ဗိုလ်ထက်မင်း - ဓါးတောင်နဲ့မီးပင်လယ်ကို ၂၁ပင်လုံ ဘယ်လို ကျော်ရမှာလဲ - အပိုင်း ၎

 
ဗိုလ်ထက်မင်း - ဓါးတောင်နဲ့မီးပင်လယ်ကို ၂၁ပင်လုံ ဘယ်လို ကျော်ရမှာလဲ - အပိုင်း ၎
(မိုးမခ) ဇွန် ၃၀၊ ၂၀၁၇

NCA ထိုးထားတဲ့အဖွဲ့တွေရဲ့ ဒေသတွေမှာ အံ့သြတုန်လှုပ်သွားစေရမည့် အစိုးရရဲ့ပြယုဒ်

၃၂။ တလက်စတည်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့အစိုးရကို တိုက်တွန်းချင်တာက NCA ထိုးထားတဲ့ EAOs တွေရဲ့ ဒေသခံပြည်သူလူထု လူနေမှူ ဘဝတိုးတက်မြှင့်တင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖေါ်ထုတ်အားပေးဖို့ဒီအချိန်မှာ အရေးတကြီးလိုအပ်လာပါတယ်။ပြီးခဲ့တဲ့ ၂၁ပင်လုံညီလာခံမှာ နိုင်ငံရေးဆိုင်ရာအရေးပါတဲ့ ရလဒ်တချို့ တုန့်သွားချိန်မှာ NCA အပေါ် မလိုလားသူတွေရဲ့သွေးထိုးလှူံဆော်နေပါတယ်။ ဒီအတွက် အကောင်းဆုံးတုန့်ပြန်ချက်ကတော့ အထက်ပါ လိုအပ်ချက်ကို အရှိန်အဟုန်မြင့်လိုက်ဖို့ တိုက်တွန်းလိုပါတယ်။ မြို့နဲ့ဝေးတဲ့ (တောင်ပေါ်အထိပါ) ကျေးရွာတွေကို မီးထိန်ထိန်လင်းအောင်လုပ်ပြလိုက်စမ်းပါ။ ဒီနေရာမှာ ကုန်ကျစရိတ်သက်သာတဲ့ ရေအားလျှပ်စစ်စီမံကိန်းလိုမျိုး ပြည်ပကို ပိုလျှံမှသာ ရောင်းပြီး၊ ပြည်တွင်းကို ဦးစားပေးအထူးသဖြင့် စီမံကိန်းနဲ့နီးစပ်တဲ့ ဒေသခံကျေးရွာတွေကို လျှပ်စစ်မီးအလျှံပယ်သုံးလိုက်ပါစေ၊ အလားတူ သဘာဝဓါတ်ငွေ့သုံး စွမ်းအင်၊ နေရောင်ခြည်သုံး ဆိုလာပြားနဲ့ ပင်လယ်ကမ်းခြေမှ လေသုံးရဟတ်များနဲ့ ထုတ်ရတဲ့ စွမ်းအင်ပေါင်းစုံ နည်းလမ်းကြံဆကာ မီးရရေးလုပ်ပါက တိုးတက်မှုပြယုဒ်ဖြစ်တယ်၊

၃၃။ မလိုလားသူ အဆိုးမြင်ဝါဒီများရဲ့တိုက်ခိုက်မှုကို ကြိုတင်ကာကွယ်သောအားဖြင့် UNFCရဲ့ မူ အချက် ၈ ပါအတိုင်း သဘာဝသယံဇာတများ ပွင့်လင်းမြင်သာမှု ဖေါ်ဆောင်ရေး ၊ လုပ်ထုံးလုပ်နည်းအရ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အပစ်ရပ် EAO နဲ့ပူးပေါင်းကာ လူထုရှင်းလင်းခြင်း၊ ဒေသခံ နစ်နာသူများကို ကာလပေါက်ဈေးနဲ့ ပေးလျော်ခြင်း၊ ရင်နှီးမြပ်နှံမှူပြုလုပ်ကာ အလုပ်အကိုင်အခွင့်အလမ်းများကို အဆိုပါဒေသခံများကိုသာ ဦးစားပေးခန့်ပေးခြင်းဖြင့် တိုးတက်မှုဆိုတာ ပြသ စေလိုပါတယ်။ လူ့စွမ်းအားအရင်းအမြစ်ဖြစ်တဲ့ စာသင်ကျောင်းတွေမှာ ကွန်ပျုတာတွေ တစ်ယောက်တလုံး ကိုင်နိုင်အောင်နဲ့ အတန်းကြီးများကို လက်တော့ပါကိုင်နိုင်အောင် လုပ်ပေးလိုက်ခြင်း၊ ကျောင်းဆရာဆရာမတွေကို နယ်ခံကို ဦးစားပေးခန့်လို့မှ မလုံလောက်ရင်  စစ်ကိုင်းရွာသစ်ကြီးဆင်းများ ခေါ်ထားခြင်းနဲ့ နတလအထူးစီမံချက်နဲ့ တက္ကသိုလ်ဘွဲ့ရများကို ဗော်လန်တီယာ ၃ နှစ်ခန့် ကျောင်းဆရာ၊ ဆရာဝန်၊ သူနာပြုများအဖြစ် ခေါ်ပြီးဖြည့်ခြင်း (သူတို့လာချင်အောင် အထူးအခွင့်အရေးအနေနဲ့ လစာခံစားခွင့် ပြည်မထက် ၂ဆပေးခြင်း၊ တာဝန်ကျေပြီးပါက တဆင့်တိုး မိမိသွားလိုရာဒေသနဲ့ ခံစားခွင့် ဆုကြေးငွေများ ထောက်ပံ့ခြင်းအစီအစဉ်) ဆေးရုံ၊ ကျောင်းတွေမှာ သင်ထောက်ကူပစ္စည်းများနဲ့ ကိရိယာများ၊ ဆေးရုံသုံး ဆေးနဲ့ ဓါတ်ခွဲခန်း၊ ခွဲစိတ်ခန်း၊ ဓါတ်မှန်ခန်း တွေကို နိုင်ငံတကာ အကူအညီနဲ့ပံ့ပိုးခြင်း၊ ရုပ်မြင်သံကြားစက်များ ဖြန့်ပေးခြင်း ၊ မီးတိုင်နဲ့ ဖုံးတိုင်များကို နယ်စွန် တောင်ပေါ်အထိရောက်အောင် ဆွဲထူပေးခြင်း၊ ဆယ်လူလာဖုံးနဲ့ဆင်းကဒ်များ၊ ဆိုလာပြားများကို သက်သာနဲ့ဈေးနှုန်းနဲ့ရောင်းပေးခြင်း၊ စိုက်ပျိုးရေးအထူးအစီအစဉ်နဲ့ မျိုးစပါးများနဲ့ သီးပင်စားပင်များ ထောက်ပံခြင်းဖြင့် ဒေသအတွက် စားနပ်ရိက္ခာ ဖူလုံစေပါတယ်။

၃၄။ မြေလွတ်မြေရိုင်းများဖေါ်ထုတ်ကာ လယ်ထွန်စက်များချပေးခြင်း၊ လမ်းတံတားများ ကတ္တရာ ကျောက်ခင်း နိုင်အောင် တတ်နိုင်သမျှ ဆောက်လုပ်ပေးခြင်း၊ နယ်စပ်ကုန်သွယ်ရေးကို မအေးချမ်းတဲ့ မူဆယ်ထက်သာအောင် မြဝတီမြို့ဒုတိယနယ်စပ်တံတားဖွင့်လှစ်စေပြီး အရှိန်မြင့်သလို ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနယ်စပ်ဂိတ်တွေ ဆက်ဖွင့်ပေးခြင်း ၊နှစ်ရှည်အရိပ်ရနဲ့ ပြည်ပပို့ကျွန်းနဲ့ ရာဘာပင်များ စိုက်ပျိုးစေခြင်း၊ ရွာကြီးရွာငယ်အလိုက် တောင်သူများကို သက်သာတဲ့အတိုးနဲ့ချေးငွေများ၊ ဓါတ်မြေသြဇာ ထုတ်ပေးစေလိုခြင်း၊ ဒုက္ခသည်များဂုဏ်သိက္ခာရှိစွာ ပြန်လာပြီး လူနေမှုဘဝအာမခံချက် ပေးနိုင်ရေးစီမံချက်များ ဆက်လက် အကောင်အထည်ဖေါ်ခြင်း၊ တန်ဖိုးနည်းအိမ်ယာ အလုံး ၄၀၀ တနင်္သာရီမှာ ဆောက်လုပ်ပေးသကဲ့သို့ အခြားပြည်နယ်များကိုလည်း အိမ်ယာ ၅၀၀ စီ ဆောက်လုပ်ပေးသင့်ခြင်း၊ မှတ်ပုံတင်မရှိသူ နိုင်ငံသားတိုင်းရင်းသားများကို အထူးအစီအစဉ်နဲ့ ထုတ်ပေးခြင်း စတဲ့ လိုအပ်ချက်တွေကို တတ်နိုင်သရွေ့အားလုံးဖြစ်စေ၊ တစိတ်တဒေသဖြစ်စေ လက်မှတ်မထိုးတဲ့ EAOs များ အံ့သြယူလောက်အောင် လုပ်ပြစေလိုပါတယ်။

ဖြစ်စဉ်တခုမှာ ယခင်အစိုးရလက်ထက်က လက်မှတ်ထိုးတဲ့ EAOs တွေကို မတရားသင်း BLACK LIST  စာရင်းမှ ပယ်ဖျက်လိုက်တယ်လို့ဆိုလိုက်ရာ လက်မှတ်မထိုးတဲ့အဖွဲတွေ (အင်အားကြီး UWSA လေသံ အပြင်းဆုံး) တုန်လှုပ်သွားကာ သူတို့ကို မလုပ်ပေးလို့ အသံဗလံများ ထွက်လာဖူးပါတယ်။ ဒီလိုလုပ်ပေးလိုက်ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာစေတနာကို လက်မှတ်မထိုးတဲ့ အဖွဲ့တွေ စုတ်သတ်တဲ့အသံတွေကြားရပါလိမ့်မယ်။ သတိပြုဖို့က သဘောထားတင်းမာသူတွေက စောင်ကြည့်နိုင်တာမို့ မိမိကလမ်းညွှန်လိုက်ယုံနဲ့ မပြီးသေးဘဲ တိုးတက်မှုအခြေအနေကို စဉ်ဆက်မပြတ် သတင်းပိုခိုင်းဖို့လိုပါတယ်။

၃၅။ ဘာကြောင့်ပြောရလဲဆိုရင် မလိုလားအပ်တဲ့ ဖြစ်စဉ်တွေ့ရှိနေရလို့ဖြစ်ပြီး ကချင်ဒုက္ခသည်စခန်းထံမှ
စာရေးသူမိတ်ဆွေတစ်ဦး ရင်ဖွင့်ချက်ကို သိစေဖို့ တင်ပြပေးလိုက်ရပါတယ်။ စာရေးသူက Commander
အနေနဲ့ဒုက္ခသည်စခန်း သွားရောက်သင့်ကြောင်း တိုက်တွန်းထားခဲ့သလို အကြံပြုချက်ကိုလက်ခံလို့
ဝမ်းမြောက် ဝမ်းသာဖြစ်မိချိန်မှာပင် မမျှော်လင့်ဘဲ အဆိုပါစာရေးသူမိတ်ဆွေဆီမှ စခန်းတွေရဲ့ဒုက္ခဆင်းရဲမှူ
ပြေလည်သွားခြင်းမရှိဘဲ ပိုလို့တောင် ဆိုးသွားပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် အထင်အမြင်လွဲမှား
နေတာကို စိတ်မကောင်းစွာ သိရလို့ အချိန်မှီ ကုစားနိုင်စေဖို့ သူတို့ရဲ့ခံစားချက်ကို တင်ပြလိုက်ရပါတယ်။

“ဒေါ်စု-သူလာသွားပြီးတဲ့နောက် စစ်ပြေးတွေပို သွားရလာရ ခက်ခဲသွားပြီ၊ အဓိကတော့ ကျောင်းသားတွေ ပညာရေး ပိတ်ပင်ခံရတယ်၊ စစ်ပြေးက ကျောင်းသားတွေကို မြို့ မှာကျောင်းလိုက်အပ်ပေးတာ မြို့ကျောင်းတွေမှာ လက်မခံဘူး။ ဒါက သူ့လက်တွေ့ ဖြစ်ကြောင်း အရင်နှစ်တွေမှာ ဒီနှစ်လောက် မခက်ဘူး။ အခု ဒေါ်စု စစ်ပြေးမှာ လာသွားပြီးတဲ့နောက် မရတော့ဘူး၊ အဲ့ဒါကြောင့် ကချင်ပြည်သူတွေက ဒေါ်စု  ကချင်ပြည်နယ်လာပြီး စစ်ပြေးစခန်းသွားတာဟာ ကချင်တွေကို ၊ စစ်ပြေးတွေကို ဘယ်လိုနှိပ်စက်ရင်ပိုကောင်းမလဲဆိုတဲ့ ပညာကို လာယူသွားတာပဲ လို့ ပြောနေကြပြီ၊ အခုကချင်လူထု ၈၅% လောက်တော့ ဒေါ်စုကို မယုံတော့ဘူး။ ကချင်ပြည်နယ်မှာ လာကြည့် စစ်ပြေးက ကျောင်းသားတွေ ကျောင်းအပ်နိုင်ဖို့ ဒီနှစ်ပိုဆိုးသွားပြီ။ သူကိုယ်တိုင် လိုက်အပ်ခဲ့လို့ သိတယ်။ ပါးစပ်တော့ ကောင်းတယ်၊ လက်တွေ့ မဖြစ်ဘူး။ ပိုဆိုးတာက ကေအိုင်အေကျောင်းက ပြောင်းလာတဲ့ကျောင်းသားတွေကို လုံးဝလက်မခံဘူး။  အဲ့ဒါကို စာရေးသူက ဘယ်လိုမြင်လဲ?” 


သူက ရှင်းပြပြီး သူ့ မေးခွန်းထုတ်တာ ခံလိုက်ရပါတယ်။

စာရေးသူက အောက်ပါအတိုင်း ပြန်ရှင်းပြလိုက်ပါတယ်။

“ Commander ဒေါ်အောင်ဆန်းစုကြည်လာတုံးက ပြည်နယ်အစိုးရကို တာဝန်ပေးလိုက်တာ မိမိကိုယ်တိုင် တွေ့မြင်သိလိုက်ရတာမို့ လက်အောက် ပြည်နယ်အစိုးရနဲ့ပညာရေးဝန်ကြီးဌာန ဆက်စပ်ဆောင်ရွက် အကောင်အထည်ဖေါ်တဲ့ အပေါ်မူတည်ကြောင်း။ နယ်စပ်ဒေသဖြစ်နေတာရယ်၊ တချို့ကိစ္စတွေမှာ
ဝန်ကြီးဌာနရဲ့ကြိုးနီစနစ်ပေါ် ဘယ်လို ကျော်လွှားနိုင်မလဲဆိုတာ နည်းလမ်းရှာဖွေမှူ အပေါ် မူတည်ကြောင်း၊ ဒီကိစ္စ Commander သိအောင် ဆောင်းပါးမှတဆင့် တင်ပြပေးမည်ဖြစ်ကြောင်း၊ အဓိက ဒါတွေ ကျော်လွှားနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ KIA က NCA လက်မှတ်ထိုးလိုက်ရင် အကုန်ပြေလည်သွားနိုင်ကြောင်း၊ အနီးစပ်ဆုံး NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေရဲ့ ထိုင်းနိုင်ငံ နယ်စပ်ရွေ့ပြောင်းပညာရေးကော်မတီကို အစိုးရက အသိအမှတ်ပြုလိုက်လို့ နယ်စပ်က အောင်တဲ့ ကလေးတွေ ပြည်တွင်းတက္ကသိုလ်တွေတက်လို့ရတဲ့ ဖြစ်စဉ်ရှိကြောင်း၊ NCA လက်မှတ်မထိုးချင်တဲ့ သဘောထားတင်းမာသူတွေရဲ့ သွေးထိုးမှုကို မယုံကြည်စေလိုကြောင်း” ရှင်းပြလိုက်ရပါတယ်။

ဒါကြောင့် Commander ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်အောက်ဌာနတွေကို ပြန်လည်စီစစ်သင့်ပြီး လစ်ဟာအားနည်းချက်ကို အသုံးချကာ စောင့်ကြည့်နေတဲ့ အဖွဲ့အစည်း၊ မလိုလားသူ သဘောထားတင်းမာသူတွေရဲ့ ဒုက္ခသည်တွေအပေါ် စည်းရုံးရေးအကွက် နည်းဗျုဟာမြောက် ပြန်ရွေ့သွားနိုင်ကြောင်း စိုးရိမ်ပူပန်မိပါတယ်။

၃၆။ ဘာလို့လဲဆိုတော့ ဒုက္ခသည်စခန်းဟာ လူထုအခြေခံဖြစ်လို့ ဒီထိကွက်ကို နဲနဲလေးမှ အတိမ်းစောင်း မခံတာ စစ်မဟာဗျူဟာသဘောအရ တွက်ကြည့်နိုင်ပါတယ်။ အစိုးရနဲ့ တပ်မတော်အပေါ် အထင်အမြင်လွှဲမှားစေမည့် ဆိုက်ဝါး စိတ်ဓါတ်စစ်ဆင်ရေးတွေကို ဒုက္ခသည်တွေအပေါ် ထည့်ထားကြောင်း အံ့သြဖွယ်ရာ သတင်းတစ်ခု တွေ့ရှိရပါသေးတယ်။

အဲဒါကတော့ KIA ဟာ UNFC က ထွက်လိုက်တဲ့ အပေါ် မှားကြောင်း၊ ပိုဆိုးတာက ဝ နဲ့ သွားပေါင်းတာကိုက ပိုမှားကြောင်း အဲဒီမိတ်ဆွေကို ဆွေးနွေးကြည့်ပါတယ်။ သူတို့သိထားရတာကတော့

“KIA က ဝ နှင့် သွားပေါင်းလိုက်တာ အရမ်းမှားတယ်လို့ စာရေးသူပြောတာ၊ ဒါပေမဲ့ ကေအိုင်အေ၊ ကေအိုင်အိုတွေက သူတို့ လုံးဝမမှားဘူးလို့ ပြောတယ်။ ဘာဖြစ်လို့လည်းဆိုတော့ - ဒေါ်စုအစိုးရဟာ UNFC ကို မူအားဖြင့် သဘောတူတယ်လို့ ပြောတာဟာ ကေအိုင်အေ တွေ UNFC က နှုတ်ထွက်ဖို့ စာတင်ပြီးမှ မူအားဖြင့် သဘောတူတယ်လို့ ပြောတာဖြစ်တယ်။ တကယ်လို့ ကေအိုင်အေ နှုတ်မထွက်ခဲ့ရင် အဲသလိုမျိုး ထုတ်ပြောခဲ့မှာ မဟုတ်ဘူးတဲ့။ ဒါတွေဟာ ဒေါ်စုကို ပိုပြီးတော့ ယုံကြည်မှုလျော့သွားစေပြီတဲ့။”
လို့ပြောကြပါတယ်။

မိမိက သူတို့ စိတ်ရှင်းစေရန် လိုင်းပေါ်မှာ စောင့်ခိုင်းပြီး သူတို့သိသော နယ်စပ်အခြေစိုက် စာရေးဆရာတဦးကို ချက်ခြင်း ဆက်သွယ်ကာ Commander ဒေါ်အောင်ဆန်းစုကြည်နဲ့ DPN တို့နဲ့ တွေ့ဆုံပြီးမှ UNFC နဲ့ မူအားဖြင့် သဘောတူပြီးမှ KIA ထွက်တာဖြစ်ကြောင်း သိရလို့ ရှင်းပြလိုက်ပါတယ်။ မိမိက KIA ထဲက သဘောထားတင်းမာသူတွေ သတင်းမှားလွှင့်ထားတာ ထောက်ပြခဲ့ပါတယ်။ ဆက်လက်ပြီး စာရေးသူဟာ ပိုမိုပြီးခိုင်မာစေရန် သူတို့ကိုတော့ မရှင်းပြတော့ပေမဲ့ တပ်မတော်အရာရှိကြီး(ငြိမ်း) ထံ ဆက်သွယ်ပြီးထပ်မံ အတည်ပြုခဲ့ရာ သူက အသေးစိတ်ပြောပြပါတယ်။

“ KIA ဟာ ဒေါ်စုက UNFCနဲ့ မူအားဖြင့် သဘောတူပြီးမှ ထွက်တာ ဖြစ်ကြောင်း၊ စာတောင်ပေါက်ကြားတယ်လို့ ကြားရတာ သတိပြုမယ်ထင်ကြောင်း၊ UNFCက တင်တဲ့ အချက်တွေကို ကွေ့ပတ်ပြီး ၄ ကြိမ်ထက်မနည်း ဖြေရှင်းပေးခဲ့ရတာ ကိုဇော်ဌေး ဖေ့ဘုတ်မှာ တွေ့နိုင်ကြောင်း၊ အဲဒါလည်းအဆင်ပြေခါနီးကျမှ လက်မှတ်ထိုးရမယ် ဆိုတဲ့အပိုင်းကျမှ KIA ဆင်ဝှေ့ရန်ရှောင် ထွက်သွားကြောင်း၊ အဲဒီဒေသမှာ အနောက်နိုင်ငံအဖွဲ့အစည်းတခုက ပုဂ္ဂိုလ်တဦး အခြေပြုနေကတည်းက KIA ရပ်တည်ချက်တွေဟာ ဟိုဟိုဒီဒီ ပြောင်းလဲနေကြောင်း၊ မဲသရောထကြေညာချက်တုံးကလည်း သူ့ပယောဂ ပါနိုင်ကြောင်း၊” စတာတွေသိရပါတယ်။

ဒါကြောင့် Commander ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းလိုတာက ဖြစ်စဉ်အမှန်တွေကို တိုင်းရင်သားတွေ သိအောင် ဘယ်လို နည်းဗျုဟာတွေ ကျင့်သုံးမလဲ၊ မဟာဗျူဟာ စီမံချက်ချဖို့ စဉ်းစားသင့်ပါပြီ။

(ဆက်လက်ဖော်ပြပါမည်)

Comments