ဆိုင်းဗျူ - မြောက်အရပ်က ငြိမ်းချမ်းရေး
(မိုးမခ) ဧပြီ ၂၉ ၊ ၂၀၁၈
၁၉၆၂ ခုနှစ်ကတည်းက အမြစ်တည်လာခဲ့တဲ့စစ်ပွဲဟာ ဒီနေ့အချိန်ထိ ပြီးဆုံးဖို့ အတွက် ကချင်လူထုတွေ လမ်းစ မမြင်သေးပါဘူး ။ ၂၀၁၈ခုနှစ် ဇန်နဝါရီ ကစပြီး မြောက်အရပ်တွင် စစ်ပွဲများပြန်လည်ပြင်းထန်လာခဲ့သည် ။ ဆွမ်ပရာဘွမ် အရှေ့ဘက် မလိခ ရန်ဝလောင် တြိဂံဒေသတွင် ပြည်သူများထောင်ချီ စားဝတ်နေရေး ကျန်းမာရေး အတွက် ဒုက္ခကြုံတွေ့နေရသည် ။
တီယန်ဇွပ် စက်လှေဂိတ်တွင် တပ်မတော်မှ မလိခ မြစ်ဖျားပိုင်သို့ သယ်ယူပို့ဆောင်ရေး ဆက်သွယ်မှု လမ်းကြောင်း စက်လှေသွားလာရေးခရီးကို ပိတ်ပင်လိုက်သောကြောင့် ပို၍ခက်ခဲသွားကြောင်းသိရသည် ။
နှစ်၆၀ကျော်ကြာ တိုက်နေရတဲ့စစ်ပွဲကြောင့် ပြည်သူတွေ ဘဝတိုးတက်ရေး ဆုတ်ယုတ်ခဲ့ရလေသည် ။ အကျိုးမရှိ လူ့အသက်များ ဆုံးရှုံးခဲ့ရလေသည် ။ စစ်ရှောင် ဒုက္ခသည်များဟာ မြစ်ကြီးနားမြို့ ၊ ဝိုင်းမော်မြို့ နှင့် ကေအိုင်အိုထိန်းချုပ်ဒေသ တို့တွင် အများအပြား အခက်အခဲကြုံတွေ့နေရသည် ။ ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရအဖွဲ့ ရဲ့ အခန်းကဏ္ဍဟာလည်းအရေးကြီးပြီး ပြည်သူတွေ ရဲ့စိတ်နှလုံးငြိမ်းချမ်းရေးကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည့် အခြေအနေကိုဆိုက်ရောက်နေပြီဖြစ်သည် ။
ကေအိုင်အိုထိန်းချုပ်ထားသော တနိုင်းဒေသ ၊ ပယင်းမှော်များတွင်လည်း တပ်မတော်မှ ဂျက်လေယာဉ်များဖြင့် လာရောက်ပစ်ခတ် ဗုံးများကြဲချခြင်းကြောင့် ပြည်သူ ၅ ဦး ဟာ မြေစာပင်ဖြစ်ခဲ့ရသည်မှာ ရင်နာစရာကောင်းလှသော သမိုင်း မြင်ကွင်းဖြစ်ခဲ့သည် ။
အဓိကနစ်နာဆုံးရှုံးသွားရသည်မှာ ပြည်သူသာဖြစ်ခဲ့တယ် မိသားစုကို ရှာဖွေကျွေးမွေးနေတဲ့ သမီးတွေ တရားမျှတမှုမရှိတဲ့မြေမှာ အလကား အသက်ဆုံးရှုံးခဲ့ရတယ် ။ မိခင်တစ်ယောက်ရဲ့ ရင်ထဲက မျော်လင့်ချက် ကို အခုဒီစစ်က လုယူသွားခဲ့တယ် ။
ယခုလ ၂၆ ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် ကေအိုင်အေတပ်ရင်း ၁၄ ရှိရာ သို့တပ်မတော် ဂျက်တိုက်လေယာဉ်မှ လာရောက်ပစ်ချသော ကျည်ဆံသည် ဇီးဖြူကုန်းတွင် ဈေးရောင်းနေသော ဒေါ်ဆိုင်းနူးမိုင် ဟာ ဂျက်တိုက်လေယာဉ်ပေါ်မှပစ်ချလိုက်သော ဗုံးဆံထိမှန် ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်အင်ခွမ်ဂျာဘူးကပြောပြသည် ။
'' ပြည်သူတွေဒီလို နစ်နာတဲ့အတွက် သားသမီးတွေ ဆုံးရှုံးရတဲ့အတွက် ကျမကတော့ ရင်ကျိုးမတက် ခံစားနေရတယ် ။ ကျမမှာ ဒီသမီးနှစ်ယောက်ကိုဘဲ အားကိုးနေရတာ ကျည်ဆံထိသွားပြီးဆုံးသွားတယ်ဆိုတော့ ရင်ကျိုးမတတ်ကိုဖြစ်နေပြီး နှိုင်းရက်စရာတောင် မရှိတော့ဘူး '' ဟု မိခင်ဒေါ်အင်ခွမ်ဂျာဘူသမီး၏အဖြစ်အပျက်ကို ရင်နာစွာနဲ့ပြောခဲ့တယ် သေဆုံးသူ၏ ညီမဖြစ်သူလည်း အမတစ်ယောက်ရက်ရက်စက်စက် အသတ်ခံရတဲ့အပေါ် အရမ်းဝမ်းနည်းကြောင်း တစ်မိသားစုလုံးကိုလည်း အမဘဲ ရှာဖွေထောက်ပံ့နေကြောင်းပြောသည် ။
'' ပန်ပန်တို့လည်း အရမ်းဝမ်းနည်းတယ် ရက်ရက်စက်စက်သတ်ခံရပြီး မမကြီး ဒီလိုထွက်သွားတဲ့အတွက် ဒီစစ်ပွဲကိုမုန်းတယ် အဲဒီစစ်ပွဲတွေကြောင့် အပြစ်မဲ့ပြည်သူတွေ သေဆုံးခဲ့တယ် '' ဟု ညီမဖြစ်သူကလည်းဝမ်းနည်းစွာ နှလုံးသားထဲ ကပြောပြခဲ့တဲ့ စကားကိုကြားသိခဲ့ရတယ် ။ ကေအိုင်အိုထိန်းချုပ်ထားသော ပယင်းမှော် များတွင် ဒေသခံများဈေးသွားရောင်းနေသော မှော်များဖြစ်သည် ။
နိုင်ငံခေါင်းဆောင်တွေလည်း အကုန်လုံး မိဘတွေပါဘဲ ကိုယ်ချင်းစာတရားရှိခဲ့မယ်ဆိုရင် မိဘတစ်ယောက်ရဲ့ ခံစားချက်ကို နားလည်ပေးရတော့မယ် ။ ကေအိုင်အိုအနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ သွားနေပေမဲ့ ယခုလက်ရှိအစိုးရရယ် တပ်မတော်နဲ့ရယ် ညိနှိုင်းဆွေးနွေးနေပေမဲ့ မဖြစ်နိုင်သည့် အနေအထားကိုရောက်ရှိနေသည် ။
ယခုလ ၁၁ရက်နေ့ တနိုင်းမြို့နယ် အောင်လော့ဒ် ကျေးရွာတွင် တပ်မတော်နှင့်ကေအိုင်အေ လက်နက်ကိုင်အဖွဲ့အစည်းတို့ တိုက်ပွားဖြစ်ပွားမှုကြောင့် ပြည်သူ၂၀၀၀ကျော် တောထဲတွင် သေနတ်ကျည်ဆံဘေး၊လက်နက်ကြီးအမြောက်များပစ်ခတ်မှုဘေးက လွတ်မြောက်အောင် တောနက်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေရသည်မှာ တစ်ပတ်ကျော်ရှိပြီ ဖြစ်သည်။

ထိုကဲ့သို့သော် အဖြစ်အပျက်များသည် တိုင်းရင်းသား ပြည်သူနှစ်ထောင်ကျော် ရှိသည့် ပြည်သူများသည် မျော်လင့်ချက်မဲ့၍ ထိန့်လန့်ဖွယ်အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ ပို၍ဆိုးရွားသည်မှာ ဆန်ကုန်သွားလျှင် အားလုံးဟာ သေလမ်းကို သာရွေးချယ်ခံရပြီး ပြည်သူ၂၀၀၀ ကျော်ဟာ ရက်စက်စွာ တောထဲတွင် ဝိညာဉ်မရှိတော့တဲ့ ဘဝကို ဖြစ်ရတော့မလို ဖြစ်နေပြီ။
တိုင်းရင်းသားပြည်သူများဟာ မတရားမှု နှိပ်စက်ခံနေရသည်မှာ နှစ်ပေါင်း ၆၀ကျော် ကြာ ကာလကို ကျော်လွန်လာပြီ ယခုအချိန်ထိ တနိုင်း အောင်လော့ဒ်က မြင်ကွင်းများသည် သက်သေခံနေလျှက်ရှိနေသည် ။ ငြိမ်းချမ်းရေးကို ယခုထက်ပိုမိုပြီး ခြိမ်းခြောက်နေသည့် သဘောကိုဆောင်နေခြင်းဖြစ်သည်။

ပိတ်မိနေသည့် ပြည်သူများကို ကူညီ ကယ်ထုတ်နိုင်ဖို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံနှင့် ကချင်လူမှုအဖွဲ့အစည်းများ ၊ ကချင်ပြည်နယ် အစိုးရထံ အကူအညီတောင်းခံ တင်ပြထားသော်လည်း ကချင်ပြည်နယ်အစိုးရမှ တုန့်ပြန်မှု မရှိသဖြင့် ကချင်အမျိုးသမီးများကွန်ယက်အဖွှဲ့မှ တစ်ခါပြန်လည် စာဖြင့် တင်ပြထားပြီဖြစ်ကြောင်းတွေ့မြင်ရသည်။
တိုက်ပွဲကြားတွင် ပိတ်မိနေသည့် ပြည်သူများ လွတ်မြောက်ဖို့တနိုင်းဒေသက စစ်ပွဲတွင် ရပ်တန့်ဖို့ မြန်မာနိုင်ငံသား အားလုံး တိုင်းရင်းသားအားလုံး ပါဝင် ကူညီ မေတ္တာထား ခံစားပေးဖို့ လိုအပ်နေသည့် အချိန်ရောက်နေပြီ ဖြစ်သည်။
အဆိုပါ တနိုင်းမြို့ အောင်လော့ဒ်ကျေးရွာသည် ကေအိုင်အေ ထိန်းချုပ်နယ်မြေ ဖြစ်သောကြောင့် ဆန်အိတ်များနှင့် စားသောက်ကုန်ပစ္စည်းများ ဝင်ရောက်လာမှုမှာ ဒီဇင်ဘာလကတည်း ဖြစ်ပွားနေသည့် တိုက်ပွဲတွေကြောင့် ကုန်းလမ်းခရီးက ဖြတ်တောက်ခြင်းခံခဲ့ရပြီး ရေလမ်းဖြင့်သာ စွန့်စားပြီး တနိုင်းမြို့မှ ညသန်းခေါင်တွင်သာ လှေများဖြင့် သယ်ယူနေရသည့် နယ်မြေဖြစ်သည်။
ပိတ်မိနေသော ပြည်သူများသည် မြို့များသို့ လုံခြုံရာသို့ မရောက်ရှိနိုင်အောင် တပ်မတော်က လမ်းကြောင်းများကိုစစ်ရေးအမြင်များဖြင့် ပိတ်ထားသောကြောင့် သွားလာခွင့် မရဘဲ တောထဲတွင် ပိတ်မိနေရခြင်းဖြစ်သည်။
ပြည်သူများ အမြန်ဆုံးလွတ်မြောက်အောင် ပြည်ထောင်စုအစိုးရအနေဖြင့် ကူညီဆောင်ရွက် ပေးဖို့ရန် အရေးကြီးလိုအပ်နေသည့် ကာလကို ရောက်နေပြီးဖြစ်သည်။ တုံ့ဆိုင်းနေလျှင် နှေးကွေးနေလျှင် ပြည်သူ၂၀၀၀ကျော် အစာရေစာငတ်ပြီး တောထဲတွင် နိဂုံးချုပ်ရတော့မည့် မြင်ကွင်းသည် ဝမ်းနည်းစရာ သမိုင်းအမှန် ဖြစ်သွားတော့မည် ။

"တောထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊မသန်စွမ်းတွေ၊သက်ကြီးရွယ်အိုတွေ၊ကလေးငယ်တွေမပြေးနိုင်တော့ဘဲ ဒုက္ခကြုံတွေ့နေသည်" ဟု ကေဘီစီမှ အတွင်းရေးမှူး သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန်က ပြောသည်။
Comments