ကျော်ထင် ● ဝါဆိုပန်းခူး၊ လွမ်းဖူးသူရင်
(မိုးမခ) ဇွန် ၂၉၊ ၂၀၁၈
(မိုးမခ) ဇွန် ၂၉၊ ၂၀၁၈
''အမေဆိုဆဲ၊ဝါဆိုပွဲ၊
လှည်းကလေးနဲ့သွားရအောင်။
ကုက္ကိုပင် မြန်မြန်ခုတ်လို့၊
လှည်း လုပ်ပမောင်။
လှည်းလုပ်ရင် ကြာပြန်ရော့မယ်၊
မဘုတ်ဆုံ တင်ဆုံကြီး၊
လှည်း လုပ်လို့စီး။ ''
(၁)
ဒီကျေးလက်ကဗျာလေးကို ကျနော်တို့ ရွတ်တော့ လူပျိုမပေါက်တပေါက်အရွယ်ရောက်နေပြီ။ ကျနော်တို့ သူငယ်ချင်းတွေအားလုံး အသံတွေလည်း ပြောင်းနေပြီ။သြသြ အက်အက်။ နို့အုံထိပ်လေးတွေမှာလည်း ယောင်ယောင်လေး ဖောင်းလို့၊မို့လို့။ ထိမိရင် နာနေတတ်တယ်။ စိတ်တွေလည်း ဘာထူးသေးလဲ။ နောက်ထပ်ဝေဒနာတခုကို တွေ့သိလိုက်ရလို့ ဘောင်ဘင်တွေခတ်နေရတယ်။ ဒီဝေဒနာက ကျနော်တို့အတွက် အသစ်လေ။ တခါမှခံစားတွေ့ကြုံဖူးခြင်း မရှိသေးတဲ့အသစ်။ စိတ်တွေဆိုတာက အဲ့ဒီ့အသစ်မှာပဲ တဝဲလယ်လယ်ရယ်။
အဲ့ဒီလို တဝဲဝဲလယ်နေရတဲ့ဝေဒနာအသစ်ကဘာလဲဆိုတော့ လိင်ကွဲအပေါ် စိတ်ဝင်စားတတ်လာတာ။စူးစမ်းချင်လာတာ။ ဒါပေမဲ့ ခေတ်အရ လိင်ကိုစိတ်ဝင်စားတယ်ဆိုပေမယ့် ဝင်စားရုံတင် ဝင်စားနိုင်တာပါ။ကျနော်တို့မှာ လိင်ပညာပေးဆိုတာ မရှိ၊လိင်ဖျော်ဖြေရေးဆိုတာတွေလည်း သိမှမသိတာ။ပခြုပ်သည်ဆိုတာကလည်း ရှာမှရှားမို့ တွေ့ကိုမတွေ့ ဖူးတာ။
ယောက်ျားတွေနဲ့ သိပ်ပွေသိပ်ရှုပ်တာပဲဆိုပြီး သတင်းကြီးတဲ့မမတယောက်အကြောင်းကိုသာ စိတ်ထဲ ဟိုတွေးဒီတွေးကြည့်ရင်းနဲ့ ကယောက်ကယက်ဖြစ်ရုံလောက်ပါ။ အဲ့ဒီ့မမက ဗောဓိညောင်ပင်မှာ၊ ရှမ်းကန်မှာ၊ ရေဆင်းမှာ၊ ယောက်ျားတယောက်နဲ့ ချိန်းတွေ့တတ်တာ။ အဲ့ဒါကို ကျနော်တို့က မတွေ့မကြုံ မမြင်မစမ်းနဲ့ပဲမျက်ကန်းစူးစမ်းလုပ်ကြတယ်။ ဒီကရတဲ့အဖြေဟာ ကျနော်တို့ စူးစမ်းရှာဖွေနေတဲ့ လိင်မှုရေးရာ အဖြေလွှာပါပဲ။
ကျနော်တို့ လူပျိုပေါက်ဘဝတွေရဲ့ လိင်အာသာဖြေလျော့မှုပါပဲ။ ဒီလောက်ကလွဲရင် ပတ်ဝန်းကျင်မှာ လည်း လိင်ပညာပေးဆိုတာတွေတိတ်လို့ ၊ ဆိတ်လို့၊ သိုသိပ်လို့ပါ။ လိင်ကို အပြစ်လို့ယူဆကြသံပဲ ကြားရတယ်။ ကျနော်တို့ ယဉ်ကျေးမှုကလိင်ဟာ မဖွယ်မရာ ရှက်စရာ၊ သိုဝှက်ထားစရာလို့ပဲ သင်ကြားကြတယ်။ ကွန်ဒုံးတွေ အိမ်ရှေ့က အမှိုက်ပုံမှာ တွေ့တဲ့အကြောင်းတောင် တိုးတိုးတိတ်တိတ်ပြောကြတယ်။
ကျနော်တို့ ကလေးတွေရှေ့ ဆိုမပြောဘူး။ ရပ်လိုက်ကြတာ။ အဲ့ဒီလိုဟီရိသြတပ္ပဘောင်ထဲထိုးသိပ်ထည့်ရင်း လိင်ကိုမျိုသိပ်ထားကြတဲ့လူ့အဖွဲ့အစည်းကြီးမှာ ကျနော်တို့လို ကလေးတွေအတွက် လိင်ဆိုတာ ကန့်လန့်ကာနောက်ကွယ်က ကန့်သတ်နယ်မြေတခုပါ။ အကန်းပြုခြင်းခံထားရတာ။
(၂)
ဒါပေမယ့် ဒီလို ထိန်းကျောင်းထားတဲ့ ကြားကပဲ လိင်သဘာကို ခန္ဓာဗေဒအရ သွေးသားတွေက စိတ်ဝင်စားလာစေတယ် ။ကျနော်တို့ရဲ့တောင်းဆိုမှုတရပ် ဖြစ်လာစေတယ်။ ဒီတောင်းဆိုမှုတွေက သူငယ်ချင်းတွေ စုမိရင် မိန်းမဋီကာတွေကို ကြားဖူးနားဝဋီကာချဲ့ ပြကြစေတယ်။ ဒီနေရာမှာ များများပြောနိုင်တဲ့သူက အဖွဲ့မှာ ဆရာတဆူ ဖြစ်ရောပဲ။ အဲ့လိုအခါမျိုးတွေမှာ နားထောင်ကြရင်း သွေးသားတွေဟာ ဗလောင်ဆူနေတော့တာပဲ။
မိန်းမဆိုတာ ငါတို့ ဖြစ်တည်မှုနဲ့ မတူဘူး သိပ်အရသာထူးတာပဲလို့ ထင်ယောင်တွေးတောတဲ့စိတ်မှာ အာရုံကျက်စားလာတော့တာပဲ။ မ'သတ္တဝါရဲ့ အဆင်းအသံအနံ့အရသာတွေကိုပဲ စိတ်က အမြဲတမ်းတိမ်းညွတ်နေတယ်။ ဒါပေမဲ့ မိန်းမဆို တဲ့သတ္တဝါမ'ဟာ အဲ့ဒီ့ခေတ်မှာ ဖောဋ္ဌဖအရတော့ ကျနော်တို့နဲ့ အဝေးကြီးမှာပါ။ ကျနော်တို့ရဲ့ဖြစ်တည်မှုနဲ့၊ ဆန္ဒတွေနဲ့အဝေးဆုံးမှာ ရှိနေတာပါ။ ဒါကို ကျနော်တို့ဘယ်လို ဖြေရှင်းခဲ့ကြသလဲ။
ဆန်းစစ်ကြည့်တော့ စကားဝိုင်းဖွဲ့ ဋီကာချဲ့ကြတာကိုပဲ ပြန်မြင်ယောင်မိတယ်။ ပုဂံငကျွဲလို လိင်ပုံပြင်တွေ သူတပုဒ်ပြော၊ ကိုယ်တပုဒ်ထုတ် လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ လိင်စိတ်ဆိုတာ ဒီဖိုမ သဘာဝတခုတည်းတင် မဟုတ်ပါဘူး။ ဒီထက်ပိုပါတယ်။
ပိုတာက လူကြီးသူမမပါဘဲ ကျနော်တို့သွားလာချင်ကြတယ်။ ကျောင်းအပ်တာကအစ ရုပ်ရှင်ကြည့်တာအလယ်၊ အဘွားအိမ်သွား၊ ဘုန်းကြီးကျောင်းအဆုံး အားလုံးကိုမိဘမပါဘဲ ဆောင်ရွက်ချင်လာကြတယ်။
အမေ့လက်ကို ဆွဲပြီး ဈေးလိုက်ရာက၊ အဖေ့ လက်မောင်းကို ခိုမှီပြီး ရုံးလိုက်သွားရာကနေ ကျနော်တို့ လက်တွဲဖြုတ်လာကြတယ်။ မိဘအရိပ်အောက်ကနေ တတ်နိုင်သမျှ တစစ ဖယ်ခွာလာကြတယ်။ ကိုယ့်ထီးရိပ်ကို ကိုယ်ဖွင့်ဆောင်းဖို့ ကြိုးစားလာကြတယ်။ ဒါဟာ ကျနော်တို့ရဲ့လိင်စိတ်က ကျနော်တို့ကို လူကြီးဖြစ်တည်ခွင့်ပေးဖို့ တောင်းဆိုနေကြတာလေ။
ကျနော်တို့ လူကြီးဖြစ်ချင်ကြတယ်။ လူကြီး ဖြစ်လိုကြတယ်။ ဒါကြောင့်လည်း လူကြီးဖြစ်စေတဲ့ ကံသုံးပါးကို တခုမဟုတ်၊ တမျိုးတော့ ပြုမူမိအောင် အားထုတ်ကြတယ်။
မှတ်မှတ်ရရပြောရရင် ဝါဆိုပွဲဆီ သွားတာ ပထမလို့ ပြောရမယ်။ လူကြီးတွေမပါဘဲ တောရကျောင်းတွေဆီ ဝါဆိုပန်းခူးပွဲသွားခဲ့ကြတယ်။ ဒါဟာ လိင်သဘာဝက တွန်းအားပေးလိုက်တဲ့လူကြီးဖြစ်ခွင့် တောင်းဆိုမှုပါပဲ။
(၃)
အဲ့ဒီလိုသွားကြတာဟာ တကယ်တော့ တော်တော်ကြီးတဲ့ စွန့်စားခန်းကြီးပါ။ ပထမအချက်ကတော့ လူကြီးတွေ မသိအောင် ခိုးသွားရတာ။ ဒုတိယတစ်ခုက ခရီးဝေးတာ။ အိမ်နဲ့ဆို ဆယ်မိုင်လောက်တော့ ဝေးလိမ့်မယ်။ ဒီလောက် ဝေးတာကို ခြေကျင်သွားကြမှာ။ နီးတဲ့ဖြတ်လမ်းကို စိုးသန်းက ရှာပေးတယ်။ မီးရထား သံလမ်းအတိုင်းသွား။ ပန်းခင်းကို ကျော်။ပန်းခင်းဆိုတာက အဲ့ဒီ့တုန်းက မေမြို့ပန်း၊ ဒေါနပန်းတွေ စိုက်တဲ့နေရာ။ ခုတော့ ရပ်ကွက်ကြီးတခု ဖြစ်နေပါပြီ။
ပန်းခင်းကို ဖြတ်လာ၊ ကျော်လာပြီဆိုတာနဲ့ သံလမ်းအနောက်ဘက်ခြမ်းက ကားလမ်းနံဘေးမှာ သစ်ကြီးဝါးကြီးတွေ တွေ့ရပါပြီ။ အဲ့ဒီ့သစ်ကြီး၊ ဝါးကြီးတွေကြားမှာ တောရကျောင်းတွေလေ။အရညသီတွေပေါ့။
ဥဗုဒ္ဓေါတောရ၊ဘုရားကြီးတောရ၊ ညောင်ရမ်းတောရ ၊သပြေတောင်၊ ဆိုတာတွေဟာ ဝါဆိုပန်းခူးရာ နေရာတွေလေ။ ဥဗုဒ္ဓေါတောရ၊ဘုရားကြီးတောရညောင်ရမ်းတောရတို့ဆိုတာက ကားလမ်းနံဘေး သစ်တောလေးထဲ ဝင်သွားရတာ။ တောလမ်းလေးပေါ်မှာ သစ်ရိပ်၊ ဝါးရိပ်ခိုရင်း အမောတွေလည်းဖြေ၊ စိတ်တွေလည်းပြေစေပေါ့။ အထူးသဖြင့် ဝါဆိုပွဲကျင်းပတာကတော့ ညောင်ရမ်းတောရမှာပါ။ တောရအဝင်မှာ ကျွန်းပင်ကြီးနှစ်ပင်က ဖားဖားလျားလျားနဲ့ ခရီးဦးကြိုပြုနေတာ။ ခုတော့ ကျွန်းပင်ကြီးတွေကို မမြင်မိပါဘူး။ ဘယ်ထွက်သွားလဲ မသိဘူး။
ခပ်မောင်းမောင်းမုခ်ဦးမှာသာ ရွှေမင်ရောင်ဝင်းဝင်း ကနုပ်ခင်းတွေနဲ့ ညောင်ရမ်းတောရဆိုတဲ့ အမှတ်သညာကို ရေးထိုးထားတာ။ သြော်--တောရကိုးလို့ ပြန်မှတ်ချက်ချစေရုံလောက်ပဲ ဖြစ်မှာပေါ့။
တောရတွေရဲ့မျက်နှာစာနေရာတွေ အားလုံးမှာ တောစတောနတွေ မတွေ့ရတော့ဘူး။ မြင်ကွင်းတွက ပြောင်းသွားပြီ။ အိုးအိမ်တွေက ဝါဆိုမှိုတွေလိုပဲ တောရကျောင်းတွေရဲ့ ရှေ့မှာ ဘေးမှာအထဲထဲမှာ ပေါ်ထွက်နေလိုက်တာ။ ဟိုးတုန်းကလို မဟုတ်တော့ဘူး။
ကျနော်တို့ မိဘ မသိအောင် စသွားမိခဲ့တုန်းက တကယ့်ကို ခေါင်တာပါ။ လူကွဲရင်၊ လမ်းပျောက်ရင် လူကွဲကွဲချင်း နီးစပ်ရာကို အရင်လိုက်ရှာ။ မတွေ့ရင် ဒီကျွန်းပင်ကြီးဆီ ချက်ချင်းအရောက်လာကြဖို့ တိုင်ပင်ထားရတယ်။ ကျွန်းပင်ကြီးရှိရာက ရှာရတာ မခက်ပါဘူး။ အရှေ့ဘက်မှာ ရှိတယ်။
တောထဲကနေ နေထွက်တဲ့ဘက် ဦးတည်လျှောက်ရင် ကားလမ်းမပေါ်ရောက်မယ်။ ကားလမ်းမပေါ် ရောက်တာနဲ့ အဲ့ဒီ့လမ်းတလျှောက်ရဲ့အနောက်ဘက်ခြမ်းတခုလုံးမှာ ဘုရားကြီးတောရ၊ ဥဗုဒ္ဓေါတောရ၊ ညောင်ရမ်းတောရဆိုပြီး တောင်မြောက်တန်းလျက် ရှိနေတာ။ ကျွန်းပင်ကြီးနှစ်ပင်က ညောင်ရမ်းတောရရှေ့မှာ။
(လေး)
အဲ့ဒီလို လူကြီးဖြစ်ခွင့်အတွက် ဝါဆိုပွဲသွားနွှဲခဲ့ဖူးတယ်။ တကယ်တော့ ဝါဆိုဆိုတာ ရဟန်းသံဃာတော်တွေ တမိုးတည်း၊ တကျောင်းတည်း၊ တနေရာတည်း မှာ နေထိုင် သီတင်းသုံးပါ့မယ်လို့ အာမဘန္တေပြုတဲ့လပါ။ အရပ်ဖက်ကလူ့တွေရဲ့အကဲ့အရဲ့ကို မခံရအောင် ဘုရားရှင်က စောင့်ထိန်းခိုင်းခဲ့တဲ့ ဝိနည်းတခု စတင်တဲ့လပါ။
ကျနော်တို့ အန္ဓ၊ဗာလ၊ ကလျာဏပုထုစဉ်တွေကတော့ ဘုရားလည်း မမေ့ရအောင်၊ သာသနာလည်း ပျံ့ ပွားအောင်၊ ပျော်စရာလည်းကောင်းအောင်ဆိုပြီး၊ မိုးဦးကျ ဝါဆိုလမှာထွက်ပြူလာတဲ့ ပန်းမာလ်ပွင့် ခက်၊ အရွက်အလက်တွေကိုခူးယူပြီး နီးရာသာသနာ့အဆောက်အဦတခုခုမှာ ပူဇော်ပသတဲ့ပွဲတွေကျင်းပကြတယ်။
ဂျပန်တွေကတော့ ပန်းကြည့်ပွဲတဲ့။ ကျနော်တို့ဆီမှာက ပန်းခူးပွဲ။ ကျနော်တို့ကတော့ ဖန်းခါးသီးကြွေတွေ လိုက်ကောက်ကြတယ်။ ငံပြာရည်ဖျော်နဲ့ မြှုပ်စားဖို့ ။အင်ဥတွေ လိုက်တူးကြတယ်။ ပါးပါးလှီးပြီး ကြော်စားဖို့ ။သိင်္ဃသူ့သမီး ရေးထိုးခဲ့သလို အရအမိကို လိုသူက အရအမိကို ရစေသတည်းပေါ့။ တောငယ်၊ တောင်ငယ်ထဲ ထူးထူးခြားခြားလှပတဲ့ ပန်းရယ်လို့ မတွေ့ရပေမယ့်၊ မုန်တိုင်ပင်တွေ ရှိတယ်။ သပြေညွှန့်တွေရှိတယ်။ ကံ့ကော်ခက်တွေ တွေ့တယ်။ အင်ဖက်ဖားဖားလှလှကြီးတွေကြား သမီးရီးစားတွေကွယ်ပုန်းနေတာလည်း တွေ့ရတယ်။ တချို့နေရာတွေမှာ စေတီပျက်လေးတွေ ရှိတယ်။ တောပန်း ဝါဝါလေးတွေက စိမ်းရွှေရွှေ ရနံ့နဲ့၊ ချွေးထွက်ကဲတဲ့ မိန်းမလှလေးလို ဖူးပွင့်နေကြတယ်။
ခုခေတ်နဲ့ ယှဉ်ရင်တော့ ပျော်စရာဆိုတာက ရယ်စရာလို့ ထင်ကြမှာပဲ။ နည်းတာပေါ့။ ဒါပေမဲ့လည်း အဲ့ဒီ့ခေတ်၊ အဲ့ဒီ့ကာလဖွား ကျနော်တို့မြို့သားတွေကတော့ပျော်ကြတာပါပဲ။ ကိုယ့်စားစရာ ကိုယ်ယူ၊ ကိုယ့်ကက်ဆက် ကိုယ်ဖွင့်ပြီး တောငယ်တောင်ငယ်ထဲ၊ မြေသာ၊ နေသာတဲ့နေရာမှာ ဘဝအမောတွေကို ခေတ္တ မေ့ပစ်ကြတယ်။ ဒါပေမယ့်လည်း ဒီပွဲတွေက ခိုင်ထူးကြီးရဲ့' ဝါဆိုပန်း ပွင့်ဝေ ပုန်းညက် နွမ်းရက်လွန် ကြွေပြီမို့ ' ဆိုတဲ့သီချင်းကို ဆိုကြတဲ့အခါကျတော့ မရှိတော့ဘူး။ တိမ်ကောသွားပြီ ။အနီးအနား ရွာလေးတွေမှာတော့ လုပ်သေးတယ်ကြားမိပေမယ့် ကျနော်တို့မြို့မှာတော့ အရင်လို ဝါဆိုပန်းခူးပွဲတွေလုပ်တာ မတွေ့မိတော့ပါဘူး။
ဝမ်းလျားမှောက်ပြီး ဂိမ်းဆော့နေတဲ့ကျနော့်သားကြီးတောင် ဘယ်လိုပုံစံနဲ့လူကြီးဖြစ်ခွင့်ကို တောင်းဆိုလေမလဲ။ သူတို့ခေတ် လူကြီးဖြစ်ခွင့်က စွန့်စားခရီးနဲ့ စတင်တာမှ ဟုတ်ပါ့မလား။ သူတို့ခေတ်မှာ လိင်ကို ဘယ်လို ဖွံ့ဖြိုးအောင် လုပ်လာကြမလဲ။ သူတို့ ခြေလှမ်းတွေကို လူကြီး မပါဘဲ၊ ဘယ်လို လျှောက်လှမ်းလာမလဲ။
(ငါး)
အမေဆိုဆဲ ဝါဆိုပွဲ၊လှည်းကလေးနဲ့ သွားရအောင်ဆိုတဲ့ ကျေးလက်တေးလေးတော့ဆိုတာ မတွေ့ရ ပါဘူး။ သူတို့ ကြား လည်း ကြားဖူးကြဟန် မတူပါဘူး။မကြာမကြာ ဖုန်းကို နားကြပ်နဲ့နားထောင်ရင်း ဟော့ဒီ့တိုင်းပြည် ပုဒ်မ ၃၀၂ သာ မရှိရင်၊ ငါ … တစ်ယောက်တည်း သတ်ချင်ဆိုသံကိုတော့ ညည်းနေတာ အကြားသား။
ကျော်ထင်
Comments