ဇင်လင်း - အဂတိလိုက်စားမှုတိုက်ဖျက်ရေးစစ်ပွဲသည် ရေတိုတစ်ပွဲတိုး လုပ်ငန်းစဉ် မဟုတ်



ဇင်လင်း - အဂတိလိုက်စားမှုတိုက်ဖျက်ရေးစစ်ပွဲသည် ရေတိုတစ်ပွဲတိုး လုပ်ငန်းစဉ် မဟုတ် 
(မိုးမခ) ဇန်န၀ါရီ ၂၉ ၊ ၂၀၁၈   

ယနေ့မြန်မာနိုင်ငံ အစိုးရသည် စိန်ခေါ်မှု အမျိုးမျိုးနှင့် ရင်ဆိုင်နေရပေသည်။ နိုင်ငံရေးအရ အမျိုးသားရင်ကြားစေ့ရေးနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၊ ရခိုင်ပြည်နယ်ပြဿနာတို့ကို ရင်ဆိုင်နေရပြီး၊ အခြားတစ်ဖက်တွင် စီးပွားရေးနလံထ ရေး၊ အနိမ့်ဆုံးလုပ်ခလစာကိစ္စ ဖြေရှင်းပေးရေး၊ တရားဥပဒေစိုးမိုးရေး၊ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး စသည်ဖြင့် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရသည်။ ထို့ပြင် LDC အဆင့် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရေး၊ သိမ်းယူထားသော လယ်ယာမြေများ ပြန်ပေးရေး၊ မူးယစ်ဆေးဝါးကင်းစင်ရေး၊ နိမ့်ကျနေတဲ့ ပညာရေး ကျန်းမာရေး ပြုပြင် ပြောင်းလဲရေး၊ တရားဥပဒေ စိုးမိုးရေး၊ အလုပ်လက်မဲ့လျော့ကျရေး၊ အလုပ်အကိုင်အသစ်များ ဖန်တီးပေးရေး အစရှိသဖြင့် သမ္မတ ဦးထင်ကျော် အစိုးရအနေဖြင့် တာဝန်ယူ ရင်ဆိုင်ဖြေရှင်းပေးရမည့် စိန်ခေါ်မှုများ အများအပြားရှိနေသည်ကို တွေ့ရသည်။၎င်းတို့အနက် အကျင့်ပျက် ခြစားမှု အဆိုးဆုံးနိုင်ငံများစာရင်းမှ လွတ်ကင်းအောင် ကြိုးစားရေးသည်လည်း မြန်မာနိုင်ငံအတွက် အရေးကြီးတာဝန်တစ်ခု ဖြစ်နေပေသည်။

ဇန်နဝါရီ ၂၂ ရက်က ရန်ကုန်မြို့ Park Royal Hotel တွင် ‘အဂတိလိုက်စားမှု တွန်းလှန်ဖို့ ကိုယ်ကျင့်သိက္ခာမြှင့်တင်စို့’ ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ပွဲ ပြုလုပ်ခဲ့ကြောင်း ၇ ရက်နေ့စဉ်သတင်းတွင်တွေ့ရသည်။ အဂတိလိုက်စားမှုတိုက် ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ယင်းသို့ ပြောကြားခဲ့သည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် အသစ် တာဝန်ယူသည့် နှစ်လအတွင်း တိုင်ကြားစာအမှုနှင့် အရေးယူမှုအရေအတွက် ယခင်ထက် ငါးဆကျော်တိုးတက် လာကြောင်း အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ကော်မရှင်အသစ် စတင် တာဝန်ယူသည့် ၂၀၁၇ နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ တိုင်ကြားစာအမှုတွဲ ၃၉၂ မှုကို လက်ခံစစ်ဆေးခဲ့သည်။ သက် ဆိုင်ရာ ဝန်ကြီးဌာနများသို့ လွှဲ ပြောင်းစိစစ်ရန် ပေးပို့ထားသည့် စိစစ်ဆဲ ၁၈၈ မှု အပါ အဝင် လွဲမှားတင်ပြမှု ၃၉ မှု၊ မြေယာစီမံခန့် ခွဲမှု ၂၇ မှု၊ တရားစီရင်ရေးတင်ပြ တိုင်တန်းမှု ၃၇ မှု၊ ဌာနတွင်း ပုဂ္ဂိုလ်ရေး တင်ပြတိုင်တန်းမှု ၉၀ နှင့် အထွေထွေတိုင်တန်းမှု ၈ မှု ဖြစ်ကြောင်း သိရသည်။ တိုင်ကြားစာများအနက် ပြည်ထဲရေးဝန်ကြီး ဌာနကို အများဆုံးတိုင်ကြားထားကြောင်း ဇန်နဝါရီ ၆ ရက် နေပြည်တော်တွင် ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် ကော်မရှင်၏ ပြန်ကြားရေးလုပ်ငန်းကော်မတီဝင် ဒေါ်လဲ့လဲ့ဝင်းက ပြောကြားခဲ့သည်။

‘‘အဂတိလိုက်စားမှုတိုက် ဖျက်ရေးစစ်ပွဲဟာ ရေတိုတစ်ပွဲ တိုးလုပ်လို့ရတာ မဟုတ်ပါဘူး။ ရေရှည်စနစ်တကျနဲ့ ဘက်ပေါင်း စုံပါဝင်ဆင်နွှဲရမယ့် စစ်ပွဲဖြစ်ပါ တယ်။ စိတ်ဓာတ်နဲ့ ကိုယ်ကျင့် သိက္ခာမြှင့်တင်ရေးမပါဘဲ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်ဟာ ရေရှည်မှာ အောင်မြင်မှု မရနိုင်ဘူး။ ကိုယ်ကျင့်သိက္ခာ မြှင့်တင်ရေးလုပ်ငန်းတွေကို တစိုက်မတ်မတ် လုပ်ဆောင်သွားဖို့ ကော်မရှင်က ရည်မှန်းထားပါတယ်။’’ ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပေါ်လစီမူဘောင်နှင့် ဥပဒေမူဘောင် ဖွံ့ဖြိုးတိုးတက်ရေး၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပညာပေးရေး၊ ကိုယ်ကျင့်သိက္ခာမြှင့်တင်ရေး၊ တားဆီးကာကွယ်ရေး လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရန် ၂၀၁၈ လုပ်ငန်းစီမံချက်ကို ရေးဆွဲအကောင်အထည်ဖော် မည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ပြောကြားကြောင်း သတင်းအရ သိရသည်။

သမ္မတ ဦးထင်ကျော်အစိုးရ နိုင်ငံ့တာဝန်တွေ စတင်ယူခဲ့စဉ်က အဓိကထား ပြောကြားချက်များတွင် “အဂတိတရား ကင်း စင်သော လူ့အသိုင်းအဝိုင်းဖော်ဆောင်ရေး” ကိစ္စလည်း ပါဝင်သည်ကို သတိပြုမိသည်။ သမ္မတသစ် ဦးထင်ကျော်က - “မိမိအနေဖြင့် အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးရေး၊ အဂတိတရားကင်းစင်တဲ့ လူ့အသိုင်းအဝိုင်းဖော်ဆောင် ရေး၊ အမျိုးသားအကျိုးစီးပွား ရှေးရှုရေး၊ ပြည်သူ့ဘဏ္ဍာငွေများ ခြိုးခြံချွေတာရေးနဲ့ စွမ်းဆောင်ရည် ပြည့်ဝပြီး ကျစ်လျစ် ခိုင်မာတဲ့ ပြည်ထောင်စု အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေးကို ဦးစားပေး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း”..စသဖြင့် ၂၀၁၆ ခုနှစ် မတ်လ ၂၁ ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲဖူးသည်။

၂၀၁၄ မတ်လ ၁၂ ရက်မှ စ၍ ၂၀၁၅ ဒီဇင်ဘာ ၃၁ ရက်အထိ တာဝန်ယူခဲ့သည့် ယခင်ကော်မရှင်ဟောင်းလက်ထက်တွင် တိုင်ကြားမှု ၄,၄၇၁ မှုရှိပြီး အဂတိလိုက်စားမှုဖြင့် စစ်ဆေးခဲ့သည့် အမှု ၆၂ မှုသာရှိသည်ဟု ဆိုသည်။ ယခု အစိုးရက ပြန်လည်ဖွဲ့စည်းသော ကော်မရှင်အသစ်တွင် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးအောင်ကြည်ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည် ထောင်စုရှေ့နေချုပ်ရုံး၊ အမျိုး သားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနတို့မှ အငြိမ်းစားအရာရှိများ၊ အငြိမ်းစားရဲချုပ် ဦးဇော်ဝင်းနှင့် တရားလွှတ် တော်ရှေ့နေများ အပါအဝင် အဖွဲ့ဝင် ၁၂ ဦး ပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။

ဇန်နဝါရီ ၂၂ ရက်က ရန်ကုန်မြို့ Park Royal Hotel တွင် ‘အဂတိလိုက်စားမှု တွန်းလှန်ဖို့ ကိုယ်ကျင့်သိက္ခာမြှင့်တင်စို့’ ဟူသော ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် စာတမ်းဖတ်ပွဲတွင် စီးပွားရေးပညာရှင် ဒေါက်တာ ဦးမြင့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး အောင်မြင်ရန် လူသိများထင်ရှားသော အကျင့်ပျက်သူအချို့ကို ရုံးတင်စစ်ဆေးအပြစ်ပေးပြဖို့ လိုသည်ဟု ဆွေးနွေးပြောကြားခဲ့ကြောင်း အလဲဗင်းမီဒီယာသတင်းအရ သိရသည်။ UNODC နှင့် အဂတိလိုက်စားမှုတိုက် ဖျက်ရေး ကော်မရှင်တို့ ပူတွဲကျင်းပသည့် အဆိုပါ စာတမ်းဖတ်ပွဲတွင် ဒေါက်တာ ဦးမြင့်က ‘ပင်မစာတမ်း၊ အဂတိလိုက်စားမှု အကြောင်း၊ အကျိုးနှင့် ကုထုံးများ မြင်သာမှု ရှုထောင့်’ ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားခဲ့သည်။

အဂတိလိုက်စားမှုဆိုသည်မှာ အများပြည်သူ၏ အကျိုးကိုဆောင်ရန် ပေးအပ်ထားသော အာဏာနှင့် လုပ်ပိုင်ခွင့်များကို ပုဂ္ဂလိက အကျိုးစီးပွားအတွက် အသုံးပြုခြင်းဟု ဒေါက်တာ ဦးမြင့်က ဖွင့်ဆိုသည်။ အဂတိလိုက်စားမှု မြောက်သည့် အပြုအမူများတွင် လာဘ်ပေးလာဘ်ယူခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားလုပ်ခြင်း၊ ဖေါ်လံဖား၍ အကျိုးစီးပွားရှာခြင်း (Nepotism)၊ သား တူ ညီများ ကောင်းစားရန် လုပ်ခြင်း (Cronyism)၊ အများပြည်သူပိုင် ပစ္စည်းကို ကိုယ်ပိုင်အဖြစ်သုံးစွဲခြင်းနှင့် သြဇာသုံး၍ အလွဲသုံးစားလုပ်ခြင်း (Influential Peddling) စသည်တို့ အကျုံးဝင်သည်ဟု ဒေါက်တာ ဦးမြင့်က ဆိုသည်။

ယနေ့ မြန်မာနိုင်ငံ တိုးတက်မှု နောက်ကျရသည့် အဓိက အကြောင်းများအနက် အဂတိလိုက်စားမှု အကျင့်ပျက် ခြစားမှု (Corruption & Kleptocracy) သည် အဆိုးရွားဆုံးကိစ္စ ဖြစ်သည်။ အထက်တွင် ဆိုခဲ့သော သယံဇာတကိစ္စ မြေယာကိစ္စ မူးယစ်ဆေးနှင့် ဘိန်းကုန်ကူးမှုကိစ္စများသည် အဂတိလိုက်စားမှု အကျင့်ပျက် ခြစားမှု (Corruption & Kleptocracy) နှင့် ခွဲမရအောင် ဆက်စပ်နေသည်။ ထို့ကြောင့် သမ္မတ ဦးထင်ကျော်က ‘အဂတိတရားကင်းစင်တဲ့ လူ့အသိုင်းအဝိုင်း ဖော် ဆောင်ရေး’ ကို ဦးစားပေးဆောင်ရွက်မည်ဟု အလေးအနက်ပြောကြားခဲ့ခြင်းသည် မြန်မာနိုင်ငံရှေ့ရေးအတွက် အားတက် စရာဖြစ်သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည် နိုင်ငံနှင့် ပြည်သူလူထု၏ ဂုဏ်သိက္ခာကို ပြန်လည် ဆယ်ယူမြှင့်တင် ရေးအတွက်လည်း အလွန် အရေးပါသော ဆောင်ရွက်မှု ဖြစ်လာမည် ဖြစ်သည်။

အဂတိလိုက်စားမှု အခြေအနေများကို စောင့်ကြည့်လျှက်ရှိသော Transparency International အဖွဲ့၏ ၂၀၁၆ ခုနှစ် အစီရင်ခံစာ အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၇၆ နိုင်ငံအနက် မြန်မာနိုင်ငံသည် အဂတိလိုက်စားမှု အဆင့် ၁၃၆ တွင် ရှိသည်။ အာဆီယံအဆင့်၌ပင် မြန်မာနိုင်ငံ၏ နောက်တွင် ကမ္ဘောဒီးယားနိုင်ငံသာရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံ ဘက်ပေါင်းစုံ ဖွံ့ဖြိုးမှု နိမ့်ကျ ဆင်းရဲမွဲတေရသည့် အဓိကအချက်များထဲ တွင် တရားစီရင်ရေးအပါအ၀င် အစိုးရယန္တရားအတွင်း အဂတိ လိုက်စားမှု အကျင့်ပျက်ခြစားမှုသည် အဆိုးဆုံးကိစ္စ ဖြစ်သည်။ နိုင်ငံတော်၏ စာရိတ္တမဏ္ဍိုင် ကြံ့ခိုင်ရေးအတွက် တရားရုံး များ၏ အဂတိလိုက်စားမှုကို စံနမူနာထား၍ တိုက်ဖျက်သင့်သည်။ ဤကိစ္စသည် ကောင်းမွန် သန့်ရှင်းသော အစိုးရတစ်ရပ် ပေါ်ထွန်းရေးနှင့်လည်း ဆက်စပ်နေသဖြင့် ဥပဒေပြုလွှတ်တော်အဆင့်ဆင့်က ဆက်လက် ထောက်ခံအတည်ပြုပေးသင့် သည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် နိုင်ငံတကာစံများနှင့်အညီ စနစ်တကျ စစ်ဆေး၍ မျက်နှာကြီးငယ် မလိုက်ဘဲ တိတိကျကျ အရေးယူဆောင်ရွက်ကြချိန် တန်ပြီ ဖြစ်သည်။ ပြည်သူ့ဝန်ထမ်းများဖြစ်ကြသော အစိုးရအရာရှိများ အတွက် စည်းမျဉ်း စည်းကမ်းများ စနစ်တကျ သတ်မှတ်ကာ လာဘ်ပေးလာဘ်ယူမှု လျော့နည်း ပပျောက်စေရန် အထူးပြု ဆောင်ရွက်ကြရန်လိုသည်။

အုပ်ချုပ်ရေး ယန္တရားအတွင်း အစိုးရ အရာရှိကြီးပိုင်းနှင့် ဒေသဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်၏ လာဘ်စားမှုများ ရှိသကဲ့ သို့၊ စီမံကိန်းလုပ်ငန်းများရရှိရန် လုပ်ငန်းရှင်ကြီးများက အာဏာပိုင်အဆင့်ဆင့်နှင့် ၀န်ထမ်းများအား လာဘ်ထိုးခြင်းများ ဖြစ်တတ်သည်ကို ကော်မရှင်အနေဖြင့် သတိပြုရမည် ဖြစ်သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရာမှာ လုပ်ငန်းရှင်ကြီးများ အခွန်ရှောင်နေသည့် ကိစ္စများအပါအ၀င် ငွေကြေးခ၀ါချနေသည့် လုပ်ငန်းများကိုပါ စိစစ်အရေးယူသင့်သည်ဟု ထောက်ပြ မှုများ ရှိခဲ့ဖူးသည်။ အဂတိလိုက်စားမှုဆိုသည်မှာ လူ့အဖွဲ့အစည်းအတွင်း တနည်းမဟုတ် တနည်းဖြင့် ဆက်လက် တည်ရှိ နေတတ်၍ အစိုးရအဖွဲ့အသီးသီးနှင့် လွှတ်တော်အသီးသီးတို့က နိုးနိုးကြားကြား သတိရှိရှိ တိုက်ဖျက်နိုင်မှသာ နိုင်ငံတော် ဘက်စုံတိုးတက်ရေးအတွက် အထောက်အကူ ဖြစ်ဖွယ်ရှိပေသည်။

လက်ရှိအခြေအနေတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး စီမံကိန်းကို ပြည်သူလူထု၏ ယုံကြည်လက်ခံမှု ရရှိရန် လိုသည် ဟု ဒေါက်တာ ဦးမြင့်က ဆိုသည်။ ပြည်လူထု၏ ယုံကြည်မှုကို ရရှိလာစေရန် “ငါးကြီးကြီးတချို့ကို ကြော်စေလိုကြောင်း” ဦးမြင့်က တင်ပြသည်။ ဆိုလိုသည်မှာ လူသိများ ထင်ရှားသော အရာရှိကြီးများနှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများကို အဂတိ လိုက်စားမှုစွဲချက်ဖြင့် လူသိရှင်ကြား တရားရုံးတင်စစ်ဆေး လက်တွေ့အပြစ်ပေးပြဖို့လိုသည်ဟု ဦးမြင့်က ဆိုသည်။ "ငါးကြီးကြီး ကြော်ရန်မှာ ကိုယ့်ကန်ထဲကငါးသာ ဖြစ်သင့်သည်" ဟုလည်း ဦးမြင့်က ဆိုသည်။ နိုင်ငံရေးရန်သူများကို သိက္ခာချ လိုသောကြောင့် အဂတိလိုက်စားမှုစွဲချက်တင်မှုများလည်း ရှိနေသောကြာင့်ဟု ဆိုသည်။

အဂတိလိုက်စားမှုဆိုရာ၌ ငွေတစ်ကျပ် ယူခြင်းသည်လည်း လာဘ်ယူခြင်းပင်ဖြစ်သည်ဟု စီးပွားရေးပညာရှင် ဒေါက်တာ အောင်ထွန်းသက် က ပြောကြားကြောင်း Daily Eleven သတင်း၌ ဖေါ်ပြသည်။

“၀န်ထမ်းတွေ လျှောက်တဲ့အခါ လခဘယ်လောက်ရမလဲ၊ အခွင့်အရေးဘယ်လောက်ရမလဲ မမေးနဲ့။ ကျွန်တော် ဘာလုပ် ပေးရမလဲ မေးပါ။ ကျွန်တော်တို့ နိုင်ငံကြီး ပြောင်းလဲချင်ရင်တော့ Giving Culture ပြောင်းမှ ရမယ်။ အခုဖြစ်နေတာက Getting Culture ဖြစ်နေတာ ၀မ်းနည်းဖို့ကောင်းတယ်။ လူတစ်ယောက် ကားသုံးစီး ဘယ်လို စီးလဲ။ လူတစ်ယောက် အိမ် နှစ်လုံး ဘယ်လို အိပ်လဲ။ ကျွန်တော်တို့ Culture မပြင်နိုင်သရွေ့ Corruption ရှိနေမှာပဲ။” ဟု ဒေါက်တာ အောင်ထွန်းသက် က မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ၂၀၁၃ ခုနှစ်က စတင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ ယခုနှစ်အတွင်း ကော်မရှင်အနေဖြင့် ပိုမိုလုပ်ဆောင်နိုင်သည့် ကဏ္ဍများပါဝင်သော ဥပဒေ ကြမ်းကို ပြင်ဆင်ရန် သက်ဆိုင်ရာအဖွဲ့အစည်း များထံတင်ပြသွားမည်ဟု ဆိုသည်။ လက်ရှိ တာဝန်ထမ်းဆောင်နေသော အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး၊ လပိုင်းမျှသာရှိသေးသော်လည်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် နေ့ အထိ တိုင်ကြားစာပေါင်း ၃၉၂ စောင်ရှိခဲ့သည်။ ယခင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ၂၀၁၄ ခုနှစ် မတ်လ ၁၀ ရက်မှ ၂၀၁၆ ခု စက်တင်ဘာလ ၃၀ ရက်နေ့အထိ ၃၂ လအတွင်း စာရင်းများအရ တိုင်ကြားစာ ၂၄၀၀ နီးပါး ရရှိခဲ့သည်ဟုဆိုသည်။ သို့သော် ထိုအချိန်ကာလအတွင်း ၂၃ မှုကိုသာ စုံစမ်းစစ်ဆေးမှု ပြုလုပ်နိုင်ခဲ့သည်ဟု ဆိုသည်။ အရေးယူအပြစ်ပေးမှုဟူ၍ မဆိုစလောက်သာ ရှိခဲ့သည်။

အဂတိလိုက်စားမှုကို အစိုးရအာဏာပိုင်များ မသိကျိုးကျွံလုပ်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသည် အဆင့် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ (Least Developed Country) အဖြစ်သို့ ကျဆင်းခဲ့ရသည်။ အဂတိလိုက်စားမှုကို အစိုးရက တင်းတင်း ရင်းရင်း အရေးမယူပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်တကွ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အကြီးအကျယ် ထိခိုက်နိုင် ကြောင်း သမိုင်းဖြစ်စဉ်များက သက်သေပြခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အောင်မြင်စေရန် အစိုးရဌာနဆိုင်ရာ အရာရှိများအနေဖြင့် တာဝန်ယူမှု တာဝန်ခံမှု ပွင့်လင်းမြင်သာရှိမှု ကျင့်ဝတ်များနှင့်အညီ နိုင်ငံ့တာဝန် ထမ်းဆောင်ကြရန် လိုသကဲ့သို့ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့်လည်း အလားတူ တာဝန်ယူမှု တာဝန်ခံမှုဖြင့် အလုပ်လုပ်ခြင်းဖြင့် ပါဝင်ကူညီသင့်သည်။ ပြည်သူလူထုကလည်း အစိုးရ၀န်ထမ်းများ အဂတိလိုက်စားမှု ရှိ/မရှိ ၀ိုင်းဝန်းစောင့်ကြည့်ပေးရမည်ဖြစ်သည်။ သတင်း မီဒီယာသမားတို့ကလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် မည်မျှ လွတ်လပ်စွာ တာဝန် ထမ်း ဆောင်နိုင်သည်ကို စောင့်ကြည့်မှတ်တမ်းတင်ရမည်ဖြစ်သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် သတင်းမီဒီယာက အစိုးရ၀န်ထမ်းများ၏ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုအခြေအနေများကို ပုံမှန်စောင့်ကြည့် မှတ်တမ်းတင်ခြင်း၊ ကြိုတင်သတိပေးခြင်း နှင့် အဂတိကင်းရန် ပညာပေးခြင်း စသည့်ကဏ္ဍများမှ ပါဝင်တင်ပြသင့်သည်။ 

အဂတိလိုက်စာမှုများကို ထိန်းချုပ်ဟန့်တား ရန် အဓိကတာဝန်ရှိသူမှာ အာဏာပိုင်အစိုးရအဖွဲ့ဖြစ်သည့်အလျောက်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး မူဝါဒ နှင့် ဥပဒေ စည်းမျဉ်းစည်းကမ်းများ စနစ်တကျချမှတ်၍ အစိုးရအဖွဲ့အစည်းအတွင်း အဂတိလိုက်စားမှု မဖြစ်စေရန် ကြပ်မတ်ရမည်ဖြစ်သည်။ အဂတိလိုက်စားမှုကို အစိုးရက လျစ်လျူရှုထားလျှင် တရားရေးမဏ္ဍိုင်ပါ တိမ်းစောင်းကာ တရားဥပဒေစိုးမိုးရေးပျက်ပြားမည်။ စီးပွားရေးလုပ်ခွင့် အခွင့်အလမ်းများလည်း ငွေကြေးအာဏာကြီးသူတို့၏ လက်ဝါးကြီးအုပ်မှု ခံရမည်။ ဆင်းရဲချမ်းသာကွာဟမှုကြီးမားကာ တရားဥပဒေ၏ အထက်တွင် လူတန်းစားတစ်ရပ် ရှိနေမည်။ ထိုအခါ ကောင်းမွန်သန့်ရှင်းသော အုပ်ချုပ်ရေး နှင့်တကွ မဏ္ဍိုင်ကြီး ၃ ရပ်အပေါ် ပြည်သူတို့ ယုံကြည်ကိုးစားမှု ကွယ်ပျောက်မည်။ 

တစ်ဆက်တည်း တရားမျှတရေး၊ တန်းတူရေးနှင့် ငြိမ်းချမ်းရေးဆောင်ရွက်နေမှုများ အပေါ် အယုံအကြည် မရှိဖြစ် လာနိုင်သဖြင့် ပြည်တွင်းစစ်ရပ်စဲရေး မအောင်မမြင်ဖြစ်လာနိုင်သည်။ အကျိုးဆက်မှာ အစိုးရအနေဖြင့် အဂတိလိုက်စားမှုကို တိုက်ဖျက်နိုင်ခြင်းမရှိပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဟူသမျှ လည်း သဲထဲရေသွန် ဖြစ်တတ်သည်။ သို့ဖြစ်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးစစ်ပွဲကို ရေတိုတစ်ပွဲတိုးမလုပ်ဘဲ၊ သေနင်္ဂဗျူဟာပြည့်စုံစွာချမှတ်လျှက် ရေရှည်နိုင်ငံရေးအမြင်ဖြင့် လုပ်ငန်းစဉ်များချမှတ်ကာ မရိုးမသားကြီးပွားချမ်းသာနေသော ပုဂ္ဂိုလ်များအား စတင်စိစစ် အရေးယူသင့်ကြောင်း တိုက်တွန်းအပ်ပါသည်။။။။။။။

Comments