ဆောင်းယွန်းလ ● ရွဲ့စောင်းနေတဲ့ အတည့်များအကြောင်း


ဆောင်းယွန်းလ ● ရွဲ့စောင်းနေတဲ့ အတည့်များအကြောင်း
(မိုးမခ) ဇူလိုင် ၂၈၊ ၂၀၁၈

ကိုယ့်အဖြစ်နဲ့ကိုယ်မှာ
သူတပါးရဲ့သတ်မှတ်ချက်ကို ထိုင်ဖတ်ရမတဲ့လား
ဟားတိုက်ရယ်မောရင်း
အရူးစာရင်းထဲ ကိုယ့်နာမည်ကိုယ်ရေးလိုက်ရုံသာ

အဆန်းဆုံးပုံပြင်တွေ ရုံတင်ထားလည်း
လတ်မှတ်တိုးပြီး ဝယ်မကြည့်ဖြစ်ခဲ့ပါ
တိုင်ပတ်နေတဲ့ ဇယားတွေထဲ
ရှင်းအောင်နေချင်လို့ 
ဝဲလ်ကမ်းတံဆိပ်ကို အမှိုက်အိတ်ထဲဝဲလိုက်မိပါတယ်
လေထဲမှာ မသမာတဲ့အနံ့အသက်တွေပြည့်နေလို့ 
အခန်းတံခါးပိတ် သီချင်းတပုဒ်နဲ့ အိပ်လိုက်မိပါတယ်

ဧည့်သည်ကိုဧည့်ခံဖို့ 
စာမျက်နှာဘယ်လောက်ကို လှန်ဖတ်ကြည့်ရမှာလဲ
စာသားတွေပေါပေမယ့် စကားလုံးတွေရှားပါတယ်
အမှားပါရင် ခွင့်မလွှတ်ပါနဲ့

နေ့ မြင်ညပျောက်ခေတ်ကြီးနဲ့ 
အပေါက်အပြဲတွေပြည့်နေတဲ့ ကမ္ဘာကြီးထဲမှာ
ညနေဆည်းဆာကို နှစ်ခါမြင်ချင်ရင်
နောက်ခံထားပြီး ဆယ်လ်ဖီဆွဲလိုက်ရုံပဲ
သူ့ အကြောင်းနဲ့ သူ မျက်နှာလွှဲသွားတဲ့ လမ်းပေါ်မှာ
ကိုယ့်အကြောင်းနဲ့ ကိုယ်
တံတွေးတပြစ်ပြစ်ထွေးလိုက်တာ မွေးရာပါဗီဇတော့မဟုတ်လောက်ဘူး

အေးရာအေးကြောင်း
ကိုယ့်အလောင်းကိုယ်ပြင်ရမှာကိုများ
ခင်ဗျားက ဘာကိုပူနေရတာလဲ
ကော်ဖီပူပူကို ကော်ဖီလိုပူအောင်သောက်ပြီး
ရေခဲရေကို ရေခဲရေလိုအေးအောင်သောက်တာ အကောင်းဆုံးပဲ

လမ်းပေါ်မှာ မူးပြီးမှောက်လဲနေရင်
တစုံတယောက်ဟာ ဆွဲထူပြီးတည့်မတ်ပစ်မှာ သေချာတယ်
စေတနာပါမပါဆိုတာပဲ မသေချာတာပါ
ချိုင့်ခွက်ခလုတ်တွေနဲ့ လွဲချင်ရင်
ကြိုးတန်းပေါ် လမ်းလျှောက်ဖို့ ပြင်ရုံပဲ

ယုံကြည်ခြင်းဟာ ယုံကြည်မှုရှိမှသာ အတည့်လာတယ်။

ဆောင်းယွန်းလ

Comments