ဂါမဏိ ● ​တရုတ်စစ်တပ်နဲ့ တရုတ် - အမေရိကန်စစ်တပ် တွေ့ကြရာဝယ်

ဂါမဏိ ● ​တရုတ်စစ်တပ်နဲ့ တရုတ် - အမေရိကန်စစ်တပ် တွေ့ကြရာဝယ်
(မိုးမခ) မတ်လ ၂၉၊ ၂၀၁၈

၂၀၁၅ ခုနှစ်မှာ တရုတ်နိုင်ငံက သံချပ်ကာတပ်မဟာနှစ်ခုဟာ အတွင်းမွန်ဂိုးလီးယားပြည်နယ် ကျူးရီဟယ် လေ့ကျင့်ရေးအခြေစိုက်စခန်းမှာ တပတ်ကြာ စစ်လေ့ကျင့်ခန်းအဖြစ် တဖက်နဲ့တဖက် တိုက်ခဲ့ကြတယ်။ အနီ တပ်နဲ့ အပြာတပ်လို့ သတ်မှတ်ထားတဲ့ တပ်မဟာနှစ်ခုစလုံးမှာ အမျိုးအစားတူ လက်နက်ခဲယမ်းတွေ သံချပ်ကာ ယန္တရားတွေ တပ်ဆင်ထားတယ်။ အပြာတပ် ဆိုတာ အမေရိကန်စစ်တပ်ပုံစံနဲ့ စီစဉ်ခင်းကျင်းတိုက်ပွဲဝင်တဲ့ တပ် မဟာဖြစ်တယ်။ အနီတပ်ကတော့ သမရိုးကျ တရုတ်ကွန်မြူနစ်တပ်ပုံအတိုင်း စစ်ဆင်စစ်တက် စစ်ကစား တိုက်ခိုက်ခဲ့တယ်။

အဲ့ဒီစစ်ကစားလေ့ကျင့်ခန်းမှာ အနီတပ် ချေမှုန်းခံခဲ့ရပါတယ်။ "တနာရီအတွင်းမှာ ငါတို့ဟာ လေကြောင်းတိုက် ခိုက်မှုတွေ၊ ဂြိုလ်တုထောက်လှမ်းရေးတွေ၊ ဆိုင်ဘာ (ကွန်ပျူတာ) တိုက်ခိုက်မှုတွေ လုပ်ခံခဲ့ရတယ်။… ပွင့်ပွင့် လင်းလင်းပြောရရင် ဒီလောက်ပြင်းထန်လိမ့်မယ်လို့ တခါမှ မထင်ခဲ့မိဘူး" လို့ အနီတပ်မဟာမှူး ဝန်ဇီကျန်းက ပြောတယ်။ စစ်လေ့ကျင့်ခန်းတိုက်ပွဲရှုံးပြီးတော့ အနီတပ်မဟာနိုင်ငံရေးမှူး လျူဟိုက်တောင်းငိုနေတာ တီဗီမှာ ပါသွားတယ်။ နောက်ပိုင်းမှတ်တမ်းတခုမှာ လျူက အခုလိုပြောတယ် "ငါတို့ဟာ ကနဦးတုံးက အပြာတပ်အပေါ် နိုင်မယ်လို့ ကောင်းကောင်းယုံကြည်မှုရှိခဲ့တယ်၊ အဲ့ဒီအပြာတပ်ဆိုတာ အရင်တုံးက ငါတို့ရဲ့ ညီမတပ်ဘဲလေ။ ဒါပေမဲ့ ငါတို့ဟာ ၇ ရက်တာကာလအတွင်း ရေရေလည်လည်ဆော်ခံခဲ့ရတယ်… ငါတို့ရှုံးခဲ့တယ်၊ ဘာလို့ဆို တော့ ငါတို့တပ်တွေကို သင်တန်းမောင်းတဲ့အခါမှာ လက်တွေ့ကျတဲ့ တိုက်ခိုက်ရေးစံချိန်စံညွှန်းတွေအတိုင်း မလုပ်ခဲ့လို့ဖြစ်တယ်။"

လေ့ကျင့်သင်တန်းပေးမှု နိမ့်ကျတာက အကြောင်းတစိတ်တပိုင်းဘဲ ရှိသေးတယ်။ ၂၀၁၄ ခုနဲ့ ၂၀၁၆ ခုကြားမှာ "အမေရိကန်" အပြာတပ်က အနီတပ်တွေအပေါ် စုစုပေါင်း နိုင်ပွဲ ၃၂ ပွဲ၊ အရှုံး ၁ ပွဲ ကြုံခဲ့တယ်။ အဲ့ဒီအနီတပ် တွေထဲမှာလည်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ထဲက အကောင်းဆုံးတပ်တွေ၊ လက်နက် ခဲယမ်းတပ်ဆင်မှုအတောင့်တင်းဆုံးတပ်တချို့ ပါတယ်။ ပျှမ်းမျှတွက်ကြည့်ရင် အနီတပ်တွေဟာ အပြာတပ်နဲ့ တိုက်ရင် ထိခိုက်ဒဏ်ရာ ၇၀% ရှိခဲ့တယ်။ ခေတ်မှီစစ်တပ်တခုနဲ့ ယှဉ်တဲ့အခါ PLA က ညံ့ဖျင်းနေတဲ့အတွက် သမတလည်းဖြစ် ကာချုပ်လည်းဖြစ်တဲ့ ရှီကျင်ပင်းအနေနဲ့ တရုတ်စစ်ယန္တရားကြီးတခုလုံးကို အိုဗာဟောလုပ်ဖို့ စဉ်းစားလာရတယ်။

၂၀၁၅ ခု စက်တင်ဘာလမှာ သမတ ရှီက စစ်ဘက်ဆိုင်ရာပြုပြင်ပြောင်းလဲမှု ကျယ်ကျယ်ပြန့်ပြန့် နက်နက်နဲနဲ စလုပ်ခဲ့တယ်။ အဲ့ဒီထဲမှာ စစ်သားဦးရေ သုံးသိန်းလျှော့တာ၊ အမေရိကန်ပုံစံ ပူးတွဲစစ်ဦးစီးဌာန တည်ဆောက် တာ၊ အမေရိကန်နိုင်ငံက စစ်ဘက်ဆိုင်ရာစက်မှုလုပ်ငန်းပေါင်းစုကြီး (military-industrial complex) လိုမျိုး စစ်ဘက်အရပ်ဘက်ပေါင်းစည်းရေးလုပ်ငန်းစဉ် ထူထောင်တာတွေ ပါဝင်တယ်။ ၁၉ ကြိမ်မြောက်ပါတီကွန်ဂရက် မှာ ရှီက PLA ရဲ့ရည်မှန်းချက်သုံးရပ် ချမှတ်ခဲ့တယ်။ အဲ့ဒါတွေက ၂၀၂၀ ခုနှစ်မှာ အခြေခံယန္တရားတပ်ဆင်မှု ပြီးမြောက် သတင်းနည်းပညာအသုံးချမှု ထူးထူးခြားခြားတိုးတက်ပြီး မဟာဗျူဟာစွမ်းရည်မြှင့်တင်ရေး၊ ၂၀၃၅ ခုမှာ ခေတ်မှီကာကွယ်ရေး စစ်ရေးအင်အားစုတခု ဖြစ်လာရေး၊ ၂၀၅၀ ခုမှာ ကမ္ဘာ့အဆင့်စစ်အင်အားကြီးဖြစ် လာရေးလို့ ဆိုတယ်။

တကယ်လို့ ရှီဟာ စစ်ဘက်နဲ့ နိုင်ငံရေးအတိုက်အခံတွေကို အောင်အောင်မြင်မြင် ဖယ်ထုတ်နိုင်ပြီး ပြုပြင်ပြောင်း လဲရေးတွေ အပြည့်အဝ အကောင်အထည်ဖော်နိုင်ရင် PLA ဟာ စည်းရုံးဖွဲ့စည်းမှုနဲ့ အမိန့်ပေးကွပ်ကဲမှုပိုင်းမှာ အမေရိကန်စစ်တပ်နဲ့ နီးနီးစပ်စပ်တူညီလာမှာဖြစ်တယ်။ ဒါပေမဲ့လည်း နည်းပညာကွာဟချက်နဲ့ လက်တွေ့စစ်ပွဲ အတွေ့အကြုံ ချို့တဲ့မှုကြောင့် အမေရိကန်စစ်တပ်ကို ကျော်နိုင်ဖို့ အလားအလာတော့ မရှိပါဘူး။ တဖက်မှာ တော့ သမရိုးကျမဟုတ်တဲ့စစ်နည်းဗျူဟာပိုင်းနဲ့ မျိုးဆက်သစ်နည်းပညာပိုင်းအရ PLA ဟာ ကမ္ဘာ့အင်အား အကြီးဆုံးတိုက်ခိုက်ရေးအင်အားစုကို ယှဉ်ဖို့ အခွင့်အလမ်းရှိနိုင်ပါတယ်။

● ပြုပြင်ပြောင်းလဲဖို့ အကြောင်းတရားများ
ရှီကျင်ပင်းရဲ့ စစ်ဘက်ပြုပြင်ပြောင်းလဲရေးကို အကြောင်းအချက်နှစ်ခုက စေ့ဆော်ပေးပုံရတယ်။ တခုကတော့ တရုတ်ပြည် အနေနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတခုဖြစ်ချင်ရင် စစ်ပွဲတွေကို အနိုင်တိုက်နိုင်မယ့် ခေတ်မှီစစ်တပ် ရှိဖို့ လိုအပ်မှု၊ နောက်တချက်ကတော့ တရုတ်ကွန်မြူနစ်ပါတီထဲမှာ ရှီကျင်ပင်းသြဇာအာဏာ ပိုမိုခိုင်မာအားကောင်း စေဖို့လိုအပ်မှုဖြစ်တယ်။
ပထမအကြောင်းအချက်ကတော့ သိသာတယ်။ အရင်က တရုတ်ပါတီခေါင်းဆောင်တွေဟာ စစ်ဘက်ပြုပြင် ပြောင်းလဲမှုတချို့ လုပ်ခဲ့ပြီး စစ်လက်နက်တွေ ခေတ်မှီတိုးတက်အောင် လုပ်ခဲ့တာတွေ ရှိခဲ့ပေမဲ့ PLA ဟာ ဆိုဗီ ယက်ရုရှပုံစံအတိုင်းဘဲ နှစ်ကာလရှည် ဖွဲ့စည်းတည်ဆောက်ထားခဲ့တယ်။ တိုက်နည်းဗျူဟာတွေနဲ့ စစ်ရေးမူဝါဒ တွေဟာ ၁၉၅၀ ခုနှစ် ကိုးရီးယားစစ်ပွဲတုံးက သုံးခဲ့တဲ့ နည်းပညာနိမ့် ကြည်းတပ်ပုံအောတိုက်တဲ့ပုံစံနဲ့ ဘာမှ သိတ်အပြောင်းအလဲ မရှိသေးဘူး။ ကမ္ဘာတလွှားက စစ်တပ်တွေဟာ ပူးတွဲစစ်ဆင်ရေးဘက်ကို ၁၉၈၀ ခုနှစ်များ အတွင်း ပြောင်းလဲလာပေမဲ့ PLA မှာတော့ ကြည်းတပ်ဟာ အဓိကအကျဆုံးတပ်ဖြစ်နေဆဲပါ။ ရေတပ် နဲ့ လေတပ်က အဖြည့်ခံအခန်း အရန်အခန်းဘဲရှိတယ်။
ဒီတော့ အမျိုးသားကာကွယ်ရေးနဲ့ ပင်လယ်ရပ်ခြားလုံခြုံရေးအမြင်အရကြည့်ရင် PLA ရဲ့ ခေတ်နောက်ကျမှုဟာ ရှီကျင်ပင်းအစိုးရအတွက် အလေးထားစိုးရိမ်စရာဖြစ်နေတယ်။ တရုတ်နိုင်ငံဟာ ဥရောပ-အာရှနိုင်ငံတွေနဲ့ ကုန်း လမ်းကုန်သွယ်ရေး ပင်လယ်ရေလမ်းကုန်သွယ်ရေးတွေ အားပေးတိုးမြှင့်ဖို့ အဓိက နိုင်ငံစုံဖွံ့ဖြိုးရေးမဟာဗျူဟာ အဖြစ် ခါးပတ်နဲ့လမ်းမကြီးစီမံကိန်း (Belt and Road Initiative) အတွက် ဒေါ်လာ ဘီလီယံရာချီပြီး မြှုပ်နှံဖို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်။ ဒါ့အပြင် PLA ဟာ အိန္ဒိယ ဗီယက်နမ်တို့နဲ့ နယ်စပ်ပြဿနာတွေလည်း မကြာခဏ ရင်ဆိုင်နေရသလို တောင်တရုတ်ပင်လယ် မှာလည်း အိမ်နီးချင်းတိုင်းပြည်တွေနဲ့ ပင်လယ်ရေကြောင်းအငြင်း ပွားမှုတွေ ဖြစ်နေရတယ်။ အရှေ့ဘက်မှာလည်း ရှီကျင်ပင်းရဲ့နိုင်ငံရေးပြိုင်ဖက်တွေနဲ့ ချိတ်ဆက်ထားတဲ့ မြောက်ကိုးရီးယားခေါင်းဆောင်ပိုင်းမှာ နျူကလီးယားလက်နက်တွေ ရှိနေတာကို ကိုင်တွယ်ရဖို့ရှိနေတယ်။

ကျူးရီဟယ် စစ်လေ့ကျင့်ခန်းမှာ ပါဝင်ခဲ့တဲ့ သို့မဟုတ် လေ့လာကြည့်ရှုခဲ့တဲ့ တရုတ်တပ်မှူးတွေဟာ ခေတ်မှီ စစ် နည်းဗျူဟာ တွေနဲ့ ပူးတွဲစစ်ဆင်ရေးတွေ လိုအပ်မှုကို ကောင်းကောင်းကြီးသဘောပေါက်သွားကြတယ်။ အရင် ကတော့ စစ်လေ့ကျင့်ခန်း တွေဟာ ပုံသေကားကျဖြစ်ခဲ့ပြီး အများအားဖြင့် မိမိဘက်အနီတပ်တွေက ရန်ဘက် အပြာတပ်တွေအပေါ် အနိုင်ရ တာချည်းဘဲ ဖြစ်ခဲ့တယ်။  အပြာတပ်တွေကိုလည်း အလှည့်ကျရွေးလုပ်ခိုင်းခဲ့တယ်။ ဒါပေမဲ့ ရှီကတော့ PLA တပ်တွေရဲ့ တိုက်စွမ်းရည်ကို ပိုပြီး တင်းတင်းကြပ်ကြပ်စစ်ဆေး အကဲဖြတ်နိုင်ဖို့အတွက် တကယ့်ပရောဖက်ရှင်နယ် ရန်ဘက်တပ်မဟာ တခု ဖြစ်စေချင်ခဲ့တယ်။ ဒါကြောင့် ရှာမင်းလုံ ဦးစီးတဲ့ အမှတ် ၁၉ သံချပ်ကာခြေလျင်တပ်မဟာကို ၂၀၁၃ ခုနဲ့ ၂၀၁၄ ခု ဧပြီလကြားမှာ ပြန်လည်စုဖွဲ့မှုလုပ်စေပြီး အထူးသီးသန့်အပြာတပ်ဖြစ်အောင် တည်ဆောက်ခဲ့တယ်။ အပြာတပ် က ကျင့်သုံး တဲ့ "နိုင်ငံခြားတိုက်ခိုက်ရေး စစ်သဘောတရား" ဟာ အမေရိကန်စစ်တပ်ရဲ့ စစ်သဘောတရားနဲ့ ဆင်တူပြီး စုဖွဲ့မှုကလည်း အမေရိကန် တိုက်ခိုက်ရေးတပ်မဟာနဲ့ ပိုတူတဲ့သဘောမျိုး မီဒီယာမှာ အရိပ်အမြွက်ဖော်ပြခဲ့တယ်။

ကျူးရီဟယ်က အပြာတပ်တွေရဲ့ ပုံမှန်လေ့ကျင့်ခန်းမှာဆိုရင် နျူကလီးယားလက်နက်နဲ့ချတာတွေ၊ ကွက်ပြည့် နင်းဗုံးကြဲမှုတွေ နဲ့ တဖက်တပ်ဆက်သွယ်ရေး ပျက်ပြားအောင် အီလက်ထရွန်နစ်တိုက်ခိုက်မှုတွေ ပါဝင်သလို ညတိုက်ပွဲ စီးနင်းမှုတွေလဲ ပါတယ်။ ကွန်မန်ဒိုအထူးတပ်ဖွဲ့ နည်းဗျူဟာတွေကိုလည်း အသုံးပြုကြတယ်။ အပြာ တပ်တွေက ဒေသန္တရအစိုးရကိုယ်စားလှယ်တွေ အသွင်ယူပြီး အနီတပ်တတပ်ဆီကို ဂုဏ်ပြုလက်ဆောင်တွေနဲ့ အားပေးမေးမြန်း တာလုပ်ရင်း အနီတပ်မှူးကို အောင်အောင်မြင်မြင် အရှင်ဖမ်းနိုင်ခဲ့သေးတယ်။ အပြာတပ်မှာ ခေတ်မမှီတော့တဲ့ ပုံစံ-၅၉ ပင်မတင့်ကားတွေနဲ့ ပုံစံ-၆၃ လူသယ်အားမတ်ကားတွေဘဲ တပ်ဆင်ထားပေမဲ့ ဒါ တွေကို M1 အဘရမ်းတင့်ကားနဲ့ ဘရက်ဒ်လီ အားမတ်ကားတွေပုံစံမျိုး စစ်ကစားခဲ့တယ်။ အဆင့်မြင့် လေဆာစနစ်တွေ အတွဲလိုက်သုံးခဲ့တယ်။ စစ်လေ့ကျင့် ခန်းတွေမှာ အပြာတပ်ဟာ ခံစစ်မှာရော တိုက်စစ်မှာပါ ပြတ်ပြတ် သားသားအနိုင်ရခဲ့တယ်။

ကျူးရီဟယ်မှာ PLA တပ်အမျိုးမျိုးရဲ့ ပကတိသရုပ်ကိုတွေ့လိုက်ရတော့ ရှီကျင်ပင်းအနေနဲ့ စစ်တပ်အခြေအနေ ကောင်းဖို့အ တွက် ပြုပြင်ပြောင်းလဲရေးတွေ နက်နက်ရှိုင်းရှိုင်းကျင့်သုံးရမယ်ဆိုတာ PLA ထိပ်သီးတွေကို နားချသွားနိုင်ခဲ့တယ်။ အခုထိ တွေ့ရသမျှ ပြုပြင်ပြောင်းလဲမှုတွေဟာ အဓိကအားဖြင့် အမေရိကန်ဆီက နည်းယူ ထားတဲ့ပုံတွေ့ရတယ်။

•  ဗဟိုစစ်ကော်မရှင်ကို ပြန်လည်စုဖွဲ့ပြီး အမြဲတမ်းပူးတွဲဦးစီးကွပ်ကဲမှုအဖွဲ့ ထားရှိတယ်။ အရင်ရှိခဲ့တဲ့ စစ် ဦးစီးဌာနကြီးလေးခုကို ဖျက်သိမ်းပြီး ဌာနသစ် ၁၅ ခု ထူထောင်လိုက်တယ်။ ဗဟိုစစ်ကော်မရှင်ထဲမှာ ရေတပ်နဲ့ လေတပ်က ထိပ်သီးဗိုလ်ချုပ်တွေ ထည့်သွင်းလိုက်တယ်။

• အမိန့်ပေးကွပ်ကဲမှုအဆင့်ဆင့်ကို စစ်ဆင်ရေးလိုင်းနဲ့ အုပ်ချုပ်ရေးလိုင်းအဖြစ် ခွဲလိုက်တယ်။ ဥပမာဆို ရင် စစ်နယ်ဝှမ်းဌာနချုပ်က တိုက်ပွဲပြင်ဆင်မှုတွေကို တာဝန်ယူပြီး စစ်ဝန်ထမ်းဌာနချုပ်က စစ်ဆင်ရေး တွေအတွက် စုဖွဲ့မှု၊ လေ့ကျင့်မှုနဲ့ စစ်လက်နက်တပ်ဆင်မှုတွေကို ကြီးကြပ်တယ်။

• အခုဆိုရင် PLA ကို တပ်မဟာတွေအပေါ် အခြေခံဖွဲ့စည်းထားတယ်၊ အရင်ကတော့ တပ်မတွေ အခြေခံ ခဲ့တယ်။

• အရပ်ဘက်-စစ်ဘက်ပေါင်းစည်းရေးလုပ်ငန်းစဉ်သစ်က အမေရိကန်နိုင်ငံမှာလို စစ်ဘက်ဆိုင်ရာ စက်မှု လုပ်ငန်းပေါင်းစုကြီး ဖွံ့ဖြိုးဖြစ်ထွန်းရေးကို ဦးတည်ထားတယ်။

• အရပ်သားဝန်ထမ်းစနစ် ထူထောင်ဖို့ စည်းမျဉ်းစည်းကမ်းတွေကို ဗဟိုစစ်ကော်မရှင်က ချမှတ်လိုက် တယ်။

• ပရော်ဖက်ရှင်နယ်စစ်ဘက်ပညာရေးစနစ် ထူထောင်လမ်းညွှန်ဖို့ အစီအစဉ်တွေ ထုတ်ပြန်ခဲ့တယ်။

လုပ်ငန်းပိုင်း လှုပ်ရှားဆောင်ရွက်ပုံအရကြည့်ရင် ပြုပြင်ပြောင်းလဲပြီးနောက်မှာ PLA ဟာ အမေရိကန်စစ်တပ်နဲ့ အများကြီးတူလာနိုင်တယ်၊ ဒါပေမဲ့ တရုတ်ကွန်မြူနစ်ပါတီက တပ်အပေါ် အပြည့်အဝချုပ်ကိုင်နိုင်တဲ့ လီနင်ဝါဒ ဒွန်တွဲဦးစီးစနစ်တော့ ရှိနေတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် ရှီကျင်ပင်းရဲ့ စစ်ဘက်ပြုပြင်ပြောင်းလဲရေးတွေ အောင်မြင်မှုဟာ တရုတ်ကွန်မြူနစ်ပါတီတွင်း ရှီရဲ့ အာဏာခိုင်မာရေးကြိုးပမ်းချက်တွေအပေါ် မူတည်နေတယ်။ နောက်ဆုံးပါတီကွန်ဂရက်ပြီးတော့ ရှီ အာဏာပိုကြီးလာပေမဲ့ သြဇာကြီးတဲ့ ကျန်ဇီမင်းအုပ်စုရဲ့ ဆန့်ကျင်မှုကိုတော့ ရင်ဆိုင်နေရဆဲဖြစ်တယ်။ ထိပ်သီး ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်တွေပြောစကားမှာရော၊ PLA သတင်းစာမှာရော စစ်ကော်မရှင်ဒုဥက္ကဌဟောင်းတွေ လည်းဖြစ်၊ ကျန်ဇီမင်းဂိုဏ်းသားတွေလည်းဖြစ်တဲ့ "ကိုဘိုရွှန်း နှင့် ဆုကိုင်ဟောက်တို့၏ အဖျက်သြဇာ" ဖယ်ရှား ပစ်ရေး အရေးကြီးပုံကို ဆက်လက်အလေးပေးနေတယ်။ ရှီရဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးလှုပ်ရှားမှု အောက်မှာ ဖြုတ်ထုတ်ခံရတဲ့ ထိပ်တန်းဗိုလ်ချုပ် ၆၄ ယောက်ထဲမှာ အများအပြားဟာ ကျန်ဇီမင်းဂိုဏ်းနဲ့လည်း ပတ်သက်နေတယ်။ ဒါ့အပြင် ကျန်ဇီမင်းဂိုဏ်းနဲ့ မပတ်သက်ပေမဲ့ ရှီကျင်ပင်းကို မကြိုက်တဲ့ အကြီးတန်းစစ် ဘက်ခေါင်းဆောင်တွေ ရှိနေနိုင်တယ်။ ပျောက်သွားတဲ့ ဗဟိုစစ်ကော်ဟောင်း ဖန်ဖုန်ဟွီနဲ့ ကျန်းယန်း (ကိုယ့် ကိုယ်သတ်သေသွားသူ) တို့ဟာ ရှီရဲ့ စစ်ဘက်ပြုပြင်ပြောင်းလဲရေးတွေကို မကျေနပ်ကြဘူးလို့ ဟောင်ကောင် မီဒီယာက ဖော်ပြခဲ့တယ်။ အတွင်းပိုင်းထဲက ကလန်ကဆန်ပြန်လုပ်မှာအပေါ် ရှီရဲ့စိုးရိမ်ကြောင့်ကြချက်ကို တကယ့်ကို အထင်ရှားဆုံးဖော်ပြတာကတော့ ဗိုလ်ချုပ်ကြီးကျန်းရှင်းမင်ကို ဗဟိုစစ်ကော် စည်းကမ်းထိန်းမှူး အဖြစ် လူလျှော့ထားတဲ့ ဗဟိုစစ်ကော်ထဲ ထည့်ထားတာဖြစ်တယ်။

● တရုတ် အမေရိကန် ကွာဟချက်
တကယ်လို့ ရှီဟာ ပြုပြင်ပြောင်းလဲရေးတွေကို အောင်အောင်မြင်မြင်လုပ်နိုင်ရင် PLA ဟာ ခေတ်မှီတိုက်ခိုက်ရေး အင်အားစုတခု ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ အမေရိကန်စစ်တပ်ကို သမရိုးကျတိုက်ပွဲမှာ ကျော်နိုင်ဖို့ အလား အလာ နည်းပါသေးတယ်။

အမေရိကန်နိုင်ငံဟာ ကမ္ဘာမှာ အတောင့်တင်းဆုံးစစ်အင်အား ဖြစ်ထွန်း ထိန်းသိမ်းထားနိုင်ဖို့ မိမိ GDP ရဲ့ ၃.၃% နှစ်စဉ် သုံးစွဲနေတယ် (ဒါဟာ ၂၀၁၆ ခုမှာ ၆၁၁ ဘီလီယံဒေါ်လာ)။ လက်နက်ကိရိယာအနေနဲ့ အမေရိ ကန်တပ်မှာ လေယာဉ်တင်သင်္ဘော ၁၀ စီး၊ M1 အဘရမ်းတင့်ကားနဲ့ အပါချီရဟတ်ယာဉ်လို တိုက်ပွဲမှာ အစွမ်းပြထားပြီးသားယာဉ်တွေ၊ F-၃၅ လို မျိုးဆက်သစ်တိုက်လေယာဉ်တွေ၊ အဆင့်မြင့်ဆက်သွယ်ရေးဂြိုလ်တု တွေနဲ့ နျူကလီးယားထိပ်ဖူး ၆၈၀၀ ရှိထားတယ်။ အမြဲတမ်းစစ်သည် ၁.၃ သန်းရှိပြီး ၂၀၀,၀၀၀ ကို ပင်လယ်ရပ် ခြားမှာ တပ်စွဲထားတယ်။ လေ့ကျင့်သင်တန်းပေးတဲ့စံနှုန်းတွေနဲ့ ပရော်ဖက်ရှင်ဆန်မှု အဆင့်မြင့်ပြီး အမေရိကန် တပ်တွေဟာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက ကမ္ဘာအနှံ့က စစ်ပွဲတွေမှာ တောက်လျှောက်လိုလို ပါဝင်ဆင်နွှဲနေ ခဲ့တယ်။

ဒါနဲ့ယှဉ်လိုက်ရင်တော့ တရုတ်နိုင်ငံဟာ GDP ရဲ့ ၁.၉% (၂၀၁၆ ခုမှာ ၂၁၆ ဘီလီယံဒေါ်လာ) ကိုဘဲ စစ်ဘက် မှာ သုံးနေတယ်။ PLA ရဲ့ စစ်ဘက်နည်းပညာနဲ့ တခြားဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ စစ်ဘက်နည်းပညာနဲ့ "သိသိသာ သာကွာဟ" နေကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဝန်ခံထားတယ်။ ဥပမာတခုက တရုတ်ပြည်ရဲ့ အသစ်စက်စက် လျောင်နင်း လေယာဉ်တင်သင်္ဘောဆိုတာ ဆိုဗီယက်ခေတ်က ရေနွေးငွေ့သင်္ဘောကြီးကို ပြန် ရှိုင်းထားတာဖြစ်ပြီး မျိုးဆက်သစ် ဂျက်တိုက်လေယာဉ် J-၃၁ ဆိုတာကလည်း F-၃၅ လို အသံထက် မြန်အောင် ပျံနိုင်မယ့် အဆင့်မြင့်အင်ဂျင် မပါဘဲဖြစ်နေတယ်။ ပုံစံ-၉၉ ကတော့ ခေတ်မှီပင်မတင့်ကား ဖြစ်ပေမဲ့ လက်တွေ့ စစ်မြေပြင်မှာ မစမ်းရသေးဘူး။ ၁၉၇၉ တုံးက ဗီယက်နမ်နဲ့တိုက်တဲ့ ရှုံးပွဲမှာ ပါခဲ့တဲ့ တပ်မှူးကြီးလက်တဆုပ်စာ ကလွဲရင် လူ ၂ သန်းအင်အားရှိတဲ့ PLA အများစုဟာ တိုက်ပွဲအတွေ့အကြုံမရှိပါဘူး။ ပိုဆိုးတာကတော့ ပရော် ဖက်ရှင်နယ်မပီသမှု ဆိုးဆိုးဝါးဝါးရှိနေတာ ဖြစ်တယ်။ ကျန်ဇီမင်းခေတ် (၁၉၉၇-၂၀၁၂) တုံးက ရာထူးကြီးစစ် အရာရှိတွေဟာ ရာထူးတက်ဖို့ လာဘ်ထိုးခဲ့ရပြီး လေ့ကျင့်ရေးတွေက သာမန်ကာရှန်ကာနဲ့ အပြသက်သက် စီးပွားရေးအမြင်နဲ့ လုပ်ကြတာတွေဖြစ်ပြီး တပ်ထဲမှာ ငမူးတွေလဲ များခဲ့တယ်။

● ကွာဟချက်ကို ကျော်လွှားရေး
အမေရိကန်ကိုမှီဖို့ ဒါမှမဟုတ် ကျော်ဖို့ဆိုရင် PLA ဟာ မကြာသေးမီနှစ်များအတွင်း စမ်းသပ်နေခဲ့တဲ့ သမရိုးကျ မဟုတ် တဲ့နည်းလမ်းတွေကို ကျင့်သုံးရလိမ့်မယ်။

ပင်တဂွန်အတိုင်ပင်ခံ မိုက်ကယ်ပင်းလ်စ်ဘူရီရဲ့ နှစ်တရာမာရသွန်ပြိုင်ပွဲ စာအုပ်ထဲက အမေရိကန်တပ်နဲ့ PLA စစ်ပွဲတွေကို ကွန်ပျူတာပုံဖော်ချက်အရ တရုတ်ဘက်က "လူသတ်ကောင်လက်နက်ပုန်းနည်းနာတွေ အသုံးပြု" တဲ့အခါတိုင်း "အနိုင်ရ"ခဲ့တယ်လို့ ဖော်ပြထားတယ်။ လူသတ်ကောင်ရဲ့လက်နက်ပုန်း သို့မဟုတ် ရှာရှိုကျန်း ဆို တာကတော့ ကိုယ့်ထက်နည်းပညာသာလွန်တဲ့စစ်တပ်တွေကို ချိနဲ့သွားစေဖို့ သို့မဟုတ် ကျော်နင်းနိုင်ဖို့ PLA က ဖော်ထုတ်ထားတဲ့ လက်နက်တွေဖြစ် တယ်။ အဲ့ဒီထဲမှာ ဂြိုလ်တုဖျက်ဒုံးကျည်၊ လေယာဉ်တင်သင်္ဘောဖျက်ဒုံး ကျည်၊ စွမ်းအားမြင့် မိုက်ကရိုဝေ့ဗ် လှိုင်းနဲ့ လျှပ်စစ်သံလိုက်လှိုင်းလွှင့်လက်နက်၊ ရေဒါဖျက်စက်တို့ ပါဝင်တယ်။ လူသတ်ကောင်လက်နက်ပုန်းတွေဟာ လေယာဉ်တင်သင်္ဘောတို့ မျိုးဆက်သစ်ဂျက်တိုက်လေယာဉ်တို့ထက် အများကြီး ဈေးပိုသက်သာတဲ့အတွက် PLA အနေနဲ့ ဂြိုလ်တုတွေ၊ ဆက်သွယ် ရေးကွန်ယက်တွေ၊ အင်တာနက် တွေပေါ် မှီခိုနေရတဲ့ အင်အားပိုကြီးတဲ့စစ်တပ်တွေအပေါ် သာလွန်မှုရနိုင်ဖို့ စရိတ်သက်သာ ထိရောက်တဲ့ နည်း လမ်းဖြစ်တယ်။

PLA အနေနဲ့ သာလွန်မှုရနိုင်ဖို့ နောက်နည်းလမ်းတခုကတော့ တခြားတိုင်းပြည်တွေက နည်းပညာမြင့်စစ်ဘက် ပစ္စည်းကိရိယာတွေထဲကို တရုတ်ထုတ်အစိတ်အပိုင်းတွေ ထည့်သွင်းတာ ဖြစ်တယ်။ တရုတ်ပြည်ကလုပ်တဲ့ မိုက်ကရိုချစ်ပြားတွေက တချို့ဖြစ်ရပ်တွေမှာ အတုတွေဖြစ်နေတာ သို့မဟုတ် သူလျှိုပစ္စည်းဖြစ်နေတာတွေ ရှိ တယ်။ ၂၀၁၀ ခုတုံးက တရုတ်ပြည်ကဝယ်တဲ့ ကွန်ပျူတာမိုက်ကရိုချစ်ပြား ၅၉၀၀၀ ဟာ အတုတွေဖြစ်နေတာ အမေရိကန်ရေတပ်က တွေ့ရှိခဲ့တယ်။ အဲ့ဒီချစ်ပြားတွေဟာ ဒုံးကျည်တွေ၊ စစ်လေယာဉ်တွေ၊ စစ်သင်္ဘောတွေနဲ့ တခြားစစ်ပစ္စည်းတွေမှာသုံးဖို့ ရည်ရွယ်ထားတာဖြစ်တယ်။ ၂၀၁၄ ခုတုံးကလည်း F-၃၅ လေယာဉ်ရဲ့ အထူး သီးသန့်ကိုယ်ထည် တည်ဆောက်ရာမှာ တရုတ်သံလိုက်တွေသုံးဖို့ ပင်တဂွန်စစ်ဌာနချုပ်က အတည်ပြုခဲ့တယ်။ အကောင်းဆုံးအနေအထားကတော့ တရုတ်ပြည်လုပ် ပစ္စည်းတွေဟာ ကြော်ငြာထားတဲ့အတိုင်း အသုံးတည့်ပြီး ဘာအန္တရာယ်မှမပေးတာဖြစ်တယ်။ အဆိုးဆုံးအခြေအနေမှာတော့ တရုတ်ပစ္စည်းတွေက စနစ်တခုလုံးကို ဖရို ဖရဲပျက်သုဉ်းစေတာ သို့မဟုတ် PLA အတွက် ထောက်လှမ်းရေးကိရိယာတွေ ဖြစ်စေနိုင်တယ်။

ပိုပြီး စိတ်အနှောင့်အယှက်ဖြစ်စရာကတော့ PLA အနေနဲ့ ဖြစ်ထွန်းတိုးတက်နိုင်မယ့် အလားအလာဖြစ်တယ်။ ဘာကလီအ ခြေစိုက် ကာလီဖိုးနီးယားတက္ကသိုလ်က အသိဉာဏ်တုဆိုင်ရာသိပ္ပံပညာရှင် စတူးဝတ်ရပ်ဆဲလ်က သိပ္ပံစိတ်ကူးယဉ်ဆန်တဲ့ "အော်တိုလှုပ်ရှား လူသတ်စက်ရုပ်ငယ်"တွေရဲ့ အဖျက်စွမ်းအားကို ထောက်ပြခဲ့တယ်။ အဲ့ဒါတွေကတော့ အော်တိုရပ်တည်လှုပ်ရှားနိုင်တဲ့ လက်နက်တပ်ဒရုန်း (လူမဲ့လေယာဉ်) အငယ်စားလေးတွေ သုံးပြီး နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေကို နေ့ခင်းကြောင်တောင်မှာ လုပ်ကြံပစ်တာမျိုး ရုပ်ရှင် ရိုက်ပြခဲ့တယ်။ တရုတ်နိုင်ငံဟာ အဲ့လိုအလားအလာကို လက်တွေ့ဖြစ်လာအောင် လုပ်လာနိုင်တယ်။ အခုဆိုရင် တရုတ်နိုင်ငံဟာ ဒရုန်းထုတ်လုပ်ရေးမှာ ရှေ့တန်းရောက်နေပြီး အရပ်ဘက်သုံးဒရုန်းဈေးကွက်မှာ အစိတ်အပိုင်း ကြီးကြီးရထားတယ် (တာကျန်းတီထွင်ရေးကုမ္ပဏီတခုတည်းက တကမ္ဘာလုံးဈေးကွက်ဝေစု ၇၀% ကိုရထား တယ်)။ တဖက်မှာ ပီကင်းအစိုးရဟာ " ၂၀၂၅ တရုတ်နိုင်ငံတွင်လုပ်သည် လုပ်ငန်းစဉ်" အောက်မှာ တပိုင်းလျှပ် ကူးလုပ်ငန်း တိုးတက်ကြီးထွားရေးအတွက် ဒေါ်လာ ဘီလီယံ ၁၀၀ သုံးဖို့ စီစဉ်နေတယ်။ PLA ဟာ နောက်ဆုံး တနေ့မှာ အဆင့်မြင့် အသိဉာဏ်ရှိ ဒရုန်းတွေ တီထွင်နိုင်ပြီး အသုံးချနိုင်စရာရှိတယ်။ ကျင့်ဝတ်ပိုင်းအရ သုံးသင့် မသုံးသင့် ဂရုစိုက်မှာမဟုတ်ပါဘူး။ "တန်ပြန်တော်လှန်ရေးသမားများ" (နိုင်ငံရေးအတိုက်အခံ၊ တိန်အန်မင် ကျောင်းသား၊ တိုင်းရင်းသားလူနည်းစု၊ ဘာသာရေးအစုအဖွဲ့များ) ချေမှုန်းရာမှာ တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ ဘာကျင့်ဝတ် ဘာနီတိမှ ဂရုမထားဘူးဆိုတာ သက်သေအထင်အရှားတွေ့ခဲ့ဖူးပြီဖြစ်တယ်။ ဒီတော့ တရုတ်စစ် ဘက်အနေနဲ့လည်း ပြည်ပရန်ကို တိုက်ခိုက်ရာမှာ ရည်မှန်းချက်ရောက်ဖို့အတွက် ဘက်မညီ မျိုးစပ်စစ်ပွဲနည်း ဗျူဟာတွေ (asymmetrical hybrid warfare) ကျင့်သုံးမှာဖြစ်တယ်။

နောက်ဆုံးအနေနဲ့ ပြောရရင် PLA ဟာ တကယ့်ကို အလေးထားရမယ့် ဆိုင်ဘာလုံခြုံရေးအန္တရာယ်တခုဖြစ်နေ တယ်။ မကြာသေးတဲ့နှစ်တွေအတွင်း PLA ဆိုင်ဘာတပ်ဖွဲ့တွေဟာ အမေရိကန်စီးပွားရေးလုပ်ငန်းတွေ၊ အခြေခံ အဆောက်အဦး ကုမ္ပဏီတွေနဲ့ အစိုးရရဲ့ ကွန်ယက်တွေကို အောင်အောင်မြင်မြင်ဖောက်ထွင်းနိုင်ခဲ့တယ်။ ဝက်စ် တင်းဟောက်စ် လျှပ်စစ်ကုမ္ပဏီ၊ အမေရိကန်သံမဏိကော်ပိုရေးရှင်းနဲ့ တခြားကုမ္ပဏီတွေကို ဟက်လုပ်တဲ့ အတွက် ၂၀၁၄ ခု မေလမှာ အမေရိကန်တရားရေးဝန်ကြီးဌာနက ယခင်တရုတ်စစ်ဦးစီးဌာနရဲ့ ၆၁၃၉၈ တပ်ဖွဲ့ ဝင်ငါးယောက်ကို တရားစွဲခဲ့တယ်။ တရုတ်အစိုးရက ကျောထောက်နောက်ခံပေးထားတဲ့ ဟက်ကာတွေဟာ အမေရိကန်ဝန်ထမ်းစီမံခန့်ခွဲရေးရုံးရဲ့ ကွန်ပျူတာစနစ်ကိုလည်း ဖောက်ဝင်ခဲ့လို့ အစိုးရဝန်ထမ်း အသစ် အဟောင်း ၄ သန်းရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ ပေါက်ကြားသွားခဲ့တယ်။ ဆက်သွယ်ရေးအတွက် ဆိုင်ဘာကွန်ယက်တွေအပေါ် မှီခိုနေရတဲ့ စစ်တပ်တွေဟာ PLA နဲ့ ပဋိပက္ခဖြစ်ရင် သူတို့လှုပ်ရှားမှုတွေ ကြီးကြီး မားမားထိခိုက်တာ ဖြစ်သွားနိုင်တယ်။

၂၀၁၇ ခုထဲမှာ အမေရိကန်ရေတပ်သင်္ဘောလေးစင်း အရှေ့တရုတ်ပင်လယ်မှာ သင်္ဘောချင်းတိုက်မှုတွေ ဖြစ်ခဲ့ တယ်။ အတွင်းပိုင်းစုံစမ်းစစ်ဆေးမှုအရ သင်္ဘောသားတွေရဲ့ပေါ့ဆမှုဟာ အဓိကပြစ်ချက်ဖြစ်တယ်။ ဒါပေမဲ့ ဖစ်ဇ်ဂျရောလ် နဲ့ ဂျွန်မက်ကိန်း ဖျက်သင်္ဘောတွေက ကုန်သည်သင်္ဘောတွေနဲ့ အထူးပြင်းပြင်းထန်ထန်တိုက်မိ တာ၊ ဒီမတော်တဆမှုနှစ်ခု အချိန်သိတ်မကွာဘဲဖြစ်တာတွေကြောင့် အစိုးရဘက်ကစုံစမ်းစစ်ဆေးရေးသမား တွေနဲ့ နည်းပညာကျွမ်းကျင်သူတွေက ဆိုင်ဘာတိုက်ခိုက်မှု ရှိနိုင်သလား စဉ်းစားနေရတယ်။ တကယ်လို့ ဆိုင်ဘာအဖျက်အမှောင့်လုပ်ရပ်ဟာ သင်္ဘောချင်းတိုက်မှုရဲ့ တကယ့်အကြောင်းတရားတခု ဖြစ်ရင်တော့ တရား ခံဟာ PLA ဘဲဖြစ်မယ်။

● နိဂုံး
ရှီကျင်ပင်းရဲ့ စစ်ဘက်ပြုပြင်ပြောင်းလဲရေးတွေဟာ အမေရိကန်စစ်တပ်ဆီက စိတ်ကူးရခဲ့ပုံပေါ်တယ်။ အဲ့လို လုပ်တဲ့အတွက် PLA ကိုလဲ ခေတ်မှီတောင့်တင်းစေသလို တဖက်မှာလဲ တရုတ်ကွန်မြူနစ်ပါတီအပေါ် သူ့ချုပ် ကိုင်မှု ခိုင်မာလာစေတဲ့ တချက်ခုတ်နှစ်ချက်ပြတ်အကျိုးရှိနေတယ်။ ခေတ်မှီတိုးတက်လာတဲ့ PLA ဟာ အမေရိ ကန်ကို သမရိုးကျထိတွေ့မှုမှာ ကျော်နိုင်မယ့်အလားအလာ မရှိပေမဲ့ တကယ်လို့ PLA က သမရိုးကျမဟုတ်တဲ့ နည်းဗျူဟာတွေ လက်နက်တွေ သုံးရင်တော့ PLA ဘက် အလေးသာသွားနိုင်တယ်။ ဒီအနေအထားအရဆိုရင် PLA ဟာ အမေရိကန်ကို ခြိမ်းခြောက်နိုင်တဲ့ "အမေရိကန်ဆန်တဲ့" အကြီးဆုံးစစ်အင်အားတခု ဖြစ်လာနိုင်တယ်။

ဂါမဏိ
(ဒီဇင်ဘာလ ၂၀၁၇ The Diplomat စာစောင်မှ Don Tse ၏ China's Americanized Military ကို ဘာသာပြန်သည်။)

Comments