မောင်ရစ် - လှည်းတန်း စကွဲ


မောင်ရစ် - လှည်းတန်း စကွဲ 
(အက်ဆေးလှည်းတန်း (၄) စာအုပ်မှ)။ မိုးမခ၊ ဧပြီ ၃၀၊ ၂၀၁၈


လှည်းတန်းလမ်းဆုံဆိုတာ ကမာရွတ်က အင်းစိန်၊ ပြည်လမ်း၊ တက္ကသိုလ်ရိပ်သာလမ်းနဲ့ လှည်းတန်းလမ်း ဆုံတဲ့နေရာမှာ ရှိပါတယ်။ လမ်း ၅ သွယ် ဆုံပါ။ ရန်ကုန်တက္ကသိုလ်၊ တက္ကသိုလ်ဓမ္မာရုံနဲ့ လှည်းတန်းဈေးတို့ အထင်ကရ တည်ရှိပါတယ်။ လှည်တန်းနဲ့ အင်းစိန်လမ်းမတွေပေါ်မှာတော့ ကျောင်းသားလူငယ်တွေအတွက် လဘက်ရည်ဆိုင်၊ ထမင်းဆိုင်၊ ဈေးဆိုင်၊ စာအုပ်ဆိုင်တွေ၊ လမ်းဘေးဈေးဆိုင်တွေ အများအပြားရှိပါတယ်။ လှည်းတန်းလမ်းဆုံဝန်းကျင်မှာ ကျောင်းသားလူငယ်တွေအတွက် အဆောင်တွေ၊ ကျုရှင်တွေလည်း ရှိပါတယ်။ 

လှည်းတန်းဆိုတာကို သည်လိုရေးလိုက်တော့ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကလည်း အဲသည်အတိုင်း၊ အခုလည်း အဲသည်အတိုင်းပါပဲ။ ဟုတ်တယ်မို့လားဗျာ။ လှည်းတန်းဟာ ကျောင်းသားတွေ လူငယ်တွေအတွက် ကြီးပြင်းရာ ကျင်လည်ရာ ကျက်စားရာအဖြစ် အမြဲတည်ရှိနေတယ် ဆိုကြပါစို့။ 

ကျနော်တို့ လွန်ခဲ့တဲ့ အနှစ် ၂၀ကျော် ၃၀ နည်းပါး (၁၉၈၈) တုန်းက အဲသည်မှာ ကျောင်းသားလူငယ်တွေအဖြစ် ကျင်လည်ခဲ့ကြပါတယ်။ ပြီးတော့ လှည်းတန်းလမ်းဆုံဟာ ကျောင်းသားလူငယ်တွေရဲ့ လွတ်လပ်မှု တရားမျှတမှုနဲ့ လူ့အခွင့်အရေး ကျောင်းသားအခွင့်အရေးတွေအတွက် ထုတ်ဖော် ဆန္ဒပြ ရုန်းကန် လှုပ်ရှားကြရ နေရာလည်း ဖြစ်ခဲ့ပါတယ်။ 

၈၈ မတိုင်မီကတည်းက ကျောင်းသားလူငယ်တွေဟာ အရေးအခင်းလှုပ်ရှားမှုတိုင်းမှာ အဲသည်နေရာကနေ အားပြု ချီတက် လှုပ်ရှား လှုံ့ဆော်ခဲ့ကြတာချည်းပဲလို့ ပြောချင်ပါတယ်။ အဲသည်မှာ အရေးအခင်းအဆက်အဆက်နဲ့ ၈လေးလုံး အရေးတော်ပုံ သမိုင်းတွေ ကျောင်းသား လူငယ်တွေ ရေးထွင်းခဲ့ကြပါတယ်။ လှည်းတန်းလမ်းဆုံဟာ ၁၉၈၈ ခုနှစ်တခုတည်းအတွက်သာ မဟုတ်ဘဲ ခေတ်တိုင်း အချိန်တိုင်းမှာလည်း ကျောင်းသားလူငယ်တွေရဲ့ လွတ်လပ်ရေး လူ့အခွင့်အရေးတွေအတွက် ရုန်းကန် လှုပ်ရှားမှု ထုတ်ဖော်ရာ ဘူမိနက်သန်နေရာတခု သမိုင်းလက်ဆင့်ကမ်းတဲ့ နေရာတခု ဖြစ်နေဆဲပါ။ ဒါလည်းပဲ ထာဝရအမှန်လို့ မပြောင်းမလဲ ရှိရာနေရာလို့ ဆိုကြပါစို့။ 

သမိုင်းဝင်တဲ့ အမြဲအသက်ဝင်နေတဲ့ နေရာကို ဘယ်လိုမျိုး အလေးအမြတ် ပြုပြီး ခေါ်ဝေါ်ကြရင် ကောင်းမလဲ တွေးမိပါတယ်။ ရန်ကုန်တက္ကသိုလ်က သစ်ပုတ်ပင်၊ ဆေး ၁ က ခရေလမ်း၊ စက်မှုတက္ကသိုလ်က စွယ်တော်ရိပ်၊ စတဲ့ အထင်ကရနေရာတွေ အမည်နာမ သတ်မှတ်ချက်တွေ လူတွေက ရင်ထဲကနေပေးပြီး နှုတ်ဖျားကနေ အသိအမှတ်ပြု ခေါ်ဝေါ်ကြတယ် မဟုတ်လား။ လှည်းတန်းလမ်းဆုံ ဆိုတာကလည်း သမိုင်းဝင်တဲ့ အမြဲလိပ်ပြာဝင်နေတဲ့ နေရာအမည် ဖြစ်နေပြီလေ။ လှည်းတန်းလမ်းဆုံလို့ ဆိုလိုက်တာနဲ့ လူငယ်ကျောင်းသားတွေ ကျင်လည် ကျက်စား ကြီးပြင်းရာနေရာ ပြီးတော့ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေး ကျောင်းသားအခွင့်အရေးတွေအတွက် တောင်းဆို လှုပ်ရှား ရုန်းကန်မှုတွေ အစပျိုးရာ ရှင်သန်တဲ့ နေရာ အဖြစ် အမြဲတည်ရှိနေတယ်လို့ ဆိုရမှာပါ။ 

လှည်းတန်းလမ်းဆုံကို ကျနော် အဲသည်တုန်းက (လွန်ခဲ့တဲ့ အနှစ် ၃၀တုန်းက) အဲသည်လို သမိုင်းတန်ဖိုးရှိတဲ့ အမြတ်တနိုးနေရာအဖြစ် အလေးအနက် မတွေးမြင်ခဲ့မိပါဘူး။ လမ်းခုလတ်မှာ ဖြတ်ခဲ့ရတဲ့ မှတ်တိုင်ကလေးတခုလိုသာ သဘောထားမိတာပါ။ ကျနော်တို့ လူငယ်တွေဟာ လှည်းတန်းလမ်းဆုံမှာတင် ရပ်နေရတာမှ မဟုတ်တာကိုး။ လှည်းတန်းလမ်းဆုံကနေ ဆက်ပြီး ရှေ့ကို ဖြတ်သန်း ချီတက်ကြရတာကိုး။ လှည်တန်းလမ်းဆုံကနေ တော်လှန်ရေးတိုက်ပွဲတွေ ခေါ်ဆောင်ရာနောက်ကို ကျောင်းသားလူငယ်တွေ ဆက်ချီတက်ကြတယ်။ တောတွေ တောင်တွေ နယ်စပ်ဒေသတွေ ထောင်တွေ အကျဉ်းစခန်းတွေ တချို့တွေဆိုရင် မပြန်လမ်းကိုတောင် မြန်းခဲ့ကြရပါတယ်။ 

အခု အနှစ် ၃၀ နီးပါးအကြာ ကံကောင်းထောက်မလို့ လှည်းတန်းလမ်းဆုံကို ပြန်ရောက်ခွင့်ရကြသူ ဟိုတုန်းက လူငယ်ကျောင်းသားတွေထဲမှာ ကျနော်လည်း အပါအ၀င်မို့ သည်နေရာလေး ပြန်ရောက်ရတဲ့အခါ အော် ဒီနေရာလေးဟာ ငါတို့တွေကို မွေးဖွားပေးလိုက်ရာ လမ်းအစပျိုးပေးလိုက်ရာနေရာဌာနလေး ပါကလားလို့ စိတ်ခံစားချက်နဲ့ တန်ဖိုးထားမိတဲ့ စိတ်ကလေး ဖြစ်ရပါတယ်။ 

သူငယ်ချင်းတွေနဲ့ ပြန်တွေ့တဲ့အခါ ဟိုးတုန်းက လှုပ်ရှားမှုတွေ ဖြတ်သန်းမှုတွေ တရေးရေး ပြန်မြင်ယောင်ပါတယ်။ သေကွဲ ရှင်ကွဲ ကွဲခဲ့ကြတဲ့ ရဲဘော်တွေမျက်နှာတွေကိုလည်း မြင်ယောင်မိပါတယ်။ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်ရေးတိုက်ပွဲတွေထဲမှာ ကျနော်တို့နောက်က ကျောင်းသားလူငယ် မျိုးဆက်သစ်တွေဟာလည်း လှည်းတန်းလမ်းဆုံကနေ ဖြတ်ပြီး ဆက်လက်ချီတက်နေကြဆဲဖြစ်တာကို မျက်မှောက်ကာလမှာလည်း တွေ့မြင်နေရပါတယ်။ 

ဒါကြောင့် လှည်းတန်းလမ်းဆုံဆိုတာ အမြဲရှင်သန် တည်ရှိနေတဲ့ တန်ဖိုးထားစရာလို့ ပြောချင်တာပါ။ ခုချိန်ကျမှ သမိုင်းတန်ဖိုးရှိတဲ့ အမြတ်တနိုးနေရာလေးအဖြစ် အလေးအနက် သဘောထားမိတာပါ။ လှည်းတန်းလမ်းဆုံလိုပဲ အခြားနိုင်ငံတွေရဲ့ တက္ကသိုလ်ကောလိပ်တွေမှာ လွတ်မြောက်ရေးအတွက် လှုပ်ရှားမှုတွေ အစပျိုးရာ အစတည်ရာ နေရာဌာနေတွေ ရှိကြပါတယ်။ ထိုင်းနိုင်ငံက တမားဆပ်ယူနီဗာစတီမှာ ကောလိပ်ကျောင်းသားတွေဟာ စစ်အာဏာပိုင်တွေကို ဆန့်ကျင်ဆန္ဒပြခဲ့ကြ သွေးချောင်းစီးခဲ့ကြရာနေရာ ရှိပါတယ်။ အမေရိကန်နိုင်ငံ ဘားကလေယူနီဗာစတီမှာလည်း ကောလိပ်ကျောင်းသားတွေက အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုတွေနဲ့ သွေးချောင်းစီးခဲ့ရတဲ့ နေရာတွေ ရှိပါတယ်။ ဒါက သာဓက အနည်းငယ်ဆောင်ပြတာပါ။ နိုင်ငံတိုင်းက ကောလိပ် တက္ကသိုလ်နေရာဌာနတွေမှာ အဲသည်လို မော်ကွန်းတွင်တဲ့ လမ်းဆုံလမ်းခွ နေရာဒေသတွေ ရှိကြပါတယ်။ ဒါတွေကို သူတို့ ကျောင်းသားလူငယ်တွေက freedom square, freedom plaza လို့ သတ်မှတ်ပြီး ခေါ်ဝေါ်ကြပါတယ်။ အဲသည်နေရာမှာ အမြဲတန်း လွတ်လပ်မှု ထုတ်ဖော်ရာ နေရာအဖြစ် အားပေးပါတယ်။ အားမြှောက်ပါတယ်။ ထိန်းသိမ်းပါတယ်။ အများပြည်သူတွေက လာရောက် ကြည့်ရှုပြီး ခံစားကြပါတယ်။ လိပ်ပြာတွေ ထုံကူးကြတယ် ဆိုကြပါစို့။ 

လှည်းတန်းလမ်းဆုံဆိုတာကလည်း တနေ့ကြလို့ စစ်မှန်တဲ့ ဒီမိုကရေစီအစိုးရတရပ် တက်လာတဲ့အခါကြရင် သမိုင်းဝင်တဲ့ လှည်းတန်းစကွဲ လိုမျိုး အမည်နာမ မော်ကွန်းတပ်ပြီး ထိန်းသိမ်း စောင့်ရှောက်ထားကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ 

လက်ရှိမှာတော့ လှည်းတန်းလမ်းဆုံလို့ပဲ ကျနော်တို့ လူငယ်ကျောင်းသားတွေက အသိအမှတ်ပြု ခေါ်ဝေါ်ကြပါတယ်။ အဲသည်အမည်နာမ နောက်ကွယ်က သမိုင်းတန်ဖိုး လိပ်ပြာကူးရာ အနှစ်သာရကိုတော့ ယေဘူယျအားဖြင့် လွယ်လွယ်တော့ ရိပ်မိသိရှိကြမယ် မထင်သေးပါဘူး။ လှည်းတန်းလမ်းဆုံကို အမှန်တကယ် ဖြတ်ကူးဖူးသူတွေသာ အဲသည် သမိုင်းတန်ဖိုးလိပ်ပြာကို သိရှိနားလည်ကြမှာ ဖြစ်ပါတယ်။ ကျနော်တို့ လှည်းတန်းလမ်းဆုံကို ရောက်ရှိခဲ့ဖူးပါတယ်။ လှည်းတန်းလမ်းဆုံကနေ လွတ်လပ်ခြင်း တရားမျှတခြင်းနဲ့ လူ့အခွင့်အရေး ဂုဏ်သိက္ခာရှိခြင်း လမ်းမများပေါ်ကို ရွေးချယ် လျောက်လှမ်းခဲ့ကြဖူးပါတယ်။ အဲသည်လမ်းမများကို ရောက်ရှိဖို့ မိတ်ဆွေ လှည်းတန်းလမ်းဆုံကို အရင်ဆုံး ရောက်ရှိကြဖို့ လိုပါတယ်။ အဲသည်ကနေ လှည်းတန်းလမ်းဆုံကနေမှတဆင့် ကျနော်တို့ လွတ်မြောက်ခြင်းလမ်းမကို ရောက်ရှိကြမှာ ဖြစ်ပါတယ်။

(ဇွန် ၂၇၊ ၂၀၁၇၊ ရန်ကုန်)

Comments