ထက်ခေါင်လင်း (Myanmar Now) ● ပြဿနာတွေကြားထဲက သတင်းထောက် (အင်တာဗျူး)
(မိုးမခ) မတ် ၃၀၊ ၂၀၁၇
(မိုးမခ) မတ် ၃၀၊ ၂၀၁၇
ဒေသတွင်း ဖြစ်စဉ်များကို သတင်းဂျာနယ်များသို့ ရေးသားပေးပို့နေသော ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ အလွတ်တန်း သတင်းထောက် ဦးဦးငြိမ်းသည် KIA ကချင်လက်နက်ကိုင်အဖွဲ့ နှင့် အဆက်အသွယ် ပြုလုပ်သည်ဟု စွပ်စွဲခံနေရသူတဦး ဖြစ်သည်။ ဦးဦးငြိမ်း အခြေစိုက်သည့် ဗန်းမော်မြို့သည် ကျွဲနွား မှောင်ခိုသယ်ခြင်း၊ သစ်ခိုးထုတ်ခြင်းကဲ့သို့ တရားမဝင်လုပ် ငန်းများ ဖြတ်သန်းသည့်ဒေသအနီး တည်ရှိသည်။
မကြာသေးခင်က ရန်ကုန်မြို့တွင် တွေ့ဆုံစဉ် ဦးဦးငြိမ်း (ဦးငြိမ်းချမ်းအေး) က နယ်သတင်းထောက်တစ်ဦး၏ အနေအထား၊ တရားမဝင်လုပ်ငန်းများအကြောင်း သတင်းရေးသားမှု၊ သတင်းလုပ်ငန်းနှင့်ဆက်စပ်ပြီး တရားစွဲခံရပုံများအကြောင်း ပြောပြ ထားသည်။
မေး - မတရားအသင်းကိုဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ တရားစွဲခံရပုံအကြောင်း အကျဉ်းချုပ် ရှင်းပြပေးပါ။
ဖြေ - ၂ဝ၁၅ ခုနှစ် ကျွဲ၊ နွား မှောင်ခိုဖမ်းဆီးမှုတခုမှာ သူတို့ရဲ့ကြေးနန်းမှာက "ပိုင်ရှင်မဲ့" ဆိုပြီး တင်ခဲ့တယ်၊ ကျွန်တော် အဲ့ဒီစကားလုံးနဲ့ပဲ သတင်းရေးခဲ့တယ်။ အခုကျတော့ ဘာဖြစ်လာလဲဆိုတော့ ၂ဝ၁၅ မှာ မှောင်ခို ကျွဲနွားတွေကို ပြည်သူ့စစ် အဖွဲ့က ဖမ်းပြီး ပိုက်ဆံတောင်းတယ်ဆိုတဲ့အကြောင်းကို ပိုင်ရှင်နဲ့ကျွန်တော်က KIA တပ်မဟာ ၃ မှာ သွားပြီးတော့မှ တိုင် တယ်လို့ ရဲစာအရ သိရတယ်၊ ပိုင်ရှင်ကို ကျွန်တော်မသိဘူး၊ ဗျူးလည်း မဗျူးခဲ့ဘူး၊ မြင်လည်း မမြင်ဖူးဘူး။
မေး - ဗန်းမော်ပြန်မယ်ဆိုရင် ထိန်းသိမ်းခံရနိုင်သလား။ ဘယ်လိုပြင်ဆင်ထားလဲ။
ဖြေ - ဘယ်လိုမှ မပြင်ဆင်ထားဘူး။ ၁၇ (၁) နဲ့စွဲထားတာကြောင့် အာမခံမရဘူး၊ သေချာပေါက် အထဲဝင်ရမှာ။ ဗန်းမော်ကို ပြန်ရမယ်၊ ဒီအတိုင်းပဲနေရင် ဝရမ်းပြေးလို၊ တရားခံတစ်ယောက်လိုဖြစ်နေမှာ။ ကျွန်တော်တို့ ဒေသမှာ တရားမဝင်လုပ်ငန်းတွေ အင်မတန် ပေါတယ်၊ ပေါပေမယ့် (အဲဒါတွေကို ဖော်ထုတ်ရေးသားမယ့်) သတင်းသမားမရှိဘူး၊ ထူးထူးခြားခြား စုန်းပြူးလေး ဆိုလို့ ကျွန်တော်တယောက်ပဲရှိတယ်၊ တကယ်လည်း ရေးတာဖြစ်တဲ့အတွက် အန္တရာယ် ရင်ဆိုင်ရတယ်၊ ကျွန်တော် မရှိ ရင် သူတို့ လွတ်လပ်စွာလုပ်လို့ရတယ်။ တက္ကသိုလ်ကျောင်းသားလေးတွေနဲ့အတူ ညနေပိုင်းဆို လက်ဖက်ရည်ဆိုင် ထိုင် တယ်၊ ကျွန်တော့်အိမ်ကို မိုင်းခွဲခံရတဲ့နောက်ပိုင်းမှာ အဲ့ဒီကျောင်းသားလေးတွေတောင် ကျွန်တော်နဲ့အတူ နေ့လယ်ဘက် တောင် လက်ဘက်ရည်ဆိုင် မလိုက်ရဲတော့ဘူး၊ ကျောင်းသားတွေတောင် အဲ့ဒီလိုဖြစ်တယ်၊ ကျန်တဲ့လူဆိုရင် မပြောနဲ့တော့၊ ဒေသခံတွေက ကြောက်တယ်၊ ရိုးသားတယ်၊ တရားရုံးတို့၊ ရဲစခန်းတို့မပြောနဲ့ ကိုယ့်ရပ်ကွက် ကိုယ့်ကျေးရွာ အုပ်ချုပ်ရေး မှူးရုံးတောင် မသွားရဲကြဘူး။
မေး - မိုင်းခွဲခံရတယ်ဆိုတာက ဘယ်တုန်းကလဲ။
ဖြေ - ပြီးခဲ့တဲ့နှစ် ဇူလိုင် ၁ ရက်နေ့မှာ။ မှတ်မှတ်ရရ အခု (KIA နဲ့ ဆက်သွယ်တယ်ဆိုပြီး) ကျွန်တော်နဲ့အတူ စွပ်စွဲခံနေရတဲ့ ကိုဇော်မြင့်လေးဆိုတဲ့လူက သီရိရပ်ကွက်မှာ နေတယ်၊ ကျွန်တော်က ကန်တော်ရပ်ကွက်မှာ နေတယ်၊ ညမှာ တချိန်တည်း၊ တပြိုင်တည်း လက်ပစ်ဗုံးနဲ့ ပစ်ခွဲလုပ်ကြံတာပေါ့ဗျာ၊ ဒါပေမယ့် မသေလို့ တွေ့ရတယ် ပြောရမှာပဲ၊ လူတော့ အထိအခိုက်မရှိဘူး။ ၂ဝ၁၃ လောက်မှာ ခြံတံခါးမှာ လာချိတ်တဲ့ အထုပ် တစ်ထုပ်ထဲမှာ M 20 ပစ္စတိုကျည်ဆံ တတောင့် ထည့်ထားတယ်၊ ပြော ချင်တာက ဟိတ်ကောင် သတင်းထောက် မင်းသတိထား၊ သေဖို့သာပြင် အမျိုးမျိုး ဖြစ်နိုင်တာပေါ့ဗျာ၊ ခြိမ်းခြောက်ခံနေရတာ။ ကျန်တဲ့ ဖုန်းနဲ့ခြိမ်းခြောက်တာတို့ ဘာတို့ကတော့ စာရင်းထဲ မထည့်ဘူး။
မေး - ဦးဦးငြိမ်း ရင်ဆိုင်နေရတဲ့ တခြားအမှုတွေအကြောင်း ပြောပါဦး။
ဖြေ - ဒေသထဲမှာ တရားမဝင်လုပ်ငန်းတွေအကြောင်း ကျွန်တော်က ဇောင်းပေးပြီးရေးတယ်။ လဝါယန် ပြည်သူ့စစ်အဖွဲ့ အမှတ် ၂ စီးပွားရေးဌာနက ဗိုလ်မှူးအဆင့်ရှိတဲ့ နော်ဆန်းဆိုတဲ့လူက ကျွဲ၊ နွား မှောင်ခိုဖမ်းဆီးပြီး၊ ငွေတောင်းတဲ့ကိစ္စ ရေး တာကို ပုဒ်မ ၅ဝဝ (အသရေဖျက်မှု) နဲ့ ကျွန်တော့်ကို တရားစွဲတယ်၊ မိုးမောက်တရားရုံးမှာ၊ တရားစွဲတာက ၁နှစ်ခွဲ ကျော်ပြီ၊ အခုဆို ကျွန်တော့်ကို စစ်တဲ့အဆင့် မရောက်သေးဘူး၊။ နောက်တခုက ၂ဝ၁၆ ထဲမှာ ဗန်းမော်မှာအခြေစိုက်တဲ့ စစ်တပ် တတပ်က တရားမဝင်သစ်တွေကို ဖမ်းတယ်၊ ကားရော သစ်ရော ဖမ်းတယ်။ သစ်တောရုံးကနေရရှိတဲ့ အချက်အလက်ရယ်၊ ဒေသခံတွေရဲ့ အသံရယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ဘာတွေဗျူးပြီး။ စစ်တပ်ကိုလည်း မေးတယ်၊ ဖမ်းမိပစ္စည်းအရေ အတွက်က တရားဝင်ထုတ်ပြန်ချက်အရေအတွက်နဲ့ မတူဘူး၊ အဲဒါတွေနဲ့ အကုန်လုံးပါအောင် တပုဒ်ရေးလိုက်တယ်၊ တပ် က တရားစွဲတယ်၊ ရင်ဆိုင်နေရတယ် တနှစ်နီးပါးတော့ရှိပြီ။
မေး - သတင်းမရေးဖို့ သို့မဟုတ် သတင်းရေးပေးဖို့ အတင်းအကြပ် တောင်းဆိုတာ၊ ခြိမ်းခြောက်တာမျိုး ကြုံရဖူးလား။
ဖြေ - သစ်ဖမ်းဆီးမှုတခုနဲ့ပတ်သက်ပြီး ဒိုတစီးလာပေးတယ်၊ နောက်တစ်ခုမှာကျတော့ ပါဂျဲရိုးတစီးပေးတယ်၊ ပေးတယ် ဆို တာက မရေးဖို့ ပေးတာ၊ နောက်တခုကျတော့ တံတားပေါ်ကနေ သစ်တင်တဲ့ကားကြီးကျရော၊ ကားပေါ်က စပယ်ရာက သေရော။ သူသေတဲ့အတွက် ကားပိုင်ရှင်၊ သစ်ပိုင်ရှင်အားလုံး သူပါပဲလို့ ထိုးချသွားတယ်၊ ဒီကိစ္စကို သစ်တွေ၊ ကားတွေ လမ်းပေါ် ဘယ်လိုဆွဲတင်လဲ သွားသွားပြီးကြည့်တယ်၊ တရက်ကြည့်ပြီးပြီ၊ နောက်နေ့ စရေးမယ်ဆိုတော့ အိမ်ရှေ့ ကားတစ် စီးဆိုက်လာတယ်၊ လူတယောက် တက်လာတယ်၊ ဒီသတင်းလေးကို မရေးပါနဲ့၊ သိန်းနှစ်ဆယ်ပေးမယ်ဆိုတော့ အိတ်နဲ့ ထည့်ပြီး နှစ်ဆယ်ချပေးတယ်၊ ပေးတဲ့အခါ အိမ်ကလူလည်း တယောက်မှမရှိဘူး၊ ပြောမယ်ဆို ရှာလေ၊ သတင်းသမားရှာလေ သိန်းနှစ်ဆယ်။ ကျေးဇူးတင်ပါတယ်၊ ကျွန်တော် ကျင့်ဝတ်နဲ့သိက္ခာကို ရိက္ခာနဲ့မလဲဘူး၊ ဒီကိစ္စနဲ့ဆိုလစ်ပါတော့၊ ကျွန်တော်ရေး မှာပါလို့၊ (အဲဒီလူ) အောင့်သီးအောင့်သက်နဲ့ ပြန်သွားရော။ ရေးလိုက်တာ စာမူခ ခြောက်ထောင်ရတယ်။
မေး - ဒါဆိုရင် သတင်းလုပ်ငန်းကရတဲ့ဝင်ငွေနဲ့ ဗန်းမော်မှာ ဘယ်လိုရပ်တည်သလဲ။
ဖြေ - ကျွန်တော့်တူမက မိုးအလင်းထမင်းဆိုင်ဖွင့်တော့၊ သူနဲ့ရိက္ခာတွဲထားတော့ ကျွန်တော် သတင်းထောက်အလုပ်ကို တ စိုက်မတ်မတ်လုပ်နိုင်တယ်ဆိုကြပါစို့၊ အဲ့ဒီတော့ ကျွန်တော့်မှာ လမ်းစရိတ်လောက်ပဲ ရှာတယ်၊ ကျွန်တော်က သတင်းအ ရှည်ရေးတဲ့အတွက် ရှစ်မျက်နှာ၊ ကိုးမျက်နှာမျိုးတွေရှိတော့ စာစီစာရိုက်ခက ငါးထောင်ရှိနေပြီ။ အီးမေးပို့တာက သုံးထောင် လောက်။ ပုံတွေဘာတွေပါရင် ကချင်မှ ကဦးမှာ၊ အဲ့ဒီတော့ သွားစရိတ် စားစရိတ် ဘာစရိတ် ညာစရိတ် သတင်းတပုဒ်အတွက် ကျွန်တော့်ရဲ့အရင်းအနှီးက အင်မတန်များတယ်၊ စာမူခ ပေးလာတယ်ဆိုရင် ကုန်ကျစရိတ်ရဲ့ ဆယ်ပုံတပုံတောင်မရှိဘူး။ ကျွန်တော် သတင်းပဲရေးပြီး ဘယ်လောက်ကုန်တာ (အယ်ဒီတာတွေကို) မပြောခဲ့ဘူး၊ တောင်းလည်း မတောင်းခဲ့ဘူး။
စာနယ်ဇင်းကျင့်ဝတ်အရဆိုရင် သတင်းကို ငွေပေးမဝယ်ရဘူး၊ ငွေကြေး အသုံးမချရဘူး။ စကားပြောဆိုရင်း ရင်းနှီးမှုယူ၊ အဲဒီအခါမှာ ယုံကြည်မှုနဲ့ပြောတာတွေ ရှိမယ်၊ ကုန်ကျစရိတ်တွေ ရှိမယ်၊ စရိတ်စကတွေ အများကြီး ကုန်တယ်။ ဒေသရဲ့ ရိုးရာအရ အရက်တိုက်ရတာ ရှိကောင်းရှိမယ်။
မေး - တခြား ဘာအခက်အခဲတွေနဲ့ ကြုံရသေးလဲ။
ဖြေ - စည်ပင်ဌာနကဆို တနှစ်ကျော်ကြာ တရားဝင်စာနဲ့တင်တောင်းတာ အခုချိန်ထိ ပြန်ကြားခြင်းမရှိဘူး၊ ဘာဖြစ်လို့၊ နေ ပြည်တော်သွားလို့၊ မြစ်ကြီးနားသွားလို့၊ ဘာလို့၊ သူ့မိန်းမဘာဖြစ်လို့ဆိုပြီး ခေါင်းစဉ်တွေပြ၊ လုံးဝမရဘူး။ နောက် စစ်တပ်နဲု့ ဆိုင်တဲ့ကိစ္စတွေ အချက်အလက်တောင်းလို့ လုံးဝမရဘူး။ စစ်တပ်ဝင်းထဲ ဝင်လို့မရဘူး၊ ဖုန်းနံပါတ်ပေးဆိုလည်း သူတို့ မပေးဘူး၊ သတင်းမှာ ကျွန်တော်တို့က နှစ်ဖက်အသံယူရမယ်ဆို စစ်တပ်နဲ့ဆိုင်တဲ့ကိစ္စကတော့ ရေးဖို့ တော်တော်လေးကို အခက်အခဲတွေ ရှိပါတယ်။ ။