K ငြိမ်းချမ်း ● သူတို့ပြောတဲ့ နှစ် ၃ဝ ပြည့် ၈၈၈၈ လူထုအရေးတော်ပုံ

K ငြိမ်းချမ်း ● သူတို့ပြောတဲ့ နှစ် ၃ဝ ပြည့် ၈၈၈၈ လူထုအရေးတော်ပုံ
(မိုးမခ) ဇူလိုင် ၂၈၊ ၂၀၁၈

(ကိုလေး - အင်းဝဂုဏ်ရည်၊ အောင်ဇင်မင်း၊ ဆူးငှက်၊ မောင်အောင်ပွင့်၊ ကိုနေဝင်း၊ မောင်မှိုင်းလွင် - အင်းဝ၊ မောင်ကြူးရင့်၊ ကြည်ဇော်ဝင်း၊ ဂျိုဇော်၊ ထွန်းဝေမြင့်၊ နိုင်ဝင်းသီ၊ အောင်ကောင်းမြစ်၊ မောင်ခိုင်မွန်၊ လွှမ်းရုံ၊ ကလင့် - မန္တလေး၊ ဇာဦးကို)

မြန်မာနိုင်ငံမှာ ၁၉၆၂ ကစလို့ စစ်အာဏာရှင်စနစ်အောက်ကျရောက်ခဲ့ရတာ လူတိုင်းအသိဖြစ်ပါတယ်။ ၁၉၆၂တော်လှန် ရေး ကောင်စီလက်ထက်မှာ တကြိမ်၊ ၁၉၉၂ နဝတ၊နအဖလက်အောက်မှာ တကြိမ်နဲ့ စုစုပေါင်း နှစ်ပေါင်း ၅ဝ နီးပါး စစ် အုပ်ချုပ်ရေးတွေနဲ့နေထိုင်လာခဲ့ရပါတယ်။

ပြည်သူလူထုက စစ်အုပ်ချုပ်ရေးစနစ်ကို မနှစ်မြို့ငြင်းဆန်တိုက်ပွဲဝင်ခဲ့ကြတာကြောင့် ကျောင်းသားအရေးအခင်းတွေ၊ အ လုပ်သမား အရေးအခင်းတွေ၊ သံဃာ့အရေးအခင်းတွေဟာ စစ်အုပ်ချုပ်ရေးကာလ နှစ်ပေါင်း ၅ဝ ကျော်အတွင်းမှာ အကြိမ် ပေါင်းများဖြစ်ပွားခဲ့ပါ တယ်။ ဖြစ်ပွားတိုင်းလည်း စစ်အာဏာရှင်တွေဟာ လက်နက်နဲ့ဖြေရှင်းခဲ့တာမို့ ပြည်သူလူထုဘက်က သွေးချောင်းစီးခဲ့ရပါတယ်။

အဲဒီလို စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ပွဲဝင်ခဲ့ကြတဲ့ အရေးအခင်းတွေထဲမှာမှ ကျောင်းသားပြည်သူရဟန်းသံဃာ အလုံးစုံပါဝင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့တော်လှန်ရေးလှိုင်းအကြီးဆုံးကတော့ ၈ရက် ၈လ ၁၉၈၈မှာဖြစ်ပွားခဲ့တဲ့ ၈၈၈၈လူထုအရေး တော်ပုံကြီးဖြစ်ပါတယ်။
လာမယ့်သြဂုတ်လ ၈ရက်နေ့ဆို အဆိုပါ လူထုအရေးတော်ပုံကြီးဟာ နှစ်ပေါင်း ၃ဝပြည့်ပြီဖြစ်ပါတယ်။ ၈၈၈၈ လူထုအရေး တော်ပုံကြီး နှစ် ၃ဝပြည့်အထိမ်းအမှတ်အဖြစ် ကဗျာဆရာ၊ စာရေးဆရာ၊ အနုပညာရှင်တို့ရဲ့အမှတ်တရစကားသံများကို မိုးမခဝိုင်းတော်သား K ငြိမ်းချမ်းက မေးမြန်းကာ စုစည်းဖော်ပြလိုက်ပါတယ်။

ကိုလေး (အင်းဝဂုဏ်ရည်)
စစ်အာဏာရှင်စနစ် ဘယ်သောအခါမှ ပြန်မလာရ။

အောင်ဇင်မင်း (ကဗျာဆရာ)
ပိတ်ဆို့မှုကြောင့် စီးဆင်းကြရခြင်းဆိုသည်ကား လူသားကမ္ဘာဆီက နက်ရှိုင်းစွာသော ဒဿန။ ဧရာဝတီမြစ်ဆိုသည်မှာ မေခ မလိခ။ ထိုမှ ပေါင်းဆုံချိန် ပေါင်းဆုံခွင့်ရယူလိုက်နိုင်ခြင်း၏သင်္ကေတ။ ထိုသဘော တရားဝင် ရှစ်လေးလုံး လူထု အရေးတော်ပုံကြီး။ ထိုသဘောတရားဝင် ငြိမ်းချမ်းသော နိုင်ငံတော်ဆီကိုလည်း ဒို့များတတွေ ဦးတည်နိုင်ကြရပေလိမ့်မည်။ (၂၆.၇.၂ဝ၁၈)

ဆူးငှက်
နိုင်ငံတစ်နိုင်ငံမှာ သမ္မာသမတ်ကျစွာ အုပ်ချုပ်ရမယ့် အစိုးရနဲ့ပြည်သူမကြည်ဖြူသမျှ ဘယ့်နှယ်လုပ်ပြီး တိုင်း ပြည်စီးပွားရေး ကောင်းပါ့မလဲ။ အစိုးရက ကိုယ်ကျိုးရှာ၊ ပြည်သူက မွဲသထက်မွဲ …။ ဘယ်လိုမှ မထိန်းနိုင်တော့ဘဲ ဆုံ မှတ်တစ်ခုမှာ အုပ်ချုပ်ရေးယန္တရားက ပြိုလဲလုလု …။ အာဏာလုပွဲတွေက နောက်ကျောမှာ ဓားဒဏ်ရာကိုယ်စီ၊ တိုင်း ပြည်ကလည်း ချွတ်ခြုံကျ အမွဲစာရင်းဝင် …။ အနာကဖြင့် ရင့်မှည့်နေပေါ့။ ဒီအချိန်မှာ … အနာပေါက်စေမယ့် အပ်ဖျားလေး မထင်မှတ်ဘဲ ထောက်ကျလာတာပါပဲ၊ ၁၉၈၈ ခု မတ်လ (၁၃) ရက် …။ ကျောင်းသားနဲ့အရပ်သား ပဋိပက္ခမှာ ထုံးစံအတိုင်း အာဏာပိုင်က ဖြေရှင်းနည်းမမှန် …။ အမှားကျူးလွန်သူတို့ ထုံးစံအတိုင်း အမှားတွေက ဆက်တိုက် ဆက်တိုက် …။

ပေါက်ထွက်စ အနာကို အဆက်ဆက်ခံစားနာကျည်းခဲ့ရတဲ့ လူတန်းစားအလွှာ အသီးသီးရဲ့ ခံစားချက်တွေနဲ့ ပြိုင်တူ အချက်ပေး ညှစ်ထုတ်ပစ်လိုက်ကြတာပါပဲ။

၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်။

မောင်အောင်ပွင့်
မိုးစင်စင်လင်းပြီ
ဇာတ်ပေါင်းကြတော့မှာပါ။
ကိုယ့်ဇာတ်ရုပ် ပီပီသသနဲ့ ထွက်ရတော့မှာပါ
ဇာတ်က အချိန်ဆွဲက နေ နေတာ
သိသာပါတယ်။     ။

ကိုနေဝင်း
ငြိမ်းချမ်းရေးမိုးစက်များ သီချင်းရေးခဲ့ပါတယ်။
 
မောင်မှိုင်းလွင် (အင်းဝ)
လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ သွေးစည်း ညီညွတ်ပြီး ဘုံရန်သူ စစ်အာဏာရှင်စနစ်ကို တိုက် ခိုက်ခဲ့တဲ့ ရှစ်လေးလုံးစိတ်ဓာတ်ကို ဆက်လက် ကိုင်စွဲကြ။

မောင်ကြူးရင့်
၈၈၈၈ လေးလုံးလူထု အရေးအခင်းဟာစစ်အာဏာရှင်စနစ်ရဲ့ ပြည်သူလူထုအပေါ် ကြမ်းကြုတ်ရက် စက်မိုက်ရိုင်းရမ်း ကား သတ်ဖြတ်မှုကို မခံမရပ်နိုင်ရာမှ ထွက်ပေါ်လာခြင်းဖြစ်ပါတယ် စစ်သားရဲဝန်ထမ်းအားလုံးအပါအဝင် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လူထုတရပ်လုံးက တော်လှန်ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့သမိုင်းဇာတ်ခုံပေါ်မှာ ကမ္ဘာတည်သရွေ့ ပေါ်ပေါက်ဖို့ မလွယ်တဲ့တော်လှန်ခြင်းတရပ်ဖြစ်ပါတယ်။

ကြည်ဇော်ဝင်း
ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးလည်း နှစ် ၃ဝ ပြည့်ပေပြီ။ ပြည်သူတွေမျှော်မှန်းထားသလို ဒီမိုကရေစီကတော့ အပြည့်အဝ မရသေး။ ယနေ့တိုင် ရုန်းကန်နေကြရဆဲ။ ပြည်သူတွေ နားမျက်စိ ပွင့်လာကြသည့် အတွက် တစ်နေ့ ရရပေမည်။ စစ်အာဏာရှင်က တော့ ကျားလည်းမသေသေးသလို ကျားရေလည်း မပြောင်းသေး။

ငုံ့ခံနေကြရင်တော့ အနိုင်ကျင့်မည်သူက အနိုင်ကျင့်မြဲ ကျင့်ပေမည်။ ကျွန်တော်တို့ ဒီမိုကရေစီ စစ်အေးတိုက်ပွဲ ဆက်လက် ဆင်နွှဲကြရပါဦးမည်။  ပြည်သူ့အားကို အမြဲယုံကြည်တဲ့။

ဂျိုဇော်
အောင်ပွဲနဲ့ လက်တစ်ကမ်းအကွာ
မချင့်မရဲ နောင်တကို
သင်ခန်းစာ အလံတော်နဲ့ 
သိမ်းထုပ်ခဲ့ရပြီ...။    ။

ထွန်းဝေမြင့်
၈၈၈၈ လူထုအရေးတော်ပုံကြီးကို လုံးဝယုံကြည်တယ်။ ကမ္ဘာမှာ ပေါ်ပေါက်ခဲ့သမျှ အရေးတော်ပုံတွေထက် ပိုပြီး အင် အားကြီးမားတယ်။ ပြင်းထန်တယ်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါးလုံးအပေါ် သက်ရောက်မှုကြီးတယ်။ ပြီးဆုံးမသွားဘူး။

နိုင်ဝင်းသီ
နှစ်သုံးဆယ်ဟာ မနေ့တစ်နေ့ကလိုပဲ။ လမ်းမပေါ် လူတွေ ရောက်လာခဲ့ကြတာ၊ မွန်းကျပ်နေတဲ့ ခေတ်ကြီးကို တစ်လွှာချင်း ခွာချခဲ့ကြတာ၊ မဆလ ပါတီကို ကမ္ဘာမြေရဲ့ တစ်ဖက်ခြမ်းဆီ ကန်ချပစ်လိုက်တာ၊ နေမဝင် အင်ပါယာကြီးဟာ မျက်စိ အောက်တင် မည်းမှောင်အေးစက်သွားခဲ့တာ၊ အလံတော်ဟာ လမ်းမတိုင်း လမ်းမတိုင်းမှာ တဖျပ်ဖျပ်နဲ့ လွင့်နေခဲ့ တာ၊ လူတွေဟာ ပျော်ရွှင်ခြင်း နိုင်ငံတော်သစ်ဆီ  တရွေ့ရွေ့နဲ့ တိုးဝင်ခဲ့ကြတာ၊ သွေးဆာနေတဲ့ ကျည်ဆန်တွေဟာ လူအုပ်ကြီး ထဲကိုတဖောက်ဖောက်နဲ့ အော်ဟစ်ပျံသန်းလာခဲ့တာ။ နှစ်သုံးဆယ်ဟာ မနေ့တစ်နေ့ကလိုပဲ။

အောင်ကောင်းမြစ်
ရှစ်လေးလုံး အရေးတော်ပုံဆိုတာ
အာဏာရှင်စံနစ်ကို တိုက်စားဖြိုချဖို့
နိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ အလွှာအသီးသီးရဲ့
မြိုသိပ်ကြိတ်မှိတ် မျက်ရည်တွေ သွေးတွေအားလုံး
တရကြမ်း လှိမ့်စီးလာတဲ့
နိုင်ငံရေးစီးကြောင်းပဲ ဖြစ်တယ်။

တော်လှန်ရေး ခရီးလမ်းတစ်လျှောက်
ကျဆုံးခဲ့ ပေးဆပ်ခဲ့ ပေးဆပ်ဆဲ
ဒီမိုကရေစီသူရဲကောင်းအပေါင်းတို့၏
ကျေးဇူးတရားများကို
ဤ နှစ်သုံးဆယ်ပြည့် အရေးတော်ပုံမှာ
ငါတို့သည် မမေ့အပ်။

ငါတို့၏ ရဲရဲနီ နိုင်ငံရေးစီးကြောင်းသည်
နှစ်သုံးဆယ်ပြည့်မှသည်
ကမ္ဘာတည်သရွေ့
အားကောင်းမောင်းသန်
ဆက်လက် စီးဆင်းပါစေသား။  ။

မောင်ခိုင်မွန်
၁၃၅ဝ ပြည့်အရေးတော်ပုံ

မိုးပေါ်ထောင်မဖေါက်ဘူး
ပစ်ရင်တည့်တည့်ပစ်တယ်ဆိုတဲ့
စစ်ဗိုလ်ချုပ်လူထွက် စစ်တပါတီ
အာဏာရှင်ကြီးကားကနဲကျသွားခဲ့တာ
၈၈၈၈လူထုအရေးတော်ပုံပါ

အာဏာပိုင်အဖွဲ့အစည်းဆိုတာ
လူထုအားလုံးပါဝင်တဲ့လူ့အဖွဲ့အစည်းပဲဆိုတာ
ကြီးနိုင်ငယ်ညှဉ်း လက်နက်အားကိုးတွေ 

ပိုလို့သိအောင်ဆက်ဆက်ရှေ့ဆက်နေကြရဦးမှာပါ။
ပြည်သူ့ခေတ်ဦးရောက်တဲ့အထိ။ ။

လွှမ်းရုံ
နှစ်၃ဝပြည့်ခဲ့ ပွင့်လာတဲ့ မနက်ခင်းတိုင်းမှာ ဆူးတွေ ညှောင့်တွေ ခလုတ်တွေလည်း စောင့်နေဆဲ ကျောချင်းကပ် ရပ်ရမယ့် အချိန်က မကုန်သေးတာ သေချာတယ်၊ မိတ်ဆွေကို ရန်သူမဆန်မိဖို့ လိုပါမယ်။

ကလင့် (မန္တလေး)
ကြေကွဲမှုတွေက ပုလဲရတုတိုင်ခဲ့ပြီတဲ့လား
ကမ ၻာမေၾကဘူးဆုိတဲ့
ခုထိ ငါတို့ရင်ဘတ်မှာ စည်မြည်ဟိန်းသလို
ခုထိ မြည်ဟိန်းနေတုန်း။

ငြိမ်းချမ်းရေး မလိုလားသူတွေ ကြီးစိုးနေတဲ့တိုင်းပြည်မှာ
ပြည်သူ့လယ်ယာမြေကို အာဏာရှင်က
ပြည်သူအပ်နှင်းထားတဲ့သေနတ်တွေနဲ့ချိန်ပြီး သိမ်းတယ်။
ပြည်သူ့အသက်ကို ပြည်သူအပ်နှင်းထားတဲ့ သေနတ်တွေနဲ့သတ်တယ်။

ငြိမ်းချမ်းရေးကို သေနတ်တွေနဲ့ချိန်ရွယ်ပြီး ဟန့်တားလာတာ
ခုထိပါပဲ။

ပြည်သူတစ်ရပ်လုံးရဲ့ ရင်ထဲက အပြည့်အန်ထုတ်ပြခဲ့တဲ့
မဟာ ၈၈၈၈ အရေးအခင်း
နှစ် ၃ဝ ပြည့်ပြီလား

ခုထိ မျက်ရည်တွေ မတိတ်သေးပါဘူး
သွေးစက်တွေ မခြောက်သေးပါဘူး
ခုထိ ကြွေးကြော်သံတွေ ကျယ်လောင်နေတုန်းပါပဲ။

ဘာတဲ့
လူယုတ်မာတွေရဲ့ပါစပ်ကထွက်တဲ့စကား
ခုထိ နားမှာ ခါးလျက်
သူပုန်တွေ မြို့ထဲဝင်လာကြပြီတဲ့

အမိန့်ပေးသံနဲ့အတူ
ပြည်သူတွေ သေနတ်သံကြားထဲမှာ
အတုံးအရုန်းနဲ့သေတယ်။

စစ်တပ်ဟာ မိုးပေါ်ထောင်မပစ်ဖူး
တည့်တည့်ပစ်တယ်တဲ့

၈၈၈၈ ရဲ့တောက်ခေါက်သံဟာ
ဘယ်တော့မှာ ကမ္ဘာမကြေဘူးဆိုတာ ။    ။

ဇာဦးကို
ဝင်းမော်ဦး
၈၈၈၈
ညစ်ထေးထေး မိုးကောင်းကင်
ဘီးလူးစီးနေတဲ့ လက်နက်များ
ဖြူဖြူစင်စင် စိမ်းလန်းကျောင်းဝတ်စုံလေး သွေးစွန်း။
သွေးစွန်းဆဲ။
စင်ကြယ်သောလက်နဲ့တီးတဲ့
ကြေးစည်သံ
တည်ကြည်သော ငြိမ်းချမ်းခြင်းနဲ့တီးတဲ့
ကြေးစည်သံ
လွတ်မြောက်ရာ ပညာနဲ့တီးတဲ့
ကြေးစည်သံ
ဘဝအဆက်ဆက် မင်းကြားနိုင်
မင်း ရနိုင်
မင်းရောက်နိုင်ပါစေ။     ။

Comments