မောင်လူပေ - အပူလွန် စီးပွားရေး



မောင်လူပေ - အပူလွန် စီးပွားရေး
(မိုးမခ) ဧပြီ ၂၉ ၊ ၂၀၁၈


စီးပွားရေးဈေးကွက်မှာသုံးတဲ့ စကားလုံးတစ်ခုရှိတယ်။ အပူလွန် စီးပွားရေး( Overheating economy ) တဲ့။

စီးပွားရေးဈေးကွက် အေးစက်နေတဲ့အချိန်တွေရှိတယ်။ မြန်မာပြည်မှာ အခုဖြစ်နေတဲ့အခြေအနေမျိုးပေါ့။ ဈေးကွက်ကလည်ပတ်တယ်ဆိုရုံလေး။ အရှိန်မရပဲ နှေးကွေးနေတယ်။ ဒီဈေးကွက်ကို ပြန်လည်နွေးထွေးလာဖို့ ၊ ပိုပြီးအရှိန်ရစွာ လှုပ်ရှားလာဖို့ ဆီလောင်းပေးရမယ်။ ဆီနဲ့တူတဲ့ အရင်းအနှီး ငွေတွေ ထပ်ထည့်လိုက်မှ အေးစက်ရာက ပြန်လည်နိုးထရှင်သန်လာမယ်။

ငွေအရင်းအနှီးတွေတွေဆိုတာ ငွေစက္ကူတွေ ဗဟိုဘဏ်က ရိုက်ထုတ်ဖို့မဟုတ်။ ဈေးကွက်ထဲမရောက်လာတဲ့ငွေမဲတွေကိုဆိုလိုတာပါ။ အရင်စစ်အစိုးရခေတ်က ငွေလိုတိုင်း ရိုက်ထုတ်ခဲ့တဲ့အတွက် မြန်မာငွေတန်ဖိုးက ဆယ့်သုံးဆကျော်ကျဆင်းခဲ့ရတယ်။ ရာခိုင်နှုန်းအားဖြင့် ၁၃၀၀ % ရာနှုန်းထိ ငွေဖေါင်းပွခဲ့ရတယ်။ ၁၉၉၀နှစ်ဦးပိုင်းက တစ်ဒေါ်လာကို ငွေကျပ်တစ်ရာနှုန်းလောက်ပဲရှိခဲ့ရာက ၂၀၀ဝပြည့်နှစ်နှောင်းပိုင်းတွေမှာ ငွေကျပ် ၁၃၀၀ ကျော်နှုန်းတွေဖြစ်ကုန်တော့ ကုန်ဈေးနှုန်းက ဆယ့်သုံးဆ တက်လာခဲ့တယ်။ အခြေခံလူတန်းစားတွေမှာ လခတိုးလာပေမဲ့ ဆင်းရဲတွင်းကမတက်နိုင်ဆဲ။

မြန်မာနိုင်ငံမှာ ကုန်ထုတ်လုပ်မှုဝင်ငွေ သိသာစွာမရှိပေမဲ့ သယံဇာတတွေ၊ မူးယစ်ဆေးတွေ မှောင်ခိုထုတ်ရာက ရလာတဲ့ဝင်ငွေတွေ အများကြီးရှိနေသေးတယ်။ ဒါတွေက ဒေါ်လာတွေအဖြစ်အသွင်ပြောင်းပြီး ဈေးကွက်ထဲမဝင်လာနိုင်သေးလို့ ဒီငွေတွေ ဈေးကွက်ထဲဝင်လာရေးအတွက် တရားဝင်ဝင်ငွေမတင်ပြနိုင်တဲ့ ငွေတွေအပေါ်မှာ ကောက်ခံတဲ့အခွန်နှုန်းတွေ လျှော့ပေးဖို့ ကြိုးစားနေကြတာပဲ။ ငွေမဲခဝါချမှုတိုက်ဖျက်ရေးနဲ့ငြိမှာ၊ အကြမ်းဖက်သမားတွေရဲ့ငွေတွေဝင်လာမှာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုကြောက်ရလို့ ခုထိတော့လွှတ်တော်က အတည်ပြုသံမကြားရသေး။

ဒီငွေတွေ ဈေးကွက်ထဲဝင်လာရင် အိပ်ပျော်နေတဲ့ သိန်းလေးငါးထောင်တန် ကွန်ဒိုအခန်းသစ်တွေ ရောင်းထွက်မယ်၊ ဆောက်လုပ်ရေးလောက၊ အိမ်ခြံမြေလောက ပြန်လည်ရှင်သန်လာမယ်လို့ တွက်ကြတယ်။ မြန်မာပြည်ရဲ့ ဆောက်လုပ်ရေးလောကနဲ့ အိမ်ခြံမြေလောကအတွက် စီးပွားရေးက အေးစက်နေလို့ မျှော်လင့်ချက်မဲ့နေဆဲ။

အမေရိကားမှာကတော့ မြန်မာပြည်နဲ့ပြောင်းပြန်ဖြစ်နေပါတယ်။ အမေရိကားစီးပွားရေးကအရမ်းသွက်လက်မြန်ဆန်ပြီး လှုပ်ရှားမှုအားအရမ်းကောင်းနေလို့ အပူလွန်စီးပွားရေး ဖြစ်နေရပါသတဲ့။

စီးပွားရေးကို စက်ယန္တရားကြီးတစ်ခုလိုမြင်ကြည့်ပါ။ အရာအားလုံးဟာ ဆက်စပ်နေပြီး ဟန်ချက်ညီလှုပ်ရှားရတဲ့အခါ နွေးထွေးလာတယ်။ လှုပ်ရှားမှုများပြီး အလွန်လျှင်မြန်လာတဲ့အခါ အပူလွန်မှုဖြစ်လာရပြီပေါ့။ စက်ပစ္စည်းတွေ တုန်ခါပြီး ဟန်ချက်ပျက်လာနိုင်တယ်၊ ယိမ်းယိုင်လာနိုင်တယ်။ အချိန်မှီမထိမ်းနိုင်ရင် တစစီ ပြုတ်ထွက်ကုန်ပြီး ယန္တယားကြီး ပျက်စီးသွားနိုင်တယ်။

မကြာသေးတဲ့ ၂၀၀၈ကနေ ၂၀၁၂ လောက်အထိ အမေရိကန်စီးပွားရေးက အတော်ဆိုးခဲ့တယ်။ အိမ်ဈေးတွေထိုးကျတော့ ဘဏ်တွေပြန်အပ်၊ ဘဏ်တွေမှာငွေမရှိတော့ ဗဟိုအစိုးရကဝင်ကယ်တင်ပေးရ။ စက်ရုံတွေရပ်ကုန်တော့လူတွေအလုပ်ပြုတ်။ ကမ္ဘာ့စီးပွားရေးကို ဦးဆောင်မောင်းနှင်နေတဲ့ အမေရိကားဆိုတဲ့ မီးရထားခေါင်းတွဲကြီးက အရှိန်မရတော့ပဲ ဒီလိုရပ်ဆိုင်းသွားတဲ့အခါ နောက်ကလိုက်နေကြတဲ့ တွဲဆိုင်းကမ္ဘာ့နိုင်ငံတွေ အတော်အထိနာကြရတယ်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှေးကွေးမှုအထိ ဦးတည်ခဲ့ရတယ်။ဥရောပငွေကြေးဈေးကွက်ပျက်သွားလို့ ယူရိုငွေဈေးတွေထိုးဆင်းသွား၊ စတာလင်ပေါင်ငွေဈေးတွေကျဆင်း။အာရှမှာလည်း မနည်းရုန်းကန်ခဲ့ရတယ်။ ကမ္ဘာ့ကြွေးမြီအလွန်နည်းပါးတဲ့ ချိုင်းနိစ်ကြီးတောင် သူ့စီးပွားရေးရှင်သန်ဖို့ အကြွေးတွေအများကြီးယူပြီး ရပ်တည်ခဲ့ရလို့ အခုဆို ကြွေးထူနိုင်ငံစာရင်းမှာ ထိပ်က ဖြစ်သွားခဲ့ရတဲ့အထိ။

အခုအချိန်မှာတော့ အမေရိကားရဲ့စီးပွားရေးက ပြန်လည်အရှိန်ရလာတဲ့အခြေအနေကလွန်ပြီး အရှိန်များလို့ အပူလွန်စီးပွားရေးအခြေအနေကို ပြန်လည်ရောက်ရှိနေတယ်လို့ ဆိုတယ်။

စီးပွားရေးပြန်လည်ဦးမော့လာတဲ့အကျိုးဆက်က အလုပ်လက်မဲ့နှုန်းတွေလျှော့ကျလာလိုက်တာ ၄.၂ရာနှုန်းပဲ အလုပ်လက်မဲ့ကျန်တော့တဲ့အထိပါပဲ။ လူတိုင်းလိုလို အလုပ်ရှိပါတယ်ပေါ့။

ဒါပေမဲ့ ငွေဖေါင်းပွနှုန်းက နောက်က လိုက်လာနေတယ်။ အိမ်ခြံမြေဈေးတွေ ကြောက်စရာကောင်းအောင် မြင့်တက်နေတယ်။ ကျန်းမာရေးအာမခံဈေးတွေ အရမ်းထိုးတက်လာတယ်။ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မတက်လာသေးတဲ့အတွက်ပဲ ဝင်ငွေနည်းသူတွေ အသက်ရှူချောင်နေသေးတယ်။

ငွေဖေါင်းပွမှုကိုထိမ်းဖို့ ဗဟိုဘဏ်က အတိုးနှုန်းတွေ တက်လိုက်တယ်။ ၀.၂၅%ကနေတဖြေးဖြေးဆွဲတင်လာတာ အခုဆိုရင် ၁.၇၅% ရောက်လာပြီ။ ဒီနှစ်ထဲမှာနှစ်ခါ၊ နောက်နှစ်မှာသုံးခါ ထပ်တက်မယ်လို့ဆိုတယ်။ တစ်ခါတက်ရင် ၀.၂၅%တက်တာကြောင့် စုစုပေါင်းငါးခါအတွက် ၁.၂၅%ထပ်တက်ဖို့ရှိတယ်။ နောက်နှစ်၂၀၁၉ကုန်လို့ ၂၀၂၀ရောက်ရင်အတိုးနှုန်း၃% ဖြစ်မယ်ပေါ့။

ဗဟိုဘဏ်ရဲ့ အတိုးနှုန်းတွေက ဘဏ်အားလုံးရဲ့ချေးငွေတွေအပေါ်သက်ရောက်တဲ့အတွက်ဘဏ်တိုးတွေမြင့်လာမယ်၊ ထိုးတက်နေတဲ့အိမ်ခြံမြေဈေးကွက် ပြန်ကျလာမယ်လို့ ယူဆကြတယ်။ ဒါပေမဲ့ အခုလို တက်ဈေးမှာ လိုက်ဝယ်နေကြသူတွေဟာ ငွေလက်ငင်းရှင်းပြီးဝယ်နေကြတဲ့ ငွေထုတ်ကြီးကိုင်ထားနိုင်သူတွေကအများစု ဖြစ်နေကြတဲ့အတွက် အိမ်ခြံမြေဈေးကို ဒီလောက်ထိ သက်ရောက်မှုမရှိနိုင်ဘူးလို့ တွက်သူတွေလည်းရှိတယ်။

ဘဏ်တိုးတွေမြင့်လာရင် ချေးငွေကိုပြန်ဆပ်ဖို့ခက်လာမယ်။ စီးပွားရေးတွေကိုထိခိုက်မယ်။ ဒါကြောင့် ဗဟိုဘဏ်က အတိုးနှုန်းတွေဆွဲတင်နေမှုကို အမြန်ကြီးမလုပ်သင့်ဖူးလို့ ယူဆသူတွေလည်းရှိနေပြန်တယ်။ သူတို့ထောက်ကြတာက အခြေခံကုန်ဈေးနှုန်းတွေမတက်လာတဲ့အတွက် ငွေဖေါင်းပွမှုဟာ ထင်သလောက်မရှိပါဘူးတဲ့။ ဘဏ်တိုးတွေတက်လာတာကြောင့် တိုးတက်နေတဲ့ စီးပွားရေးဟာ ကမောက်ကမဖြစ်မှာစိုးရိမ်ကြတယ်။

၁၉၇၀ နဲ့၈၀ အတွင်း အမေရိကားစီးပွားရေးကမောက်ကမဖြစ်တဲ့အခါ ငွေဖေါင်းပွမှု တစ်ဆယ်ရာနှုန်းကျော်အထိ ဖြစ်ခဲ့တာကို ထောက်ပြပြီးဗဟိုဘဏ်က စိုးရိမ်မှုကို ပြောပြတယ်။တဖက်က စီးပွားရေးပညာရှင်တွေအမြင်ကတော့ ခေတ်မတူတော့သလို စနစ်တွေလည်းမတူတော့ဘူး။ ဒါကြောင့် စိုးရိမ်စရာမရှိသေးဘူးတဲ့။

ဒါကြောင့် စီးပွားရေးပညာရှင်တွေ နှစ်ဖက်ကွဲပြီး အမြင်နှစ်မျိုးဖြစ်နေတာကို တွေ့ကြရပါတယ်။

တဖက်က ဗဟိုဘဏ်ရဲ့ပညာရှင်တွေ။ သူတို့ယူဆချက်အရပြောရရင် အလုပ်လက်မဲ့နှုန်းဟာ တွက်ချက်မှုထက် အရမ်းနည်းနေတယ်။ အလုပ်သမားရှားပါးတဲ့အတွက် အလုပ်ရှင်တွေက လုပ်ခလစာတွေ တိုးပေးနေရတယ်။ ကြာရင် ငွေဖေါင်းပွမှုကိုဦးတည်မယ်။ အိမ်ခြံမြေတွေက လူလတ်တန်းစားတွေ လက်လှမ်းမမှီတဲ့အခြေအနေဖြစ်နေပြီ။ စတော့ရှယ်ယာဈေးတွေလည်းတက်ထားတာ ထိပ်ရောက်လို့။ ဒါတွေကို ထိမ်းဖို့ အတိုးနှုန်းတွေ မြှင့်ရမယ်။

နောက်တဖက်ကတော့ ကော်ပိုရေးရှင်းကြီးတွေက စီးပွားရေးပညာရှင်တွေနဲ့ ဌာနေဗဟိုဘဏ်တွေရဲ့ ပညာရှင်တွေ။ သူတို့အယူအဆအရ စီးပွားရေးအခြေခံပလက်ဖေါင်းတွေပြောင်းကုန်ပြီ။ ရိုးရိုးကြီးတွေးပြီး ဖေါ်မြူလာတွက် တွက်လို့မရတော့ဘူး။ စီးပွားရေးဈေးကွက်က ခေတ်သစ်တစ်ခုဆီသွားနေတယ်။ ဒီခေတ်သစ်ကိုအမှီလိုက်ဖို့ ဒီအရှိန်အတိုင်းဆက်လက်ချီတက်နေဖို့လိုတယ်။ ဒီနှစ်ရဲ့ ပထမလေးလပတ်အတွက် ဂျီဒီပီတိုးနှုန်းက သုံးရာနှုန်းထိမှန်းခဲ့ပေမဲ့ နှစ်ရာနှုန်းပဲရှိသေးတယ်။ ဒါကြောင့် ဂျီဒီပီမြင့်လာအောင် စီးပွားရေးဈေးကွက်ထဲကို ငွေတွေထပ်ပို့ပေးဖို့လိုတယ်။ သမ္မတထရန့်ရဲ့ အခွန်နှုန်းလျှော့ချပေးတာ၊ဗဟိုအစိုးရကအသုံးငွေကို တစ်ထရီလီယံထိတိုးပြီးသုံးစွဲမှာတွေကြောင့် ဒီငွေတွေဈေးကွက်ထဲရောက်လာပြီး ဈေးကွက်ပိုပြီးကြီးထွားရှင်သန်လာမှ ဂျီဒီပီ သုံးရာနှုန်းလောက်ဖြစ်လာမယ်။ အဲဒီအချိန်လောက်ရောက်မှ ဗဟိုဘဏ်က အတိုးနှုန်းတက်သင့်ပါသတဲ့။

စက်မှုနဲ့ စီးပွားရေးဖွင့်ဖြိုးဆဲဖြစ်တဲ့နိုင်ငံတွေမှာ ဂျီဒီပီတက်ဖို့လွယ်သလောက် ဖွံ့ဖြိုးပြီးနိုင်ငံတွေက ဂျီဒီပီတက်ဖို့ အလွန်ခက်လှပါတယ်။ ဘာပဲဖြစ်ဖြစ် ငွေဖေါင်းပွမှုနှုန်းမြင့်လာမှာကိုတော့ နှစ်ဖက်လုံးက မလိုလားကြပါဘူး။ ကမ္ဘာကြီးကလည်း စီးပွားရေးထိပ်သီးနိုင်ငံဖြစ်တဲ့အမေရိကားကြီး စီးပွားပျက်မှာ မလိုလားကြပါဘူး။ ကမ္ဘာ့စီးပွားရေးဆိုတာ သံကွင်းဆက်လို ဆက်ထားတာမို့ ရှေ့ဆုံးကွင်းဆက်ပြုတ်ကျရင် နောက်ကွင်းဆက်တွေပါ အရှိန်နဲ့တွဲပါသွားကြမဲ့အရေးကိုပူကြပါတယ်။ ကမ္ဘာ့တည်ငြိမ်မှုကိုပါ ထိခိုက်လာမဲ့အရေးထိ ဖြစ်လာနိုင်လို့ပါပဲ။

ကျွန်တော်ကတော့ ဘာမှမသိတဲ့ ခပ်ညံ့ညံ့လူတစ်ယောက်မို့ အနာဂတ်ကို မခန့်မှန်းတတ်ပါ။ မိတ်ဆွေသူငယ်ချင်းများအတွက် ဖတ်မိသမျှထဲက ကောင်းနိုးရာရာလေးတွေ တင်ပြလိုက်ခြင်းသာ ဖြစ်ပါကြောင်း။

ချစ်တဲ့
မောင်လူပေ

Comments