လင်းသက်ငြိမ် - သေဆုံးသူရဲ့ဓာတ်ပုံ


လင်းသက်ငြိမ် - သေဆုံးသူရဲ့ဓာတ်ပုံ
(မိုးမခ) ဇန်န၀ါရီ ၂၉ ၊ ၂၀၁၇

သေဆုံးသူရဲ့ဓာတ်ပုံကို ကြည့်လိုက်တော့
အချက်ပေးသံတွေ အကျယ်ကြီးထမြည်တယ်
သေဆုံးသူရဲ့ဓာတ်ပုံက ဖုန်းထဲကနေ
ခေါင်းထဲအထိ ၀င်လာတယ်
သေဆုံးသူဟာ အသက်မရူတော့ဘူး
အသက်ရှင်နေတဲ့ငါတို့လည်း အသက်မရူမိတော့ဘူး
သေဆုံးသူရဲ့ဓာတ်ပုံက
အမည်းရောင်ပဲဖြစ်ဖြစ် အဖြူရောင်ပဲဖြစ်ဖြစ်
သေဆုံးသူအစစ်မို့ ဘယ်သူမဆို ကြေကွဲဖို့တာဝန်ရှိတယ်
ဟာသတပုဒ်လို့မြင်သူကို လူ မဟုတ်ဘူးလို့
တရားဝင်ပြောကြားဖို့လည်း တာဝန်ရှိပါတယ်
သေဆုံးသူရဲ့ဓာတ်ပုံဟာ မေးခွန်းတွေ တရစပ်ထုတ်တယ်
သေဆုံးသူရဲ့ဓာတ်ပုံဟာ လူ့စိတ်တွေကို ဆွဲဖွင့်ပစ်တယ်
သေဆုံးသူရဲ့ဓာတ်ပုံဟာ ဒီစာကို ရေးဖြစ်စေခဲ့တယ်
သေဆုံးသူရဲ့ဓာတ်ပုံဟာ ခင်ဗျားလည်းဖြစ်လာနိုင်တယ်
ကျနော်လည်းဖြစ်လာနိုင်တယ်
လူမဆန်တဲ့နေရာမှာ လူမဆန်တဲ့ကိစ္စတွေ
တစ်နေ့တစ်မျိုးထပ်ဖြစ်နေမှာပဲ
လူမဆန်တဲ့နေရာကို လူဆန်တဲ့နေရာဖြစ်အောင်ပြု ပြင်ဖို့
ခင်ဗျားမှာ တာဝန်ရှိတယ်
ကျနော့်မှာ တာဝန်ရှိတယ်
ငါမှ မသေတာကွာလို့ ပြောရင်တော့
မင်းသေမယ့်နေ့လဲ မဝေးတော့ဘူးလို့သာ
ပြန်ပြောပါရစေတော့ ။

လင်းသက်ငြိမ်
29.1.2017