ္ဏထိ သွားစားတယ်။ စမ်းချောင်းဘက်မှာလည်း ရှိသားပဲ၊ မစားဘူး။ သုဝဏ္ဏကမှ original လို့ထင်တာ။ ဟုတ်မ ဟုတ် တော့မသိဘူး၊ ဟားဟား။ အဲဒီလိုဗျ၊

မန္တလေးမုန့်တီတို့၊ မြီးရှည်တို့သွားစားဖို့ဆိုရင်လည်း အရင်တုန်းက ရုရှသံရုံးရှေ့သွားစားတယ်၊ အဲဒီဆိုင်ကနောက်တော့ ပြောင်းသွားရော၊ အလုံဂတ်တဲရှေ့ကိုပြောင်းသွားတော့ အဲဒီထိ လိုက်စားရရော။  နောက်တခါ ဧဒင်လမ်းမှာ ဂေါ်မေဆိုပြီး ဖွင့်ပြန်ရော။ လိုက်စားပြန်ရော။ အဲဒီကောင်ကတခါပြောင်းသွားပြန်ရော။ သံလမ်း (၂) ထဲမှာ ပရုန်းဆိုတဲ့စားသောက်ဆိုင်နဲ့ တွဲဖွင့်ပြန်ရော။ အဲဒီထိတခါ လိုက်စားရပြန်ရော။ အဲဒီလိုတွေပေါ့ဗျာ။

မာန် ။ ။ အဲဒါဆိုဆရာရေ၊ တလက်စထဲပြောပြပါဦး၊ ဆရာ့ကို The မင်းသစ်ဖြစ်စေခဲ့တဲ့ဖြစ်ရပ်လေး၊ ဆရာ့ရဲ့အိပ်မက်ကွန်ဖရင့် ဝတ္တုတိုပေါင်းချုပ်ထဲက ဆရာမြတ်သင်းရဲ့အမှာစာမှာလည်း ပါတယ်၊ လေယာဉ်စီးပြီး မန္တလေးထိ မုန့်တီသွားစားတယ်ဆို တာလေး။
မင်းသစ် ။ ။ မုန့်တီမဟုတ်ဘူးဗျ၊ မြီးရှည်။

မာန် ။ ။ ဟုတ်ကဲ့၊ လေယာဉ်စီးပြီးမြီးရှည်သွားစားတာလေး၊ တခါတလေကျရင်လည်း ကားခမရှိလို့ လှည်းတန်းကနေ လမ်းလျောက်ပြန်တယ်ဆိုတဲ့အကြောင်း၊ အဲဒီကိစ္စလေးပေါ့။ အဲဒီကာလတွေမှာ ဆရာလှုပ်ရှားကျင်လည်ရတဲ့ဖြစ်ရပ်လေးတွေ…
မင်းသစ် ။ ။ အဲဒါဟိုဟာပေါ့ဗျာ၊ စီးပွားဖြစ်တုန်းက ပိုက်ဆံကိုင်ပြီးတော့ ရမ်းတာပေါ့၊ ရူးတာပေါ့။ အဲဒီတော့ မန္တလေးကို နေ့ချင်းပြန် မြီးရှည်သွားစားတာ။ ညနေပြန်ရောက်တယ်၊ မနက်ကိုမြစ်ကြီးနားဖလိုက်နဲ့ လိုက်သွားတယ်။ စားတယ်သောက် တယ် ဘာညာပေါ့၊နော်။ တခါတလေ (၂၁) မိုင်အထိ ကိုဝင်းဦးကိုအားကျပြီးတော့ ဦးဘရီရဲ့ဆိုရှယ်ကဖီး တက်လိုက်သေး တယ်။ ဂျစ်ကားငှားပြီးသွားတာ။

မာန် ။ ။ အဲဒီဆိုရှယ် ကဖီးတက်ရခြင်းအကြောင်းရင်းက…
မင်းသစ် ။ ။ ဩော် ကိုဝင်းဦး အားကျတာပါ၊ ဆိုရှယ်ကဖီးဆိုတာက ဆိုရှယ်ဦးဘရီဖွင့်တာ။ ကိုဝင်းဦးရဲ့မိတ်ဆွေပေါ့။ သူနဲ့ကိုဝင်းဦးနဲ့မိသားစုလိုက်ရင်းနှီးသလို ကျနော်နဲ့လည်း ရင်းနှီးတယ်။

အဲဒီတော့ မန္တလေးမှာမြီးရှည်လည်းစားပြီးရော တမနက်လုံးအားနေတော့ ဂျစ်ကားတစီးငှားပြီး (၂၁) မိုင်တက်တာပေါ့၊ မေမြို့အထိတော့အချိန်မရဘူး၊ ဟိုရောက်တဲ့အခါကျတော့ သူ့ဆိုင်ကကျွေးတဲ့ ကြာဇံဟင်းခါးပေါ့။ အဲဒါသောက်ပြီးတော့ ပြန်ဆင်း။ ပြန်ဆင်းပြီး ညနေပိုင်းကလေးဖလိုက်နဲ့ပြန်လာတာပေါ့။ ရန်ကုန်ကို ညနေငါးနာရီလောက်ပြန်ရောက်တယ်။ ကားမကျပ်သေးတဲ့အချိန်ဆိုတော့ ကျနော်ဆူးလေဘုရားလမ်းမှာစာသင်နေတဲ့ ၆/ ခွဲ၊၇ နာရီအချိန် ကျနော်စာသင်လို့ရတယ်

မာန် ။ ။ ဩော်၊အရင်တုန်းကဆိုရင် ဒီလိုခရီးဆိုတာလနဲ့ချီ အချိန်ယူပြီးသွားကြတဲ့ခေတ်နော်၊ 1980 တဝိုက်ဆိုတာ ခရီးတခု သွားဖို့ အင်မတန်ကထိကထများကြတာ။
မင်းသစ် ။ ။ အဲဒီတုန်းက လေယာဉ်ခကလည်း (၇၆)ကျပ်လေ၊ အခုခြောက်သောင်း။ အဲဒီလို။ ဒါက စီးပွားဖြစ်တဲ့အချိန်။ ပိုက် ဆံရှိတဲ့အချိန်။ သောင်သာတဲ့အချိန်မှာ ရူးတာ။ သို့မဟုတ် ရမ်းတာပေါ့။ နောက်၊ စိတ်အလိုလိုက်တာပေါ့။ စိတ်အလိုလိုက်ဖို့ လည်း ကျနော့်မှာအင်အားရှိတာကိုး။ မရတဲ့အခါမရှိတဲ့အခါကျတော့လည်းဗျာ၊ ကျနော်တို့ခြံကြီးက အရင်က တစ်ဧကရှိတာ၊ အဲဒါကျနော်စီးပွားပျက်တော့ လော်စစ်ဟန်တို့ဆီ ဧကဝက်ရောင်းလိုက်ရတယ်။ ဟိုဘက်ခြံပေါ့၊ (ဦးကျူဂျုံစက်ရုံဝင်းဟောင်းကြီး)၊ စီးပွားပျက်လို့ရောင်းတာ၊ ဒါပေမဲ့ ကျနော်နေတတ်တယ် ကိုမာန်ရဲ့။ မရှိရင်လည်း မရှိသလို နေတတ်တယ်။ အဲဒီအ ကျင့်က တကယ်တမ်း မကောင်းဘူး၊၊ မရှိရှိအောင်ကြိုးစားရမှာ၊ ကျနော့် အဲဒီစိတ်လည်းမရှိဘူး၊ ဟားဟား၊ မရှိလည်း အေးဆေးပဲ၊ နောက်ပြီးတော့ မိန်းမနဲ့သားသမီးတွေက ကျနော့်ကို ပင်တိုင်ကျွေးမွေးထားတာကိုး။

ဆက်လက်ဖော်ပြပါမည်။
သရုပ်ဖော်ပုံသည် ဆရာမင်းသစ်၏ အိပ်မက်ကွန်ဖရင့်ဝတ္တုတိုစု စာအုပ်မှ မျက်နှာဖုံးသရုပ်ဖော်ပုံ ဖြစ်ပါသည်။