မောင်မောင်လတ် ● ‘အကြမ်းဖက်’ စကားလုံးကို အလွဲသုံးစား မလုပ်ပါနဲ့

မောင်မောင်လတ် ● ‘အကြမ်းဖက်’ စကားလုံးကို အလွဲသုံးစား မလုပ်ပါနဲ့
(မိုးမခ) ဒီဇင်ဘာ ၂၈၊ ၂၀၁၆

(ရဲထွန်း (သီပေါ) ၏ အကြမ်းဖက်သမား တမီးလ်ကျားနဲ့ အမြစ်ပြတ်ချေမှုန်းရေး သင်ခန်းစာ  DVB ဆောင်းပါးအပေါ် ပြန် လည် ဝေဖန်ချက်)

ပြီးခဲ့တဲ့ဒီဇင်ဘာ (၇) ရက်နေ့က၊ ကြံ့ဖွံ့နဲ့ စစ်အုပ်စု အမတ်တွေရဲ့ ပူးပေါင်းအင်အားသာတဲ့ ရှမ်းပြည်နယ်လွှတ်တော်မှာ မြောက်ပိုင်း မဟာမိတ်အဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းတွေအဖြစ်သတ်မှတ်ဖို့ အဆိုကိုတင်ပြီး၊ ပြန်အနိုင်ယူခဲ့တာ ကြားရ တော့ အကြမ်းဖက်ဝါဒအကြောင်း ရေးချင်စိတ်ပေါက်လာခဲ့ပါတယ်။ ဒီအဖွဲ့တွေကိုပြောတဲ့ ‘အကြမ်းဖက်’ ဆိုတာ ဘယ်စကား လုံးကို ဆိုလိုတာလဲလို့ Irrawaddy.org မှာ စူးစမ်းကြည့်မိပါတယ်-1 (ဘာကြောင့်လဲဆိုတော့ ‘အကြမ်းဖက်’ ဆိုတဲ့ မြန်မာ စကားဟာ နာမ၀ိသေသနအရဆိုရင် violent လို့ အဓိပ္ပါယ် ရသလို၊ terrorist လို့လည်း လိုရာဆွဲယူလို့ ရတာကြောင့်ဖြစ် ပါတယ်)။ terrorist organizations ပါတဲ့။ ဒါနဲ့  အကြမ်းဖက်ဝါဒ (terrorism) အကြောင်း ရေးဖို့ ပြင်ပါတယ်။

ရေးဖို့ ပြင်တုန်းမှာ ရဲထွန်း (သီပေါ)ဆိုသူရဲ ‘အကြမ်းဖက်သမား တမီးလ်ကျားနဲ့အမြစ်ပြတ်ချေမှုန်းရေးသင်ခန်းစာ’-2ဆောင်း ပါးကို ဖတ်လိုက်ရတော့ ထင်တဲ့အတိုင်းပါပဲ၊  ရဲထွန်း (သီပေါ) က အ ကြမ်းဖက်ဝါဒရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဝီကီပီဒီယား အွန်လိုင်း စွယ်စုံကျမ်း (Wikipedia) ကို ကိုးကားပြီး၊ ဘာသာပြန်ပြပါတယ်။ terrorism ကို အကြမ်းဖက်ဝါဒလို့ပဲ ဘာသာ ပြန်ပါတယ်။

သူ့ဆောင်းပါးရဲ့ခေါင်းစဉ်ငယ် ‘ကွန်မြူနစ်တွေပြောတဲ့ အကြမ်းဖက်တော်လှန်ရေး’ ဆိုတာမှာတော့ ကွန်မြူနစ် ကြေညာစာ တမ်း (Manifesto of the Communist Partyရဲ့ အောက်ဆုံးပိုဒ်ကို ကိုးကားပါတယ် (သူ့ရဲ့စာကိုးစာရင်းမှာတော့ ဘာကြောင့် ထည့်မထားသလဲ မသိပါ)။

‘ကွန်မြူနစ်များသည် … တည်ဆဲလူမှုရေးအခြေအနေ အားလုံးကို အင်အားသုံး အကြမ်းဖက်မှောက်လှန်ပစ်သည့်နည်းဖြင့်သာလျှင် ရရှိနိုင်မှာဖြစ်ကြောင်း ဗြောင်ကြေညာလိုက်သည်။’ လို့ ဘာသာပြန်ရာမှာ forcible overthrow  ကို အကြမ်းဖက် မှောက်လှန်လို့ ဘာသာပြန်ထားတာတွေ့ရပါတယ်။ forcible ကို ကွန်ပြူတာမှာ ညာကလစ်နဲ့ထောက်ကြည့်ရင်၊ violent  အပါအ၀င် အခြားအဓိပ္ပါယ်တူရာစကားလုံးတွေ ကိုတွေ့ရမှာဖြစ်ပါတယ်။ terrorist ဆိုတာ မပါပါဘူး။ Oxford Advanced Learner’s  Dictionary  မှာလည်း Forcible ကို involving the use of physical force လို့ ဖေါ်ပြထားပါတယ်။ မြန်မာ ပြန်ရာမှာတော့ ‘အကြမ်းဖက်’ လို့ပဲ သူသူငါငါ ပြန်ကြမှာပါ။ terrorism ရဲ့ အဓိပ္ပါယ်ကို တိတိကျကျ ပေါ်လွင်စေလိုတဲ့ ပုဂ္ဂိုလ် တွေက အကြမ်းဖက်ခြိမ်းခြောက်ဝါဒလို့ ဘာသာပြန်တာကို တွေ့ဖူးပါတယ်။ violent နဲ့ ကွဲပြားစေချင်ပုံရပါတယ်။

တကယ်လည်း ဒီစကားလုံးနှစ်လုံးဟာ အဓိပ္ပါယ်ချင်းမတူပါဘူး။ ရဲထွန်း (သီပေါ) ကို မေးလိုက်ချင်စမ်းပါတယ်။  terrorist နဲ့ violent ကို ခွဲခြားမသိတာလား၊ ဒါမှမဟုတ် ဒီစကားလုံးနှစ်လုံးကို ဘာသာပြန်ရာမှာ တူတဲ့ ‘အကြမ်း ဖက်’ ဆိုတဲ့ စကားလုံး ကို အခွင့်ကောင်းယူပြီး၊ violent ကို terrorist လို့ လုပ်ပစ်လိုက်တာလား။ ရဲထွန်း (သီပေါ) ရေးလိုက်တော့မှပဲ၊ terrorism အကြောင်းလေ့လာတဲ့ ကမ္ဘာတလွှား ပညာရှင်တွေက terrorism ရဲ့ ရှေ့ဆောင်ကြီးတွေလို့ သမုတ်မခံရတဲ့ ကားလ် မာ့က့်နဲ့ ဖရက်ဒရစ် အိန်ဂယ်တို့ဟာ Al Qaeda အိုစမာဘင်လာဒင်တို့၊ IS တို့ရဲ့ ဘိုးအေကြီးတွေဖြစ်ကရော။   မြန်မာလို အကြမ်းဖက် မှုလို့ယူနိုင်တဲ့ အင်္ဂလိပ်စကားလုံး နှစ်လုံးရဲ့ မတူခြားနားတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေကို အောက်ပါအတိုင်း တွေ့နိုင် ပါတယ်။

အကြမ်းဖက်မှုလို့ဘာသာပြန်နိုင်တဲ့

terrorist act - the calculated use of violence (or the threat of violence) against civilians in order to attain goals that are political or religious or ideological in nature; this is done through intimidation or coercion or instilling fear

နိုင်ငံရေး သို့မဟုတ် ဘာသာရေး သို့မဟုတ် အယူဝါဒရေး ရည်မှန်းချက်များ ပေါက်မြောက်ရေးအတွက် အရပ်သားများ အပေါ် အကြမ်းဖက်မှု (violence) ကို ရည်ရွယ်ချက်ရှိရှိ ကျင့်သုံးခြင်း။ ခြိမ်းခြောက်ခြင်း၊ သို့မဟုတ် အကျပ်ကိုင်ခြင်း၊ သို့မ ဟုတ် ကြောက်စိတ်သွတ်သွင်းခြင်းနည်းဖြင့် ဤလုပ်ရပ်ကို လုပ်သည်။

ဒါ့အပြင်၊ အကြမ်းဖက်မှုလို့ ဘာသာပြန်လို့လည်းရနိုင်တဲ့ ....

Violence-  Behavior or treatment in which physical force is exerted for the purpose of causing damage or injury: the violence of the rioters. ထိခိုက်ပျက်စီးစေရန် သို့မဟုတ် အနာတရဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ကိုယ်ထိလက် ရောက် အင်အားသုံးသောအပြုအမူ သို့မဟုတ် ဆက်ဆံမှု။ -3

ရောမခေတ် ကျွန်တော်လှန်ရေးကစလို့၊ အောက်တိုဘာ တော်လှန်ရေး၊ တရုတ်ပြည်တော်လှန်ရေး၊ ကျူဘားတော်လှန် ရေး၊ ဗီယက်နမ်တော်လှန်ရေး အစရှိတဲ့ တော်လှန်ရေးတွေကို အကြမ်းဖက်တော်လှန်ရေး (violent revolution) လို့ပဲ ခေါ် နိုင်ပါတယ်။ ဒီတော်လှန်ရေးတွေဟာ လက်နက်ကိုင်တိုက်ပွဲလုပ်ပါတယ်။ အကြမ်းဖက်မှု (violence) လုပ်ပါတယ်။ အဲဒီခေါင်း ဆောင်တွေကို တော်လှန်ရေးသမားလို့ခေါ်ကြပါတယ်။ ဘယ်ပညာရှင်ကမှ terrorist လို့မခေါ် ကြပါဘူး။ ရဲထွန်း (သီပေါ)ရေး လိုက်တော့မှပဲ စပါတာကတ်စ်တို့၊ လီနင်တို့၊ မော်စီတုန်းတို့၊ ဟိုချီမင်းတို့၊ ကက်စ်ထရို၊ ချီဂွေဗားရားတို့ကို terrorist ခေါင်း တွေအဖြစ် terrorism သမိုင်းမှာထည့်ပြီး၊ terrorism သမိုင်းကို ပြန်ရေးရမလိုဖြစ်နေပါတယ်။ ခုထိတော့ terrorism သမိုင်းမှာ သူတို့နာမည်တွေ မတွေ့ရသေးပါ။ ရဲထွန်းသီပေါနဲ့၊ အလားတူ ပညာရှင် ပုဂ္ဂိုလ်တွေက ‘မြန်မာနည်း မြန်မာဟန်’ ‘မြန်မာ့လမ်းစဉ်’ ‘မြန်မာ့အတွေးအခေါ်’ တွေကို လမ်းညွှန်အဖြစ်သုံးပြီး၊ ‘မြန်မာ့ရေ၊ မြေသဘာဝ၊ တောတာင်၊ မြစ်ချောင်းအင်း အိုင်တွေနဲ့ကိုက်ညီတဲ့’ ‘မြန်မာ့နည်း မြန်မာ့ဟန်’  အကြမ်းဖက်ဝါဒသမိုင်းကြီး ပြုစုမယ်ဆိုရင်တော့ အထက်ဖေါ်ပြပါ ဆရာကြီး တွေအဖို့၊ မျှော်လင့်ချက်ရှိပါတယ်။ အဲဒီ သမိုင်းစာအုပ်ကြီးထဲမှာ ပါမှာပါ။

Terrorism ရဲ့သမိုင်းဟာ ရာစုနှစ်ပါင်းများစွာကတည်းက စခဲ့တာပါ။**** ခေတ်သစ် Terrorism ကတော့ (၁၉) ရာစုမှာမှ နရော့ ဒနစ်ဝါဒ (Narodniks) အဖြစ် စခဲ့တာဖြစ်ပါတယ်။ ဒေါက်တာ ဆမီရ်ရီဟာနီ (Dr Samir Rihani) က နရော့ဒနစ်ဝါဒနဲ့ ပတ် သက်လို့ ဒီလိုရေးခဲ့ပါတယ်။ ‘Narodnaya Volya ရုရှားတော်လှန်ရေးသမား အစုလေးတစုက (၁၈၇၈-၈၁)ခုနှစ်အတွင်း မှာအတွင်းမှာ “terrorist” ဆိုတဲ့ စကားလုံးကို ကြွားကြွားဝင့်ဝင့်သုံးခဲ့ပါတယ်။ … သူတို့က ‘ဖိနှိပ်မှုရဲ့ခေါင်းဆောင်တွေကို သတ်မှဖြစ်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ သူတို့ ဆန့်ကျင်နေတဲ့ ဇာဘုရင်စနစ်ဟာ ပုပ်သိုးဆွေးမြေ့နေပြီလို့ ဆိုပါတယ်။… အကြမ်းဖက် လုပ်ဆောင်ချက်တွေ (terrorist acts) ဟာ တော်လှန်ရေးကြီးကို ဖြစ်ပေါ်စေလိမ့်မယ်လို့ ၀ါဒဖြန့်ခဲ့ကြပါတယ်။ သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ (၁၈၈၁) ခုနှစ်၊ မတ်လ (၃)ရက်နေ့မှာ အလက်ဇန္ဒာ ဘုရင် (၂) ကို လုပ်ကြံတဲ့အဖြစ်ကို ရောက်ခဲ့ပါတယ်။’ -5

နောင်တချိန်မှာ ဘော်ရှိဗစ် (ရုရှားကွန်မြူနစ်) တွေဖြစ်လာမယ့် လီနင်နဲ့ သူ့ရဲဘော်တို့တတွေက နရော့ ဒနစ်ဝါဒ (အကြမ်း ဖက်ခြိမ်းခြောက်ဝါဒ) ကို ဆန့်ကျင်ခဲ့ကြပါတယ်။ (ကားလ်မာ့က်စ်ကို အကြမ်းဖက်ဝါဒီအဖြစ်ရောက်သွားအောင် ပါးစပ် (လက်) သရမ်းတဲ့ ရဲထွန်း (သီပေါ) ကို သိစေချင်ပါတယ်။)

Terrorism ရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်ပေါင်း (၁၀၀) ကျော်လောက်ရှိတယ်လို့ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတောင် ပြည်နယ်တခုနဲ့ တခု Terrorism ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ချင်း ထပ်တူကျတာမဟုတ်ပါဘူးတဲ့။ အမေရိကန် ကာကွယ်ရေး ဌာန၊ FBI၊ အမေရိကန် နိုင်ငံခြားရေးဌာနတို့ အသီးသီးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေမှာ အင်္ဂါရပ်ချင်းကွဲလွဲတာတွေရှိပါတယ်။ အမေရိကန်ကာကွယ်ရေးဌာနက အောက်ပါအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။

“ယေဘုယျနိုင်ငံရေး သို့မဟုတ် ဘာသာရေး သို့မဟုတ် အယူဝါဒရေး ရည်မှန်းချက်များ ပေါက်မြောက်ရေးအတွက် အစိုးရ များကိုဖြစ်စေ၊ လူ့အဖွဲ့အစည်းများကိုဖြစ်စေ အကျပ်ကိုင်ရန်သော်လည်းကောင်း၊ ခြောက်လှန့်ရန်သော်လည်းကောင်း ရည် ရွယ်လျှက်၊ ကြောက်စိတ်ကို သွတ်သွင်းခြင်းရန်အလို့ငှာ တရားဥပဒေနှင့်မညီသော အကြမ်းဖက်မှုကို အစီအစဉ်ရှိ၊ ရှိ အသုံး ပြုခြင်း သို့မဟုတ် ဥပဒေနှင့်မညီသော အကြမ်းဖက်မှုလုပ်မည်ဟု ခြိမ်းခြောက်ခြင်း။”

FBI  (Federal Bureau Investigation) က ....

“အကြမ်းဖက် ခြိမ်းခြောက်ဝါဒ (terrorism) သည် နိုင်ငံရေး သို့မဟုတ် လူမှုရေးရည်မှန်းချက်များကို အထောက်အကူပြုရေး အတွက် အစိုးရ သို့မဟုတ် အရပ်သားလူထု သို့မဟုတ် ၎င်းတို့၏ အစိတ်အပိုင်းတခုခုကို ခြိမ်းခြောက်ရန်ဖြစ်စေ၊ အကျပ် ကိုင်ရန်ဖြစ်စေ၊ လူပုဂ္ဂိုလ်များ သို့မဟုတ်၊ ပိုင်ဆိုင်ပစ္စည်းအပေါ် အင်အားနှင့် အကြမ်းဖက်မှုကို တရားဥပဒေနှင့်မညီဘဲ အ သုံးပြုခြင်း ဖြစ်သည်။” လို့ သတ်မှတ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနနဲ့ CIA ကတော့ အကြမ်းဖက်ခြိမ်းခြောက်ဝါဒကို “အများအားဖြင့်၊ ပရိသတ်တစုံတခုအပေါ် သြဇာလွှမ်းမျုးရန် ရည်ရွယ်လျက်၊ လူမျိုးစု အုပ်စုများ သို့မဟုတ် လျှို့ဝှက် စေလွှတ်ထားသူများက တိုက်ခိုက်ရေးနှင့် မဆိုင် သောပစ်မှတ်များအပေါ် ကျူးလွန်သည့် ကြိုတင်ကြံရွယ်စဉ်းစားထားပြီး၊ နိုင်ငံရေးစိတ်ဓါတ်ပါသော အကြမ်းဖက်မှု” လို့ သတ်မှတ်ပါတယ်။

ယူနိုက်တက် ကမ်းဒမ်ရဲ့ ၁၉၇၄ ခုနှစ်၊ အကြမ်းဖက် ခြိမ်းခြောက်ဝါဒ ကြိုတင်ကာကွယ်ရေး အက်ဥပဒေ (1974 Prevention of Terrorism Act) မှာ အကြမ်းဖက် ခြိမ်းခြောက်ဝါဒကို ...

“နိုင်ငံရေး ရည်ရွယ်ချက်အတွက် အကြမ်းဖက်မှုကို အသုံးပြုခြင်း အပြင်၊ လူထု သို့မဟုတ် လူထုအစိတ်အပိုင်း တခုခုကို ကြောက်ရွံ့နေအောင် လုပ်ရန်ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်မှုကို အသုံးပြုခြင်းလည်း အကြုံးဝင်သည်။” လို့ သတ်မှတ်ထား ပါတယ်။

ကုလသမဂ္ဂတော့ (၁၉၉၂) ခုနှစ်မှာ အကြမ်းဖက် ခြိမ်းခြောက်ဝါဒကို အောက်ပါအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။

“မိုက်မဲရူးသွပ်မှုကြောင့်ဖြစ်စေ၊ ရာဇ၀တ်မှုကျူးလွန်လိုသော အကြောင်းကြောင့်ဖြစ်စေ၊ နိုင်ငံရေးအကြောင်းကြောင့်ဖြစ်စေ၊ (တ၀က်တပျက်) လျှို့ဝှက်သော လူတဦးချင်း ပုဂ္ဂိုလ် သို့မဟုတ်၊ အုပ်စု သို့မဟုတ် အစိုးရအာဏာပိုင်များ ကျင့်သုံးသော စိုး ရိမ်ပူပန်မှုဖြစ်စေသည့် ထပ်တလဲလဲ အကြမ်းဖက်ခြင်း နည်းလမ်းတရပ်” -6

အထက်ပါ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို ပါမောက္ခ၊ ရန်ဒီ ဘိုရမ် (Randy Borum) နဲ့  မိုက်ကယ် ဝေါ်လ်ဇာ (Michael Walzer)တို့ အသီးသီးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့ ချုပ်ယူနိုင်မယ်လို့ ယူဆရပါတယ်။

ပါမောက္ခ၊ ရမ်ဒီ ဘိုရမ်က အကြမ်းဖက် ခြိမ်းခြောက်ဝါဒ (terrorism) ကို .... “အယူဝါဒဆိုင်ရာ သို့မဟုတ် ဘာသာရေးဆိုင်ရာ သို့မဟုတ် နိုင်ငံရေးဆိုင်ရာ ရည်မှန်းချက်ကို အထောက်အကူပြုရေးအတွက် တိုက်ခိုက်ရေးသမားများ မဟုတ်သော အရပ် သားများအပေါ် တမင်ရည်ရွယ် ကျူးလွန်သော အကြမ်းဖက်လုပ်ရပ်များ” -7 လို့ ဆိုပါတယ်။

မိုက်ကယ် ဝေါ်လ်ဇာကတော့ ....

“အကြမ်းဖက် ခြိမ်းခြောက်ဝါဒဆိုသည်မှာ အပြစ်မဲ့ပြည်သူများကို ရမ်းသမ်းသတ်ဖြတ်ခြင်းဖြစ်သည်။”-8 လို့ဆိုပါ တယ်။

ဒါပေမယ့် နိုင်ငံရေးစိတ်ဓါတ်ကြောင့် လုပ်တဲ့ အကြမ်းဖက်မှု (violence) တနည်းအားဖြင့် လက်နက်ကိုင်တိုက်ခိုက်မှုကိုတော့ အကြမ်းဖက်ခြိမ်းခြောက်မှု (terrorism) လို့ မသတ်မှတ်ပါဘူး။ ဂျင်ကင် (Jenkin) က  ....

“နိုင်ငံရေးစိတ်ဓါတ်ကြောင့်လုပ်သော အကြမ်းဖက်မှု (violence) မှန်သမျှသည် အကြမ်းဖက်ခြိမ်းခြောက်မှု (terrorism) မြောက်သည်ဟု မဆိုနိုင်ချေ။ … အကြမ်းဖက်ခြိမ်းခြောက်မှု (terrorism) သည် ပြောက်ကျားစစ်၊ သို့မဟုတ် အခြားသော စစ်ပွဲတမျိုးမျိုးနှင့် သံကွဲကြောင်းတူစကားလုံးလည်း မဟုတ်ချေ။ ထို့ပြင်၊ အစိုးရကို တွန်းလှန်ဖြိုဖျက်ရန်ကြိုးစားသည့် အခြား သော လုပ်ဆောင်ချက်များအတွက် သီးသန့်သတ်မှတ်ထားသော စကားလုံးလည်းမဟုတ်ချေ။”  *********

အထက်ပါ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေကိုကြည့်ရင် အကြမ်းဖက် ခြိမ်းခြောက်ဝါဒ (terrorism)ဆိုတာ လက်နက်ကိုင်တိုက်ပွဲ လုပ်တာကို မဆိုလိုကြောင်း ရှင်းရှင်းသဘောပေါက်နိုင်ပါတယ်။ ဒါပေမယ့်၊ ရဲထွန်း (သီပေါ) ဟာ လက်နက်ကိုင်တိုက်ပွဲ လုပ်နေတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို အကြမ်းဖက် သောင်းကျန်းသူတွေလို့ဆိုတဲ့ သူ့ရဲ့ သံယောင်ကို အခိုင်အမာဖြစ် အောင် ပံ့ပိုးတဲ့အနေနဲ့ လက်နက်ကိုင်တိုက်ပွဲရော၊ အကြမ်းဖက် ခြိမ်းခြောက်မှုတွေပါလုပ်တဲ့ တမီလ် ကျားသူပုန်အဖွဲ့ (LTTE) ကျဆုံးခဲ့ပုံကို ရေးပါတယ်။ သီရိလင်္ကာအစိုးရရဲ့ ‘အမြစ်ပြတ်ချေမှုန်း’ (ကာချုပ်မင်းအောင်လှိုင် မကြားသေးခင်က ပြောခဲ့တဲ့ စကားလုံးအတိုင်းပါပဲ) မှုကြောင့် ကျဆုံးရတယ်လို့ဆိုပါတယ်။ တကယ်တော့ တမီလ် ကျားသူပုန်အဖွဲ့ဟာ လက်နက်ကိုင်တော်လှန်ရေးလုပ်တာကြောင့် အကြမ်းဖက်ခြိမ်းခြောက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံရတာမဟုတ်ပါဘူး။ (၁၉၈၃) ခုနှစ်က ဂျက်ဖနာ အတွင်းဝန်ရုံး အဆောက်အဦးကို ဗုံးဖေါက်ခွဲခြင်း၊-10  (၁၉၉၁) ခုနှစ်က အိန္ဒိယ၀န်ကြီးချုပ်ဟောင်း ရာဂျစ်ဂန္ဒီကို အသေခံ ဗုံးခွဲ  လုပ်ကြံသတ်ဖြတ်ခြင်း၊ -11 (၁၉၉၃) ခုနှစ်က သီရိလင်္ကာ သမတ Ranasinghe Premadasa ကို အသေခံဗုံးခွဲသမား အသုံးပြုပြီး၊ လုပ်ကြံ သတ်ဖြတ်ခြင်း -12 တို့အပါအ၀င် အကြမ်းဖက်ခြိမ်းခြောက်မှုလုပ်ရပ်တွေ ကြောင့်သာ အကြမ်းဖက်ခြိမ်းခြောက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံရတာဖြစ်ပါတယ်။

ဒါကြောင့်လည်း နိုင်ငံပေါင်း (၈) နိုင်ငံ (အိန္ဒိယ၊ အမေရိကန်၊ အစ္စရေး၊ ယူကေ၊ ဂျပန်၊ အီရန်၊ ပါကစ္စတန်၊ တရုတ်) က သီရိ လင်္ကာ အစိုးရကို စစ်လက်နက် ပစ္စည်းနဲ့၊ ဘဏ္ဍာရေးအကူအညီတွေ ရက်ရက်ရောပေးခဲ့ကြပါတယ်။ အဲဒီအကူအညီတွေနဲ့ အစိုးရက တမီလ် ကျားသူပန်အဖွဲ့ရဲ့ ဌာနချုပ်အပါအ၀င်၊ စခန်းတွေနဲ့ အနီးတ၀ိုက်နေရာတွေကို အရပ်သားမရှောင်၊ ဆေးရုံ မရှောင် ဗုံးမိုးတွေ ရွာချခဲ့ပါတယ်။ -13 ဒီလိုနဲ့ ကျားသူပုန်အဖွဲ့ ခြေမှုန်းခံလိုက်ရပါတယ်။ တမီလ် ကျားသူပုန်နဲ့ပတ်သက်တဲ့၊ အချက်အလက်တွေရယ်၊ ကျဆုံးရခြင်းအကြောင်းရင်းတွေရယ်နဲ့ပတ်သက်လို့ ရဲထွန်း (သီပေါ) ရဲ့ တင်ပြချက်တွေ၊ ကောက် ချက်တွေကို (ဒီဆောင်းပါးမှာ) ဆက် မဆွေးနွေးလိုတော့ပါ။ ကျနော်ပြောလိုတာက (ကျနော့်အနေနဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေအားလုံးကို မှန်တာချည်ပဲလို့ ယူဆထားတာမဟုတ်ပေမယ့်၊) ‘အကြမ်းဖက်’ ဆိုတဲ့ မြန်မာ စ ကားလုံးတလုံးကို အလွဲသုံးစားလုပ်တဲ့ ရဲထွန်း (သီပေါ) ရဲ့ ‘သံယောင်’ အကြောင်းသာဖြစ်ပါတယ်။

မောင်မောင်လတ်
၂၅-၁၂-၂၀၁၅


အောက်ခြေ မှတ်စု

-1 ● Zue, Z, ‘Shan State Parliament Approves Branding of Northern Alliance as ‘Terrorists’’, The Irrawaddy, 7 December 2016, http://www.irrawaddy.com/news/burma/shan-state-parliament-approves-branding-of-northern-alliance-as-terrorists.html[accessed 23/12/2016.

-2 ● ရဲထွန်း (သီပေါ), ‘အကြမ်းဖက်သမားတမီးလ်ကျားနဲ့အမြစ်ပြတ်ချေမှုန်းရေးသင်ခန်းစာ,’ ၊ ဒီဗွီဘီ၊ ဒီဇင်ဘာလ ၂၃ ရက်၊ ၂၀၁၆ ခုနှစ်။

-3 ● The Free Dictionary.com, http://www.thefreedictionary.com/terrorist+act

-4 ● Rihani,S, ‘Exploding the Myths of Terrorism,’ srihani@globalcomplexity.org
-5 ●  Ibid.

-6 ● Terrorism-research.com, ‘What is terrorism’, http://www.terrorism-research.com/[accessed 7/5/08]
-7 ●  Borum, R (2004), ‘Psychology of Terrorism’, University of South Florida, p.6

-8 ● Walzer, M (2006), ‘Trrorism and Just War’, Springer Science + Business Media B. V. 2006, p. 3.

-9 ●  Advanced Systems and Concepts Office, Defense Threat Reduction Agency & Working Group on War, Violence and Terrorism Institute for Conflict Analysis and Resolution, George Mason University (2003), ‘Terrorism, Concepts, Causes and Conflict Resolution’, Fort Belvior, p. 9.   

-10 ● Anton S. Balashingham, Liberation Tigers and the Tamil Eelam Freedom Struggle, p. 7
- 11 ● Satp.org, ‘Suicide Attacks by the LTTE’
- 12 ● Ibid.

-13 ● Ridenour, R  (November 19, 2009), ‘The Terrorists: International Support for Sri Lanka’s Racist Discrimination (IV), https://radicalnotes.com/2009/11/19/the-terrorists-international-support-for-sri-lankas-racist-discrimination-iv/ [accessed 7/5/2008]


ရည်ညွှန်းဆောင်းပါး
ရဲထွန်း (သီပေါ) - အကြမ်းဖက်သမား တမီးလ်ကျားနဲ့ အမြစ်ပြတ်ချေမှုန်းရေး သင်ခန်းစာ
http://burmese.dvb.no/archives/180958