ဗိုလ်ထက်မင်း – ဗိုလ်ချုပ်မှူးကြီးနဲ့ အမှတ်မထင် ဆုံခဲ့ရ၊ ကြားခဲ့ရစဉ်က – အပိုင်း ၃


ဗိုလ်ထက်မင်း –  ဗိုလ်ချုပ်မှူးကြီးနဲ့ အမှတ်မထင် ဆုံခဲ့ရ၊ ကြားခဲ့ရစဉ်က – အပိုင်း ၃
 (မိုးမခ) မတ် ၂၉၊ ၂၀၁၈


ဗိုလ်ချုပ်မှူးကြီးစောမောင်နဲ့အမှတ်မထင်ဆုံခဲ့ရ (ဒုတိယကြိမ်)

သောကတောင်တန်း နေကြယ်တွေသန်းခဲ့ရတဲ့ မိန့်ခွန်းရှည်

၂၀။ ၁၉၉၁ခုနှစ် မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့စစ်ရေးပြအခမ်းအနားမှာ စာရေးသူဟာ စစ်ရေးပြမှူးကြီးရဲ့ လုံခြုံရေးအပါအ၀င် တပ်မတော်စစ်ကြောင်းအားလုံးရဲ့ ထိပ်ရှေ့ပြေးလမ်းကြောင်း ရှင်းတာဝန်အရ လက်နက်ကိုင်တပ်စိတ်တစိတ်ပါ NISSAN PATROL ထိပ်နီကားနဲ့လိုက်ပါထမ်းဆောင်ရပါတယ်။ ကားကို အနှေးမောင်းရပြီး ပန်းကုံးစွပ်ဖို့ တိုးလာတဲ့ လူထုနဲ့နောက်က စစ်ကြောင်း ပုံပျက်မပျက် ထိန်းပေးရသလို လူထုထဲက အဖျက်အမှောက်လုပ်သူများ ဘွားကနဲပေါ်လာရင် မိမိက ဘယ်လိုတုန့်ပြန်ပြီး ဖေါက်ထွက်ရမည့်အူကြောင်းနဲ့ စစ်ရေးပြမှူးကြီးကို ကားပေါ်ဆွဲတင်ဖို့တကွ လမ်းတလျှောက်လုပ်နိုင်မည့် စစ်ရေးလှုပ်ရှားမှုတွေကို တိုက်စစ်ကစားသလို တွက်ချက်နေရပါတယ်။ တော်လှန်ရေးပန်းခြံရောက်ပြီး ၃၀ မိနစ်လောက်အကြာမှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးစောမောင် ယာဉ်တန်းရှည်ကြီးဟာ ဆိုက်ရောက်လာပါတယ်။ တပ်ချုပ်ကို တန်းအပ် ချီတက်  အလေးပြုပြီး မိန့်ခွန်းပြောကြားပါတော့တယ်။ ခါတိုင်း တပ်ချုပ်မိန့်ခွန်းပြောရင် နာရီဝက် မိနစ်၃၀ ခန့်မှ အလွန်ဆုံး ၄၅ မိနစ်ထိ ကြာသော်လည်း ယခုအခြေအနေမှာ တစ်နာရီကျော်နေပြီဖြစ်ပါတယ်။

၂၁။ စာရေးသူက ကားထဲက ကြည့်ရင် မသဲကွဲလို့ တံခါးဖွင့်ဆင်းကြည့်တော့မှ တပ်ချုပ်ကြီးဟာ
မာန်အပြည့်နဲ့ တင်ထားတဲ့ စာကိုမဖတ်ဘဲ အလွတ်ပြောနေတာ တွေ့လိုက်ရပါတယ်။ နေမင်းကြီးတွေက တဖြေးဖြေး အပူချိန်တက်လာသလို ကြယ်တွေကလည်း တချို့မှေးမိန် မြင်ရသေးတာမို့သောကတောင်တန်း နေကြယ်တွေသန်းပြီလို့ဆိုလိုက်ချင်ပါတယ်။ ရှေ့ဆုံးထိုင်ခုံမှာ ထိုင်နေကြတဲ့ ဗိုလ်ချုပ်တွေဟာ ပိကပ်ဦးထုပ်ဆောင်းထားရတာမို့ ပိုပူပြီး ပါးတွေကြားက ချွေးတွေ အတောင့်လိုက်စီးနေတာတွေ့လိုက်ရပါတယ်။ မိန့်ခွန်းဟာ တစ်နာရီခွဲထိတိုင် မချုံ့သေးဘဲရှိနေရာ တန်းစီရပ်ရကြတဲ့ တပ်မတော်သားတွေ အဖို့ နေကပြင်းပြင်း လှန်းထားသလို လဲမကျအောင် တောင့်ခံထားနေပုံတွေကို တွေ့လိုက်ရတာကြောင့် သနားကရုဏာသက်မိသွားပါတယ်။ မြန်မြန်ပြီးပါစေလို့ဆုတောင်းနေမိရာ တနာရီ ၄၅မိနစ် ကျမှ စင်ပေါ်ကဆင်းသွားလို့ သက်မ ချလိုက်ရပါတော့တယ်။ ဖြစ်စဉ်တွေအားလုံးချုံကြည့်ရင်ရင် တပ်ချူပ်ဟာ အလုပ်တာဝန်နဲ့ ဖိအားတွေများနေရတာမို့ စိတ်ဖေါက်သွားတယ်လို့ သုံးသပ်ပါတယ်၊

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အမှတ်မထင်ဆုံခဲ့ရ (ပထမအကြိမ်)

ဘောင်းဘီအိတ်နှိုက်ကာ အမြဲအကြံထုတ်နေတဲ့လူကြီး

၂၂။ မရမ်းကုန်း ၈မိုင် ကုန်းမြင့်သာ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တခုသာ ရှိခဲ့စဉ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ သူ့ရဲ့အိမ်တော်ကြီးနဲ့ကပ်လျှက် ဂေါက်ကွင်းမှာ ဂေါက်ရိုက်လေ့ရှိရာ တနေ့တော့ အနီးကပ်လုံခြုံရေးအတွက် စာရေးသူနဲ့ တပ်စုတစု သွားလိုက်ပေးရပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (တပ်ချုပ်)ဟာ ဂေါက်ရိုက်ပြီးတော့ သန့်စင်ခန်းကအထွက် ဘောင်းဘီအိတ်နှိုက်ပြီး တစုံတခု စဉ်စားနေဟန်တူပါတယ်။ တပည့်ကျော်များက သူ့ဆရာဟာ ဘောင်းဘီအိတ်နှိုက်တာ ၀ါသနာပါချက်က UNDER WEAR ၀တ်ရင်တောင် အဲဒီဘောင်းဘီတိုအိတ်တောင် မရှောင်နှိုက်ရမှ သက်သာသလို  ရှိတယ်ထင်ရပြီး တခုခု ကြံစည်နေပြီဆိုတာ ပြောကြပါတယ်။ ယခုလည်း သူက  လက်တဖက်ကိုထုတ်လိုက်ပြီး အနားရှိ သူ့လူတွေကို လှမ်းခေါ်ကာ လက်ညှိးနဲ့ တောင်
ထိုး မြောက်ထိုး ပြောနေတာ သဲ့သဲ့ကြားလိုက် (သူအနား သိပ်ကပ်ရင် မသင့်တော်တာမို့ ခပ်လှမ်း
လှမ်းက စောင့်ပေးနေရလို့ မကြားတချက၊် ကြားတချက်ဖြစ်) ပါတယ်။

၂၃။ တပ်ချုပ်က “မင်းတို့ရုံးတွေ သိပ်ကျပ်နေရင်လည်း အရေးမပါတဲ့ ညွှန်မှူးရုံးတွေကို အရူးထောင် ပြောင်းပေးပေါ့၊ နောက် ဒီဘက်မှာ ကဇာတ်ရုံ ရုပ်ရှင်ဆောက်ပေါ့။ နောင်ရေးအတွက်ပေါ့”။ နောက်များတော့ေ၇ွှတိဂုံဘုရားလမ်းမှာရှိတဲ့ စစ်ရုံးကြီးဟာ ၈မိုင် မရမ်းကုန်းကို ရွေ့လိုက်ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်ကို စစ်ရုံးနေရာဟောင်းကို ပို့လိုက်ကာ အရူးထောင်စိတ္တဇဆေးရုံကို သိမ်းလို့ ရွာသာကြီးကို ရွေ့လိုက်ပါတယ်။ စစ်ရုံးမှာရှိတဲ့ ရုံးတွေဟာ ကက(ကြည်း)လက်အောက်မှာပင် အနည်းဆုံး ဒါဇင်နဲ့ချီ များပြားလေရာ ကက(လေ)နဲ့ ကက(ရေ)သာ ပေါင်းလိုက်ပါက ပရိဘောဂ တအုပ်တမကြီး ဖိုင်တွေနဲ့ စာအုပ်စာတမ်းတထပ်ကြီး တောင်လိုပုံနေရာ ကုန်းမြင့်သာအဆောက်အဦ အနည်းငယ်နဲ့ မလောက်တာမို့ အရူးထောင်သိမ်းလိုက်တာဖြစ်ပါတယ်။ အရာရှိစစ်သည်တွေဟာ ရင်မောစွာ နဲ့ စိတ်ပင်ပန်းစွာနဲ့ ကုန်းမြင့်သာကို ပြောင်းတာ အမောဖြေရုံ ရှိသေးကာ၂၀၀၅ခုနှစ် မှာ နေပြည်တော်ကို ထပ်ပြောင်းရလို့ ဆင်းရဲဒုက္ခဖြစ်ကုန်ကြရပါတယ်။ နိုင်ငံတော်ဘဏ္ဏာငွေဟာလည်း  ခန့်မှန်းလို့မရနိုင်လောက်အောင် ဘီလီယျံချီပြီး ကုန်ကျကာ အလဟသ ဖြစ်ကုန်တယ်လို့ သုံးသပ်ပါတယ်။ နေပြည်တော်ပြောင်းရတာဟာ စစ်အာဏာရှင်တို့ရဲ့ လုံခြုံရေးအပါအ၀င် နိုင်ငံရဲ့ မဟာဗျူဟာအချက်အချာကျကျ ပြောင်းတယ်လို့ မှန်သလိုလို ရှိပေမဲ့ ကုန်းမြင့်သာကို စစ်ရုံး ဘာကြောင့် တဆင့်ပြောင်းခိုင်းနေရသေးတယ် ဆိုတာကိုတော့ စာရေးသူ နား မလည်နိုင်အောင် ဖြစ်မိပါတော့တယ်။ စစ်အာဏာရှင်ပီပီ လုပ်ချင်ရာကို ဇွတ်လုပ်တတ်တဲ့ သဘာဝကြောင့် တိုင်းပြည် ဆင်းရဲခြွတ်ချူံကျခဲ့ရပါတယ်။ နေပြည်တော်တည်ဆောက်ရေးအတွက် ဖါးကန့်မှ ကျောက်ကို ထုခွဲ ရောင်းချသလို ထိုင်းနယ်စပ်မှ ပိတ်ထားတဲ့ ဆောက်လုပ်ရေးပစ္စည်းများဖွင့်လှစ်ပေးလိုက်တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အမှတ်မထင် ဆုံခဲ့ရ (၂ ကြိမ်)

၂၄။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ (ဒုတိယနဲ့ တတိယ)အကြိမ် ဆုံခဲ့ရတာမှာ တပ်မတော် (ကြည်း၊ ရေ၊ လေ) ပူးပေါင်းစစ်ဆင်ရေးလေကျင့်ခန်း လုပ်ခဲ့တဲ့ ပုသိမ်လျှော်ပြာနဲ့ မိတ္ထီလာ ဇရပ်ကွင်း တပ်မတော် (ကြည်း၊  လေ) ခြေလျင်၊ တင့် အမြောက် ပူးပေါင်းလေ့ကျင်ခန်း -  ရှုရပ်ကုန်းတို့မှာ ဖြစ်ပါတယ်။

လျှော်ပြာလေ့ကျင်ခန်းမှာ စကခ(၄) နည်းဗျူဟာတဗျုဟာကို ခြေလျင်တိုက်စစ်နဲ့တပ်ရင်းပစ်အား သရုပ်ပြ တာဝန်ပေးထားပါတယ်။ တပ်ရင်းပစ်အားပြင်းထန်ရာ မဏ္ဏုပ် ကြမ်းခင်းအောက်မှာ ထည့်ထားတဲ့ လက်နက်ကြီးများရဲ့ ပစ်လွှတ်လိုက်တဲ့ ပေါက်ကွဲသံတွေဟာ သိမ့်သိမ့်တုန်နေတာမို့  တချို့သေနတ်သံနဲ့ဝေးနေတဲ့ တချို့ဗိုလ်ချုပ်တွေဟာ ကြောက်သေး ထပေါက်သလို နားထဲ အူဟန်ပြပြီး နားရွက်အုပ်နေတာ တွေ့ရလို့ သဘောကျနေရပါတယ်။

ဗိုလ်ချုပ်မြင့်အောင်နဲ့ ဗိုလ်ချုပ်မောင်လှတို့ကတော့ ဖိုက်တာပီပီ ဖင်တကြွကြွနဲ့ အားမလိုအားမရ ထကြည့်ကြပါတယ်။ လေကျင့်ခန်းကြီး အားလုံးပြီးဆုံချိန်မှာတော့ တပ်မတွေကို နောက်တန်း မပြန်ခိုင်းဘဲ ကရင်ပြည်နယ်စစ်ဆင်ရေးဆက်ထိုးဖို့ အထူးလျှို့ဝှက်ခိုင်းတာမို့ စာရေးသူထံ လာမေးတဲ့ အရာရှိများကို အုပ်ချုပ်မှု အဆင်ပြေစေဖို့ လိမ္မာပါးနပ်စွာ ပြောလိုက်ရပါတယ်။ ဒီရှေ့တန်းထွက်စစ်ဆင်ရေးကြီးဟာ တပ်မတော်သမိုင်းမှာ အကြီးမားဆုံးစစ်ဆင်ရေးဖြစ်ဟန်တူပြီး စစ်ယာဉ်တန်းကြီးဟာ ဘယ်လောက်ရှည်သလဲဆိုရင် မုတ္တမမှ သထုံထိရှည်တယ်လို့သိရပြီး ရန်သူအငိုက်မိသွားကာ တပ်ရင်းမှူး  အဆင့်ထိ လက်နက်ချ အလင်းဝင်တဲ့အထိ အောင်မြင်တယ်လို့ တပ်ချုပ်နဲ့ ဒုတပ်ချုပ်တို့က သုံးသပ်ကြတယ်လို့သိရပါတယ်။ ဒါပေမဲ့ ပုသိမ်မှာ လေ့ကျင့်ခန်းကြီးမှာပါတဲ့ တပ်အချို့က ဆီခိုးရောင်းပွဲကြီးကြောင့် စက်သုံးဆီတွေလှိုင်လှိုင်ဖြစ်သွားတာကတော့ စစ်အာဏာရှင်များ မသိလိုက်ဖူး ထင်ပါတယ်။ ဒါက တပ်ချုပ်နဲ့ဒုတိယအကြိမ် ဆုံတာဖြစ်ပါတယ်။

၂၅။ တတိယအကြိမ် တပ်ချုပ်နဲ့ အမှတ်မထင် ဆုံတဲ့ နေရာကတော့(ကြည်း/လေ)ခြေလျင်တင့်၊
 အမြောက်လေ့ကျင်ခန်းပြမည့် ဇရပ်ကွင်း ရူ့ရပ်ကုန်း တောင်ကုန်းထိပ်မှာဖြစ်ပြီး မတ်စောက်ကျဉ်း မြောင်းလို့ကားနဲ့တက်လာလို့ရအောင် လုပ်ခိုင်းလေရာ တော်ယုံ လုပ်ဖို့ မလွယ်ကူတဲ့ အနေအထား
ဖြစ်ပါတယ်။ အောက်ခြေတပ်မှူးများထံ သဘောထား မတောင်းတော့ဘဲ အမှတ်လိုချင်နေကြတဲ့ အထက်က ဗိုလ်ချုပ်တွေက ရပါတယ်ဆိုပြီး ဇွတ်အာမခံခဲ့လို့ အောက်ခြေ B.E အပါအ၀င် တပ်မှူးတွေခင်မျာနေ့ရောညပါ မြေဖို့ဇောချွေးပြန် အံကြိတ်လုပ်နေရပြီး မိမိက  နေရာထိုင်ခင်းပြင်ပေးရတာမို့သိနေရပါတယ်။

၂၆။ ယ-ရက် ကျင်းပမည့်နေ့မှာတော့ မြေဖို့ထားတဲ့ တောင်ပေါ်လမ်းကို မာစီဒီးကား အကောင်းစား
ကြီးတွေနဲ့ မဏ္ဏုပ်ထိပ် တက်လာရာ စစ်ဖက်လက်ထောက် ဗိုလ်ချုပ်နေ၀င်းက (နေရာကျဉ်းလို့ လုံခြုံ
ရေးတပ် မချနိုင်လေရာ မိမိက တာဝန်ယူထားရလို့အားဖြည့်) အူဇီသေနတ်ကြီးလွယ်ပြီင်္း အသင့်အနေအထားနဲ့ တပ်ချုပ်လုံခြုံရေးအတွက် ရံထားရပါတယ်။ ရန်ကုန်မှာ တိုင်းမှူးတစ်ဦးသာ ရုံးစောင့်ကျန်ရစ်ခဲ့ကာ ကျန်တဲ့ သူတွေအားလုံးနီးပါးတက်လာဟန်တူပြီး တခါမှ ဒီလိုပွဲမျိုး မလုပ်ဖူးတာကြောင့် တောသားတွေ မြို့တက် အလုအယက်တိုးဝှေ့ရုပ်ရှင်ကြည့်ကြတဲ့ ပွဲလို ဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ စာရေးသူ ပွဲမစခင် ညက တက်မည့်စာရင်းတောင်းရာ တဖြေးဖြေးများလာကာမငြိမ်တာမို့ ခင်းထားတဲ့ ထိုင်ခုံတွေနဲ့ ရေလိုက်၊ လျာလိုက်နဲ့ VIPP ,VIP ခွဲကာ လူကြီးများက ကလေးလေးလို လုထိုင်မှာစိုးလို့ BY NAME LIST နဲ့ ရာထူးကြီးစဉ်အလိုက် တခုံခြင်း စာကပ်ထားပေးရပါတယ်။ ဒီလိုလုပ်ပေးထားတောင် ဗိုလ်ချုပ်တွေက တော်တော်များလေရာ နေရာကျဉ်းလို့ ထိုင်ခုံ လုပွဲ ငြင်းခုံ သတ်ပွဲဖြစ်လာပြီး အရေးထဲ ဟောင်ဖွာဟောင်ဖွာ လုပ်တတ်တဲ့ ဟိုတယ်နဲ့ခရီးဝန်ကြီး ဗိုလ်ချုပ်စောလွင်ကိုမှ ထိုင်ခုံမရတော့လို့ဖြစ်နေရာ ပူညံပူညံ မိမိအား အော်ငေါက်ခဲ့လို့ ဇက်ပုခဲ့ရပါသေးတယ်။ ဗိုလ်ချုပ်စိန်ထွားက “ဒီကိုလာ၊ မျှထိုင်ရအောင်၊ ကလေးတွေကို နားလည်ပေးလိုက်စမ်းပါဗျာ၊ နေရာကျဉ်းတယ်၊”လို့သက်သာသွားပါတယ်။

(ဆက်လက် ဖော်ပြပါမည်)

Comments