အောင်မော်ဦး - သာသနာပြုလုပ်ငန်းနဲ့ သာသနာပြုပြင်ရေးလုပ်ငန်း


 အောင်မော်ဦး - သာသနာပြုလုပ်ငန်းနဲ့ သာသနာပြုပြင်ရေးလုပ်ငန်း
(မိုးမခ) ဧပြီ ၃၀၊ ၂၀၁၇

မြန်မာနိုင်ငံအတွင်းမှာ မဘသနဲ့ မဘသကို ကိုးကွယ်ကြသူတွေ က အထူးသဖြင့် အစ္စလာမ်ဘာသာဝင် လူနည်းစုတွေကို အနိုင်ကျင့် ဖိနှိပ်မှုတွေ ပေါ်ပေါ်တင်တင် ပြုလုပ်လာနေတာဟာ စိုးရိမ်စရာဖြစ်လာနေပါပြီ။

မဘသနဲ့ မဘသကို ကိုးကွယ်နေကြသူတွေကို ပြောချင်တာက မြန်မာနိုင်ငံရဲ့ နယ်နိမိတ်ထဲကနေ စာအုပ်တွေ ဖတ်ရှုလေ့လာမှု နဲ့ပဲဖြစ်ဖြစ်၊ ကာယကံမြောက် ခြေလှမ်းတလှမ်းလောက် ကလေးပဲဖြစ်ဖြစ် ပြည်ပကို ခေတ္တခဏလောက် ထွက်ကြည့်ကြ စေချင်ပါတယ်။

အဲဒီအခါကျရင် "မြန်မာ"ဆိုတာရော၊ "ဗုဒ္ဓဘာသာ" ဆိုတာပါ တကဲ့ကိုမှ တကယ့်ကို အနည်းစုလေးပါလားဆိုပြီး သိမြင်ခံစား လာနိုင်ကြမှာ ဖြစ်ပါတယ်။

အဲဒီလို ကိုယ့်ကိုယ်ကိုယ် အနည်းစုလေးပါလားလို့ခံစားမိပြီး အားငယ်စိတ်ဝင်မိတဲ့အချိန်မှာ အများစုကြီးဖြစ်တဲ့ ကိုယ့်နိုင်ငံသားမဟုတ်တဲ့ အခြားနိုင်ငံသားတွေ၊ ကိုယ့်လူမျိုး မဟုတ်တဲ့ အခြားလူမျိုးတွေ၊ ကိုယ့်ဘာသာမဟုတ်တဲ့ အခြား ဘာသာဝင်တွေက ကိုယ့်အပေါ် ဘယ်လိုသဘောထားပြုမူ ဆက်ဆံကြသလဲဆိုတာကို လေ့လာသိရှိခွင့် ရရှိနိုင်ကြမှာပါ။

မြန်မာဗုဒ္ဓဘာသာတယောက်ဖြစ်ရလို့ အနိုင်ကျင့်ခံရတာ၊ အစော်ကားခံရတာမျိုး၊ မြန်မာဖြစ်ရလို့ အပြစ်ရှိသလို ခံစားရ တာမျိုး၊ ဗုဒ္ဓဘာသာတယောက်ဖြစ်ရလို့ အပြစ်ရှိသလို ခံစားရ တာမျိုး၊ အဲဒီစိတ်ခံစားမှုမျိုးခံစားရအောင်လုပ်တဲ့ လူ့အဖွဲ့အစည်း မျိုး မြန်မာပြည်ပြင်ပမှာ ရှိ/မရှိဆိုတာကိုလည်း လေ့လာသိရှိနိုင် မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ပြင်ပမှာ မြန်မာဗုဒ္ဓဘာသာတယောက်ကို အဲဒီလို စိတ်ခံစားမှုမျိုးခံစားရအောင် လုပ်တဲ့နိုင်ငံလုပ်တဲ့လူ့အသိုင်း အဝိုင်းမျိုးရှိတယ်လို့ မကြားဖူးပါဘူး။ ကြုံလည်း မကြုံခဲ့ဖူးပါဘူး။ ရှိလိမ့်မယ်လို့လည်း မထင်မိပါဘူး။

သို့သော်လည်း အဲဒီ မဘသကိုယ်တော်တွေနဲ့ သူတို့ကို ကိုးကွယ်နေသူအများစုဟာ နိုင်ငံပြင်ပကို ရောက်ဖူးကြပုံ မရပါ ဘူး။ မြန်မာမဟုတ်တဲ့ အခြားလူမျိုးတွေကြားထဲမှာလည်း လူနည်းစုအဖြစ် နေထိုင်ဖူးကြပုံ မရပါဘူး။ ဗုဒ္ဓဘာသာမဟုတ်တဲ့ အခြားဘာသာဝင်တွေအကြားမှာလည်း အနည်းစုအဖြစ် နေထိုင်ဖူးကြပုံမရပါဘူး။ ကိုယ့်ရပ်ကိုယ့်ရွာနဲ့ ကိုယ့်ဘာသာကိုသာလျှင် ဗုဒ္ဓဘာသာကမ္ဘာလို့ အထင်ရောက် နေကြသူတွေပဲ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်ပကို အခေါက်ခေါက်အခါခါ ရောက်ဖူးကြတဲ့ ကိုယ်တော်တွေအနေနဲ့ သူတို့အတွေ့အကြုံတွေကို ပြန်လည် မျှဝေကြပြီး မဘသဟာ အပြည်ပြည်ဆိုင်ရာ စံချိန်စံနှုန်းတွေနဲ့ တိုင်းတာရင် ကျင့်ဝတ်နဲ့မညီညတ်တဲ့အကြောင်းကို ပညာပေး ဆွေးနွေးကြဖို့လိုအပ်မယ်ထင်ပါတယ်။

အထူးသဖြင့် ကမ္ဘာကအသိအမှတ်ပြုတဲ့၊ ပြည်ပကိုလည်း အိမ်ဦးနဲ့ကြမ်းပြင်လို ဥဒဟို သွားလာနေတဲ့၊ ဘာသာကြီး လေးခု စလုံးက ဘာသာရေးခေါင်းဆောင်တွေနဲ့လည်း အခါအားလျော် စွာ နှီးနှောဖလှယ်လေ့ရှိတဲ့ သီတဂူ ဆရာတော်ကြီးအနေနဲ့ မဘသ အဖွဲ့ကြီး ဖျက်သိမ်းရေးကို တိုက်ရိုက်အားဖြင့် တာဝန်ယူပြီး ကိုင်တွယ်ဖြေရှင်း ပေးဖို့လိုတယ်လို့ ထင်မိပါတယ်။

ကျနော့်တဦးချင်းအနေနဲ့ "သာသနာပြုလုပ်ငန်း"ဆိုတာနဲ့ ပတ်သက်လို့ အခြေခံအားဖြင့် လုပ်ဆောင်ရမယ့် လုပ်ငန်း စဉ် (၂) ခုရှိတယ်လို့ မြင်ပါတယ်။

၁။ ဗုဒ္ဓဘာသာဝင်တွေတိုးပွားလာအောင် စည်းရုံးတဲ့ "သာသနာပြုလုပ်ငန်း" ဖြစ်ပါတယ်။

၂။ ဗုဒ္ဓဘာသာဝင်တွေထဲမှာ ဘာသာရေးကျင့်ဝတ်နဲ့ မညီညွတ် တဲ့သူတွေကြောင့် သာသနာ ထိခိုက်မှာကို ပြုပြင်ထိန်းသိမ်းတဲ့ "သာသနာပြုပြင်ရေး လုပ်ငန်း" ဖြစ်ပါတယ်။

ခုတွေ့နေရတာက ဗုဒ္ဓဘာသာဝင်တွေ တိုးပွားသည်ထက်တိုးပွားအောင် ကမ္ဘာပတ် စည်းရုံးနေတဲ့ သာသနာပြုလုပ်ငန်းစဉ် အမှတ်(၁) တခုတည်းကို လုပ်ဆောင်နေတာကိုပဲ တွေ့မြင်နေရပါတယ်။

ကျင့်ဝတ်နဲ့ မလျော်ညီတဲ့ ဘာသာဝင်တွေကြောင့် သာသနာ ထိခိုက်မှာကို ပြုပြင် ထိန်းကျောင်းတဲ့ သာသနာပြုပြင်ရေး လုပ်ငန်းစဉ် အမှတ်(၂)ကို လုပ်ဆောင် နေတာ မတွေ့ရပါဘူး။ ဒီအမှတ် (၂) လုပ်ငန်းစဉ်က ပြုပြီးတဲ့သာသနာကို တည်တံ့အောင် ထိန်းသိမ်းတဲ့ လုပ်ငန်းတခုလည်း ဖြစ်ပါတယ်။

ကျေးရွာရပ်ကွက်တိုင်း၊ မြို့နယ်တိုင်းလိုလိုမှာ လော်ကြီး လော်ငယ်အသွယ်သွယ် နဲ့ နေ့ညမပြတ် မေတ္တာသုတ်တွေ တရစပ်ရွတ်ဖတ်နေရင်းနဲ့ကိုပဲ လူသတ်မှု၊ မုဒိမ်းမှု၊ လူမျိုးရေး၊ ဘာသာရေးမုန်းတီးမှု၊ အနိုင်ကျင့်မှုတွေဟာ နေ့ညမပြတ် ထိတ်လန့်နေ ကြရတဲ့အခြေအနေကို ရောက်နေခဲ့ပါပြီ။

နိုင်ငံခြားသားတွေ ဗုဒ္ဓဘာသာဝင်ဖြစ်လာတဲ့နှုန်းထက် ဗုဒ္ဓဘာသာဟာ အန္တရာယ် ဖြစ်နိုင်ချေရှိတဲ့ စိုးရိမ်ဖွယ်ရာ ဘာသာတရားတခုအဖြစ်ကို ရောက်ရှိလာနေတဲ့နှုန်းက ပိုများလာနေပါ တယ်။ နောင်မှာ မြန်မာပတ်စ်ပို့နဲ့ သင်္ကန်းဝတ်ထားတာတွေ့ရင် တခရီးတည်းသွားဖို့ငြင်းဆန်တဲ့ နိုင်ငံတကာခရီးသွားတွေ ရှိမလာနိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။

ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ မြန်မာနိုင်ငံထဲမှာ ဖြစ်သွားတဲ့ ဘာသာရေး ပဋိပက္ခတခုဟာ နိုင်ငံတကာ အကဲဖြတ်မှတ်တမ်းတွေထဲမှာ အလေးထား စောင့်ကြည့်စရာ အချက်အလက်တခုအဖြစ် စာရင်းဝင်သွားတာကြောင့်မို့လို့ပါပဲ။

တဘက်နဲ့တဘက် တောင်းပန်လိုက်လို့ ပြည်တွင်းမှာ ပြီးပြီး ရော ပြီးသွားနိုင်ပေမယ့် ပြည်ပမှာ စာရင်းဝင်ပဋိပက္ခတခုအဖြစ် မုချမှတ်တမ်းတင်ခံရမှာပဲဖြစ်ပါတယ်။ ဘာသာရေး၊ လူမျိုးရေးနဲ့ လူ့အခွင့်အရေး ဆက်စပ်မှုတွေကို သုတေသနပြုတဲ့ အဖွဲ့ အစည်းတွေ၊ အရေးယူဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ အများကြီးရှိနေကြပါတယ်။

အပြည်ပြည်ဆိုင်ရာမှာ ဘွာတေးဆိုတာ မရှိပါဘူး။ အထူးသဖြင့် ဘာသာရေး ပဋိပက္ခလို ထိရှလွယ်တဲ့ ပဋိပက္ခမျိုးတွေမှာ တာဝန်ရှိကြတဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းပုံဟာ အထူးအရေးကြီးလှပါတယ်။

မဘသတို့ ပေါ်ပေါ်တင်တင် လုပ်ဆောင်နေကြတဲ့ သာသနာကို ထိခိုက်ပျက်စီးစေတဲ့ လုပ်ငန်းတွေနဲ့ပတ်သက်လို့ ဗုဒ္ဓဘာသာ ဝင်မဟုတ်တဲ့သူတွေမပြောပါနဲ့ မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေ ကိုယ်တိုင်တောင် စက်ဆုပ်ရွံရှာနေကြပါပြီ။ စိုးရိမ်ပူပန်မှုတွေလည်း အနည်းနဲ့အများ တိုးပွားလာနေကြပါပြီ။

ဒါပေမဲ့ အားရစရာတခုက ပြည်သူတွေရဲ့သိမှုနဲ့ ဆင်ခြင်နိုင်စွမ်း ပါပဲ။ ပြည်သူတွေက ဒါဟာ အမုန်းမှိုင်းတိုက်ထားတဲ့ သွေးထိုး လှုံ့ဆော်မှုဖြစ်တယ်၊ ဖျက်လိုဖျက်ဆီးလုပ်ချင်သူတွေ အကြိုက် တွေ့အောင် သူတို့ဆင်တဲ့ထောင်ချောက်ထဲ အကျခံလို့ မဖြစ် ဘူးဆိုတဲ့ လမ်းမှန်ရွေးချယ်နိုင်မှုပါ။ သို့သော်လည်း ပြဿနာက ထိရှလွယ်လွန်းတာကြောင့် ပြည်သူတွေရဲ့ ဆင်ခြင်တုံတရားဟာ အထိပါး မခံရနိုင်ပါဘူးလို့တော့ အာမခံနိုင်ဖို့ ခဲယဉ်းလှပါတယ်။

ဒါကြောင့် ဒီပြဿနာကို မကြီးထွားအောင်နဲ့ ပြီးပြတ်အောင် ရှင်းလင်းနိုင်တာဆိုလို့ မဟနအပါအဝင် သီတဂူဆရာတော်ကြီး ရဲ့ သြဇာနဲ့ အစိုးရရဲ့လုပ်ပိုင်ခွင့် အခွင့်အာဏာ တို့ပဲ ရှိပါတော့ တယ်။ ဘာသာရေးဟာ တရားဥပဒေရဲ့အထက်မှာ ရှိခွင့်မရှိပါဘူး။