ဇော်အောင် (မုံရွာ) ● လျှပ်စစ်ဓါတ်အား (အရည်အသွေးစစ်ဆေးခြင်း)

ဇော်အောင် (မုံရွာ) ● လျှပ်စစ်ဓါတ်အား (အရည်အသွေးစစ်ဆေးခြင်း)
(မိုးမခ) မေ ၃၁၊ ၂ဝ၁၈

အခုချိန် မိုးကျလာချိန် မုန်တိုင်းများနဲ့ လျှပ်စစ် ဓါတ်အား၊ တာဝါတိုင်၊ ဓါတ်တိုင်များ လဲကျပျက်စီးနေလို့ လူတွေသေကြေတယ်၊ ပစ္စည်းတွေ ဆုံးရှုံးတယ်။ ဘာကြောင့်လဲ ဆိုတော့ လျှပ်စစ်ကဏ္ဍ ကန်ထရိုက်တာများရဲ့ ဝိသမ အရည်သွေးနိုမ့် ပစ္စည်းတွေကို အသုံးပြုနေလို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအစိုးရ ၂ဝ၁၇-၁၈ ဘတ်ဂျတ်မှာ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက ၂၄ ရာခိုင်နှုန်း (ကန်ဒေါ်လာ ၅ ဘီလျံအထက်) အသုံးပြုနေလို့ ကာကွယ်ရေးဝန်ကြီး ၁၄ ရာခိုင်နှုန်း ဘတ်ဂျတ်ထက် အများကြီး သာလွန်ပါ တယ်။ ထုံးစံအတိုင်း အညှီရှိရာ ယင်အုံဆိုစကားအတိုင်း ဖားကန့်ကျောက်စိမ်းတွင်းတွေမှာ ကုမ္ပဏီကောင်းတွေ၊ ကုမ္ပဏီဆိုး တွေ အများကြီးစုပုံနေသလို .. မြန်မာနိုင်ငံ လျှပ်စစ်ကဏ္ဍ ကန်ထရိုက်တာလောကမှာလဲ ကုမ္ပဏီကောင်း တော်တော် ရှားပါး နေပါတယ်။ အားလုံးနီးပါးဟာ အရင်စစ်အာဏာရှင်ခေတ်က ကန်ထရိုက်တာ များဖြစ်နေလို့ ကမ္ဘာ့ ဘဏ်၊ အာရှဘဏ်၊ ဂျပန် JICA စတဲ့ ချေးငွေနဲ့ လျှပ်စစ် စီမံကိန်းများကလဲ မလွဲမရှောင်သာ အဲဒီကန်ထရိုက်တာတွေကိုပဲ သုံးစွဲနေရပါတယ်။ နိုင်ငံခြား ကုမ္ပဏီများက QC အရည်အသွေး Material & Labor ဘယ်လိုစစ်ဆေးနိုင်မလဲ။ အကောင်းဆုံး စစ်ဆေးပေမဲ့ အရည် အသွေးကတော့ ညံ့ဖျင်းနေမှာဖြစ်ပါတယ်။ HV ဗို့အားမြင့် ၂၃ဝ ကေဗွီလိုင်းတွေမှာတော့ အရည်အသွေး ထိန်းနိုင်ပေမဲ့ MV အလတ်တန်းစား ၁၁ ကေဗွီ၊ ၃၃ ကေဗွီ၊ ၆၆ ကေဗွီ ပါဝါလိုင်းတွေ၊ ဆပ်ပ်စတေရှင်တွေမှာတော့ ထိန်းရခက်ခဲပါတယ်။ ထရန်စဖွန်မာလိုမျိုးကတော့ အရည်အသွေး ထိန်းဖို့သိပ်မခက်ခဲပေမဲ့ ယခု ဖြစ်ပျက်နေတဲ့ နိုင်ငံခြားဖြစ် ၃၃ ကေဗွီ၊ ၆၆ကေဗွီ စီမံကိန်း အမြောက်အများမှာ import HV MV power cable QC စနစ်တကျ လုပ်ဖို့လိုအပ်နေပါတယ်။

● ဘာကြောင့် Import QC လိုအပ်ပါသလဲ
၁။ တိုင်၊ ကေဘယ်ပြိုကျလို့ လူ၊ ငွေ ဆုံးရှုံးခြင်း၊ လျှပ်စစ်ကဏ္ဍ အလွန်အရေးကြီးလို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဝန် ကြီး ဦးဝင်းခိုင်နဲ့ ၂ဝ၁၈ ခုနှစ်မှာ အထူးဆောင်ရွက်နေပါတယ်။ လျှပ်စစ် ကဏ္ဍမှာ .. ထုတ်လုပ်ခြင်းလုပ်ငန်း၊ ပါဝါဂရစ် လုပ် ငန်း (မဟာဓါတ်အားလိုင်းနဲ့ အလတ်တန်းဓါတ်အားလိုင်း)၊ မြို့ပြ၊ကျေးရွာ ဖြန့်ဖြူး လုပ်ငန်း ဆိုပြီး (၃) ပိုင်း ခွဲထားပါတယ်။ အခု ရေးမဲ့ အကြောင်းကတော့ ပါဝါကေဘယ် ဆိုတဲ့ ၃၃ ကေဗွီ၊ ၆၆ ကေဗွီ ကြိုးသွယ်တန်းခြင်း လုပ်ငန်းများ ဖြစ်ပါတယ်။ တနိုင်ငံလုံးမှာ အလွန်များပြားတဲ့ ပရိုဂျက်များလုပ်နေပြီး၊ ကေဘယ်အရည်အသွေးနဲ့ တိုင်းသွယ်တန်းမှုတွေ အရည်အသွေး ထိန်းဖို့ အထူးလိုအပ်ပါတယ်။

၂။ နိုင်ငံခြားကုမ္ပဏီများ မလာရောက်ခြင်း
ဥပမာ သီလဝါ ဂျပန် အထူးစက်မှုဇုံမှာ လျှပ်စစ်ဓါတ်အားရှိပေမဲ့ မတည်မငြိမ်လို့ လာရောက်ရင်းနှီးတဲ့ကုမ္ပဏီများ စိတ်ပျက် နေကြပါတယ်။ လျှပ်စစ်မငြိမ်ရင် ဆမ်ဆောင်း၊ မိုက်ကရိုဆော့၊ အင်တဲ စတဲ့ကုမ္ပဏီကြီးများအတွက် ပစ္စည်းဆပ်ပလိုင်း လုပ် တဲ့ ကုမ္ပဏီများ မလာတော့ပါ။ အလုပ်အကိုင်ကောင်းများမရပဲ ..မြန်မာတွေ နေစာ၊ လပေး ကျပမ်းအလုပ်စက်ရုံများပဲ ရောက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် လျှပ်စစ်ဓါတ်အားငြိမ်ဖို့ဆိုတာ လိုင်းကြိုးကဏ္ဍ အလွန်အရေးကြီးပါတယ်။

ဒီ ၂ ချက်ပဲ ရေးပါမယ်။ ဒါကြောင့် နိုင်ငံခြားပစ္စည်း အျများဆုံးမှီခိုနေရတဲ့ လျှပ်စစ်ကဏ္ဍ ဗလောင်းဗလဲဖြစ်နေတာကို ထိန်း ချုပ်ဖို့ အလွန်အရေးကြီးနေပါပြီ။ လျှပ်စစ်ကဏ္ဍမှာလူတစ်စု ကန်ထရိုက်တာများက၊ လျှပ်စစ်ဝန်ကြီးဌာန အရာရှိကြီးများရဲ့ ဆွေမျိုးများက ကုမ္ပဏီထောင်ပြီး ကန်ထရိုက်တာ လုပ်စားနေကြတာတွေလဲ ရပ်ဆိုင်းရပါမယ်။ သို့မဟုတ် အဲဒီ ပုဂ္ဂိုလ်ကြီးတွေ ဌာနဆိုင်ရာ အကြီးအကဲ ရာထူးများက အငြိမ်းစားယူရပါမယ်။ အခု အခြေအနေက လူတော်လူကောင်းတွေပဲ အငြိမ်းစားယူ ပြီး အရေခွံ ထူတဲ့ သူတွေပဲ ဌာနကြီးကဲအဖြစ် ကျန်ခဲ့တယ်။ လျှပ်စစ် ပညာရှင်+ အုပ်ချုပ်ရေးကဏ္ဍ လူငယ်တွေ ပျိုးထောင်ဖို့ အများကြီး ကြိုးစားရပာမယ်။ တခြားဌာန ဥပမာ အော်တိုမိုဘိုင်း (မော်တော်ယဉ် တင်သွင်းခြင်း၊ ဆောက်လုပ်ရေး ပစ္စည်းတင် သွင်းခြင်း) တွေမှာ အရည်အသွေး ထိန်းချုပ်မှုအထိုက်အလျှောက် အောင်မြင်မှုရနေတာကိုတွေ့ရပေမဲ့... မြန်မာပြည်မှာ အလွန်များပြားလှတဲ့ နိုင်ငံခြားငွေတွေ အလုံးအရင်း သုံးစွဲနေတဲ့ လျှပ်စစ်ဓါတ်အားစီမံကိန်းများအတွက် တင်သွင်းပစ္စည်း တွေကို အရည်အသွေး စစ်ဆေးမှု အရမ်းလိုအပ်နေပါတယ်။

● ဘယ်လို အရည်အသွေး ထိန်းသိမ်းမလဲ

မော်တော်ယဉ် နဲ့ ဆောက်လုပ်ရေး ပစ္စည်း တင်သွင်းခြင်းကို အစိုးရနဲ့ ပုဂ္ဂလိက အဖွဲ့အစည်းများ ဘယ်လို လုပ်ဆောင်ကြသလဲ ဆိုတာ နမူနာယူရပါတယ်။ မိုနိုပိုလီ ကုမ္ပဏီကြီးများက အကြီးအကျယ် တိုက်ခိုက်ကြမယ်၊ ကိုယ်ကျိုးစီးပွား အပြင်းအထန် ကာကွယ်ကြမှာ သေချာပေါက်ပဲ ဖြစ်ပါတယ်။

လျှပ်စစ် မဟာဓါတ်အားလိုင်း နဲ့ အလယ်လတ် ဓါတ်အားလိုင်းတွေမှာ မဟာဓါတ်အားလိုင်းက နိုင်ငံတော်အစိုးရဘတ်ဂျတ်များ၊ ကမ္ဘာ့ဘဏ်၊ အာရှဘဏ်၊ ဂျပန် JICA စတဲ့ ကုမ္ပဏီကြီးများက လုပ်ကိုင်လို့ ၂၃ဝကေဗွီ၊ ၅ဝဝကေဗွီ လိုင်းတွေ ဆွဲနေကြပါတယ်။ သူတို့ကတော့ သိပ်ပြဿနာမရှိပါဘူး။ ဒါပေမဲ့ အလယ်လတ် ၁၁ ကေဗွီ၊ ၃၃ ကေဗွီ၊ ၆၆ ကေဗွီလိုင်းအမြောက်အများ တစ် နိုင်ငံလုံးမှာ တည်ဆောက်နေပါတယ်။ အရင်က မြန်မာနိုင်ငံအစိုးရ ပိုက်ဆံမရှိတော့ မီးလာရင်ပြီးရောဆိုပြီး စစ်အာဏာရှင် များနဲ့ ပူးပေါင်းလုပ်ဆောင်လို့ အရည်အသွေး ညံ့ရတယ်။ ဓါတ်အားပေးစက်ရုံများစွာ ကုန်ကျစရိတ်များပြီး၊ တရုတ်တပတ်ရစ် တာဘိုင်များကြောင့် ၃နှစ်တောင်မခံ၊ အတိုးကြီးတဲ့ တရုတ်အကြွေးတွေပိနေတာ အားလုံးအသိ ဖြစ်ပါတယ်။ အခုတော့ အစိုးရကောင်း အလားအလာဖြစ်လာပြီး ချေးငွေပြန်မရမှာ သိပ်မပူရတော့ ချေးချင်သူတွေ၊ P.P.P လျှပ်စစ်လုပ်ငန်း နိုင်ငံ ခြားက ကမ်းလှမ်းတာတွေ ရှိလာပါတယ်။ ငွေရှိလာချိန်မှာ အရင်တုန်းကလို အရည်အသွေးညံ့ ပစ္စည်းများနဲ့ လိမ်ညာလုပ်ကိုင် တာတွေ ထိန်းချုပ်ရပါမယ်။

ဒီနေရာမှာတော့ နိုင်ငံခြားက ကေဘယ်များ ဘယ်လို အရည်သွေး QC စစ်ဆေးမလဲဆိုတာ အနည်းအကျဉ်း ရေးလိုပါတယ်။

ကေဘယ် ထုတ်လုပ်စက်ရုံ ဆိုတာ သိပ်မခက်ခဲပါ။ တချို့ ခရိုနီတွေ ဒီဈေးကွက်သိလို့ ပြည်တွင်းမှာပဲ ကေဘယ်ထုတ်လုပ်တဲ့ စက်ရုံတွေ တည်ဆောက်နေပါပြီ။ တကယ်ထုတ်လုပ်တာလား၊ တံဆပ်ပဲတပ်ပြီး ပြည်တွင်းသုံးဖို့ သီးသန့်လုပ်နေသလား မသိနိုင်ပါ။ ဒါကြောင့် ပြည်တွင်း QC ထိန်းချုပ်ဖို့ နိုင်ငံတော်အစိုးရနဲ့ လျှပ်စစ် ပုဂ္ဂလိက အဖွဲ့အစည်းများအတူ ကြိုးပမ်းရပါ မယ်။

QC Check at Cable Factory ကေဘယ်စက်ရုံအရည်သွေးစစ်ဆေးခြင်း
ကေဘယ်ထုတ်လုပ်ရာမှာ အရေးအကြီးဆုံးက ကေဘယ်သတ္တုကြိုးကို ဆီးမီးကွန်ဒက်တာ ပညာနဲ့လုပ်တဲ့ Material Manufacturer များနဲ့ ကေဘယ်စက်ရုံ Cable Maker တို့ ပူးပေါင်းလုပ်ဆောင်မှု အလွန်အရေးကြီးပါတယ်။ ကေဘယ် သတ္တုကြိုး Aluminium Alloy ရဲ့ အရည်အသွေး၊ Semiconductor Layer, များဟာ Absolute Smooth အလွန်ချော မွတ်နေရပါမယ်။ um nm အဆင့်အထိ ချောမွတ်ရပါမယ်။ ဒါမှာ လျှပ်စစ် ဓါတ်အား ဆုံးရှုံးမှုနည်းပါးပြီး၊ ကေဘယ် သက်တမ်း မြင့်ပါတယ်။ နှစ် ၃ဝ အနည်းဆုံးသုံးနိုင်ဖို့ လိုပါတယ်။

Free of inclusion, Cavities defects ဆီမီးကွန်ဒတ်တာ ကေဘယ်ကြိုးလုပ်တဲ့အခါ အဲဒီ အတွင်းက ချို့ယွင်းချက်တွေ ရှင်းလင်းမှ ဖြစ်ပါမယ်။ မျက်စိနဲ့ စစ်ဆေးလို့ မရနိုင်ပါဘူး။ ကေဘယ် ထုတ်လုပ်တဲ့ စက်ရုံတွေက Material Manufacturer တွေဆီက ကုန်ကြမ်းကေဘယ်ကြိုး လက်ခံစဉ် အရည်အသွေး သေချာစစ်ရေပါမယ်။ မျက်စိနဲ့ မမြင်နိုင်တဲ့ အတွက် ကုမ္ပဏီရဲ့ အာမခံ၊ ၅နှစ်၊ ၁ဝနှစ် လိုအပ်ပါတယ်။ ကေဘယ် ပျက်စီး၊ လောင်ကျွမ်းရင် သတ်မှတ် Warantte အာမခံ ကာလအတွင်း ပြန်လည်စစ်ဆေးလို့ အတွင်းအရည်သွေး မကောင်းရင် ရော်ကြေးပေးရပါမယ်။ ဒါမျိုး အာမခံ စနစ် ရှိရပါမယ်။
.
Cable Semiconductor Material ကုန်ကြမ်းထုတ်လုပ်တဲ့ ကုမ္ပဏီများက အဆောက်အဦးနဲ့ စက်များဟာ အလွန်သန့်ရှင်းတဲ့ Clean Room အခန်းတွေဖြစ်ရပါတယ်။ စက်ရုံကို ဘယ်လို ထိန်းချုပ်သလဲ ဆိုတာ Cable Maker များက အသေချာ စာရင်းစစ်၊ တနှစ်တလခါ လူကိုယ်တိုင် သွားရောက် စစ်ဆေးခြင်းများ လိုအပ်ပါတယ်။

ဖိုင်နယ် QC စစ်ဆေးရင် Insulation (solid dialectric or Paper) ခံနိုင်ရည် စစ်ဆေးပါတယ်။ Cable ခံနိုင်ရည် စစ်ဆေးတဲ့ Cable Testing & Cable Diagnosis တွေ စက်ရုံကနေ မှာတဲ့ သူဆီ သင်္ဘောမတင်ခင် စစ်ဆေးပါတယ်။

ပါဝါ ကေဘယ်အမျိုးအစား များစွာရှိပါတယ်။ စင်ကာပူမှာတော့ အားလုံး မြေအောက် Under Ground Cable သုံးပေမဲ့ မလေးရှား တရုတ်၊ ထိုင်းတွေကတော့ မြန်မာနိုင်ငံလို တာဝါတိုင်များ Overhead Tower Cable တွေ သုံးကြပါတယ်။

HVDC Cable, ၅ဝဝကေဗွီ အထက် (မြန်မာနိုင်ငံမှာ မရှိပါ)။ Cable Joint Terminal တွေကို ကျွမ်းကျင်သူများနဲ့ ဖြတ်တောက်၊ ဆက်ပေးခြင်း စတဲ့ ကန်ထရိုက်တာများရဲ့ ကျွမ်းကျင်မှုများလဲ အလွန်အရေးကြီးပါတယ်။

● လျှပ်စစ်ဓာတ်အားမငြိမ်မှု
ကျနော်နေတဲ့ ပုသိမ်မြို့ မင်းကြီးလမ်းမှာ ဗို့အား တစက္ကန့်အတွင်း ၁ဝဝ ကနေ ၁၅ဝဝ တက်ကျ အလွန်ကြမ်းပါတယ်။ ၆ လရှိပြီ.. မြို့နယ်အဆင့်ကလဲ ကြိုးတွေ မကောင်းလို့ပါဆိုပြီး ကြိုးတွေ spacer လာတပ်တယ်။ အမှန်တော့ ဗို့အားမနိုင်လို့ပါ။ ပါဝါမီတာတွေ မြို့ထဲ အလျဉ်းသင့်သလိုချပေး၊ ပြွတ်ကြပ်နေတဲ့ အိမ်များက ဓါတ်တိုင်တခုကို အိမ် ၂ဝ- ၃ဝလောက် ဝိုင်း ချိတ်ထားတော့ နောက်ဆုံး ညရော နေ့ရော မီးမငြိမ် ကြမ်းလွန်းနေတယ်။ ၃ခါလောက် မိတ်ဆွေ တိုင်းအဆင့် လျပ်စစ်အရာ ရှိကြီးထိ တက်ပြော၊ စာပို့မှ Earth မကောင်းလို မြေစိုက်ကြိုး လာချပေးတယ်။ ပိုက်ဆံဘတ်ဂျတ်မရှိတော့ လျှပ်စစ်ဌာန အရာရှိတွေလဲ စကားချိုချို ရှင်းပြနေရတယ်။ မင်းတို့လမ်းက လူလဲမပိုင်၊ ငွေလဲမနိုင်ဆိုတော့ မီးလာတာပဲ ကျေးဇူးတင်လို့ လမ်းလျှပ်စစ်တက္ကနီရှင်က ပြုံးပြုံးလေးထည့်သွားတာ ခံရတယ်။ ပူစာလွန်းမှ ၆ လအကြာ ထရန်စဖွန်မာချပေးမယ်၊ ကြိုးလဲ ပေးမယ်၊ ဘတ်ဂျတ်ကျပြီပြောပါတယ်။ လဲပေးတဲ့ပစ္စည်းတွေ၊ လုပ်ပေးမဲ့ကန်ထရိုက်တာတွေ အရည်သွေးကောင်းပါစေ ကြို တင်ကျေးဇူးတင်ထားရပါတယ်။ ၇ ရာခိုင်နှုန်း ကျေးလက်မီးမရကြသေး။ နယ်မြို့များက မီးမှန် မီးမငြိမ် မီးလာရင်ပဲ ကျေ နပ်ပေမဲ့ နိုင်ငံခြား ရင်းနှီးမဲ့ အဆင့်မြင့်ကုမ္ပဏီတွေက ဒါမျိုး so sorry ဆောရီးပါ။ မလာကြတော့ပာ။ ဒီတော့ ထိုင်း မလေး စင်ကာပူ အလုပ်သွားရှာတဲ့လူငယ်တွေ တပုံကြီးပါ။

● ကေဘယ် တံဆိပ်အတု၊ ကုန်ပစ္စည်းအတု
တရုတ်နိုင်ငံမှာ မြန်မာနိုင်ငံက ကေဘယ်စက်ရုံများလို တတိယကမ္ဘာ မသိနားမလည်၊ မစစ်ဆေးနိုင်တဲ့အစိုးရ၊ နိုင်ငံ အစိုးရ များထံရောင်းချဖို့ အတုထုတ်လုပ်တဲ့ စက်ရုံများစွာရှိတယ်ဆိုတာ အင်ဂျင်နီယာတိုင်း၊ လုပ်ငန်းရှင်တိုင်း၊ ကန်ထရိုက်တာ တိုင်း သိကြပါတယ်။ အလိမ်မမိဖို့လုပ်ရင်း မတတ်သာလို့ လက်မှတ်ထိုးပေးလိုက်ရတယ်။

● နိဂုံး (လျှပ်စစ်ကေဘယ်အရည်အသွေး)
နောက်ဆုံးတော့ မြောင်းမြတံတားလို အနှစ်၂ဝ နဲ့ ပြိုကျသွားတာ ဒေါ်လာ ၂ သန်းလောက်ပဲ ရှိပါတယ်။ လျှပ်စစ် စီမံကိန်းကြီး များဟာ တနိုင်ငံလုံး ဒေါ်လာ သန်းပေါင်း ၅ဝဝဝ နှစ်စဉ် သုံးစွဲနေပါတယ်။ အရည်သွေး မကောင်းတဲ့ ကေဘယ်များ တာဝါများ တနှစ်၊ နှစ်နှစ်နဲ့ လုံးဝမသိနိုင်ပါ။ အနှစသ် ၃ဝ အထက်ခံမဲ့ လျှပ်စစ်ကေဘယ်၊ တာဝါ၊ ဓါတ်အားရုံတွေ ၅ နှစ်အတွင်း ခဏ ခဏ ပြဿနာတက်နေရင် နိုင်ငံတော်ပိုက်ဆံတွေ အလဟသ ဖြစ်ရပါတယ်။ ဘယ်လို ဖြစ်ရသလဲဆိုတော့ ..

လျှပ်စစ် စက်မှု ကျွမ်းကျင် တက္ကနစ်ရှင် (သက်မွေးပညာကျောင်းများ) အစိုးရက ထောက်ပံ့ပျိုးထောင်နေပေမဲ့. .ဘီအီးတွေ များနေပြီး လက်တွေ့လုပ်နိုင်တဲ့ ကျွမ်းကျင် တက္ကနစ်ရှင်တွေလဲ နိုင်ငံခြားထွက်ကုန်ကြပါတယ်။ နိုင်ငံခြားကုမ္ပဏီများလာဖို့ အရည်သွေးကောင်း လျပ်စစ်ဓာတ်အား လိုနေပါပြီ။ ကျနော်တို့ငယ်စဉ်က အစိုးရပြန်ထမ်းဝင် ၅ နှစ်လုပ်ပြီးလဲ ဘီအီးဘွဲ့ ရော်ကြေး ၂ ခါသွင်းပြီး ၁၉၉ဝ မှာ ကေဘယ်ဆက်တဲ့ Marine Technician အဖြစ် ၅ နှစ် လုပ်ခဲ့ရပါတယ်။ စင်ကာပူ ရောက် မြန်မာ တက္ကနရှင်များစွာရှိတာ GTI THS Military Technician များက အများစုပါ။ သူတို့ပြန်မလာနိုင်တော့ ၅နှစ်စီမံကိန်း လျပ်စစ်ပရိုဂျက်ကြီးများမှာ စင်ကာပူ EDB.gov.sg, တောင်ကိုးရီးယား KDI လိုမျိုး..development အစိုရအဖွဲ့လို ဖွဲ့ပေးပြီး လူငယ်ပညာရှင်များစွာ ခန့်ထား သင်ကြား လေ့လာစာတန်းရေး ကေဘယ်လုပ်ခိုင်းရမယ်။ ပျိုးထောင်ရမယ်။

ခဏ ခဏ ပျက်လို့ ပြင်ဆင်ဖို့ (ဥပမာ ကြွေသီး၊ စပေ့ဆာ၊ ကွန်နက်တာ စတဲ့ ပစ္စည်းလေးတွေ) အသစ်ပြန်လဲလှယ်ပေးရရင် .. ဗို့အားမြင့် HV ပါဝါလိုင်းကို ခဏခဏ ပိတ်ပေးရပါမယ်။ ပိတ်လိုက် ဖွင့်လိုက် ခဏ ခဏ ဖြစ်နေရင် .. အိမ်မီးက သိပ် ပြဿနာ မရှိပေမဲ့၊ စက်ရုံအလုပ်ရုံတွေ ကွန်ပြူတာသုံးတဲ့ စက်ပစ္စည်းတွေပျက်စီး၊ ထိခိုက်ပါတယ်။ နောက်၅နှစ်အကြာ ဒါမျိုး ဖြစ်လာရင် ဘယ်သူ့ကို အပြစ်တင်မလဲ။ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်လဲ နောက် ၅ နှစ်ဆို ရှိချင်မှ ရှိပါတော့မယ် (ဝန်ကြီး ရာထူးဆက်လုပ်ချင်မှ လုပ်တော့မယ်လို့ ဆိုလိုပါတယ်)။
ဒါကြောင့် လျှပ်စစ် အရည်အသွေးစစ်ဆေးခြင်းကို မော်တော်ယာဉ်စစ်ဆေးသလို၊ ဆောက်လုပ်ရေးပစ္စည်းတွေ စစ်ဆေးသလို နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပ ပညာရှင်များက ပူးပေါင်းပြီး အစိုးရကိုတင်ပြဖို့အချိန်ရောက်လာပြီလို့ အ ကြံပြု တင်ပြလိုက်ပါတယ်။

ဇော်အောင်
၃၁.မေ.၂ဝ၁၈

ကိုးကား ...
* ဝီကီ HV Cable
https://en.wikipedia.org/wiki/List_of_cable_manufacturers
Cable Manufacturers Process & QC Check.
* စာရေးသူ ရေးသားသော စာအုပ် https://goo.gl/8ye18m
* မဟာဓါတ်အားလိုင်းအကြောင်း (ကုန်ကျငွေ၊ ပြည်ပနှင့်ဆက်သွယ်ခြင်း၊ ရပ်ကျေးများသို့ ပို့လွှတ်ခြင်း)..
https://goo.gl/G8GVBR

Comments