နေချိုသွေး ● သွေးတွေ


နေချိုသွေး ● သွေးတွေ
(မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၁၈

လွင်တီးခေါင်လို ဘဝမှာ
ပခုံးချင်းယှဉ်ရင်း လူစဉ်မမီနေတဲ့ သွေးတွေ
တောင်ကုန်းတောင်တန်းတွေနဲ့ 
ပင်လယ်မှာ ပျော်ကျနေတဲ့ မြေပြင်အနေအထားဟာ သွေးတွေ
ကိုယ်ဝန်ဆောင်မိခင်ရဲ့
သားအိမ်ကို လှံစွပ်နဲ့ထိုးခွဲခံလိုက်ရသလို သွေးတွေ
နိုင်ငံ့မြေပုံပေါ်မှာ
ချော်ရည်တွေလို ဘေးထွက်ဆိုးကျိုးတွေနဲ့ သွေးတွေ
ဘဝဟာ သစ်ပင်ဆို ခုတ်လှဲခံရတဲ့အနာဂတ်မှာ
ပြည်သူပြည်သားဟာ အတုန်းအရုံးလဲကျနေတဲ့သွေးတွေ
နိုင်ငံရဲ့ ခန္ဓာဗေဒကိုဖွင့်ကြည့်တော့
ဒဏ်ရာဟာ ရထားလမ်းလို ခရီးမိုင်ထောင်ရှည်
ဘယ်ဘူတာကို စိုက်စိုက် ပျော်စရာမကောင်းသေးတဲ့ သွေးတွေ။

ပြီးပြည့်စုံခြင်းဟာ စစ်ပွဲနဲ့မှရတယ်လို့ 
လူလည်ကျသွားတဲ့နိုင်ငံကြီးသားတွေပြောမယ်
ကြွေးကြော်သံနဲ့ လေလည်သံမသဲကွဲတဲ့
ဝတ်လစ်စလစ် နိုင်ငံရေးသမားအမည်ခံတွေပြောမယ်။
သွေးကြောင်းစီးနေတဲ့ ပြည်တွင်းစစ်မီးတွေကြားမှာ
ငြိမ်းချမ်းရေးကို ငတ်မွတ်ဆာလောင်နေတဲ့စိတ်နဲ့ ငါ့မှာ
အာဏာရှင်စိတ်တွေ မျိုးသုဉ်းစေချင်တဲ့သွေးတွေနဲ့ ငါ့မှာ
အဟိံသဝါဒနဲ့ ငါ့မှာ
လိပ်ပြာလုံအောင် နေနည်း သေနည်းနဲ့ 
ပျော်စရာအတိပြီးတဲ့နိုင်ငံကြီးကို မြင်ဖူးချင်မိတယ်။။

နေချိုသွေး

Comments